အသိပေးခြင်း
က
Home » » အစ္စလာမ်နှင့် ရောယိမ်းများ(အပိုင်း ၁)

အစ္စလာမ်နှင့် ရောယိမ်းများ(အပိုင်း ၁)

နေ့တစ်နေ့ရယ်လို့ ဖြစ်ပေါ်လာရင် သူရိယနေမင်းကြီး တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတယ်။ နေမဝင်မှီကြားကာလမှာ မိုးတိမ်တွေကြောင့် အမှောင်ကျလိုက်၊ ဂရုဏာလေတွေကြောင့် ပြန်လင်းသွားလိုက်နဲ့ ဖြစ်နေမြဲ ဖြစ်နေဆဲပေါ့။ ညရောက်ပြန်လာသော် မှောင်ရင်းကနေ မိုးသောက်ယံချိန် ပြန်လည်ထိန်လင်းသွားရတယ်။
ဒါဟာ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတဲ့ လောကီဖြစ်စဉ်တစ်ခုပါ။ ဒီလိုပါပဲ အစ္စလာမ် သာသနာတော်ကြီးကို မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က စတင်ထိန်ညီးစေစဉ်ကတည်းက ကွယ်ပျောက်မှု့ မဖြစ်စေရန် ခေတ်အဆက်ဆက်မှာ သာသနာ့ပညာရှင်များကို ပေါ်ထွန်းစေခဲ့တယ်။
ထိုသာသနာ့ ပညာရှင်ကြီးတွေကနေ တဆင့် စစ်မှန်တဲ့ သာသနာ့အသိပညာတွေကို လက်ဆင့်ကမ်းရင်း အစ္စလာမ်သာသနာထဲကို ဝင်ရောက်လာတဲ့ အမှိုက်သရိုက်တွေကို ရှင်းထုတ်ခဲ့ကြရတယ်။ ခိုင်မာတဲ့ တံတိုင်းကြီးတွေ ပြုလုပ်ခဲ့ပြီး အစ္စလာမ့် ရန်သူတွေရဲ့ အန္တရာယ်တွေကို ဟန့်တားခဲ့ကြတယ်။ ကတုတ်ကျင်းတွေတူးပြီး ရန်သူ့စစ်တပ် အနားမကပ်နိုင်အောင် တားဆီးခဲ့ကြတယ်။
ဤမျှပဲလား။ မဟုတ်ပါဖူး။ သာသနာ့ပညာရှင်ကြီးများဟာ နိုင်ငံရပ်ခြားကို သွားရောက်ပြီး မှားယွင်းအယူအဆတွေကို ခြေမှုန်းခဲ့ကြသလို ရန်သူ့နယ်ထဲဝင်ပြီး အစ္စလာမ်ကို ပြသခဲ့ကြတယ်။ ရောနှောနေထိုင်ကြတဲ့ အစ္စလာမ်သာသနာဝင်များ နည်းပါးတဲ့ အရပ်ဒေသမှာ ဘဝနိဂုံးချုပ်သည်အထိ နေထိုင်အချိန်ပေးပြီး သင်ကြားပေးခဲ့ကြတယ်။ စည်းစိမ်ဥစ္စာ၊ အသက်အိုးအိမ် ဘာတစ်ခုကိုမျှ မမက်မောပဲ ပတ်ဝန်းကျင်ကို အံတုနေထိုင်ပြသခဲ့ကြတယ်။ တိုက်စားလာတဲ့ ယဉ်ကျေးမှု့ကို ကာကွယ်ပေးခဲ့ကြတယ်။ စိမ့်ဝင်လာတဲ့ အယူဝါဒဆိုးတွေကို ဟန့်တားခဲ့ကြတယ်။ ဒါဟာ အိုလမာ လို့ ခေါ်တဲ့ သာသနာ့ ပညာရှင်ကြီးတွေရဲ့ ဖြူစင် မွန်မြတ်တဲ့စေတနာပဲ ဖြစ်တယ်။ ရှေးယခင်ခေတ်က သာသနာ့ပညာရှင်ကြီးတွေကသာ ပစ္စည်းဥစ္စာနဲ့ ဂုဏ်ပကာသနကို မက်မောပြီး ဖော်ပြခဲ့တဲ့ အလုပ်တွေကို လစ်လျူရှု့ခဲ့မယ်ဆိုရင် ကျွန်တော်တို့ထံ အစ္စလာမ်သာသနာ၏ အမည်ပင် ရောက်လာလိမ့်မည်မဟုတ်။
သို့သော် ဝမ်းနည်းဖွယ်အကောင်းဆုံးမှာ- ကျွန်တော်တို့သည် သာသနာ့ပညာရှင်များ၏ တန်ဘိုးကို မသိကြတော့။ စိတ်နှင့် မတိုက်ဆိုင်သော အရာတစ်ခုအား လုပ်ခိုင်းလျှင် ပတ်ဝန်းကျင်ကိုနားမလည်တဲ့လူ့အသိုင်းအဝိုင်းလို့ ထင်မြင်ကြတယ်။ မနေတတ်မထိုင်တတ်လို့ သမုတ်ကြတယ်။ အတွေးအခေါ် ကျဉ်းမြောင်းတဲ့သူတွေ၊ လူ့အသိုင်းအဝိုင်းကို နားမလည်နိုင်တဲ့ ဂူအောင်းနေတဲ့သူတွေလို့ သတ်မှတ်ကြတယ်။ နောက်ဆုံး သာသနာ့ပညာရှင်များရဲ့ စကားတိုင်းကို ပယ်ချဖို့ ပလန်တွေချ၊ လူတွေကြားမှာ သွေးထိုး၊ တတ်ယောင်ကားလေးတွေ မွေးထုတ်၊ ဘရိန်းဝေါရှင်းန်တွေလုပ်ကြတဲ့ အထိဖြစ်လာတယ်။
အံ့ဖွယ်လူသားပါလား.....။ စည်းကမ်းချက်လေးတစ်ချို့နဲ့ ဒစ်ဂျစ်တယ်လ်ကင်မ်ရာဖြင့် ဓါတ်ပုံရိုက်ရင် ဘာမှမဖြစ်ဖူးလို့ ဖသ်ဝါထွက်လာတော့ ချီးမွှမ်းခန်းတွေ ဖွင့်လိုက်ကြတာ ဖွဲ့မကုန်နိုင်တော့ပေ။ ဒီအချိန်မှာတော့ ဖသ်ဝါဆိုတဲ့စာလုံးကို နှုတ်နဲ့ မပြောချင်တဲ့သူတွေကလည်း ရွှေတံဆိပ်အလား ဖသ်ဝါကို လည်ပင်းမှာ ချိတ်ဆွဲခဲ့ကြတယ်။ ခရစ်မတ်မလုပ်ရဖူး။ လုပ်ရင် ဟရာမ်ဖြစ်တယ်။ ဟက်ပီးခရစ်မတ် မပြောရဖူး ပြောရင် ဟရာမ်ဖြစ်တယ်လို့ ဖသ်ဝါပေးတာလည်းတွေ့တော့ ပတ်ဝန်းကျင်နဲ့ အလိုက်ထိုက် မနေတတ်ဖူး။ အတွေးအခေါ် ကျဉ်းမြောင်းတယ်။ ခရစ်မတ်ဆိုတာနဲ့ သဲသဲလှုပ်တယ်။ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ဆဲသံလေးတွေ တညံညံနဲ့။
အကယ်၍ မြန်မာနိုင်ငံ၊ ပါကစ္စတန်နဲ့ အိန္ဒိယမှာရှိတဲ့ သာသနာ့ပညာရှင်များက တားမြစ်တယ်။ ဆော်ဒီ၊ အီဂျစ် အစရှိတဲ့နိုင်ငံတွေမှာ နေထိုင်တဲ့ သာသနာ့ပညာရှင်များက ခွင့်ပြုလို့ဆိုရင် နည်းနည်းလေးတော့ နားလည်ပေးနိုင်ပါတယ်။ အော် သူတို့က ဟိုဖက်ကို စိတ်သန်လို့ပဲ ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဒီလို နားလည်ပေးတယ်ဆိုတာကလည်း သိပ်ပြီး အတိုက်ခံမလုပ်ချင်တာရယ်၊ စာတစ်ကြောင်းရဲ့ အတိမ်အနက်ကို နားမလည်ပဲ လေယူရာယိမ်းနေသူတွေနဲ့ အဖက်လုပ် စကားမပြောချင်လို့ပါ။ များသောအားဖြင့် လူတော်တော်များများမှာ အလွယ်ကြိုက်တတ်တဲ့ ဗီဇဆိုတာကလည်း ရှိနေသေးတယ်မလား။ ပြီးတော့ ငပျင်းကို အလုပ်အရမ်းခိုင်းရင် ရက်စက်ရာကျနေမယ်။ အလုပ်လုပ်နေသေးတယ်ဆိုရင်တော့ တော်သေးတာပေါ့လို့ ဖြေသိမ့်လိုက်တာပါ။
ခေတ်စားနေတဲ့ ကိစ္စတစ်ခုကို အစ္စလာမ့်ရှု့ထောင့်အရ ပိုင်တယ်လို့ ပြောလိုက်ရင် Thanks You လို့ ပြော...။ ခေတ်စားနေတဲ့ အရာတစ်ခုနဲ့ ပတ်သက်ပြီး အစ္စလာမ့်ရှု့ထောင်အရ မပြုပိုင်ဖူးပြောလိုက်ရင် Go To The Hell ပြောချင်ကြတာ ဘာလို့လဲ။
အစ္စလာမ့်ရန်သူတွေဆီကနေ တဖြည်းဖြည်း စိမ့်ဝင်လာတဲ့ ဓလေ့ဆိုးတစ်ခုကို စကားလုံးလှလှနဲ့ အစ္စလာမ်မှာ ရှိသယောင်ယောင် သီကုန်းလိုက်ရင် Sir.. You Are The Great! You Are The Best! လို့ ပြော...။ အဲ့ဒီ ဓလေ့ဆိုးကြီးကို တိုက်ဖျက်ဖို့ သို့မဟုတ် ဟန့်တားဖို့ ရေးသားပြောဆိုရင် derogatory terms တွေ သုံးကြတာ ဘာလို့လဲ။
အစ္စလာမ်ကို အရှိအတိုင်း ချပြရင် Terrorist, Fundamentalist လို့သတ်မှတ်၊ စိတ်ကြိုက်ချပြရင်တော့ Islamic Professor, Islamic Researcher လို့ သတ်မှတ်နေကြတာ ဘာကြောင့်လဲ။
တကယ်တော့ ကျွန်တော်တို့တွေမှာ သာသနာချစ်စိတ်၊ မခံချင်စိတ်တွေ ပျောက်ကွယ်လုနီးပါး ဖြစ်နေတာပါ။ အစ္စလာမ်ကို အရောင်ဆိုးမခံချင်တဲ့ စိတ်ဓါတ်တွေ ပျက်သုဉ်းကုန်တာပါ။ အစ္စလာမ့်ရန်သူတွေရဲ့ စရိုက်၊ ဗီဇနဲ့ ယဉ်ကျေးမှု့တွေ ဝါးမြိုခံနေရတာပါ။ သူရဲကောင်းစိတကို ပပျောက်စေမယ့် သူရဲဘောကြောင်မှု့က ကျွန်တော်တို့ကို ဒူးထောက်စေလိုက်တာပါ။ ရောင်စုံခြယ်ထားတော့ တက်မက်စိတ်နဲ့ ဆိုးဆေးရဲ့ ဘေးကို မသိနိုင်ကြတာပါ။
အကယ်၍ လူတစ်ယောက်က သာသနာချစ်စိတ်ရှိတယ်၊ မခံချင်စိတ်ရှိတယ်လို့ ကြွေးကြော်မယ်... ပြိးတော့ သူက ဘာသာခြားတွေရဲ့ ပျော်ပွဲရွှင်ပွဲမှာ ဥပမာအားဖြင့် ခရစ်မတ်မှာ ဟက်ပီးခရစ်မတ်ပြောမယ်ဆိုရင် (ပိုင်ခြင်း၊ မပိုင်ခြင်းကို ဖယ်ထားပါ။) အသိဥာဏ်ရှိသူတစ်ယောက်အနေနဲ့ လက်ခံနိုင်မလား။ မပိုင်ခြင်းကို သိထားပြီးနောက်... အစ္စလာမ့် ယဉ်ကျေးမှု့အား ကာကွယ်ပေးရေးနှင့် မျိုးဆက်သစ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်အောက်က လှုပ်ရှားနေသူဖြစ်နိုင်ပါ့မလား။ လူငယ်တွေကို တရားတော်ဘောင်ပြင်ပ ရောက်ခြင်းမှ ကာကွယပေးနေသူများ ဖြစ်နိုင်ပါ့မလား။
အရက်သမားတစ်ယောက် အရက်သောက်နေရင် သာသနာ့ချစ်စိတ်ရှိတဲ့သူက အရက်သောက်နေတာကို ချီးမွမ်းပြောဆိုပါသလား။ ဘာသာခြားက ရုပ်တုရှေ့ ဦးချနေရင် ဒီလိုဦးချနေတာကို ကောင်းမွန်တယ်လို့ မှတ်ယူပါသလား။ အားပေးပါသလား။
အရက်သောက်နေတာကို ချီးမွမ်းပြောတဲ့သူ၊ ရုပ်တုရှေ့ ဦးချတာကို ကောင်းတယ်လို့ မှတ်ယူတဲ့သူဟာ ဘယ်လိုလူဖြစ်မလဲ။ ဒါကို တားမြစ်တဲ့သူ၊ မကောင်းရှု့မြင်တဲ့သူက ဘယ်လို ပုဂ္ဂိုလ်ဖြစ်မလဲ။ စာဖတ်သူအနေနဲ့ မလွဲမသွေ နောက်လိုက်ရတော့မယ်ဆိုရင် ဘယ်သူ့ကို ခေါင်းဆောင်တင်မြှောက်မလဲ။
တစ်ယောက်က ရောဂါသည်တစ်ယောက်ကို ဒီရောဂါတော်တော်ကောင်းတာနော်၊ မပျောက်စေနဲ့လို့ ပြောတဲ့သူ .... နောက်တစ်ယောက်က ရောဂါသည်ကို ရောဂါဆိုတာ ဘာရောဂါမှ မကောင်းဖူး ပျောက်အောင်ကုလို့ ပြောတဲ့သူ.... လိုအပ်ရင် ဆေးပေးတဲ့သူ.... အစာရှောင်ခိုင်းတဲ့သူ.... ဘယ်သူ့က အကောင်းလိုလားပြီး၊ ဘယ်သူက မကောင်းကြံနေတာလဲ။ ဒါက အပြင်မှာ မြင်တွေ့နေရတဲ့ သာဓကတွေပါ။
သာသနာ့ အကျိုးပြုလုပ်ငန်းလုပ်တယ်ဆိုတာ မွတ်စ်လင်မ်လူငယ်တွေအတွက် ပဲကြီးလှော်နဲ့သာသနာ လဲကျွေးတာမျိုးကို မခေါ်ပါဖူး။ ရွှေခွက်ကို ရွေးစေ့နဲ့လဲတဲ့ လူမိုက်ဟာလည်း ပညာရှိမဖြစ်နိုင်ပါဖူး။ ဒါကို ကောင်စွာ ခွဲခြားသိမြင်သင့်တယ်။
သာသနာကို ချစ်တာမှန်ရင် ဘာသာခြားတွေရဲ့ အယူဝါဒ၊ ယဉ်ကျေးမှု့နဲ့ စရိုက်တွေကို ခါးခါးသီး ငြင်းလိုက်ပါ။ ရောမရောက်ရင် ရောမလိုကျင့်ဆိုတဲ့ ပုတ်သင်ညိုစရိုက်တွေကို စွန့်ရမယ်။ ရောမရောက်ရင်လည်း အစ္စလာမ်လိုပဲ ကျင့်ပြိး ရောမသားတွေကို အစ္စလာမ့်ကျင့်မူပုံကို ပြသရမယ်။
ရေလိုက်ငါးလိုက်ဆိုတာ အစ္စလာမ့်ကျင့်မူပုံမဟုတ်ဖူး။ အစ္စလာမ်က အထက်သို့လို့ ပြောထားတဲ့နေရာမှာ ရေစီးအား ဘယ်လောက်ပဲ သန်နေပါစေ အားပြုပြီး အထက်တက်နေရမယ်။ အောက်သို့လို့ ပြောထားတဲ့နေရာမှာ ရေမစီးရင်လည်း အားစိုက်ပြီး အောက်ဆင်းနေရမယ်။ ဒါဟာ အစ္စလာမ်ကို မြတ်နိုးလို့ လက်ခံယုံကြည်တာပါ။
အလွယ်မလိုက်ပါနဲ့... အပျော်မကြိုက်ပါနဲ့...
လေယူရာ မယိမ်းပါနဲ့... မြင်လေသမျှ မသိမ်းပါနဲ့...
ပတ်ဝန်းကျင်ဒဏ်ကိုခံပါ... ရန်သူကို တွန်းလှန်ပါ...
သာသနာ့အသိရှာဖွေပါ... တရားစစ်မှန် ပိုက်ထွေးပါ...
အင်န်ရှာအလ္လာဟ် ဒုတိယပိုင်းအား ဆက်လက်ရေးသားပါဦးမည်။
ဘရှီးလေး(မေမြို့)
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger