အသိပေးခြင်း
က
Home » , » ချစ်သူများနေ့ဆိုသည်မှာ.......

ချစ်သူများနေ့ဆိုသည်မှာ.......

ဖေဖဝါရီလရောက်လာပြီဆိုရင် ချိုချဉ်လောက် သိတဲ့ကလေးကစပြီး ဆံဖြူသွားကျိုးတော့မယ့် ဘိုးဘိုးအရွယ်၊ဘွားဘွားအရွယ်တွေအထိ နေ့တနေ့ကို စောင့်စားလေ့ရှိကြတယ်။ အထူးသဖြင့် ရင်ခုန်စွာ စောင့်စားကြတာတော့ ကျွန်တော်တို့ လူငယ်တွေပါ။ ပြည်မြန်မာအတွက် သမိုင်းဝင် ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ကို လူတိုင်းသိချင်မှသိမယ်။ သတိထားမိချင်မှ သတိထားမိမယ်။ သို့သော် ချစ်သူများနေ့ဆိုရင်တော့ ဖေဖဝါရီမရောက်ခင် ကတည်းက ပြက္ခဒိန်တကြည့်ကြည့်နဲ့ စောင့်စား၊ သတိထားကြတယ်။
ဘယ်သူ့ကို ချော့ကလက်ပေးရမလဲ၊ ဘယ်သူတွေနဲ့ ချယ်ရီဝိုင်သွားသောက်မလဲ၊ ဘယ်သူ့ဆီက နှင်းဆီနီလာမလဲ၊ ဘယ်သူကများ ဗလင်တိုင်းန်အမှတ်တရကဒ်ပေးမလဲ စသည်ဖြင့် အတွေးများစွာ အိပ်မက်များစွာနဲ့ ကျွန်တော်တို့ လူငယ်တွေ ချစ်သူများနေ့ကို မျှော်လေ့ရှိကြတယ်။
လက်ဆောင်ပစ္စည်းလိုက်ရှာရ၊ လည်ဖို့ပတ်ဖို့ စီစဉ်ရ၊ အဝတ်အစားအသစ်ချုပ်ရ၊ ဟောတယ်ဗွတ်ကင်န်လုပ်ရနဲ့ မတိုင်ခင်ရက်တွေမှာ အလုပ်ရှုပ်တတ်ကြတယ်။
ချစ်သူများနေ့ မိုးသောက်လင်းတာနဲ့ လူတစ်ယောက်ရဲ့ သိက္ခာက ခွင့်မပြုတဲ့၊ မိန်းကလေးတစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့၊ လူ့ဘောင်၊ လူ့ကျင့်ဝတ်က တားမြစ်ပိတ်ပင်ထားတဲ့ အလုပ်တွေကို တသီတတန်းကြီး လုပ်ကြတယ်။
ရှရီအသ်ဆိုတာကတော့ အဲ့လိုနေ့တွေမှာ ပြန်လှည့်ကြည့်လို့ မမြင်ရမယ့်နေရာမှာ ထားခဲ့ကြတယ်။ သိချင်သူမရှိသလို သိသူကလည်း မလိုက်နာချင်ဖူး။ သိအောင်ပြောပြလာရင် ရှက်ရမ်းရမ်းပြီး ရန်တွေ့တတ်ကြတယ်။ တချို့လည်း ကွယ်ရာမှာ ပေါက်ကွဲတတ်ကြတယ်။
တချို့ကတော့ လူတတ်ကြီးလုပ်ပြီး ၆၂အမ်ဘီမပြည့်တဲ့ ဦးနှောက်ကို အိတ်စ်ထာရာနယ်လ် ဟက်ဒစ်တွေတပ်ပြီး အော်ဟစ်တတ်ကြတယ်။ အစ္စလာမ်က ငြိမ်းချမ်းမှု့ကို လိုလားတယ်။ အစ္စလာမ်က ချစ်ခင်မြတ်နိုးမှု့ကို သင်ပေးတယ်။ အစ္စလာမ်က တစ်ဥိးကိုတစ်ဦး လက်ဆောင်ပေးဖို့ ပြသထားတယ်။ တစ်ဦးကိုတစ်ဦး ချစ်ခင်မှု့တိုးလာဖို့ ဟက်ပီးဗလင်တိုင်းန်ပြောတာ၊ လက်ဆောင်ပေးတာ၊ လျှောက်လည်ကြတာ... မိရိုးဖလာ သာသနာကို မကိုးကွယ်ချင်စမ်းပါနဲ့.... မျက်ကန်းနောက်လိုက် မဖြစ်ချင်စမ်းပါနဲ့.... အလ္လာဟ်က လူသားကို ဦးနှောက်ပေးထားတာ.... ဦးနှောက်နဲ့ စဉ်းစားစမ်းပါ.... အားနေ ဖသ်ဝါနောက်လိုက်မနေနဲ့.... သာသနာက မော်လဝီတွေလက်ထဲက ကလောင်နဲ့ ရေးထားတာမှ အစ္စလာမ်မဟုတ်ဖူး... စသည်ဖြင့် အော်ကြ၊ ဟစ်ကြရင်း မိမိညီမ၊အစ်မများ၊ သားသမီးများ၊ တူ၊တူမများနဲ့ ဆွေမျိုးသားချင်း၊ သူငယ်ချင်းများကို ဗလင်တိုင်းန်သားကောင် ဖြစ်စေကြတယ်။
ပွင့်ချိန်မတန်သေးသော ငုံနေတဲ့ ပန်းလေးတွေကို ပွင့်အာစေကြတယ်။ တားမြစ်နယ်မြေကို ချိုးဖောက်စေကြတယ်။ မသန့်ရေကို တိုက်ကျွေးစေကြတယ်။ ရှက်ကြိုးနဲ့ ချက်ကြိုးမှားဖြတ်ခံခဲ့ရတဲ့အလား အရှက်မဲ့လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင် လုပ်စေကြတယ်။ လုပ်နေကြတယ်။ လုပ်ဖို့ အားပေးကြတယ်။
တကယ်တော့ ဒီလိုလုပ်ရပ်တွေဟာ သိက္ခာရှိတဲ့ လူ့ဘောင်ထဲက လုပ်ရပ်တွေ မဟုတ်ဖူး။ အဆင့်အတန်းရှိတဲ့ လူ့အသိုင်းအဝိုင်းက လက်မခံတဲ့ လုပ်ရပ်တွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အားလုံး ဒီလိုလုပ်ရပ်တွေကို ရှောင်ကျဉ်ရမယ်။ ဟန့်တားရမယ်။ ဒီအချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ တချို့သော စကားလေးတွေကို အကျယ်တဝန့်မဟုတ်တောင် အနည်းငယ် တင်ပြပေးလိုက်ပါတယ်။
မဖတ်ရှု့ခင်အရင် အမှားကိုအမှား၊ အမှန်ကိုအမှန်သိပြီး လက်တွေ့ လိုက်နာ၊ကျင့်သုံးနိုင်သော စွမ်းအားရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါ။ အင်န်ရှာအလ္လာဟ် စာဖတ်သူရဲ့ ဖြူစင်စွာ တောင်းလိုက်တဲ့ ဒိုအာ ဘယ်တော့မှ ပယ်ချခံရမှာမဟုတ်ပါဖူး။

ဗလင်တိုင်းန်၏ အဓိပ္ပါယ်
  • Valentines ဆိုတဲ့ စကားလုံးကို ဂျာမနီ/အီတလီတို့မှာ စပျစ်ဝိုင်အတွက်လည်း သုံးကြတယ်။
  • များသောအားဖြင့် စိန့်ဗလင်တိုင်းန်ရဲ့ အမှတ်တရနေ့ သို့မဟုတ် စိန့်ဗလင်တိုင်းန်အတွက် ကျင်းပပေးတဲ့ စားသောက်ပွဲနဲ့ ဝတ်ပြုပွဲကို Valentine လို့ခေါ်ကြတယ်။
  • ဖေဖဝါရီလ ၁၄ရက်နေ့မှာ ပေးလေ့ရှိတဲ့ လက်ဆောင်ပစ္စည်းများ သို့မဟုတ် လက်ဆောင်ကဒ်လေးများကိုလည်း Valentine လို့ ခေါ်ကြတယ်။
  • ခရစ်ယှာန်များ မိမိတို့ရဲ့ ရှေးဦးစိန့်(Saints) များအတွက် ကျင်းပတဲ့ ဝတ်ပြုပွဲကိုလည်း ခေါ်ကြတယ်။
  • ၅၀ထက်မကသော ခရစ်ယှာန်စိန့်များရဲ့ နာမည်လည်းဖြစ်တယ်။
  • မူရင်းဇစ်မြစ်မှာ Valentine ဆိုတာ လက်တင်ဘာသာစကား Valentinus ဖြစ်ပြီး အင်အားတောင့်တင်းသော၊ ကျန်းမာသော လို့ အဓိပ္ပါယ်ရတယ်။
  • ဒီစာလုံးကို ပုံစံကိုးမျိုးနဲ့ အသုံးပြုလေ့ရှိတယ်။  Val, Valen, Valentijn, Valentin, Valentinian, Valentino, Valentinus, Valentyn နဲ့ Vallen တို့ဖြစ်တယ်။

ဗလင်တိုင်းန်၏ သမိုင်းအကျဉ်း (ဖြစ်ပေါ်လာပုံ၊ ပြောင်းလဲလာပုံ)
ရောမလူမျိုးတွေဟာ လွန်ခဲ့တဲ့ ၁၇ရာစုကျော်ကတည်းက ရုပ်ထုကိုးကွယ်လာခဲ့ကြတယ်။ သူတို့အတွက် ချစ်သူများနေ့ဟာ သမိုင်းဝင်နေ့တနေ့ သို့မဟုတ် အသိအမှတ်ပြုရမယ့် နေ့ထူးနေ့မြတ်၊ ပျော်ရွှင်ဖွယ်နေ့တစ်နေ့ ဖြစ်ခဲ့တယ်။
ထိုနည်းတူစွာ ရောမလူမျိုးတွေရဲ့ အမွေစားအမွေခံ ခရစ်ယှာန်အတွက်လည်း အမှတ်တရထားရမယ့် နေ့တစ်နေ့ဖြစ်ခဲ့တယ်။
ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို သမိုင်းပညာရှင်တွေက အမျိုးမျိုး တင်ပြထားပါတယ်။ အကျော်ကြားဆုံး ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တွေထဲကနေ ရောမနဲ့ သက်ဆိုင်တဲ့ သမိုင်း(သို့)ဒဏ္ဍာရီတစ်ခု၊ ခရစ်ယှာန်နဲ့ သက်ဆိုင်တဲ့ သမိုင်းတစ်ခုကို ရွေးချယ်တင်ပြလိုက်ပါတယ်။

၁။ ရောမကို အုတ်မြစ်ချ တည်ထောင်ခဲ့တဲ့ (Romulus)အမည်ရ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ နို့စို့ရွယ် ကလေးဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးပဲဖြစ်တယ်။ အတိုချုံးပြောပြရရင် သူဟာ အမွှာညီနောင်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တယ်။ ကျန်တဲ့တစ်ယောက်နာမည်က Remus ဖြစ်တယ်။ မိခင်ကတော့ Alba Longa ရဲ့ ဘုရင်ဖြစ်သူ Numitor ရဲ့သမီး Rhea Silvia ဖြစ်တယ်။ သူတို့နှစ်ဦး မမွေးဖွားခင်အရင်မှာ Numitor ရဲ့ ညီအစ်ကိုတော်သူ Amulius က အာဏာသိမ်းပြီး မျိုးရိုးတစ်လျှောက် အမွေဆက်ခံခွင့် မရှိအောင် Rhea Silvia ကိုလည်း အပျိုစင်ဘဝမှာသာနေပြီး ဗြဟ္မစရိယကျင့်စဉ်ကို ကျင့်ကြံဖို့ ကျိန်ဆိုခိုင်းခဲ့တယ်။ ဒီလိုနဲ့ Rhea Silvia ဟာ (သူတို့ယူဆယုံကြည်တဲ့အတိုင်း) the god Mars သို့မဟုတ် the demi-god Hercules ကြောင့် ကိုယ်ဝန်ရှိလာတယ်။ အမွှာညီအစ်ကိုနှစ်ယောက် မွေးလာတော့ Amulius ဟာ ဒီကလေးနှစ်ယောက်ကို Tiber ထဲ စွန့်ပစ်လိုက်တယ်။
အံ့သြဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေကြောင့် ဒီကလေးနှစ်ယောက်ဟာ အသက်မသေပဲ ကျန်ရစ်နေခဲ့တယ်။
အံ့အားသင့်ဖွယ် ဖြစ်ရပ်တွေဆိုတာက
  • မြစ်ထဲမှာ ကလေးနှစ်ယောက် မသေပဲ မျောပါလာတယ်။
  • ဝံပုလွေမတစ်ကောင်က သူတို့ကို နို့တိုက်ကျွေးခဲ့တယ်။
  • သစ်တောက်ငှက်က သူတို့ကို အစာရှာကျွေးခဲ့တယ်။
  • သိုး၊ဆိတ်ကျောင်းသား ဇနီးမောင်နှံက တွေ့ပြီး လူလားမြောက်သည်အထိ ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။
ဒီအမွှာညီနောင်ဟာ သူတို့ မူလဇစ်မြစ်မှန်ကို မသိသော်လည်း အလိုအလျောက် နောက်လိုက် ကိုယ်စီနဲ့ ခေါင်းဆောင်တွေ ဖြစ်လာ ခဲ့တယ်။ သူတို့ရဲ့ ဘဝမှန်ကို သိသွားတဲ့အချိန်မှာတော့ Amulius ကို သတ်ပြီး နာနာဖြစ်သူ Numitor ကို ပလ္လင်ပြန်ပေးခဲ့တယ်။
အဲ့ဒီနောက်မှာ Romulus က Palatine တောင်ကုန်ပေါ်မှာ မြို့သစ်တည်ဖို့လိုလားခဲ့ပြီး Remus ကတော့ Aventine တောင်ကုန်းပေါ်မှာ မြို့သစ်တည်ချင်ခဲ့တယ်။ တစ်ယောက်တိုင်းက မိမိနှစ်သက်ရာမှာပဲ မြို့တည်ချင်တာကြောင့် အချင်းပွားကြပြီး Remus အသတ်ခံလိုက်ရတယ်။
နောက်ဆုံးမှာ Romulus က မြို့သစ်တစ်ခု တည်ပြိး Rome ဟု အမည်ပေးခဲ့တယ်။ တချို့ သမိုင်းပညာရှင်တွေက အဲ့ဒီ Rome ဆိုတဲ့ နာမည်ဟာ နောက်ပိုင်းလူတွေက ခေါ်တွင်စေခဲ့တာလို့ ရေးသားတင်ပြထားတယ်။

သူတို့တွေ ဘယ်လို ယုံကြည်ထားပြီး ဘာလုပ်ကြလဲဆိုတော့......
နောက်ပိုင်းမှာ လူတွေက အဲ့ဒီ ဝံပုလွှေတစ်ကောင်ရဲ့ နို့ဟာ သူ့ကို အင်အားဖြစ်စေပြီး၊ ဥာဏ်ရည်ထက်မြက်စေခဲ့တယ်။ သူဟာ ဘုရားသခင် သို့မဟုတ် ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်လို့ ယုံကြည်လာခဲ့ကြတယ်။ ဒီအဖြစ်အပျက်ကို သတိတရနဲ့ နှစ်စဉ်နှစ်တိုင်း ဖေဖဝါရီလ ၁၅ရက်နေ့မှာ ခြိမ့်ခြိမ့်သဲ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ခဲ့ကြတယ်။
သူတို့ ဓလေ့ထုံးစံကတော့ အဲ့ဒီနေ့ရောက်လာပြီဆိုရင် ခွေးတစ်ကောင်နဲ့ဆိတ်တစ်ကောင်ကို ယဇ်ပူဇော်ကြရတယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ကြိုးဖြင့်တုပ်နှောင်ထားသော လူငယ်နှစ်ယောက်ကို အဲ့ဒီခွေးနဲ့ဆိတ်ရဲ့ သွေးတွေကို သုတ်လိမ်းပေးကြတယ်။ ပြီးနောက် နို့နဲ့ သွေးတွေကို ဆေးကြောကြရတယ်။ ဒီလိုလုပ်ပြီးတဲ့နောက်မှာ ထိုလူငယ်နှစ်ဦးဦးစီးတဲ့ လူအုပ်ကြီးတစ်ခုအသွင်နဲ့ လမ်းတွေပေါ်မှာ လှည့်လည်ကြတယ်။ ဒီလိုလှည့်လည်တဲ့နေရာမှာလည်း သွေးများပေကျံနေတဲ့ သားရေကို လူငယ်နှစ်ဦးက ကိုင်ဆောင်ပြီး ထိပ်တိုက်တွေ့ဆုံတဲ့ သူတွေကို သွေးပေကျံစေကြတယ်။ အမျိုးသမီးတွေကတော့ ဆိတ်သားရေကို အထိခံရင်း ဒီပွဲကို ကြိုဆိုကြရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ အခုလို ကြိုဆိုခြင်းအားဖြင့် မြုံခြင်း(သားသမီးမဖွားခြင်း)ကနေ ကာကွယ်ပေးနိုင်တယ်၊ ပျောက်ကင်းစေနိုင်တယ်လို့ ယုံကြည်ထားကြလို့ပဲဖြစ်တယ်။ အဲ့ဒီနောက် အရွယ်ရောက်တဲ့ မိန်းကလေးတွေက ကိုယ့်နာမည်ကိုယ်ရေးပြီး စာအိတ်သေးသေးလေးတွေထဲကို ထည့်လိုက်ကြတယ်။ ပြီးတော့ အဲ့ဒီ စာအိတ်တွေကို စားပွဲတစ်ခုပေါ်က ပန်းကန်ပြားတစ်ချပ်ထဲမှာ ထားလိုက်ကြတယ်။ ယောက်ကျားလေး လူပျိုတွေထဲက အိမ်ထောင်ပြုချင်သူတွေဟာ အဲ့ဒီ စာအိတ်လေးတွေထဲကနေ တစ်ခုစီ ယူကြရတယ်။ စာအိတ်ထဲမှာပါတဲ့ နာမည်ရှင်နဲ့ တစ်နှစ်တိတိ သင့်မြတ်၏၊ မသင့်မြတ်၏ကို စမ်းသပ်ဖို့ အတူတူနေထိုင်နိုင်တယ်။ နှစ်သက်ရင် ထိမ်းမြားမင်္ဂလာပြုကြပြီး မနှစ်သက်ရင် လာမယ့်နှစ်မှာ ပြန်လည် နာမည်ပေး၊ စာအိတ်ရွေး လုပ်နိုင်တယ်။
အဲ့ဒီ အစဉ်အလာ ဓလေ့ထုံးစံကြီးဟာ တဖြည်းဖြည်းနဲ့ ခရစ်ယှာန်ထဲကို အသွင်ပြောင်း ဝင်ရောက်လာရင်း ချစ်သူများနေ့လို့ ယနေ့ ကျွန်တော်တို့ မြင်တွေ့၊ ကြုံကြိုက်နေရတာဖြစ်တယ်။

၂။ ခရစ်ယှာန်တွေထဲမှာ ရှေးဦး စတေးခံခဲ့သူများအနက် ပုဂ္ဂိုလ်နှစ်ဦးကို ကိုယ်စားပြုပြီး ဗလင်တိုင်းန်ရယ်လို့ ဖြစ်လာတယ်။ (တချို့အဆိုအရ တစ်ဦးပဲဖြစ်တယ်။) ခရစ်နှစ် ၂၉၆ခုနှစ်လောက်က (Claudius)ရဲ့ ညှင်းပမ်းနှိပ်စက်မှု့ကြောင့် သေဆုံးကွယ်လွန်သွားခဲ့ရသူပဲဖြစ်တယ်။ သူ့ကို သတိရနေစေဖို့ သူဆုံးပါးကွယ်လွန်သွားတဲ့နေရာမှာ ခရစ်နှစ် ၃၅၀မှာ ချက်စ်ကျောင်းတော်တစ်ခု ဆောက်တည်ခဲ့တယ်။ ရောမသားတွေဟာ ခရစ်ယှာန်ဘာသာကို သက်ဝင်ယုံကြည်လာပြီးနောက် ချစ်သူများနေ့ကို ဆက်လက် ကျင်းပနေခဲ့တယ်။ သို့သော် ဘုရားသခင်အားချစ်ခြင်း ဆိုတဲ့နေရာမှာ အချစ်သူရဲကောင်းများ၊အာဇာနည်များလို့ အမည်ပြောင်းလိုက်ကြတယ်။
သူတို့ရဲ့ အယူအဆ အခြေခံက ဘယ်လိုလဲဆိုတော့......
စိန့်ဗလင်တိုင်းန်ဟာ ချစ်ခြင်းအတွက် အသက်ပေးခဲ့ရရှာတယ်။ သူဟာ ချစ်သူတွေအတွက် ကြားဝင် သနားခံပေးတဲ့သူ၊ ချစ်သူတွေရဲ့ ခေါင်းဆောင်တာဝန်ခံဖြစ်တယ်လို့ သတ်မှတ်ထားကြတယ်။
အဖြစ်အပျက်ကို အတိုချုံးတင်ပြရရင်.....
ခရစ်သက္ကရာဇ် ၃ရာစုမှာ Claudius II က သူ့စစ်သားတွေကို အိမ်ထောင်မပြုရ အမိန့်ထုတ်ပြန်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ပြုခြင်းဟာ စစ်မက်တိုက်ခိုက်တဲ့နေရာမှာ အဟန့်အတား ဖြစ်စေတယ်။ အားအင် ကုန်ခမ်းစေတယ်။ အာရုံရှုပ်ထွေးစေတဲ့ အတွက်ပဲ ဖြစ်တယ်။ ဒီအမိန့်တော်ကို စတင်ဖီဆန်တဲ့သူကတော့ စိန့်ဗလင်တိုင်းန်ပဲ ဖြစ်တယ်။ ချက်စ်ကျောင်းမှာ တိတ်တိတ်ပုန်း စစ်သားတွေကို မင်္ဂလာဆောင်ပေးခဲ့တယ်။ ဒါကို Claudius က သိသွားတော့ သူ့ကို ထောင်ချဖို့ ပထမ အမိန့်ချမှတ်လိုက်တယ်။ နောက်တော့ ကြိုးမိန့်ပေးခဲ့တယ်။ ကြိုးမိန့်မပေးခံရမှီ ထောင်ထဲမှာ စိန့်ဗလင်တိုင်းန်ဟာ ထောင်မှုးရဲ့သမီးငယ်လေးနဲ့ ချစ်ကြိုက်ခဲ့တယ်။ သူ ကြိုးမိန့်ပေးမခံရမှီ စာတစ်စောင် ရေးခဲ့ပြီး From Your Valentine ဆိုပြီး အောက်ဆုံးမှ ရေးသားခဲ့တယ်။
တကယ်တော့ ခရစ်ယှာန်တွေရဲ့ ဘာသာရေးဥပဒေအရ ဘာသာရေးခေါင်းဆောင်တွေဟာ ချစ်ကြိုက်တာတွေ၊ အိမ်ထောင်ပြုတာတွေ လုပ်ခွင့်မရှိဖူး။ သို့သော် သူကို Claudius က ခရစ်ယှာန်ကို စွန့်လွှတ်ပြီး ရောမတွေအတိုင်း ရုပ်တုကိုးကွယ်မယ်ဆိုရင် ထောင်ကနေလည်း လွှတ်ပေးမယ်၊ ထောင်မှုးရဲ့ သမီးနဲ့လည်း ပေးစားမယ်လို့ မက်လုံးပေးခဲ့သော်လည်း ခရစ်ယှာန်ကို မစွန့်ခဲ့တဲ့အတွက် သူဟာ အပြစ်ကင်းသူလို့ သတ်မှတ်ခံခဲ့ရတယ်။ ဒါကြောင့် သူကို ကြိုးမိန့်ပေးတဲ့နေ့ ဖေဖဝါရီလ ၁၄ရက်နေ့ကို St.Valentine's Day လို့ သတ်မှတ်ခဲ့ကြတယ်။
ရောလူမျိုးတွေရဲ့ ဓလေ့အတိုင်း လုံမပျိုလေးများက စာအိတ်ထဲ နာမည်ရေးထည့်၊ လူပျိုလေးတွေက ရွေးတဲ့ အစဉ်အလာကို ကျင်းပမြဲ ကျင်းပနေခဲ့တယ်။ သို့သော် နောက်ပိုင်းမှာ ခရစ်ယှာန် ဘာသာရေးခေါင်းဆောင်တွေက ဒီဓလေ့ဆိုးကြီးကို တိုက်ဖျက်ခဲ့ကြပြီး ဒီထုံးလမ်းစဉ်လာကြီးဟာ လူငယ်တွေကို ကိုယ်ကျင့်တရား ပျက်ပြားစေတယ်လို့ သတ်မှတ်လာခဲ့ပြန်တယ်။ နောက်ဆုံး ဒီအစဉ်အလာ အလွန်နာမည်ကြီး၊ ရေပန်းစားခဲ့တဲ့ အီတလီမှာတောင် ပျက်သုဉ်းသွားခဲ့တယ်။ ဒီနောက်ပိုင်းမှာ ခရစ်နှစ် ၁၈ရာစုနဲ့ ၁၉ရာစု ကြားကာလမှာ အနောက်တိုင်းတခွင်၌ တဖန် ရေပန်းစားလာခဲ့တယ်။ Valentine's Book ဆိုပြီး အချစ်ကဗျာတွေ ရေးသားထားတဲ့ စာအုပ်ငယ်လေးတွေကို ရောင်းချလာခဲ့တယ်။ ရည်ရွယ်ချက်ကတော့ ချစ်သူကို စာပေးချင်ရင် ရွေးချယ်လို့ရအောင်၊ ရည်းစားစာ ရေးတတ်အောင်ပဲ ဖြစ်တယ်။ အဲ့ဒီ အစဉ်အလာဟာ ဒီနေ့တိုင် ရှိနေခဲ့တာပဲ ဖြစ်တယ်။
(မှတ်ချက်) ခရစ်ယှာန်ဘာသာဝင်များမှာ ဂိုဏ်းအသီးသီးကွဲနေခဲ့တဲ့အတွက် တချို့ ဂိုဏ်းတွေဟာ ဂျူလိုင်လ ၆ရက်နေ့မှာ ကျင်းပလေးရှိပြီး တချို့ဂိုဏ်းတွေကတော့ ဂျူလိုင်လ ၃၀ရက်နေ့မှာ ကျင်းပကြတယ်။

ဘာမှ အခြေမြစ်မရှိတဲ့ အစ္စလာမ်နဲ့ လုံးဝ(လုံးဝ) မဆိုင်တဲ့နေ့ တစ်နေ့အကြောင်း အချိန်ကုန်ခံဖတ်လိုက်ရတဲ့အတွက် စိတ်မကောင်းမဖြစ်ပါနဲ့။
ဒီသမိုင်းကြောင်းကို တင်ပြရတဲ့ ရည်ရွယ်ချက်က တခြားမဟုတ်ပါဖူး။ ဗလင်တိုင်းန်ဆိုတာ အခြေမြစ်မရှိတဲ့ ဒဏ္ဍာရီကို အခြေခံထားကြောင်း၊ ခရစ်ယှာန်တွေရဲ့ ဘာသာရေးပွဲတော်ဖြစ်တယ်ဆိုတာကို သိစေချင်လို့ပဲ ဖြစ်တယ်။
ပြစ်တင်လိုစိတ်နဲ့ ကျွန်တော့်ဖက်က ဖြည့်စွက်ရေးသားထားမျိုး မဟုတ်ပဲ သမိုင်းသုတေသီတွေရဲ့ တင်ပြချက်များစွာကနေ ကောက်နှုတ်တင်ပြထားတာ ဖြစ်ကြောင်း အသိပေးပရစေ။
အကျယ်တဝန့်လေ့လာလိုသူများအနေနဲ့ wiki ဆိုက်မှာသော်လည်းကောင်း၊ history.com မှာသော်လည်းကောင်း၊ အခြားအခြားသော အင်တာနက်စာမျက်နှာများမှာ လည်းကောင်း၊ သမိုင်းစာအုပ်များ၊ စွယ်စုံကျမ်းများတွင်လည်းကောင်း လေ့လာနိုင်ပါတယ်။
wiki မှာ လေ့လာဖြစ်ရင် Conflict with Islamic countries and political parties ဒီအပိုင်းလေးကို လုံးဝ မလွှတ်လိုက်ပါနဲ့။
တခြားလေ့လာသိရှိသည်များကိုလည်း မျှဝေပေးပါလို့ တောင်းဆိုရင်းးးးးးးး
ဆက်လက်တင်ပြပါဥိးမည်....။
ဘရှီရွလ္လာဟ် ဖာရိုကီ
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger