ဤခေတ်ကာလကြီးတွင် လူငယ်များ၏ နှလုံးသားထဲ၌ အမိန့်ဖီဆန်မှု့အား မိမိတို့အတွက် ကောင်းသောအရည်အချင်း၊ ဂုဏ်ယူဝင့်ကြွားစရာတစ်ခုကဲ့သို့ စွဲထင်နေသည်။ မိမိသူငယ်ချင်းများရှေ့တွင် မိဘတို့၏စကားအား နာခံလိုက်ပါက အိမ်မပိုင်သူ၊အိမ်မပြီးသူဟူ၍ ခေါ်ခံရမည်ကို မနှစ်သက်ကြ။ ထို့အတူ သူငယ်ချင်းများကြားတွင် ပေါပြူလာဖြစ်လိုသောစိတ်သည် လူငယ်များအား အမိန့်ဟူသမျှကို ဖီဆန်ရန်နှင့် တားမြစ်ချက်တိုင်းကိုချိုးဖောက်ရန် လှုံ့ဆော်ပေးလျှက်ရှိသည်။ ဤသည်မှာ ရူးသွပ်မှု့သက်သက်ပင်ဖြစ်၏။ ကျွန်တော်ကိုယ်တိုင်ပင် လူငယ်တစ်ယောက်ဖြစ်သည့်အလျှောက် ရှုးသွပ်မှု့များစွာကို ကိုယ်တွေ့လုပ်ခဲ့ဖူးသည်။ သို့သော် ပြန်လည်လေ့လာသုံးသပ်ကြည့်သည့်အခါ မိမိ၏လုပ်ရပ်များသည် ရယ်စရာကောင်းသော သို့မဟုတ် အဓိပ္ပါယ်မရှိသောလုပ်ရပ်သက်သက်သာ ဖြစ်ကြောင်းသိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော်တို့လူငယ်တွေ မလုပ်သင့်တာတွေ မလုပ်ကြရန်၊ လုပ်သင့်လုပ်ထိုက်တာတွေကို အင်တိုက်အားတိုက် တိကျမှန်ကန်စွာ အကောင်ထည်ဖော်ကြပါလို့ တိုက်တွန်းလိုပါသည်။ သို့မှသာ ကျွန်တော်တို့လူငယ်များ၏ဘ၀သည် သာယာဖြောင့်ဖြူးပြီး သူတစ်ပါးတို့ လက်ညိုးထိုးခံရမှု့မှ ကင်းဝေးမည်ဖြစ်သည်။
ထိုအမိန့်ဖီဆန်မှု့များအနက် ယခုတင်ပြလိုသော အချက်မှာ ‘‘မိဘအမိန့်ဖီဆန်ခြင်းနှင့် ၎င်း၏ပြစ်ဒဏ်များ’’ ပင်ဖြစ်သည်။ ဆက်လက်ရှု့စားကြည့်ကြပါ................
တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ- အကယ်၍ လူသားတို့ပြောဆိုနေကြသော စကားလုံးများတွင် ‘‘အွဖ်’’ (မြန်မာစကား၌ ‘‘ဟာ’’ ‘‘ဟွန်း’’စသည့် မကျေနပ်သည့်အခါ သုံးစွဲသောစကားလုံးကို ဆိုလိုသည်။) ဟူသော စကားလုံးထက် အဓိပ္ပါယ်ပေါ့သော စကားလုံးရှိခဲ့ပါက ဤအာယသ်တော်တွင် ထိုစကားလုံးအား သုံးစွဲမိန့်ကြားတော်မူမည်ဖြစ်သည်။ အာယသ်တော်မှာ စူရဟ်အစ်ရာအ်၊ အာယသ်တော်အမှတ် ၂၃ ဖြစ်သည်။ ဆိုလိုသည်မှာ- ‘‘အွဖ်’’ ဟူသော စကားလုံးမှာ မကျေနပ်သည့်အခါ ပြောဆိုသောစကားများအနက် အနိမ့်ဆုံးဖြစ်သည်။ ထိုအနိမ့်ဆုံးစာလုံးပင်လျှင် မိဘတို့အား မပြောဆိုအပ်လျှင် မိဘတို့၏အမိန့်ဖီဆန်ပါက မည်မျှအပြစ်ကြီးမည်ကို စဉ်းစားကြည့်နိုင်သည်။ အချုပ်ဆိုရသော အာယသ်တော်၌ မိန့်တော်မူထားသည်မှာ မိဘအား စိတ်ထိခိုက်စေမည့် လုပ်ရပ်တိုင်းအား နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ကာယဖြင့်ဖြစ်စေ မပြုလုပ်ရဟူ၍ဖြစ်သည်။
တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ- အကယ်၍ တစ်စုံတစ်ယောက်သည် သက်တမ်းတစ်လျှောက်လုံး နမားဇ်၊ရိုဇာ စသည့်ကောင်းမှု့များ ပြုကျင့်ခဲ့သည်။ သို့သော် ထိုသူသည် မိဘ၏အမိန့်ကိုဖီဆန်ပြီး ထိုအခြေနေဖြင့်ပင် ကွယ်လွန်သေဆုံးသွားခဲ့ပါက ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု့ကို ရရှိမည်မဟုတ်ပေ။ ဆိုလိုသည်မှာ မိဘ၏ကျေနပ်နှစ်သက်မှု့မရှိသောကြောင့် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု့ကိုလည်း မရရှိခြင်းပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးအား မိဘ၏ အမျက်ရှခြင်းမှ ဝေးကွာစေပြီး မိဘ၏ အမိန့်နာခံတတ်သော လူငယ်များ ဖြစ်စေတော်မူပါ။ အာမီးန်။
ဘရှီးလေး
မေမြို့
Post a Comment