သိချင်စိတ်ရှိခြင်း၊ လိုက်စားခြင်း၊ မေးမြန်းသင်ယူခြင်းဆိုတာ
အလွန်ကောင်းမွန်တဲ့ အကျင့်လေးတွေပါ။ လူတိုင်းမှာ ရှိသင့်၊ရှိထိုက်တဲ့၊
ရှိနေသူတိုင်း ဂုဏ်အင်မြင့်မားစေတဲ့ အချက်လေးတွေပါ။ လောကမှာ သင်ယူဖို့
စာအုပ်ပေါင်း များစွာ ဖတ်ကြရပါတယ်။ ဆရာပေါင်းများစွာနဲ့ သင်ယူရပါတယ်။
ဆရာပေါင်းများစွာနဲ့ မဆုံစည်းပဲ၊ စာအုပ်ပေါင်းများစွာနဲ့ မရင်းနှီးလိုပဲ
စိတ်ဆန္ဒတစ်ခုသာ ဖြစ်ခဲ့ရင် ထိုက်သင့်သလောက် အကျိုးဖြစ်ထွန်းဖို့ မရှိပါဖူး။
လူသားဟာ အားအင်ချိနဲ့တဲ့၊ မပြည့်စုံတဲ့ သတ္တဝါတစ်မျိုး ဖြစ်တယ်။ စင်္ကြာဝဠာတစ်ခုလုံးမှာ ပြည့်စုံတဲ့ အရှင်ဆိုတာ တစ်ပါးတည်းသော အလ္လဟ်အရှင်မြတ်သာ ဖြစ်တော်မူတယ်။ အဲ့ဒိ အရှင်မြတ်ကလွဲလို့ ကျန်ရှိ ဖန်ဆင်းခံအားလုံးဟာ မပြည့်စုံခြင်းဆိုတဲ့ ဝိသေသနတပ်ခြင်းခံကြရတယ်။ ဒါကြောင့် လူတစ်ယောက်က အကုန်သိချင်တာ၊ သို့မဟုတ် အကုန်တတ်ကျွမ်းချင်တာဟာ ပျက်ဆီးခြင်းကို လားစေမယ့် ဆန္ဒသာဖြစ်သွားတော့တယ်။ အတတ်ကျူး ဘီလူးဖြစ်ဆိုသကဲ့သို့ပေါ့။ မတတ်အပ် မသိအပ်တာကို တတ်ချင်၊ သိချင်တာဟာ လမ်းမှားဖို့ အကြောင်းခံ ဖြစ်သွားရတော့တယ်။ အားအင်ချိနဲ့တဲ့ လူသားဟာ အရာခပ်သိမ်းကို သိနိုင်ဖို့၊ အတတ်ပညာမျိုးစုံကို ကျွမ်းကျင်ဖို့ မဖြစ်နိုင်ပါဖူး။ ဒါကြောင့် ပညာသင်ယူတဲ့နေရာမှာ အဓိကနဲ့ သာမညကို ခွဲခြားနားလည်တတ်ရသလို၊ မိမိအဆင့်နဲ့ သိခွင့်ရှိ၊ မရှိဆိုတာကိုလည်း သတိချပ်သင့်တယ်။
အထူးသဖြင့်... ဘာသာရေးဆိုင်ရာ ပညာရပ်များကို လေ့လာတဲ့နေရာမှာ အထူးဂရုစိုက်သင့်တယ်။ လူတစ်ယောက်ဟာ နမားဇ်ငါးကြိမ် ဘယ်လိုဖတ်ရလဲ၊ ဘယ်အခြေအနေမှာ ဘယ်လို ချွင်းချက်နဲ့ နမားဇ်အထမြောက်သွားလဲ၊ ဝတ်ပြုစဉ်မှာ လစ်ဟင်းသွားတဲ့ တာဝန်အချို့ကို ဘယ်လို ဖြည့်စွက်ရမလဲ.. စတဲ့ နေ့စဉ်ကြုံတွေ့နေရသော အချက်တွေကို နားမလည်၊ သဘောမပေါက်နိုင်သေးပဲ၊ ဒီလို နမားဇ်က ဘာဖြစ်လို့ ဖတ်ရတာလဲ၊ သက်ဒီးရ်က ဘယ်လို၊ ဒါက ဘာကြောင့်လဲ၊ ဟိုလိုဆိုရင် ဘယ်လိုလဲ စသည်ဖြင့် မသက်ဆိုင်တာတွေ မေးမြန်းနေခြင်းဟာ အဓိကနဲ့ သာမညကို ခွဲခြားမတတ်ခြင်းနဲ့ မိမိအဆင့်နဲ့ သိခွင့်ရှိ၊ မရှိကို နားမလည်ခြင်းပါပဲ။ (နှိမ့်ချ ပြောဆိုခြင်း မဟုတ်ပါ)
အမှန်တော့ ဒီလို ဘာကြောင့် နမားဇ်ဖတ်ရလဲ၊ သက်ဒီးရ် ဘာလဲ စတာတွေဟာ သိသင့်တဲ့၊ သိထားထိုက်တဲ့ အရာတွေပါပဲ။ သို့သော် သင်ပုန်းကြီးဖတ်စာ ဖတ်ရမည့်အရွယ်မှာ ယူအက်ဖ်အိုတည်ဆောက်ပုံ နားလည်ချင်သလို ဖြစ်နေတယ်။ မှန်ပါတယ်။ လူတိုင်းမှာ စူးစမ်းချင်စိတ် ရှိတတ်ပါတယ်။ ရှိသင့်ရှိထိုက်တယ်လို့လည်း မှတ်ယူပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ရွယ်စဉ်က မျက်စိရှေ့ရောက်တဲ့အရာကို နားလည်ချင်တာ၊ စူးစမ်းချင်တာ ဖြစ်ခဲ့ပါတယ်။ အလ်ဟမ်ဒုလစ်လာ အဲ့ဒီ စူးစမ်းလိုစိတ်ကြောင့်လဲ ကျွန်တော့်ဘဝမှာ ပြောင်းလဲမှု့တွေ၊ တိုးတက်မှု့တွေ အများကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီတော့ ဘယ်လိုမေးခွန်းမျိုး မေးသင့်တယ်၊ မမေးသင့်ဖူး။ သိထိုက်တယ်၊ သိရန်မလို စတာတွေကို သေချာသိဖို့ လိုအပ်ပါတော့တယ်။ ဒီနေရာမှာ အရေးကြီးဆုံး တစ်ခုကို သတိချပ်စေဖို့ စကားတခွန်း မေတ္တာလက်ဆောင် ပေးလိုက်ချင်ပါတယ်။ အဲ့ဒီ စကားလေးကို သေချာသုံးသပ်ပေးပါ။
ယုံကြည်စိတ်ချရတဲ့ ဘာသာရေး စာအုပ်စာပေ များများ ဖတ်ပါ။ သို့သော် အကွဲအလွဲများထဲ မနစ်မွန်းစေလိုက်ပါနဲ့။ စာဖတ်အား ကောင်းလာတော့မှ မိမိလေ့လာချင်တာကို နားလည် တတ်ကျွမ်းသူများနှင့် မရှ်ဝရဟ်လုပ်ပြီး ဖတ်ပါ။
ဘာကြောင့် ဒီအချက်ကို အရေးတယူနဲ့ သတိပေးရတာလဲဆိုတော့..... မယုံကြည်ရတဲ့ ကလောင်ရှင်တွေဟာ စာဖတ်သူကို ဒွိဟတွေ၊ မှားယွင်းနေတဲ့ အတွေးအခေါ်တွေ ချပြလာရင် လေ့လာမှု့အားနည်းတဲ့ စာဖတ်သူအတွက် အဆိပ်သင့်လာနိုင်တယ်။ ဒါဟာ ဘာသာရေးတစ်ခုတည်းမှာ မဟုတ်ပါဖူး။ အတွေးအခေါ်၊ ယဉ်ကျေးမှု့၊ စီးပွားရေးအမြင် နဲ့ အခြား သုတရဖွယ် ရေးသားချက်တိုင်းမှာ ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခုပါ။ ဥပမာ ကျွန်တော်က ဦးဖေမြင့်ရဲ့ စာဖတ်ပရိတ်သတ်ဖြစ်ပြီး ဦးဖေမြင့်က မှားနေတဲ့ အတွေးအခေါ်တစ်ခုကို ချပြတယ် ဆိုပါတော့ (နမူနာ တင်ပြခြင်းသက်သက်သာ ဖြစ်သည်။) ။ ကျွန်တော်ကလည်း ဦးဖေမြင့်ရဲ့ အခြား အတွေးအခေါ်တွေကို သဘောကျနေတော့ ဒီနေရာမှာလည်း ထပ်တူပဲ ခံစားဖြစ်သွားတယ်။ မှန်တယ်လို့ ယူဆမိတယ်။ ဒီအတွေးအခေါ်ကို မွေးစားလိုက်ပြီးကတည်းက ကျွန်တော့်အမြင်မှာ ဟိုဟာကြည့်လည်း ကန့်လန့်၊ ဒီဟာကြည့်လည်း အဆင်မပြေ၊ မေးခွန်းများစွာရယ် စောဒကပေါင်းစုံရယ် ဖြစ်လာရတော့တယ်။ နောက်ဆုံး သိချင်စိတ်ကို ထိန်းမရတော့ မေးချလိုက်ပါပြီ။
ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဒါက ဒီလိုပဲ ဖြစ်သင့်တာ။ ဘာကြောင့်လဲဆိုတော့ ဥပမာအားဖြင့် ဒီလို ဒီလိုတွေ(ကျွန်တော် မွေးစားခဲ့သော အတွေးအခေါ်)ပေါ့။
တကယ်တော့ ဒီမေးခွန်းက သရက်ပင်ကြားက တမာပင်ပမာပါ။ ဒါပေမယ့် ကျွန်တော် မွေးစားယူလိုက်တဲ့ အတွေးအခေါ်ကြောင့် ကျွန်တော်ကတော့ ကိုယ့်သူကိုယ် အမှန်လို့ပဲ ထင်နေခဲ့တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာပေမယ့် ပြင်ဆင်ခွင့်မရနိုင်လောက်အောင် ကျွန်တော့်ဖက်က သေချာနေခဲ့တယ်။ အကယ်၍ ဘာသာရေးမှာဆိုရင် ကျွန်တော့်အဖြစ်က ဘယ်လောက် ရင်နင့်စရာဖြစ်မလဲ။ ဒီလိုတွေ ဘာကြောင့် ဖြစ်ရတာလဲ။ ဒီလို အဖြစ်ပျက်တွေကို ကုစားဖို့၊ ကာကွယ်ဖို့ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ဒီလိုတွေ ဘာကြောင့်ဖြစ်ရလဲဆိုတော့.....
၁။ စာဖတ်ခြင်းကို အစပျိုးတဲ့အချိန်၊ ဗဟုသုတအားနည်းချိန်မှာ ယုံကြည်စိတ်ချရတဲ့ ကလောင်ရှင်ကို မရွေးခဲ့လို့။
၂။ မလိုအပ်တဲ့နေရာမှာ မတော်မသင့်တဲ့ မေးခွန်းတွေ မေးလို့။
ဒါကြောင့် အခုပို့စ်မှာ ကျွန်တော့်အနေနဲ့ မေးခွန်းမေးခြင်းနဲ့ ပတ်သက်ပြီး တင်ပြပေးဖို့ ရည်ရွယ်လိုက်ပါတယ်။ ဒီအချက်ဟာ ပြဿနာရဲ့ ဒုတိယအဆင့် ဖြေရှင်းရမယ့် ကိစ္စဖြစ်ပေမယ့် ကျွန်တော်က ဦးစားပေး တင်ပြလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုဟာ မဖတ်သင့်တာလဲ ဖတ်ခဲ့ကြပြီးပြီ။ အတွေးအခေါ်တွေလည်း ခေါ်ယူမွေးစားပြီးပြီ။ မလုပ်သင့်တာ မလုပ်မိအောင်၊ မပြောသင့်တာ နှုတ်စောင့်နိုင်အောင်ပဲ ရည်ရွယ်လိုက်တယ်။ တနည်းအားဖြင့် ကာကွယ်ဖို့ထက် ကုသဖို့ကို ဦးစားပေးလိုက်တာပါပဲ။ လာမည့် မျိုးဆက်သစ်အတွက်တော့ ကာကွယ်ရေးတွေ လုပ်နိုင်အောင် တစ်ဦးချင်းစီ တာဝန်ယူလိုက်ကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။
များမြောင်စွာ မေးမြန်းခြင်း၏ ရလဒ်ကို ရှု့စားကြည့်ပါ။
ဟဇရသ် အဗူဟိုရိုင်ရဟ် (ရသွေ့) သခင် ဆင့်ပြန်တော်မူတယ်။ ချစ်နဗီ(ဆွ) အမိန့်ရှိတော်မူခဲ့တယ်။ (အလိုသဘောမှာ) ငါကိုယ်တော်မြတ်သည် ကိစ္စတစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ မိန့်မြွတ်တော်မူခြင်း မရှိပါလျှင် အသင်တို့ ထိုကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းခြင်း မပြုကြပါနှင့်။ ဆိုလိုသည်မှာ- ကိစ္စတစ်ခုနှင့် ပတ်သက်၍ ငါကိုယ်တော်သည် "ဤအလုပ်လုပ်ခြင်းမှာ ဖရ်ဇ် ဖြစ်သည်။ သို့မဟုတ် ဟရာမ်ဖြစ်သည်။ ပြုလုပ်ခွင့်မရှိ" ဟု မိန့်ကြားခြင်း မရှိပါလျှင် ထိုကိစ္စနှင့် စပ်လျဉ်း၍ အကြောင်းမဲ့ မေးခွန်းမေးမြန်းရန် မလိုအပ်ပေ။ အဘယ့်ကြောင့်ဆိုသော် အသင်တို့အရင်ခေတ်များ၌ နဗီတမန်တော်များ၏ နောက်လိုက်များ သေကြေပျက်စီးခဲ့ကြရသည့် အကြောင်းခံများအနက် အကြောင်းခံတစ်ခုမှာ- မေးခွန်းများစွာ မေးမြန်းခဲ့ကြခြင်းပင်။ နောက်အကြောင်းခံ တစ်ခုမှာကား မိမိတို့ထံ စေလွှတ်ခံရသော နဗီတမန်တော်များ သင်ကြားပြသပေးသည့် အမိန့်ပညတ်ချက်များကို ဆန့်ကျင်ဖီလာ ပြုခဲ့ကြခြင်းဖြစ်လေသည်။ ထို့ကြောင့် ငါကိုယ်တော်သည် အသင်တို့အား အမှု့တစ်စုံတစ်ရာနှင့် ပတ်သက်၍ တားမြစ်မှု့ ပြုပါလျှင် ထိုအရာအား အသင်တို့ မပြုလုပ်ကြကုန်နှင့်။ ဆင်ခြေဆင်လက်လည်း မပေးကြကုန်နှင့်။ ထို့အတူ အရာတစ်ခုနှင့် စပ်လျဉ်း၍ လုပ်ဆောင်ရန် အမိန့်ပေးတော်မူလျှင် ထိုကိစ္စအား တတ်စွမ်းနိုင်သည်နှင့်အညီ အကောင်အထည်ဖော်ကြပါလေ။
ဤဟဒီးဆ်တော်မှာ ကျွန်တော်တို့အတွက် ပါးစပ်သရမ်းခြင်းရဲ့ ရလဒ်ကို ဖော်ပြပေးထားတယ်။ ရှေ့လူ၏ အမှားသည် ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ခု ဖြစ်တယ်။ ဒါကြောင့် (မလိုအပ်တဲ့ နေရာတွေမှာ၊ မသင့်တော်တဲ့ အခြေအနေမှာ) ကျွန်တော်တို့အနေနဲ့ သိချင်လို့ မေးတာပဲ... ဘာဖြစ်လဲဆိုတဲ့ အတွေးအခေါ်မျိုးကို ဖျောက်သင့်တယ်။
နောက်တစ်ချက် ကျွန်တော်တို့ အထူးသတိထားရမှာက- မေးခွန်း မေးလိုက်ပြီး နာခံနိုင်စွမ်း၊ လိုက်နာနိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတဲ့အချက်ပါပဲ။ လုပ်ရန်၊ မလုပ်ရန် ၅၀%စီ ရှိနေချိန်မှာ ကျွန်တော်တို့ နာခံဖို့ ဘယ်လောက်ပါစန့် သေချာနေပါသလဲ။ အနေချောင်ရင်၊ အဆင်ပြေရင် လုပ်မယ်လို့ စိတ်ထဲမှာ ရှိနေရင် ကျွန်တော် မလိုချင်တဲ့ အဖြေရလာတဲ့အခါ စုပ်လည်းဆူး၊ စားလည်းရူး ရတဲ့ အဖြစ် ဖြစ်လာရတယ်။ တရားတော်ရဲ့ အမိန့်ကို မလိုက်နာတဲ့အတွက် အပြစ်ဖြစ်မှာကတစ်ခု၊ လုပ်ပြန်တော့လည်း တာဝန်ကျေ သို့မဟုတ် လက်တစ်လုံးခြား ဝိနည်းလွတ် ဆိုရင် ဘာထူးမှာလဲ။ မြင်သာတဲ့ သာဓက တစ်ခုကို ကျွန်တော် တင်ပြပေးပါ့မယ်။
ရခိုင်က ညီနောင်တွေ အကြမ်းဖက်ခံရတယ်။ ရက်စက်စွာ သတ်ဖြတ်ခံရတယ်။
မိမိဥစ္စာပစ္စည်းကို ကာကွယ်ရင်း ပြန်လည်ခုခံခွင့်ရှိတယ်.... သေဆုံးခဲ့ရင် ရှဟီးဒ်ဖြစ်တယ်ဆိုတာကို မွတ်စ်လင်မ်တိုင်း သိတယ်။ (မေမြို့သားတွေပဲလားတော့ မပြောတတ်) ကလေးဘဝမှာ ရန်ဖြစ်ရင်တောင် ဘုမသိဘမသိနဲ့ တတွတ်တွတ်ပြောခဲ့ကြတာ။ ဟကောင် င့ါစွန် ပြန်ပေးနော်။ မပေးလို့ကတော့ င့ါစွန်ရဖို့ ရှဟီးဒ်ဖြစ်ခံလိုက်မယ်။ င့ါပစ္စည်းအတွက် ငါအသက်ပေးခွင့်ရှိတယ်ကွ။
သို့သော် ကျွန်တော်က နည်းနည်းတစ်ကိုယ်ကောင်းဆန်တယ်။ သိပြီးသား အမိန့်တွေလည်း ဒီနေရာမှာ မသိချင်ယောင်ဆောင်လိုက်တယ်။ မိသားစုနဲ့ စားဝတ်နေရေးက ရှိသေးတယ်လေ။ ကျွန်တော်တို့ ဘာလုပ်လိုက်ကြလဲ။ တွေ့သမျှ မွဖ်သီ၊ အာလင်မ်၊ ဘာသာရေးခေါင်းဆောင်တွေကို မေးတယ်။ ရခိုင်အရေး ဘယ်လိုမြင်လဲဆရာ။ ဂျိဟားဒ်အမိန့်က ဘယ်လိုလဲဆရာ။ အပွေးမြင် အပင်သိနေတော့ ဆရာတွေကလည်း နိုင်ငံရေးအရှုပ်တော်ပုံမှာ လက်ဝင်မလျှိုနဲ့လို့ လှလှလေး အဖြေပေးလိုက်တယ်။ နောက်ဆုံး ဒါရွလ် အစ်ဖ်သအ်(ဓမ္မသတ်ဖြေကြားပေးသောဌာန)တွေဆီ မေးခွန်းတွေ တစ်ထပ်ကြီး ပို့ပေးကြတယ်။ ဒီလို မေးမြန်းတဲ့ သူတွေထဲမှာ တကယ်ကို လိုလားလို့ တိတိကျကျ သိချင်သူတွေပါသလို..... များသောအားဖြင့်တော့ အဖြေမပေးရင် အသံကောင်းဟစ်ချင်တဲ့သူတွေ၊ စိတ်နှင့် တိုက်ဆိုင်မှ လုပ်ချင်သူတွေ၊ အကြောင်းပြချက် ရှာနေသူတွေ၊ ပြီးတော့ မဟုတ်ဖူး... မလုပ်ရဖူးလို့ ဖြေပေးမယ့်သူကို လိုက်ရှာနေသူတွေနဲ့ ဆိုရှယ်ခေတ်ရှေးပြေး ဖေ့စ်ဘွခ်မင်းသားတွေပါပဲ။ တကယ် ထုတ်ပြန်ပြီဆိုရင်တော့ တပ်လိုက်မယ့် ဂုဏ်ပုဒ်တွေ။ အကြမ်းဖက်၊ အစွန်းရောက်၊ တာလီဘန်၊ အလ်ကိုင်ဒါ၊ ဒေါ်လာစား၊ ဘာညာ ကွိကွပေါ့။ ဆိုတော့ သိနေပြီးသား အရာတစ်ခုကိုတောင် လက်တွေ့မှာ နဖူးတွေ့၊ ဒူးတွေ့ဖြစ်လာတော့ မသိဟန်ဆောင်ပြီး မေးခွန်းပေါင်းစုံ (ဖိအားပေးသည့် မေးခွန်း၊ ရှောင်လွှဲနိုင်မည့် မေးခွန်း ... စတာတွေပေါ့) မေးလာကြတယ်။ နောက်ဆုံး ဟိုရှောင် ဒီဝေ့နဲ့ ချစ်မေမေရဲ့ မွေးရပ်မြေ မိထ္ထီလာကြီးလည်း ပြာကျသွားရှာတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ မဟာအမှား ဖြစ်သလို၊ သံဝေဂမယူတတ်တဲ့ ကျွန်တော်တို့ အပြစ်ပဲဖြစ်တယ်။
ဒီနေရာမှာ မမေးရဖူးလို့ ကျွန်တော်ဆိုလိုတာမဟုတ်ဖူး။ သာသနာ့အမိန့် လက်တွေ့ နဖူးတွေ့၊ ဒူးတွေ့ ကြုံကြိုက်နေရတဲ့ကိစ္စမှာ မေးသင့်ရုံတင်မဟုတ်ဖူး။ မေးကို မေးရမယ်။ ဒါပေမယ့် အမလ်လုပ်ဖို့ ဖြစ်ရမယ်။ မေးကို မေးရမယ်။ ဒါပေမယ့် မသိလို့ မေးတာ၊ မရှင်းလို့ မေးတာဖြစ်သင့်တယ်။ ဒီနေရာမှာ မဆိုင်ပေမယ့် အမလ်မလုပ်ချင်ကြတဲ့ နမူနာကို မြင်သာအောင် ရေးသားလိုက်တာပါ။
မေးခွန်းဆိုတာ သူ့နေရာသူ မေးတတ်ရင် အရမ်းတန်ဖိုးရှိလှပါတယ်။ မေးခွန်း မေးတတ်ခြင်းက ပညာ့ရပ်ဝန်းရဲ့ တစ်ဝက်ပါပဲ။ အစ္စလာမ်သာသနာတော်မှာ မေးခွန်းထူခြင်းနဲ့ ပတ်သက်ပြီး အပေါ်မှာ တင်ပြထားတဲ့ ဟဒီးဆ်တော်မှာ တားမြစ်ထားပေမယ့် တခြား ဟဒီးဆ်တော်တွေမှာ မေးမြန်းခြင်းရဲ့ ထူးမြတ်ပုံကို တင်စားထားပါတယ်။
နေသိပ်မကောင်းလို့ ဒီလောက်နဲ့ပဲ ခေတ္တနားခွင့် ပြုပါ။
အင်န်ရှာအလ္လာဟ် ဆက်လက် တင်ပြပေးပါမည်။
ဘရှီရွလ္လာဟ် ဖာရိုကီ
.

Post a Comment