အသိပေးခြင်း
က
Home » » အစ္စလာမ်နှင့် ခေတ်ရေစီးကြောင်းလိုက်ခြင်း (နောက်ဆုံးပိုင်း)

အစ္စလာမ်နှင့် ခေတ်ရေစီးကြောင်းလိုက်ခြင်း (နောက်ဆုံးပိုင်း)

အချုပ်အားဖြင့် ခေတ်ကာလအလိုက် ဖြစ်ပေါ်လာသော အကောင်းအဆိုးအား ခွဲခြားဆုံးဖြတ်ရန် ဘာသာမဲ့ဝါဒီတို့၏ စဉ်းစားဥာဏ်သည် လက်လှမ်းမမှီဖြစ်ကာ လုံးဝ ကျရှုံးသွားခဲ့လေသည်။ ထို့ကြောင့် ဤပြဿနာအား ကိုင်တွယ်ဖြေရှင်းရန် တစ်ခုတည်းသော လမ်းစမှာ လူသားသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ လမ်းပြပေးမှု့ကို ရယူခြင်းပင် ဖြစ်၏။ လူသားမျိုးနွယ်အတွက် (ဤပြဿနာတို့မှ) လွတ်မြောက်ရာ လမ်းစဉ်မှာ ထိုမှအပ အခြားမရှိနိုင်တော့ပေ။
ကျမ်းမြတ်ကုရ်အာန်၌ လာရှိသည်မှာ-
أفمن كان على بينة من ربه كمن زين له سوء عمله واتبعوا أهوائهم
အဓိပ္ပါယ်။         ။သို့ဖြစ်ပေရာ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေလက္ခဏာပေါ်၌ ရပ်တည်လျက်ရှိကြသော သူတို့သည် အကြင်သူတို့ကဲ့သို့ ဖြစ်ကြပါမည်လော။ ထိုသူတို့၏ မကောင်းမှုများမှာ ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံခဲ့ရလေ၏။ ထိုမှတစ်ပါး ထိုသူတို့သည် မိမိတို့၏ စိတ်အလိုဆန္ဒများကို လိုက်နာခဲ့ကြကုန်၏။ (စူရဟ် မိုဟမ္မဒ် အာယသ်တော်အမှတ် ၁၄)
ထို့ကြောာင့် ပြဿနာအား ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ- ခေတ်ပေါ် လမ်းစဉ်သစ်၊ ဓလေ့သစ်၊ ထုံးတမ်းအစဉ်အလာများ စသည်တို့အား ၎င်းတို့၏ အပေါ်ယံ လင်းဝင်းတောက်ပမှု့အပေါ် အခြေခံ၍ ချင့်ချိန်သုံးသပ်ခြင်း မပြုသင့်ပေ။ ဖန်ဆင်းရှင် ချမှတ်ပြဌာန်းပေးထားသော လမ်းစဉ်နှင့် ကိုက်ညီမှု့ရှိ၊ မရှိကိုသာ မူထား ဆုံးဖြတ်၊သုံးသပ်သင့်ပေသည်။ အကယ်၍ ၎င်းတို့အနက် တစ်ခုတစ်စုံနှင့် ပတ်သက်၍ စင်္ကြာဝဠာတစ်ခုအား ဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟ်အရှင်မြတ်နှင့် မြတ်နဗီ(ဆွ)ထံမှ အမိန့်တစ်စုံတစ်ရာ ချမှတ်ပြဌာန်းထားပါက လုံးဝ မဆိုင်းမတွ လက်ခံလိုက်နာရပေမည်။
ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသည်မှာ-
وما كان لمؤمن ولا مؤمنة إذا قضى الله ورسوله أمرا أن يكون لهم الخيرة من أمرهم
အဓိပ္ပါယ်။           ။ မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူယောက်ျားတစ်ဦးဦး၌ဖြစ်စေ၊ မည်သည့် သက်ဝင် ယုံကြည်သူမိန်းမတစ်ဦးတစ်ယောက်၌ဖြစ်စေ၊ အရေးကိစ္စ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ အမိန့် ချမှတ်တော်မူလိုက်ပါလျှင် ၎င်းတို့၏ (ထို)အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့၌ ရွေးချယ်ပိုင်ခွင့်သည်(လုံးဝ)မရှိတော့ပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ဖီဆန်သည်ရှိသော် ဧကန်မလွဲ ထိုသူသည် ထင်ရှားလှစွာသောလမ်းလွဲခြင်းသို့ ရောက်ရှိခဲ့ချေပြီတကား။ (စူရဟ်အဟ်ဇားဗ် အာယသ်တော်အမှတ် ၃၆)
အခြား တစ်နေရာတွင် လာရှိသည်မှာ-
فلا وربك لا يؤمنون حتى يحكموك فيما شجر بينهم ثم لا يجدوا في أنفسهم حرجا مما قضيت ويسلموا تسليما
အဓိပ္ပါယ်။           ။ သို့ဖြစ်ပေရာ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ‘ကစမ်’ ထိုသူတို့သည် မိမိတို့အချင်းချင်းအငြင်းပွားသော ပြဿနာနှင့်စပ်လျဉ်း၍ အသင်အားခုံသမာဓိတင်မြှောက်ခြင်း မရှိသမျှကာလပတ်လုံး၊ ပြီးနောက်၎င်းတို့သည် အသင်စီရင်ခဲ့သော ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍မိမိတို့ စိတ်တွင်းဝယ်၊ မည်သည့် ကျဉ်းကျပ်မှုကိုမျှ မတွေ့ရှိကြသည့်ပြင်(ယင်းစီရင်ဆုံးဖြတ်ချက်ကို)အပြည့်အစုံ (ကြည်ဖြူစွာ)လက်ခံနာယူခြင်း မရှိသမျှကာလပတ်လုံး ထိုသူတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်နိုင်ကြမည်မဟုတ်ပေ။ (စူရဟ် နိစားအ်၊ အာယသ်တော်အမှတ် ၆၅)
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်တွင် သို့မဟုတ် တမန်တော်မြတ်(ဆွ)အား အကြောင်းခံ၍ အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်စေခြင်းမှာ အကယ်၍ ထိုကိစ္စများအား လူသား၏ စဉ်းစားဥာဏ်နှင့် သုံးသပ်စေပါက ယင်းတို့သည် လူသားအား လမ်းမှားသို့ရောက်စေနိုင်သောကြောင့် ဖြစ်ပေသည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အတိတ်၊ (ပစ္စုပ္ပန်၊) အနာဂတ် ဖြစ်အင်တို့နှင့် စပ်လျဉ်း၍ အကောင်းဆုံး သိရှိတော်မူသော အရှင်ဖြစ်ပေရာ ထိုအရှင်၏ အမိန့်များသာလျှင် အခြေအနေတိုင်း၊ ခေတ်တိုင်း၊ နေရာတိုင်းတွင် မဖြစ်မနေ ကျင့်ဆောင်ရမည့် အမိန့်များ ဖြစ်နိုင်ပေသည်။
ဤသည်နှင့် စပ်လျဉ်း၍ ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသည်မှာ-
يبين لكم أن تضلوا والله بكل شئ عليم
အဓိပ္ပါယ်။            ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှားသို့မရောက်ကြစေရန် (ဤအမိန့်ပညတ်တော်များကို) အသင်တို့အား ရှင်းလင်းစွာ မိန့်ကြားတော် မူလေသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (စူရဟ် နိစားအ်၊ အာယသ်တော်အမှတ် ၁၇၆)
ဤသည် ခေတ်နှင့်အညီ နေထိုင်ခြင်းနှင့် သစ်လွင်မှု့အား နှစ်ခြိုက်ခြင်း၏ အခြား အကြောင်းတစ်ခုကို ရှင်းလင်းစွာ ပြသနေခြင်း ဖြစ်၏။ ထိုအကြောင်းတစ်ခုမှာကား မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားသည့် ဝဟီနှင့် ရှရီအသ်တရားတော်၏ အမိန့်ပညတ်ချက်များအား လိုအပ်ရသည့်အကြောင်းမှာ လူသား၏ စဉ်းစားဥာဏ်တစ်ခုတည်းဖြင့် ထိုအရာများနှင့် ပတ်သက်၍ ပြည့်စုံ၊စစ်မှန်သော လမ်းညွှန်မှု့ပေးရန် ခက်ခဲနေခြင်း ဖြစ်ပေသည်။ ထို့ကြောင့် လမ်းမှန်တရားအား ရရှိနိုင်ရန် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ပြဌာန်းချက်များအား တသွေမသိမ်း လိုက်နာရန် အရေးကြီး၏။
ထို့အပြင် ခေတ်ပေါ် လမ်းစဉ်သစ်တစ်ခုအား မိမိစဉ်းစားဥာဏ်ဖြင့် မှန်သည်၊ ကောင်းသည်ဟု သတ်မှတ်ပြီးနောက် ကုရ်အာန်၊ဟဒီးဆ်အား မိမိလိုရာ ဆွဲယူညှိနှိုင်းမှု့ပြုခြင်းသည် မှားယွင်းသော လုပ်ရပ်ဖြစ်လေသည်။ စင်စစ် ဤသို့ ပြုလုပ်ခြင်းကို မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ပြဌာန်းချက်များအား အကောင်အထည်ဖော်ခြင်းဟု မသတ်မှတ်နိုင်ပေ။ ဤသည် လိုတိုးပိုလျှော့်ပြုလုပ်ခြင်းသာ ဖြစ်ပြီး လူသားတို့ ပြုလုပ်ခွင့်မရှိသော အလုပ်ပင်ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ဤသို့ ပြုလုပ်ခြင်းဖြင့် အမိန့်တော်ချပေးရခြင်း၏ ရည်ရွယ်ချက်အား ပပျောက်သွားစေလေသည်။ စစ်မှန်သော အမိန့်နာခံခြင်း ဆိုသည်မှာ- ကမ္ဘာပေါ်ရှိ လူသားများ စုပေါင်း၍  လိုတိုးပိုလျှော့်ပြုလုပ်ရန် ကြံရွယ်နေလင့်ကစား ဖန်ဆင်းရှင်၏ အမိန့်အား အခြေအနေတိုင်း၌ တသွေမတိမ်း တင်းပြည့်ကျပ်ပြည့် ယုံကြည်လက်ခံကျင့်သုံးခြင်း ဖြစ်ပေသည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ-
၎င်းအပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၏ (ဤ)မုက္ခပါဌ်တော်သည် မှန်ကန်ခြင်း အရာ၌လည်းကောင်း၊ တရားမျှတခြင်းအရာ၌လည်းကောင်း၊စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ပြောင်းလွှဲနိုင်သူဟူ၍ကား အလျင်းမရှိပြီ။ စင်စစ်မူကားထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်တည်း။ စင်စစ်သော်ကား အကယ်၍သာ အသင်သည်ကမ္ဘာမြေ၀ယ်ရှိ မြောက်မြားစွာသောသူတို့၏ စကားကို လိုက်နာခဲ့မူ၊ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှလွဲချော်မှောက်မှားစေကြကုန်အံ့။ ၎င်းတို့သည် ထင်မြင်ချက်မှအပ အခြားမည်သည်ကိုမျှ လိုက်နာကြမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုသူတို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြချေသတည်း။
စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်၊ ထိုအရှင်မြတ်၏ လမ်းတော်မှ မည်သူသည် လွဲချော်မှောက်မှားနေသည်ကို ကောင်းစွာသိရှိတော်မူသာအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်လမ်းမှန်ကိုရရှိသူတို့အားလည်း ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။
(စူရဟ် အန်အားမ်၊ အာယသ်တော်အမှတ် ၁၁၅မှ၁၁၇ အထိ)
အခြားတနေရာတွင် အမိန့်ရှိထားသည်မှာ-
၎င်း ပြင် ထိုသူတို့ရှေ့ဝယ် ငါအရှင်မြတ်၏ ထင်ရှားလှစွာသော အာယတ်တော်များကို ဖတ်ကြား ခဲ့သောအခါ၊ငါအရှင်မြတ်နှင့်တွေ့ဆုံရန် မမျှော်လင့်သောသူတို့က "အသင်သည် ဤမှတစ်ပါးအခြား ကုရ်အာန်ကိုယူခဲ့ပါလေ။ သို့တည်းမဟုတ် ဤသည်ကိုပင် ပြောင်းလဲ၍ပေးပါလေ" ဟုပြောဆိုကြကုန်၏။ အသင်သည် (၎င်း တို့အား ဤသို့) ပြောကြားပါလေ။(အချင်းတို့) ငါ၏အဖို့ ဤကုရ်အာန်၌ မိမိ ၏စိတ်အလိုအလျောက် ပြောင်းလဲခွင့်မရှိချေ။ ငါသည် မိမိထံညွှန်ကြားခြင်းခံရသော အမိန့်ကိုသာလိုက်နာ၏။ အကယ်၍ ငါသည်မိမိအရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်မိပါလျှင် ကြီးကျယ်သော (ကိယာမတ်)နေ့၏အပြစ်ဒဏ်ကို ငါစိုးရိမ်မိသည်။
(စူရဟ် ယူနွတ်စ် အာယသ်တော်အမှတ် ၁၅)
ဤစစ်မှန်သော နာခံခြင်းသည် (ရံဖန်ရံခါ) လူသားတို့၏ ဆန့်ကျင်ဝေဖန်တိုက်ခိုက်မှု့များကို ဖြစ်စေတတ်ပြီး၊ အခက်အခဲများစွာအား ရင်ဆိုင်စေတတ်၏။ သို့သော် ခေတ်ကာလ၏ စမ်းသပ်မှု့များအား ကြံ့ကြံ့ခံ ရင်ဆိုင်သူများသည် လောကီ၊ လောကုတ္တရာ နှစ်ဘဝလုံး လမ်းမှန်တရား ပေးသနားခြင်း ခံရလေသည်။
ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသည်မှာ-
သို့ရာတွင် ငါအရှင်မြတ်၏ လမ်းတော်၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြကုန်သောသူတို့မှာ မူကား ငါအရှင်မြတ်သည် မိမိလမ်းများကို ၎င်းတို့အား မချွတ်မလွဲ ပြသတော်မူပေမည်။ ထိုမှတစ်ပါး မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည်သူတော်ကောင်းတို့နှင့်အတူတကွ အမှန်ပင်ရှိတော်မူပေသတည်း။ (စူရဟ် အန်ကဘူးသ်၊ အာယသ်တော်အမှတ် ၆၉)
သာသနာ့အမိန့်တစ်ခုတွင် အပေါ်ယံ မြင်သာထင်သာရှိသော ကောင်းကျိုးတစ်ခုအား တွေ့မြင်၍ ကျင့်သုံးလိုက်ပြီး၊ အခက်အခဲ အနည်းငယ် သို့မဟုတ် စမ်းသပ်ခံရမည့် အချက်အလက်တို့ တွေ့ရပါက သွေဖီခြင်း၊ ပြုပြင်ပြောင်းလဲမှု့ လုပ်ခြင်းတို့သည် စစ်မှန်သော မွတ်စ်လင်မ်တစ်ဦး၏ လမ်းစဉ်မဟုတ်ပေ။ ထို အကျင့်စရိုက်သည် ကျမ်းမြတ်ကုရ်အာန်၏ ဖော်ပြချက်များအရ နှစ်ဘဝနှစ်ဌာနလုံး ဆုံးရှုံးရမည့် လုပ်ရပ်ပင် ဖြစ်ပေသည်။
၎င်းပြင် လူတို့တွင် ဘေးအစွန်းဖျား၌(ရပ်တည်၍)အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သူ လည်းရှိပေသည်။ တစ်ဖန် အကယ်၍ ထိုသူ၌အကျိုး ကျေးဇူး တစ်စုံတစ်ရာသက်ရောက်ခဲ့သည်ရှိသော် ထိုသူသည် ထိုအခြေအနေကို နှစ်သိမ့်ကျေနပ်ခဲ့လေသည်။ သို့ရာတွင် အကယ်၍ ထိုသူ၌စမ်းသပ်မှု တစ်စုံတစ်ရာသက်ရောက်ခဲ့မှု ထိုသူသည် မိမိမျက်နှာလှည့်၍ ပြန်သွားခဲ့လေသည်။ ထိုသူသည် (ဤ)ပစ္စက္ခ လောကီဘဝကိုလည်းကောင်း၊ နောင်တမလွန်ဘဝကို လည်းကောင်း၊(နှစ်ခုစလုံးကိုပင်)လက်လွတ်ဆုံးရှုံးခဲ့လေသည်။ ဤသည်ထင်ရှားသော ပျက်စီးဆုံးရှုံးမှုပင်တည်း။ (စူရဟ် ဟဂ်ျ၊ အာယသ်တော်အမှတ် ၁၁)
အချုပ်အားဖြင့် ခေတ်ပေါ်ဝါဒ တစ်ခုနှင့် ပတ်သက်၍ နှစ်လိုဖွယ်ကောင်း၏၊ မကောင်း၏အား ဆုံးဖြတ် သုံးသပ်နိုင်ရန် တစ်ခုတည်းသော လမ်းစမှာ ထိုခေတ်ပေါ်ဝါဒအား ကုရ်အာန်ကျမ်းမြတ်၏ လမ်းညွှန်ပြသမှု့ အလင်းရောင်အောက်တွင် စမ်းစစ်ခြင်း ဖြစ်ပေသည်။ အကယ်၍ ထိုအရာသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ပြဌာန်ချက်များနှင့် မဆန့်ပါက လက်ခံသင့်ပြီး၊ ဖီလာဆန့်ကျင်နေပါက စွန့်ပယ်လိုက်ရမည် ဖြစ်၏။ လူတို့၏ လက်ရှိကျင့်မူချက်များနှင့် ဆန့်ကျင်နေသည်ဖြစ်စေ၊ သို့မဟုတ် (အရှင်မြတ်ပြဌာန်းသော နည်းလမ်းအတိုင်း) လိုက်နာကျင့်သုံးခြင်းကြောင့် လူတို့၏ ဝေဖန်မှု့၊ ပျက်ရယ်ပြုမှု့တို့ ရှိနေသည် ဖြစ်စေ အရှင်မြတ်၏ ပြဌာန်းချက်များအား လွဲမှားစွာ ဖွင့်ဆိုခြင်း၊ မူရင်းပျက်ပျယ်စေခြင်းတို့အား ရှောင်ရှားရမည်ဖြစ်သည်။
စစ်မှန်သော မွတ်စ်လင်မ် တစ်ဦး အတွက် ထိုကဲ့သို့သော စောဒကများ၏ အကောင်းဆုံး အဖြေမှာ-
အလ္လာဟ်အရှင်မြတ်သည်(တုံ့ပြန်သော သဘောဖြင့်)ထို(သူတော်ယောင်ဆောင်သော) သူများအား ပြက်ရယ်ကျီစယ်တော်မူသည်။ ထို့ပြင်တ၀ ထိုသူတို့ကို မိမိတို့၏မောက်မာပလွှားမှု၌ ကာလရှည်လျားစွာ လှံထားတော်မူသည်။ သို့ဖြစ်ရာ ထိုသူတို့သည် မမြင်မကန်း တဝေ့လည်လည် ဖြစ်နေကြသည်။ (စူရဟ် ဘကရဟ် အာယသ်တော်အမှတ် ၁၅) ဖြစ်၏။
ဖော်ပြပါ ကျင့်မူပုံစံ (လူတို့ ဝေဖန်လင့်ကစား လိုတိုးပိုလျှော့ မပြုပဲ ကျင့်မူရသည့် ပုံစံ)သည် ကုရ်အာန်နှင့် ဟဒီးဆ်တော်များ၌ Obligatory ဖရ်ဇ်၊ Incumbent ဝါဂျစ်၊ Traditional စွန္နသ်၊ Desirable မွတ်စ်သဟဗ် သို့မဟုတ် Forbidden ဟရာမ်၊ Detestable မက်ရူးဟ် ဟူ၍ သတ်မှတ်ပြဌာန်းထားသော ပုံစံများတွင်သာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤအမိန့်တို့သည် ခေတ်ကာလတိုင်း၌ ပြောင်းလဲမည် မဟုတ်ပေ။
သို့သော် permissible မိုဘားဟ် (ပြုလုပ်ခွင့်ရှိသောအရာ)၏ ခေါင်းစဉ်အောက်တွင် ပါလာသော ကိစ္စများ၌ လူသားအဖို့ ရွေးချယ်ခွင့် ရှိပေသည်။ အခြေအနေ၊ အချိန်အခါနှင့် သင့်လျော်သည်ကို ထောက်ရှု့၍ ယင်းကိစ္စတို့အား အတည်ပြုလုပ်ကိုင်ရန် အခွင့်ရှိသကဲ့သို့ ငြင်းပယ်စွန့်ပစ်ရန်လည်း အခွင့်ရှိလေသည်။ အမှန်ပင် လက်တွေ့ လေ့လာကြည့်ပါက Obligatory ဖရ်ဇ်၊ Incumbent ဝါဂျစ်၊ Traditional စွန္နသ်၊ Desirable မွတ်စ်သဟဗ် သို့မဟုတ် Forbidden ဟရာမ်၊ Detestable မက်ရူးဟ် ဟူ၍ သတ်မှတ်ပြဌာန်းထားသော ဘဝသက်တမ်း၏ အမှု့ကိစ္စဟူသည် အလွန်နည်းပါးလှ၏။ ယင်း၏ ဆန့်ကျင်ဘက်အဖြစ် အမှု့ကိစ္စ အများစုမှာ အမြဲမပြောင်းလဲနိုင်သော အမိန့်များတွင် မပါဝင်ပဲ အခြေအနေ၊ အချိန်အခါပေါ် မူတည်၍ ပြောင်းလဲနေသော permissible မိုဘားဟ် (ပြုလုပ်ခွင့်ရှိသောအရာ)၏ ခေါင်းစဉ်အောက်တွင် ပါဝင်နေလေသည်။
ထို့ကြောင့် (သိရသည်မှာ) အစ္စလာမ်သာသနာသည် ခေတ်ပေါ် လမ်းစဉ်လိုက်ခြင်းနှင့် ပတ်သက်၍ အလွန်ကျယ်ဝန်းသော နယ်ပယ်တစ်ခု ပေးထား၏။ ထိုနယ်ပယ်အတွင်း  မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ပြဌာန်းထားသော လမ်းစဉ်နှင့် သွေဖီခြင်းမပြုပဲ ခေတ်မှီသော လူတစ်ယောက်အဖြစ် ကျက်စားနိုင်ပေသည်။ ထို့အတူ ယင်းနယ်ပယ်အတွင်း လူသားသည် မိမိ၏ စဉ်းစားဥာဏ်အား အသုံးပြုကာ အသိပညာ၏ အမြင့်မားဆုံးအစွန်သို့ ရောက်အောင်ကြိုးစားနိုင်၏။ သိပ္ပံနှင့် နည်းပညာကို အသုံးချ၍ စူးစမ်းရှာဖွေမှု့များကိုလည်း ပြုနိုင်ပြီး လူသားထု တစ်ရပ်လုံးအတွက် အကျိုးအရှိဆုံး လုပ်ရပ်များအား ပိုမိုလုပ်ကိုင်နိုင်မည် ဖြစ်ပေသည်။
(ဖော်ပြပါ အကြောင်းအရာများကို ထောက်ရှု့ခြင်းအားဖြင့်) ယနေ့ အစ္စလာမ့်ကမ္ဘာအဖို့ အကြီးမားဆုံး တုန့်ပြန်ရန် အချက်တစ်ချက် ရှိနေသည်။
ထိုအချက်မှာကား....
ခေတ်သစ်လမ်းစဉ်ကို လိုက်စားခြင်း၊ သစ်လွင်မှု့အား နှစ်ခြိုက်ခြင်း၏ ကန့်သတ်နယ်မြေအား သိရှိပြီး၊ ၎င်း( ခေတ်ပေါ်လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်း ) နှင့် ပတ်သက်၍ အစ္စလာမ်သာသနာမှ အလွန်ကျယ်ဝန်းသော နယ်ပယ်တစ်ခု လူသားတို့အား ပေးထားပါလျှက် ထာဝရ ပြောင်းလဲခြင်းမဲ့ တရားတော်၏ သတ်မှတ်ပြဌာန်းချက်များ ရှိနေသော ကန့်သတ်နယ်နိမိတ်အတွင်း ဝင်ရောက်စွက်ဖက်မှု့ မပြုခြင်းတို့ ဖြစ်လေသည်။
(သို့သော်) ကံဆိုးစွာဖြင့် (ဆန့်ကျင်ဘက် တွေ့မြင်နေရ၏။) အစ္စလာမ့်ကမ္ဘာကြီး၏ လက်ရှိ ကျင့်မူပုံမှာ ခေတ်သစ်စနစ်အား ရွေးချယ် ကျင့်သုံးရမည့် နေရာ၌ အမြင်ကျဉ်းမြောင်း၊ လုပ်ရန် ပျင်းရိကာ ကန့်သတ်နယ်မြေဟု သတ်မှတ်ထား၏။ ပြုပြင်ပြောင်းလဲမှု့ အလျဉ်းမရှိသော ရှရီအသ်၏ အမိန့်ပညတ်ချက်များတွင် ခေတ်သစ်စနစ်၏ မူဝါဒအား ကျင့်သုံးနေကြသည်။ ဤသို့ဖြင့် (ကျွန်တော်တို့၏) ရလဒ်မှာ လက်ရှိခေတ်တွင် လူသားထုတစ်ရပ်လုံးအတွက် ချီးမြှင့်ခံထားရသော ကောင်းမွန်သော အရည်အချင်းများ လက်လွတ်ဆုံးရှုံးသွားရတော့လေသည်။ ထို့အပြင် ယင်းလုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသော မကောင်းမှု့ အလုံးစုံသည် ကျွန်တော်တို့၏ ပတ်ဝန်းကျင်သို့ အဟုန်ကောင်းစွာဖြင့် ဝင်ရောက်လာတော့လေသည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးအား လက်ရှိခေတ်၌ တာဝန်အသီးအသီးအား မှန်ကန်သော စဉ်းစားဥာဏ်ဖြင့် အကောင်အထည်ဖော်နိုင်ခွင့် ပေးသနားတော်မူပါစေ။
واخر دعونا أن الحمد لله رب العالمين
..........................................................................................
ဤတွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အသနားတော်ဖြင့်
မွဖ်သီသကီး အွတ်စ်မာနီဆားဗ် ရေးသားပြုစုသော
Islam and Modernism
ဆောင်းပါး ဘာသာပြန် ပြီးဆုံးပါပြီ။
..........................................................................................
အို ...မြင့်မြတ်တော်မူသော အလ္လာဟ်အရှင် .... မူရင်းဆောင်းပါး၏ အကျိုးဖြစ်ထွန်းပုံအတိုင်း ကျွန်တော်၏ ဘာသာပြန်မှု့အား အကျိုးဖြစ်ထွန်းစေတော်မူပါစေ။
မူရင်းရေးသားသူ ကျွန်တော်တို့၏ ဆရာကြီးကိုလည်းကောင်း၊ ဆရာ့ဆရာများကိုလည်းကောင်း၊ ဘာသာပြန်ဆိုသူ ကျွန်တော်နှင့် မိဘများကိုလည်းကောင်း၊
ဘာသာပြန်ဆိုရာတွင် အမှားအချို့အား ထောက်ပြပေးခဲ့သော ဒေါက်တာအာအိရှာဟ် တူရကီနှင့် သူငယ်ချင်းအချို့ကိုလည်းကောင်း၊ စာဖတ်သူများကိုလည်းကောင်း
နှစ်ဘဝလုံး၏ စိတ်ချမ်းသာမှု့ကို ပေးသနားတော်မူပါစေ။
မွတ်စ်လင်မ်တိုင်းအား လက်တွေ့ကျင့်သုံးနိုင်ခွင့်ပေးသနားတော်မူပါစေ။  အာမီန်း။
..........................................................................................
ဘရှီရွလ္လာဟ် ဖာရိုကီ
နံနက် ၄ နာရီ ၅ မိနစ် သောကြာနေ့
၁၆ရက်၊ ၈လ၊ ၂၀၁၃ခုနှစ်
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger