بسم الله الرحمن الرحيم
ဆွဖရ်လလေး ကုန်ဆုံးသွားပြီးနောက် အလွန်ထူးကဲ မွန်မြတ်လှတဲ့
ရဗီအွလ်အောင်ဝလ်လကို ကျွန်တော်တို့ ဖြတ်သန်းရပါတယ်။ သို့သော် ဒီလို
မွန်မြတ်ထူးကဲတာနဲ့အတူ စိတ်မချမ်းမြေ့စရာတွေလည်း အများကြီးတွေ့ရမယ်။
မှားယွင်းနေတဲ့ အကီဒဟ်တွေ၊ လုပ်ရပ်ဆိုးတွေ၊ အခြေမမြစ်မရှိတဲ့ စကားတွေ
စသည်ဖြင့်ပေါ့။ ဖြစ်ချင်တော့ ဒီလထဲမှာ လေးလပတ် ကျောင်းစာမေးပွဲ ရှိနေတော့
စာရေးနိုင်မယ်လို့ မထင်တော့ဖူး။ ဒါကြောင့် ရဗီအွလ်အောင်ဝလ်နဲ့ ပတ်သက်ပြီး
အထူးသဖြင့် တမန်တော်မွေးနေ့နဲ့ ပတ်သက်ပြီး ရေးသားတင်ဆက်ဖို့
မဖြစ်နိုင်ပေမယ့် အင်န်ရှာအလ္လာဟ် စာမေးပွဲပြိးရင်တော့ ထုံးစံအတိုင်း
ဆက်လက်တင်ပြပေးသွားပါ့မယ့်။ အခုတော့ တမန်တော်မွေးနေ့ ဘယ်နေ့လဲဆိုတာကို
နည်းနည်း လေ့လာကြည့်တာပေါ့။ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကျက်မှတ်လာခဲ့ကြတယ်။ ကြားဖူးလာခဲ့ကြတယ်။ အနည်းဆုံးတော့ မွေးနေ့ တနင်္လာဆိုတာရယ် ရဗီအွလ်အောင်ဝလ်ဆိုတာရယ်ကို အသဲစွဲအောင် မှတ်မိနေတယ်။ ရက်စွဲအတိအကျတော့ ဆရာတစ်ယောက် တစ်မျိုးပုံစံ ပြောနေတော့ ရှစ်ကနေ ဆယ့်နှစ်အထိလို့ လွယ်လွယ်မှတ်သားဖူးကြမယ်လို့ ထင်ပါတယ်။ အမှန်ပါပဲ....။ မြတ်နဗီ(ဆွ)၏ မွေးနေ့၊ မွေးရက်ဟာ ဘယ်သူမှ အတိကျမသိပါဖူး။ ပညာရှင်တွေ အားလုံးဟာ မိမိ လေ့လာမှု့ကို အခြေခံပြီး တင်ပြပြောဆိုခဲ့ကြတယ်။ နောက်ပိုင်း ပညာရှင်များက ဖြစ်နိုင်ချေများ၊ နက္ခဗေဒ၏ ကူညီမှု့များ၊ တွက်ချက်နည်းမျိုးစုံ၏ ရလဒ်မှာ ဘယ်အဆိုကတော့ အားသာပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြတယ်။ ဒါကို ကျွန်တော်တို့ အခု လေ့လာကြည့်မှာပါ။
ပထမဆုံးအနေနဲ့ မြတ်နဗီရဲ့ ကြီးကျယ်မှု့၊ ထွတ်မြတ်မှု့ဟာ ကမ္ဘာသိဖြစ်တယ်။ ကမ္ဘာ့စံပြပုဂ္ဂိုလ် ဖြစ်ကြောင်း လူတိုင်း ဝန်ခံကြတယ်။ ဒီလို ကြီးကျယ်မြတ်ထွတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် မွေးသက္ကရာဇ်အမှန်ကို သမိုင်းမှာ အကွဲအလွဲမရှိ ဘာလို့ မတွေ့မြင်ရတာလဲ။ ကွယ်လွန်ဆုံးပါးသွားသည့်နေ့နှင့် ပတ်သက်၍ တစ်ဦးတစ်ယောက်မှ မကွဲလွဲခဲ့ဖူး။ သမိုင်းမှာ တိကျစွာ ရှိနေခဲ့တယ်။ သို့သော် မွေးနေ့နဲ့ ပတ်သက်ပြီး အခုလို တိကျတဲ့ ရက်စွဲလေးတစ်ခု ဘာလို့ မရှိတာလဲ...။
၁။ မွေးဖွားလာတဲ့ ကလေးငယ်လေးက တချိန်ကြီးပြင်းလာချိန်မှာ ကမ္ဘာတစ်ခုလုံးရဲ့ ဂရုဏာရှင်ဖြစ်လာမယ်ဆိုတာကို ဘယ်သူမှ မသိခဲ့ပါဖူး။ မြတ်နဗီ မွေးဖွားလာတာက အခြားကလေးငယ်များကဲ့သို့ သာမန်သာပဲ မွေးဖွားခဲ့တာပါ။ ဒါကြောင့် ဘယ်သူမှ အတိအကျမသိခဲ့ရခြင်း ဖြစ်တယ်လို့ ပညာရှင်တွေက ရေးသားဖော်ပြထားတယ်။
၂။ မြတ်နဗီ(ဆွ) သက်တော်လေးဆယ်ပြည့်ပြီးနောက်မှသာ မြတ်နဗီ(ဆွ)ရဲ့ ဘဝသက်တမ်းအကြောင်းကို လူတွေက ပြန်လည်လေ့လာခဲ့ကြတယ်။ လက်လှမ်းမှီရာ ရှေ့မှီနောက်မှီ ပုဂ္ဂိုလ်တွေကို မြတ်နဗီရဲ့ သမိုင်းအကြောင်း မေးမြန်းခဲ့ကြတယ်။ များသောအားဖြင့် ကိုယ်တော်သခင်(ဆွ)ကိုယ်တိုင် ပြောပြတဲ့ အကြောင်းအရာတွေလောက်ကိုပဲ မှတ်သားနိုင်ခဲ့ကြတယ်။ ဒါကြောင့် အကွဲအလွဲတွေ များစွာဖြစ်ပြီး တိကျတဲ့ရက်စွဲကို မပြောပြနီုင်ခြင်းပဲဖြစ်တယ်။
၃။ မွေးနေ့၊မွေးရက်ဟာ အဓိကမကျဖူးဆိုတာကို ဆွဟာဗဟ်များအနေနဲ့ ကောင်းစွာသိတယ်။ အဲ့ဒီနေ့ကို ထူးထူးခြားခြား ပြုလုပ်ဖို့ မွေးနေ့ပွဲ ကျင်းပဖို့ ကိုယ်တော်မြတ်(ဆွ)ကလည်း မတိုက်တွန်းခဲ့သလို ရွှေခေတ်ရှိ မည်သူတစ်ဦးတစ်ယောက်ကမျှလည်း ဆန္ဒပင် မထားခဲ့ပါဖူး။ ဒါကြောင့် တိကျတဲ့ ရက်စွဲရယ်လို့ မတွေ့မြင်ရခြင်းပဲ ဖြစ်တယ်။
မည်သို့ပင်ဖြစ်စေ အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ လေ့လာသင့်တယ်။ လေ့လာရလိမ့်မယ်။ ဒါကြောင့် ဦးစွာပထမ ပညာရှင်တွေအားလုံးနီးပါး အမြင်တူတဲ့ အချက်အလက်တစ်ခုကို တင်ပြလိုက်ပါတယ်။
မြတ်နဗီ(ဆွ)၏ မွေးနေ့၊မွေးနှစ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ အမြင်တူညီတာကို တွေ့မြင်ရမှာဖြစ်တယ်။
မွေးဖွားသည့်နေ့နှင့် ပတ်သက်၍ တနင်္လာနေ့ဖြစ်ကြောင်း မွတ်စလင်မ်ကျမ်းမှာ အတိအလင်း ဖော်ပြထားပါတယ်။
ဟဇရသ် အဗူကသာဒဟ် အလ်အန်စွာရီသခင်ဆင့်ပြန်တော်မူခဲ့သည်။ တနင်္လာနေ့တွင် ရိုဇာစောင့်ထိန်းခြင်းနှင့် ပတ်သက်၍ ကိုယ်တော်မြတ်သခင်(ဆွ)အား (တစ်စုံတစ်ယောက်က) မေးမြန်းခဲ့ရာ၊ ကိုယ်တော်သခင်(ဆွ) အမိန့်ရှိလေသည်။ ထို(တနင်္လာနေ့)တွင် ငါကိုယ်တော်ဖွားမြင်ခဲ့သည်။ (ထိုနေ့၌ပင်) နဗီအဖြစ်စေလွှတ်ခံပြီး ငါကိုယ်တော်အပေါ် ဝဟီကျခဲ့ပေသည်။
မွတ်စ်လင်မ်ကျမ်းပါ ဟဒီးဆ်တော်၏ ရှေ့တွင် အခြားအခြားသော အဆိုတို့မှာ လုံးဝ အခြေအမြစ်မရှိနိုင်တော့ပါဖူး။ ဒါကြောင့် အလာမဟ် အစ်ဗ်နေကစီးရ်(ရဟေ့)က အတ်စ်စီရသွန်နဗဝီယဟ်ကျမ်း တွဲ(၁)၊စာမျက်နှာ(၁၉၉)တွင် ရေးသားထားသည်မှာ သောကြာနေ့ဖြစ်သည်ဟု ဆိုသူသည် လုံးဝ(လုံးဝ)မှားယွင်းစွာ ပြောဆိုသူပင် ဖြစ်သည်။ ထို့အတူ အခြားပညာရှင်များအနေနှင့်လည်း တနင်္လာနေ့မဟုတ်ဟု ပြောဆိုသူများအား မှားယွင်းသူများသာ ဖြစ်ကြောင်း အတိအလင်းရေးသားတင်ပြထားပါတယ်။
မွေးနှစ်နဲ့ပတ်သက်ပြီး အကွဲအလွဲအနည်းငယ်ရှိပေမယ့် မပြောပလောက်တဲ့ အကွဲအလွဲပါ။ ပညာရှင်တွေအားလုံးနီးပါးထံမှာ အာမွလ်ဖီးလ် လို့ခေါ်တဲ့ ဆင်နှစ် (အဗရဟဟ်နှင့်မူးကြီးမတ်ရာတွေ ကအ်ဗဟ်ကျောင်းတော်ကို ဖြိုဖို့လာတဲ့နှစ်၊ သူတို့ စစ်တပ်ပေါ် အဇာဗ်ကျတဲ့နှစ်)ဖြစ်တယ်။
အလာမဟ် အစ်ဗ်နေ့ ကိုင်ယင်မ်၊ အစ်ဗ်နေ့ ဂျောင်ဇီ၊ အစ်ဗ်နေ့ ခိုင်ယ်ယာသွ် နှင့် အခြားပညာရှင်များ(ရဟ်မသွလ္လာဟိ အလိုင်းဟင်မ် အဂ်ျမအီးန်) က - တမန်တော်၏ မွေးနှစ်သည် အာမွလ်ဖီးလ်ဖြစ်ကြောင်း အိဂ်ျမအ်(ပညာရှင်များ အကွဲအလွဲမရှိသောကိစ္စ)ဖြစ်သည်ဟုပင် အမိန့်ရှိထားတယ်။
အလာမဟ် အစ်ဗ်နေ့ ကစီးရ်(ရဟေ့)ကမူ ပညာရှင်များအားလုံးနီးပါးထံတွင် အကျော်ကြားဆုံးဖြစ်သည်ဟု အမိန့်ရှိထားတယ်။
အခြားပညာရှင်တချို့ကတော့ အာမွလ်ဖီးလ်နောက် ဆယ်နှစ်နေမှ၊ သို့မဟုတ် ဆယ့်သုံးနှစ်၊ သို့မဟုတ် အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်လေးဆယ်နေမှ ဟု တင်ပြပြောဆိုကြပေမယ့် ဒီအဆိုတွေအားလုံးဟာ ခိုင်မာမှု့မရှိတဲ့ အဆိုတွေပဲ ဖြစ်တယ်။
ခေတ်သစ် နက္ခဗေဒပညာရပ်နဲ့ တွက်ချက်ကြည့်တဲ့အချိန်မှာလည်း အာမွလ်ဖီးလ်သာဖြစ်ကြောင်း သိရပြီး ခရစ်သက္ကရာဇ် ၅၇၀ သို့မဟုတ် ၅၇၁ခုနှစ်ဖြစ်ကြောင်း သိရတယ်။ ဒါကြောင့် မွေးနှစ်ဟာ အာမွလ်ဖီးလ်သာ ဖြစ်ပြီး ခရစ်သက္ကရာဇ် ၅၇၀ သို့မဟုတ် ၅၇၁လို့ မှတ်ယူရမှာဖြစ်တယ်။
ဒုတိယအနေနဲ့ ပညာရှင်တွေကြားမှာ အကွဲအလွဲဖြစ်နေတဲ့ အချက်တစ်ခုကို ဆက်လက်တင်ပြလိုပါတယ်။
ပညာရှင်တွေကြားမှာ မြတ်နဗီ(ဆွ)ရဲ့ မွေးရက်နဲ့ပတ်သက်ပြိး ကွဲလွဲမှု့ ဖြစ်ခဲ့တယ်။ အတိအကျ ဘယ်သူမှ မပြောနိုင်သလို ပြောဆိုတဲ့သူတိုင်းရဲ့ အထောက်အထားတွေဟာ တိကျခိုင်မာတဲ့အတွက် တစ်ခုကို အသာပေး မှတ်ယူလို့လည်း မရနိုင်ပါဖူး။ ဒါကြောင့် အကွဲအလွဲအတိုင်း မှတ်သားရင်း လေ့လာမိသလောက် တင်ပြလိုက်ပါတယ်။
ပထမအဆိုမှာ ရဗီအွလ်အောင်ဝလ်လ နှစ်ရက်နေ့ဖြစ်တယ်။ အလ်အစ်သီအားဗ်ကျမ်းရှင်နှင့် ရှိုက်ခ်ဝါကီဒီ(ရဟေ့)တို့က တင်ပြခဲ့တယ်။ အတ်စ်စီရသွန်နဗဝီယဟ်ကျမ်း တွဲ(၁)၊စာမျက်နှာ(၁၉၉)
ဒုတိယအဆိုမှာ ရဗီအွလ်အောင်ဝလ်လ ရှစ်ရက်နေ့ဖြစ်တယ်။ ရှိုက်ခ် ဟိုမိုင်ဒီက အလာမဟ် အစ်ဗ်နေ့ ဟဇ်မ်ထံမှ လည်းကောင်း၊ အေမာမ်မာလစ်က်နဲ့အခြားပညာရှင်တွေက ရှိုက်ခ်ဇို့ဟ်ရီထံကနေ လည်းကောင်း ဒီအဆိုကို ဆင့်ပြန်ခဲ့တယ်။ ဟာဖစ်ဇ် မိုဟမ္မဒ် ဗင်န် မူဆာက အတိကျသိရသောအဆိုဟု တင်ပြထားသည်။
တတိယအဆိုမှာ ရဗီအွလ်အောင်ဝလ်လ ဆယ်ရက်နေ့ဖြစ်တယ်။ အစ်ဗ်နေ့ ဒေ့ဟ်ယဟ်၊ အစ်ဗ်နေ့ အစာကိရ်၊ အိမာမ် မုဂျဟိဒ်တို့က တင်ပြထားတာပါ။
စတုတ္ထအဆိုကတော့ ရဗီအွလ်အောင်ဝလ်လ ဆယ့်နှစ်ရက်နေ့ဖြစ်တယ်။ အလ်လာမဟ် အစ်ဗ်နေ့ အစ်ဟားက်က တင်ပြထားသလို မုဆန်နဖ်အစ်ဗ်နေ့အဗီရှိုင်ဗဟ်ကျမ်းမှာလည်း ဒီအဆိုကို တင်ပြထားပါတယ်။
ဟဇရသ်ဂျာဗိရ်နှင့် ဟဇရသ် အစ်ဗ်နေ့အဗ်ဗါစ်(ရသွေ့)သခင်နှစ်ပါး အမိန့်ရှိသည်။ မြတ်နဗီ(ဆွ)သည် အာမွလ်ဖီးလ် ရဗီအွလ်အောင်ဝလ်လ ဆယ့်နှစ်ရက် တနင်္လာနေ့တွင်ဖွားမြင်ခဲ့သည်။ ထိုနေ့တွင် နဗီအဖြစ်စေလွှတ်ခံသည်။ ကောင်ကင်ဘုံနန်းသို့ ကြွမြန်းတော်မူခဲ့သည်။ (မဲအ်ရားဂ်ျကိုဆိုလိုသည်။) ထိုနေ့တွင် ဟိဂ်ျရသ်ပြုခဲ့ပြီး ထိုနေ့တွင်ပင် ဝဖားသ်ဖြစ်တော်မူခဲ့သည်။
နောက်ထပ် မကျော်ကြားတဲ့ အဆိုနှစ်ခုကတော့ မွေးလဟာ ရဗီအွလ်အောင်ဝလ်လ မဟုတ်ပဲ ရမဇန်လဖြစ်တယ်လို့ တင်ပြထားတာရယ်၊ ဆွဖရ်လဖြစ်တယ်လို့ တင်ပြထားတာရယ်ပဲ ဖြစ်တယ်။ ဒိအဆိုနှစ်ခုအပြင် အခြားလများတွင် ဖွားမြင်ခဲ့သည်ဟု တင်ပြထားတာတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် လုံးဝ မကျော်ကြားတဲ့အပြင် အခြေအမြစ်မရှိတာကြောင့် မတင်ပြပဲ ချန်လှပ်ခဲ့လိုက်ပါတယ်။
ဒီအဆိုတွေထဲမှာ ဘယ်အဆိုဟာ အနီးစပ်ဆုံးလဲ။ ဖြစ်နိုင်ချေအရှိဆုံးက ဘယ်အဆိုလဲ။
ဒီမေးခွန်းက ဖြေရခက်သလို၊ အထောက်အထားပေးသူတိုင်းမှာ ငြင်းမရတဲ့ အကြောင်းပြချက်တွေ ရှိနေတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ ဘယ်နေ့က အနီးစပ်ဆုံးဖြစ်တယ်လို့ မပြောတော့ပဲ စာရှု့သူတိုင်းက မိမိနှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်လို့ ပြောလိုပါတယ်။ အနီးစပ်ဆုံးသော အဆို သုံးခုရှိတယ်။
တစ်ခုကတော့ ရှစ်ရက်နေ့ပေါ့။ သို့သော် ခေတ်သစ်သိပ္ပံနဲ့ နက္ခဗေဒကျွမ်းကျင်သူတွေကတော့ ကိုးရက်နေ့လို့ အမိန့်ရှိကြပြီး ခရစ်သက္ကရာဇ် ၅၇၁ အေပရယ်လ်လ ၂၀ဖြစ်တယ်လို့ တင်ပြထားတယ်။ နောက်ဆုံးအဆိုကတော့ အများသိတဲ့ ရဗီအွလ်အောင်ဝလ်လ ၁၂ရက်နေ့ပဲ ဖြစ်တယ်။
အထောက်အထားတွေကို အချိန်မရလို့ မရေးပေးနိုင်တဲ့အတွက် နားလည်ခွင့်လွှတ်ပေးပါလို့ ပြောကြားရင်းးးးးး
(ပွဲကြိုက်တဲ့ ကိုကို မမ တွေအတွက် အင်န်ရှာအလ္လာဟ် အချိန်ရရင်............)
ဘရှီးလေး(မေမြို့)
+ ဦး မှတ်ချက်ပေးခဲ့သည်။ + 1 comment
မာမ် အဗူရှာမာ
အိမာမ် န၀၀ီ ၏ရှိုက်ခ်ဆရာ ဖြစ်သော အီမာမ် အဗူရှာမာ (ရဟေ့) က မိမိ ၏ အလ်အိဆ် အိလာ အင်ကာရိလ် ဗိဒ်အီ ၀လ်ဟ၀ါဒီဆ် الباعث على إنكار البدع والحوادث_ ကျမ်း စာ ၂၃ တွင် ရေးသည်မှာ
(( ومن احسن ما ابتدع في زماننا ما يفعل كل عام في اليوم الموافق لمولده صلى الله عليه وآله وسلم من الصدقات، والمعروف، وإظهار الزينة والسرور, فإن ذلك مشعر بمحبته صلى الله عليه وآله وسلم وتعظيمه في قلب فاعل ذلك وشكرا لله تعالى على ما من به من إيجاد رسوله الذي أرسله رحمة للعالمين))
“ ကျွန်ုပ်တို့ခေတ် ၌ အသစ်တီထွင် မှုများတွင် အမွန်မြတ်ဆုံး အကောင်းဆုံးသော သာသနာ ရေးဆိုင်ရာ အမှုကိစ္စမှာ မဟာတမန်တော် မြတ်မွေးနေ့ ကို နှစ်စဉ် နှစ်တိုင်း ကျင်းပခြင်းပင် ဖြစ်၏။ ထိုအခါသမယတွင်လူတို့သည် အလှူ အတန်းပြုခြင်း၊ ကောင်းမှုကောင်းရာ များ ပြုလုပ်ခြင်းအပြင် မဟာတမန်တော် မြတ်ကြီး (ဆွ) အပေါ် ချစ်မြတ်နိုးမှု ကိုထုတ် ဖေါ်ပြ ၍ (လောကကမ္ဘာသို့ ကိုယ်တော်သခင် ကြွမြန်းလာတော်မူခြင်းအပေါ် )ကြည်နူးမှု ၊ ပျော်ရွှင်မှု ကို ထုတ်ဖေါ်ကြ၏။ အခမ်း အနား ၌ ပါဝင်ကြသူတို့ နုလုံးသဏ္ဍာန်တွင် မဟာတမန်တော်မြတ် ကြီးအပေါ်ရိုကျိုးမှု ၊ အပြည့်ရှိနေကြသည်။ စကြာဝဌာ ခပ်သိမ်း၏ ဂရုဏာ တော်ရှင်ဖြစ်တော်မူသော ကိုယ်တော်အား ဤကမ္ဘာသို့ ပို့ပေးတော်မူသော အတိုင်းအဆမရှိ မဟာ ဂရုဏာ တော်ရှင်မြတ်အလ္လဟ် အပေါ်ရှကုရ်ကို ထုတ်ဖေါ်ကြ၏ ”
Post a Comment