အသိပေးခြင်း
က
Home » , » ကုရ်အာန်ကပြောသော ကာဖရ်များအကြောင်း

ကုရ်အာန်ကပြောသော ကာဖရ်များအကြောင်း

အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း၊ မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြ ကုန်လင့်။ ၎င်း(ယဟူဒီနှင့်ခရစ်ယာန်)တို့သည်(အသင်တို့ကိုဆန့်ကျင်ရာတွင်)အချင်းချင်း တစ်ဦးကိုတစ်ဦး ယိုင်းပင်း ကူညီသော အဆွေခင်ပွန်းများပင်ဖြစ်ကြပေသည်။ အမှန်သော်ကားအသင်တို့အနက် မည်သူမဆို ထိုသူတို့အား "ကလျာဏ"အဆွေခင်ပွန်း ပြုလုပ်သည် ရှိသော်၊ ထိုသူသည် ဧကန်မုချ ၎င်းတို့တွင်(အပါအ၀င်) ဖြစ်၏။ မလွဲဧကန် အလ္လာဟ် အရှင်မြတ်သည်မတရားကျူလွန်သူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည်မဟုတ်ပေ။

ကျရောက်ပုံသမိုင်းအကျဉ်း
ပထမအဆို- ဤအာယသ်တော်သည် အိုဟွဒ်စစ်ပွဲအပြီးတွင် အပြန်အလှန်စကား ပြောဆိုနေခဲ့ကြသော လူပုဂ္ဂိုလ်နှစ်ဦးနှင့် ပတ်သက်၍ ကျရောက်ခဲ့၏။ ပထမတစ်ဦးက ပြောသည်မှာ- ကျွန်ုပ်သည် ထိုယဟူဒီထံသို့သွားရောက်ခိုလှုံကာ သူနှင့်အတူ ယဟူဒီဘာသာဝင်အဖြစ် နေထိုင်လိုက်တော့မည်။ ကျွနင်္ုပ်မျှော်လင့်မိသည်မှာ ကိစ္စတစ်စုံတစ်ရာဖြစ်ပွားခဲ့သော်၊ အခင်းအမှု့တစ်စုံတစ်ရာဖြစ်ပွားခဲ့သော် ၎င်းအနေနှင့် ကျွန်ုပ်အား ကူညီပေးနိုင်ပေလိမ့်မည်။ နောက်တစ်ဦးမှ ပြောကြားသည်မှာ- ကျွန်ုပ်သည်ကား ရှာမ်(ဆီးရီးယား)ရှိ နစွာရာနီ(ခရစ်ယှာန်)တစ်ဦးထံသို့ သွားရောက်ခိုလှုံကာ ၎င်းနှင့်အတူ ခရစ်ယှာန်ဘာသာကို သက်ဝင်ယုံကြည်လိုက်တော့မည်။ ထို့ကြောင့် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ဖော်ပြပါအာယသ်တော်အား ချပေးတော်မူကာ သတိပေးတော်မူခဲ့လေသည်။
အစ်ဗ်နေ့ကစီးရ် တွဲ ၅ စာမျက်နှာ ၂၅၅ အဒ်ဒွရ်ရွလ် မန်ဆူးရ် တွဲ ၂ စာမျက်နှာ ၅၁၅ သဖ်စီးရွဗ်နု ဂျရီးရ် တွဲ ၁၀ စာမျက်နှာ ၃၉၈
ဒုတိယအဆို- ဤအာယသ်တော်သည် အဗူလိုဗာဗဟ်နှင့် ပတ်သက်၍ ကျရောက်ခဲ့ခြင်းဖြစ်သည်။ အဗူလိုဗာဗဟ်အား မြတ်နဗီ(ဆွ)သည် ဗနူကိုရိုင်ဇွဟ်မျိုးနွယ်ဝင်များထံသို့ စေလွှတ်သောအခါ ၎င်းမျိုးနွယ်ဝင်များက မိမိတို့၏ ဖမ်းဆီးခံ သုံ့ပန်းများနှင့်ပတ်သက်၍ မည်သို့ ဆုံးဖြတ်မည်ကို မေးမြန်းကြလေသည်။ ထိုအခါ အဗူလိုဗာဗဟ်သည် လည်ပင်းသို့ လက်ဖြင့်ညွှန်ပြကာ အဆုံးစီရင်စေလိမ့်မည်ဟု ပြောပြခဲ့၏။ ဤသို့ ပြုလုပ်ခြင်းအား မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က နှစ်မြို့တော်မမူသောကြောင့် အာယသ်တော်အား ချပေးခဲ့ခြင်းဖြစ်ပေသည်။
အစ်ဗ်နေ့ကစီးရ် တွဲ ၅ စာမျက်နှာ ၂၅၅ အဒ်ဒွရ်ရွလ် မန်ဆူးရ် တွဲ ၂ စာမျက်နှာ ၅၁၅ သဖ်စီးရွဗ်နု ဂျရီးရ် တွဲ ၁၀ စာမျက်နှာ ၃၉၈
တတိယအဆို- ဗဒရ်စစ်ပွဲတွင် ကာဖရ်များ အရေးနိမ့်ပြီးနောက် မွတ်စ်လင်မ်တို့သည် မိမိတို့၏ မိတ်ဆွေကာဖရ်များအား သတိပေးစကားဆိုကာ လမ်းမှန်သို့ ပြသခဲ့ကြသည်။ အိုအချင်းတို့ ဗဒရ်စစ်ပွဲကဲ့သို့ ရက်တစ်ရက်နှင့် အသင်တို့ မကြုံဆုံရခင်အလျင် အီမာန်သက်ဝင်ယုံကြည်ကြပါလေဟု ပြောဆိုခဲ့ကြသည်။ မာလိကုဗ်နွတ်စ်ဆွိုင်ဖ်က ဒေါသမီးလျံတဟုန်းဟုန်းတောက်လောင်ကာ စစ်ပွဲနှင့်ပတ်သက်၍ အနည်းငယ်မျှမသိသော ကိုရိုင်ရှ်နွယ်ဝင် လူအချို့အား အနိုင်တိုက်နိုင်သဖြင့် အသင်တို့ မိမိကိုယ်မိမိ အထင်ကြီးနေကြလေသလော... အကယ်၍ ငါတို့ ဆုံးဖြတ်ချက်အား ပီပြင်စွာချပြီး တစ်စုတစ်စည်းတဲ့ အသင်တို့အား တိုက်ခိုက်လာလျှင် အသင်တို့အဖို့ ခုခံရန် အားအင်ရှိလိမ့်မည်မဟုတ်ဟု ပြန်လည်ပြောဆိုခဲ့၏။ ထိုအခါ ဟဇရသ် အိုဗာဒသုဗ်နုတ်စ်ဆွာမစ်သ်သည် မြတ်နဗီ(ဆွ)ထံ ခစားဝင်ရောက်ကာ လျှောက်ထားတင်ပြတော်မူခဲ့သည်။ အို အလ္လာဟ်၏တမန်တော် ကျွန်တော်မျိုး၏ မိတ်ဆွေများဖြစ်သော ယဟူဒီတို့သည် စိတ်ဓါတ်အရ၊ အင်အားအရ၊ လက်နက်အရ အဖက်ဖက်မှ တောင့်တင်းလှပါသည်။ ကျွန်တော်မျိုးသည် ၎င်းတို့အား အချင်းမဖွဲ့ပဲ ၎င်းတို့၏ အကူညီကို စွန့်ပစ်ကာ အလ္လာဟ်အရှင်မြတ်နှင့် ကိုယ်တော်သခင်၏ ကူညီမှု့အား ဦးစားပေးပါသည်။ ကျွန်တော်မျိုးအဖို့ အလ္လာဟ်အရှင်မြတ်နှင့် ကိုယ်တော်သခင်မှအပ အခြား ကူညီရိုင်းပင်းမည့်သူဟူ၍ လုံးဝမရှိပါ။ ထိုအခါ အဗ်ဒွလ္လာဟိဗ်နုအိုဗိုင်ယ်က ပြောကြားသည်မှာ- ကျွန်ုပ်အနေနှင့် ယဟူဒီတို့၏ ကူညီရိုင်းပင်းမှု့ကို မကင်းနိုင်ပေ။ ကျွန်ုပ်အနေနှင့် ၎င်းတို့အား မုချ အဆွေခင်ပွန်းဖွဲ့မည်သာဖြစ်သည်။ သို့နှင့် ဤအာယသ်တော် ကျရောက်လာခြင်းဖြစ်ပေသည်။
အစ်ဗ်နေ့ကစီးရ် တွဲ ၅ စာမျက်နှာ ၂၅၆ သဖ်စီးရွဗ်နု ဂျရီးရ် တွဲ ၁၀ စာမျက်နှာ ၃၉၈

ခက်ဆစ်အဓိပ္ပါယ်
အောင်လိယာအ် ဟူသည် ဝလီယွန် ဟူသော် စာလုံး၏ ဗဟုဝုဒ်ကိန်းဖြစ်သည်။ အဓိပ္ပါယ်မှာ-  "custodian" "protector" "helper" ထိန်းသိမ်းစောင့်ရှောက်ရသူ ကာကွယ်စောင့်ရှောက်သူ  ကူညီပေးသူ ချစ်ခင်နှစ်သက်သူ သူငယ်ချင်း မိတ်ဆွေ စသည်ဖြင့်.... သို့သော် ဤနေရာတွင် သာမန်ခင်မင်သော ရောင်းသူ၊ဝယ်သူ... မိတ်ဆွေ၊သူငယ်ချင်း... ကို ဆိုလိုသည်မဟုတ်ပေ။

အကျယ်ဖွင့်ဆိုချက်
ဖော်ပြပါအာယသ်တော်တွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် တားမြစ်ထားသော ဝေလာယသွန် ဟူသောပုဒ်၏ ဆိုလိုရင်းမှာ ၎င်းတို့အား ကူညီရိုင်းပင်းခြင်း၊ ၎င်းတို့နှင့် သွေးသောက်ဖွဲ့ခြင်း သို့မဟုတ် မဟာမိတ်ဖွဲ့ခြင်းဖြစ်၏။ ဤ ဝေလာယသွန် ဟူသော စကားလုံး၏ အဓိပ္ပါယ်သည် မွတ်စ်လင်မ်များအဖို့ အလွန်အမှတ်မှားတတ်သော စာလုံးပင်ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် မဟာဂရုဏာရှင်၊ သနားညှာတာတော်မူသောအရှင်၊ မြတ်နဗီ(ဆွ)သည် ငြိမ်းချမ်းသာယာရေးကို မီးရှုးတိုင်အဖြစ် ယူဆောင်လာပေးသော တမန်တော်၊ အစ္စလာမ်သည် ငြိမ်းချမ်းရေးကိုသာ သင်ပေးသော သာသနာ၊ ကျွန်ုပ်တို့၏ ကျမ်းဂန်သည် ငြိမ်းချမ်းရေးကိုသာ ပြဌာန်းပေးသည့် ကုရ်အာန် ဖြစ်နေသည်။ အစ္စလာမ်၏ စလယ်ဆုံး ငြိမ်းချမ်းရေးသို့တည်း ဟူသော ဆောင်ပုဒ်ကိုသာ တွေ့မြင်နေရမည် ဖြစ်သည်။ ဤမျှ ငြိမ်းချမ်းရေးအား လိုလားသော သာသနာတွင် ဘာသာခြားနှင့် မဟာမိတ်ဖွဲ့ခြင်း ပြုပိုင်သင့်သည်။ သွေးသောက်ဖွဲ့ခွင့် ရှိသည်။ နှလုံးပေး ချစ်ခင်နိုင်သည်။ ကူညီပံ့ပို့းပေးနိုင်သည်။ စသည်ဖြင့် ထင်မှတ်စရာဖြစ်လာပေသည်။ သာမန်လူသား၏ အလွန်သေးငယ်လှသော ဦးဏှောက်သည်လည်း ထိုထက်ပို၍ သုံးသပ်နိုင်စွမ်း မရှိနိုင်ပေ။ ထို့အတူ လူသားတိုင်းသည် သွေးသားတော်စပ်မှု့ကို အကြောင်းခံ၍ လည်းကောင်း၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်နေသည်ကြောင့် လည်းကောင်း ရင်းနှီးရာတွင် အတိုင်းထက်လွန်တတ်ကြသည်။ ဤသည် လူ့စိတ်သဘောသဘာဝပင်ဖြစ်ပေသည်။

သမိုင်းစာမျက်နှာသို့ ပြန်လည် လှည့်ကြည့်မည်ဆိုလျှင်လည်း ဤသို့တွေးခေါ်ခြင်း သို့မဟုတ် ဖြစ်ပျက်နေခြင်းသည် ယနေ့မှမဟုတ်ကြောင်း တွေ့မြင်ရပေမည်။ ရှေးယခင် ပုဂ္ဂိုလ်တို့သည်လည်း လူမှု့ရေး၊ စိးပွားရေးနှင့် အခြားအရေးမျိုးစုံတို့၏ ပိုက်ကွန်မှ မရုန်းထွက်နိုင်သောကြောင့် ဘာသာခြားတို့နှင့် ပေါင်းသင်းဆက်ဆံရာတွင် ညီရင်းအစ်ကိုထက် ပိုခဲ့ကြလေသည်။ သွေးသောက်များလည်း ဖွဲ့ခဲ့ကြလေသည်။ သို့နှင့် အစ္စလာမ့်ကနဦးတွင် ဆွဟာဗဟ်များသည် ယဟူဒီဘာသာဝင်များ၊ ခရစ်ယှာန်ဘာသာဝင်များနှင့် အခြားသော ဘာသာခြားများနှင့် တစ်ဥိးချင်းသော်လည်းကောင်း၊ အုပ်စုဖွဲ့၍လည်းကောင်း မဟာမိတ်ဖွဲ့ခဲ့ကြ၏။ မဒိနာရွှေမြို့တော်သို့ ပြောင်းရွှေ့အခြေချပြိးနောက်လည်း ထိုသို့ဆက်ဆံမှု့များ အနည်းငယ် ရှိနေခဲ့သေးသည်။ သို့သော် မြတ်နဗီ(ဆွ)သည် ယဟူဒီများ၊ ခရစ်ယှာန်များနှင့် ကွဲပြားစွာနေတတ်စေရန်၊ ၎င်းတို့နှင့် သွေးသောက်ဖွဲ့ခြင်းများ၊ မဟာမိတ်ဖွဲ့ခြင်းများ၊ အဆွေခင်ပွန်းဖွဲ့ခြင်းများ မပြုလုပ်ရန် အမြဲမပြတ်သင်ကြားပေးလေ့ရှိပြီး ၎င်းတို့နှင့် ဆန့်ကျင်ကာ ဘဝသက်တမ်းကို မွေးမြူစေခဲ့သောကြောင့် ဟိဂ်ျရသ်၏ နောက်တွင် အလွန်နည်းပါးလာခဲ့သည်။ တစ်ဖက်တွင် မြတ်နဗီ(ဆွ)၏ ပြီးပြည့်စုံသော သင်ကြားပြသမှု့၊ နောက်တစ်ဖက်တွင် ဘာသာခြားတို့၏ ယုတ်ညံ့သောစာရိတ္တများကို မျက်မြင်ကိုယ်တွေ့ကြုံလာရမှု့များကြောင့် ဆွဟာဗဟ်သခင်ကြီးများသည် ဤကိစ္စအား အလွန်အလေးအနက်ပြုကာ သတိမူခဲ့ကြသည်။ ဤသည် အစ္စလာမ်၏ ကနဦးအခြေအနေတစ်ခုတည်းအတွက် မဟုတ်ခဲ့ပေ။ ခေတ်တိုင်းခေတ်တိုင်း၏ မွတ်စ်လင်မ်များအပေါ် အပြည့်အဝ ကျင့်သုံးရမည့် တာဝန်တစ်ခုဖြစ်ပေသည်။

သဖ်စီရ်ပညာ့ရှင်များ၊ ဖိကဟ် ဓမ္မသတ်ပညာရှင်များ မိန့်ကြားသည်မှာ- ဤ အာယသ်တော်၏ အမိန့်သည် မလုပ်မနေရ တာဝန်များတွင်ပါရှိပြီး မို့အ်မင်န်တိုင်းနှင့် သက်ဆိုင်ပေသည်။ တနည်းအားဖြင့် မို့အ်မင်န်တိုင်း ရှောင်ကျဉ်ရမည့်အချက်ဖြစ်ပေသည်။
သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ- ယနေ့ ကျွန်တော်တို့ညီနောင်များသည် အစ္စလာမ်၏ သင့်တင့်မျှတမှု့၊ ဘာသာခြားများနှင့် ဆက်ဆံခွင့်ပေးမှု့အား နားမလည်နိုင်တော့လောက်အောင် အရောင်ဆိုးပေးလိုက်ကြသည်။ ငြိမ်းချမ်းသော အစ္စလာမ်ဟု အမည်တပ်ကာ အပျက်လုပ်ငန်းများကို လုပ်မိလုပ်မှန်း မသိ လုပ်နေကြသည်။ တိုက်တွန်းနေကြသည်။ အစ္စလာမ်၏ မျက်ကွယ်ပြုပေးမှု့အား စိတ်ရိုင်း၏ စေခိုင်းချက်များအတွက် အထောက်ထားပေးလာကြသည်။ အစ္စလာမ်၏ သဟဇာတဖြစ်မှု့ကို ဘာသာခြားတို့၏ လက်နက်တွင် ခဲယမ်းများအဖြစ် အသုံးချခွင့်ပေးနေကြသည်။ အမှန်စင်စစ် ၎င်းတို့သည် အစ္စလာမ်၏ ရုပ်သွင်အမှန်ကို မလေ့လာဖူးသူများ၊ အစ္စလာမ့် လူနေမှု့စနစ်ကို မသိသူများ၊ အစ္စလာမ့် အုပ်ချုပ်ရေးကို နားမလည်သူများ၊ အစ္စလာမ်၏ ဇစ်မြစ်ကို မျက်ကွယ်ပြုထားကြသူများပင် ဖြစ်ပေလိမ့်မည်။ တနည်းအားဖြင့် ၎င်းတို့သည် အတွေးအခေါ်ပိုင်းတွင် ကျွန်ပြုခံထားရသူများ၊ ဘာသာခြားတို့အား မိမိနောင်တော် မွတ်စ်လင်မ်များထက် ပို၍ အထင်ကြီးလေးစားသူများ၊ ဘာသာခြားတို့၏ လမ်းစဉ်၊ ဓလေ့၊ အကျင့်စရိုက်တို့အား အစ္စလာမ့်မိန့်မှာချက်များထက် သာပို ဦးစားပေးသူများသာ ဖြစ်ပေမည်။
အမှန်စင်စစ် အစ္စလာမ်သာသနာသည် အလွန်ကြည်လွန်သော ပြီးပြည့်စုံသော အလွန်အဖိုးထိုက်သော ပြိုင်ဖက်မရှိ တစ်ခုတည်းသော သာသနာဖြစ်ပေသည်။ အစ္စလာမ်၏ ဘာသာခြားများနှင့် ဆက်ဆံခွင့်ပေးမှု့သည် ၎င်းတို့အား နှလုံးပေးပေါင်းသင်းခွင့်မဟုတ်၊ မွတ်စ်လင်မ်တစ်ဦး၏ ရှရီအသ်နှင့်အညီနေထိုင်ခြင်းသည် ဘာသာခြားများနှင့် ကူးလူးဆက်ဆံခြင်းအား အဟန့်အတားဖြစ်စေမည်မဟုတ်၊ ဘာသာခြားများကြားတွင် နေထိုင်ရခြင်းကြောင့် သင့်တင့်စွာနေထိုင်လိုမှု့သည် ၎င်းတို့၏ ဓလေ့စရိုက်များအား လက်ခံကျင့်သုံးရန် အထောက်အထားဖြစ်လာမည်မဟုတ်၊ သို့ဖြစ်ရာ ကျွန်တော်တို့အနေနှင့် ဤအချက်အလက်များအား ခရေစေ့တွင်းကျ နားလည်သဘောပေါက်ရန် အထူးလိုအပ်နေသည်။ သို့မှသာ ကျွန်တော်တို့၏ အနာဂတ်သည် သာယာလှပမည်ဖြစ်ပြီး သခင်ဘဝတွင် နေထိုင်နိုင်မည်ဖြစ်သည်။ လွတ်လပ်သော အတွေးအခေါ်ပိုင်ရှင်၊ လွတ်လပ်သော ပတ်ဝန်းကျင်တစ်ခုအား ပိုင်ဆိုင်နိုင်မည်သည်။

မွတ်စ်လင်မ်တို့၏ ရိုးသားမှု့ဟု ဆိုရမည်ပင်။ ကျွန်ုပ်တို့၏ ရိုးသားလှသော အတွေးအခေါ်တွင် ကာဖရ်များနှင့် သင့်တင့်စွာနေထိုင်ခြင်းသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးဟု ထင်မှတ်ထားကြသည်။ ၎င်းတို့၏ ဘာသာရေးဆိုင်ရာ၊ လူမှု့ရေးဆိုင်ရာကိစ္စအဝဝတွင် ကူညီပေးခြင်းမှာ လူသားချင်း ကူညီရိုင်းပင်းခြင်းဟု မှတ်ယူထားကြသည်။ ၎င်းတို့၏ ပွဲလမ်းသဘင်များတွင် ပါဝင်ဆင်နွှဲပေးခြင်းသည် လူမှု့ရေးတာဝန်ကျေခြင်းဟု လက်ခံထားကြသည်။ ပတ်ဝန်းကျင်၏ အရောင်နှင့်အညီ လိုက်လျောစွာ နေထိုင်ခြင်းအား ယဉ်ကျေးမှု့တစ်ခုဟူ၍လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းဟူ၍လည်းကောင်း အမည်နာမအမျိုးမျိုးဖြင့် ခေါ်ဆိုကာ လက်ခံကျင့်သုံးနေကြသည်။
မှန်သင့်သလောက် မှန်ပါလိမ့်မည်။ သို့သော် အမှန်စင်စစ် ဤသည် ကျမ်းမြတ်ကုရ်အာန်နှင့် မြတ်နဗိ(ဆွ)၏ မိန့်မှာချက်များမေ့လျော့နေခြင်းပင်။ ကုရ်အာန်၊ဟဒီးဆ်တွင် မွတ်စ်လင်မ်တိုင်း သိသာမြင်သာစေရန် ဖော်ပြထားသော ဘာသာခြားတို့၏ ရွံရှာဖွယ်အပြုအမူများ၊ အဖျက်လုပ်ရပ်များအား မျက်ကွယ်ပြုလိုက်ခြင်းပင်။ အလင်းနှင့်အမှောင် တစ်နေရာတည်းတွင် အတူမဖြစ်နိုင်သည်ကို သီအိုရီအရ လက်ခံသော်လည်း လက်တွေ့တွင် လက်မခံခြင်းကဲ့သို့ပင်။
ဤရိုးသားမှု့၏ ရလဒ်အား ကျွန်တော်တို့ လက်တွေ့ခံစားနေရသည်။ တစ်လှေတည်းစီးတွေ တစ်ရေတည်းသောက် တစ်မြေတည်းနေတွေပါ၊ ငါတို့အတွက် အန္တရာယ်မရှိပါဖူး။ ဘိုးဘွားတွေလက်ထက်ကတည်းက ဥမကွဲသိုက်မပျက်နေလာတာပါ၊ ငါတို့အပေါ် ရက်စက်မှာမဟုတ်ပါဖူး။ ငါတို့အကောင်းဆုံးလုပ်ပြရင် တနေ့သူတို့နားလည်လာမှာပါ။ ဒီတစ်ကြိမ်တော့ ခါးသီးလည်း မြိုချလိုက်ပါ။ အစ္စလာမ်က ငြိမ်းချမ်းပါတယ် သူတို့ကို သီးခံပေးလိုက်ပါ ဟု ရိုးသားစွာ ကျွန်တော်တို့ တွေးထင်ထားကာ နုညံ့ခဲ့ကြသည်။
သို့သော် လက်တွေ့တွင် ကျွန်တော်တို့အား အကောင်းမြင်ပေးသော သာသနာဟူ၍ ရှိပါသလား၊ ရက်စက်ယုတ်မာ၊ နိုင်ထက်စီးနှင်းခံရမှု့များတွင် ကျွန်တော်တို့ဖက်မှ ရင်ဆိုင်ပေးသူ မည်သူရှိပါနည်း။ မွတ်စ်လင်မ်များ လူမျိုးတုန်း သတ်ဖြတ်ခံရမှု့တွင် လူမဆန်ရက်စက်သူ ဘာသာခြားများအား အကြမ်းဖက်သည်ဟုဆိုကာ မည်သူက ဟန့်တားပေးသည် သို့မဟုတ် မွတ်စ်လင်မ်များဖက်မှာ ခုခံကာကွယ်ပေးသည်ဟု ရှိပါသလား။ ခုခံကာကွယ်ပေးခြင်းကို ဖယ်ထား၍ ခုခံကာကွယ်ခွင့်ပေးသည်ဟု ရှိပါသလား။ အဘယ်ကြောင့်နည်း။

ထို့အပြင် မွတ်စ်လင်မ်တို့၏ အကောင်းမြင်ပေးနိုင်သည့် စိတ်ဓါတ်ကား အနှိုင်းမဲ့ဖြစ်ပေလိမ့်မည်။ ဝတ္ထုဇတ်လမ်း တစ်ခုဖြစ်လျှင် မျက်ရည်ချောင်းစီးခန်း ဖြစ်ပေလိမ့်မည်။
လူတစ်ဦးက နောက်တစ်ဦးကို သတ်နေသည်။ အနားတွင် နောက်တစ်ဦးက လက်ပိုက်ကြည့်နေသည်။ ခံရသူဖက်မှ မခံရပ်နိုင်ဖြစ်သော လူတစ်ချို့က ထွက်လာလျှင် မင်းတို့ မပါရဟု တားနေသည်။ လူသတ်ကောင်မှာ လူသတ်ရုံမက အိုးအိမ်ချိုးဖျက်၊ ပစ္စည်းလုယူနေသော်လည်း လက်ပိုက်ကြည့်နေသူက တာဝန်မရှိသည့်အလား ကြည့်နေဆဲ ကြည့်နေမြဲပင်။
ကျွန်တော်တို့ မွတ်စ်လင်မ်များ ဤမြင်ကွင်းကို မြင်၍ သုံးသပ်ကြသည်။ ဒါက အခန့်မသင့်လို့ ဖြစ်သွားတာပါ။ ဒါက နိုင်ငံရေး အရှုပ်အထွေးကြောင့်ပါ။ ဒါက အကြမ်းဖက်တွေလုပ်တာပါ။ ဒါက ပြဿနာဖန်တီးဖို့ လုပ်နေတာပါ။ ဘာမှ မပြောနဲ့၊ ဘာမှ မလုပ်နဲ့။ မည်မျှ အကောင်းမြင်စိတ် ရှိနေသည်ကို မစဉ်းစားပဲ မြင်တွေ့နိုင်ပေသည်။
ဤကဲ့သို့ အကောင်းမြင်ပေးခြင်း၏ ရလဒ်တွင် ကျွန်တော်တို့ မျှော်လင့်ခဲ့သော အေးချမ်းမှု့၏ အနံ့အသက်ရခဲ့ပါသလား။ ကျွန်တော်တို့ ပေးဆပ်ခဲ့သော သွေးကြွေးတွင် ချမ်းမြေ့သာယာမှု့ ရှိခဲ့ပါသလား။ ကျွန်တော်တို့၏ လုံခြုံမှု့အတွက် မည်သူ အာမခံပေးခဲ့ပါသလဲ။  အသင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဟု ဆိုင်းဘုဒ်ချိတ်ထားသော်လည်း အသင်ကောင်းလည်း ကျွန်ုပ်သင့်အပေါ် မကောင်းနိုင်ဟု သိမြင်နေရခြင်းမှာ အဘယ်ကြောင့်နည်း။

အာယသ်တော်နှစ်စ်ခုအား လေ့လာကြည့်ကြပါ။
၁။ အစ္စလာမ်၏ မိုးသောက်ယံအချိန်ကာလတွင် ကောင်းကင်ကျကျမ်းပိုင်သော ယဟူဒီ၊ခရစ်ယှာန်များက စူရဟ်နိစာအ် အာယသ်တော် ၅၁တွင်  (အို-နဗီ) အသင်သည် ကျမ်းဂန်အနက်မှ တစ်စိတ်တစ်ဒေသကို ရရှိခဲ့သူတို့(၏ဖြစ်အင်)ကို မတွေ့ မမြင်ပါလေသလော။ ထိုသူတို့သည် ရုပ်ပွားဆင်းတု များကို၎င်း၊ ရှိုင်တွာန်ကို၎င်း ယုံကြည်ကြ၏။ ၎င်းပြင်ထိုသူတို့က ကာဖိရ်များနှင့် စပ်လျဉ်း၍ ‘ဤသူများသည် မုအ်မင်န်များထက် ပိုမို၍တရားလမ်းမှန်ရသောသူများ ဖြစ်ကြသည်’ ဟူ၍ ပြောဆိုကြ၏။ ဟု ပြောဆိုခဲ့ကြသည်။
အမှန်ဆိုလျှင် ၎င်းယဟူဒီ၊ခရစ်ယှာန်တို့သည် မွတ်စ်လင်မ်တို့နှင့် အနီးစပ်ဆုံး သာသနာဖြစ်၏။ သို့သော် ၎င်းတို့သည် အစ္စလာမ်နှင့် ယှဉ်လာရင် ရုပ်ထုကိုးကွယ်သူများကိုသာ အကောင်းမြင်ခဲ့ကြသည်။ လမ်းမှန်သည်ဟု သတ်မှတ်ခဲ့ကြသည်။ မဒီနာမြို့ရှိ ယဟူဒီများသည်လည်း အစ္စလာမ်နှင့် ဆန့်ကျင်သူများကိုသာ မဟာမိတ်ဖွဲ့ခဲ့ကြသည်။ အစ္စလာမ်အား ခြေမှုန်းတိုက်ဖျက်ရန်အတွက် အိပ်သွန်ဖာမှောက် ပေးဆပ်ခဲ့ကြသည်။ ၎င်းတို့သည်သာလျှင် ခရူစိတ်စစ်ပွဲများကို တိုက်ခဲ့ကြသူများဖြစ်သည်။ စပိန်နိုင်ငံရှိ မွတ်စ်လင်မ်များအား ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။ နိုင်ငံစွန့်၍ အေးချမ်းရာ နေရာတစ်ခုသို့ပင် ပြောင်းရွှေ့နေထိုင်ခွင့်မပေးခဲ့ပေ။ လက်ရှိခေတ်တွင် ပါလက်စတိုင်းနိုင်ငံရှိ မွတ်စ်လင်မ်များအား လက်နက်ကြီးငယ်နှင့် သတ်ဖြတ်နေကြသူများဖြစ်သည်။ စူပါပါဝါရထားသော နိုင်ငံများ စုပေါင်း၍ ယဟူဒီများအား ပါလက်စတိုင်းနိုင်ငံ၏ ဒေသတစ်ခုကို ပေး၍ အစ္စရေးနိုင်ငံ ထူစေခဲ့သည်။ အစ္စလာမ်နှင့် ပတ်သက်၍ မည်မျှ အမုန်းထားခဲ့ကြပါသနည်း။ ထို့ကြောင့် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် ယဟူဒီတို့အားလည်းကောင်း၊ ခရစ်ယာန်တို့အားလည်းကောင်း၊ မိတ်သဟာယ အဆွေခင်ပွန်းများ မပြုကြ ကုန်လင့်။ ဟု မိန့်ဆိုထားခြင်းဖြစ်သည်။
၂။ မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- အကယ်၍ ထိုသူတို့သည် အသင်တို့တွင် ပါဝင်၍ ထွက်ခဲ့ကြသည်ရှိသော် ၎င်းတို့သည် ပျက်စီးရာပျက်စီးကြောင်းမှအပ အသင်တို့၌ မည်သည့်တစ်စုံတစ်ရာကိုမျှတိုးပွားစေခဲ့ကြမည် မဟုတ်ပေ။ ၎င်းပြင် ဧကန်မုချ ထိုသူတို့သည် အသင်တို့အကြားတွင် အနှောင့်အယှက်ဖြစ်စေရန်လူးလာပြန်ခတ် သွားချေလာချေ ပြုလုပ်ကြမည်သာတည်း။ ဆိုလိုသည်မှာ- ကျွန်တော်တို့ မွတ်စ်လင့်မ်အရေးများတွင် ၎င်းတို့ အပေါ်ယံအားဖြင့် ပါဝင်ကောင်းပါဝင်ပေလိမ့်မည်။ သို့သော် ကောင်းသော ပါဝင်ခြင်းမဟုတ်။ ဖျက်ဆီးရန်၊ အနှောက်ယှက်ပေးရန်သာ ပါဝင်နေကြခြင်းဖြစ်သည်။ ဤအာယသ်တော်သည် ၎င်းတို့၏ နှလုံးသားအတွင်း၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များနှင့် လုပ်ဆောင်မည့်အရာများအား ပြသလိုက်ခြင်းဖြစ်ပေသည်။
ထို့ကြောင့် ဖော်ပြပါ အာယသ်တော် နှစ်ခုအား သေချာစဉ်းစား လေ့လာကြည့်လိုက်ပါက ကျွန်တော်တို့အဖို့ ၎င်းတို့ကို နှလုံးပေး ပေါင်းဖက်ရန် မထိုက်ကြောင်း၊ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က အဘယ်ကြောင့် ခွင့်မပြုထားရခြင်း စသည်တို့ကို သိရှိနိုင်ပေသည်။ ထို့အတူ လက်ရှိခေတ်ကာလတွင် ဖြစ်ပွားနေသော အခြေအနေ အရပ်ရပ်သည် ၎င်းတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေပြီး၊ ကျွန်တော်တို့ အထူးသတိချပ်ရမည်ကို ပြသနေခြင်း ဖြစ်ပေသည်။

ထို့နောက် တစ်ဆက်တည်းမှာပင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်  ဆက်လက် အမိန့်ရှိထားလေသည်။
၎င်း(ယဟူဒီနှင့်ခရစ်ယာန်)တို့သည်(အသင်တို့ကိုဆန့်ကျင်ရာတွင်)အချင်းချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်း ကူညီသော အဆွေခင်ပွန်းများပင်ဖြစ်ကြပေသည်။
အသင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဟု ပြောနေသောသူများ၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မောင်ငြိမ်းချမ်း၊ မယ်ငြိမ်းချမ်းတို့သည်ပင်လျှင် အစ္စလာမ်နှင့် ပတ်သက်လာပါက မွတ်စ်လင်မ်တို့အား လောင်ကျွမ်းစေမည့် ခဲယမ်းမီးကျောက်သာ ဖြစ်ပေလိမ့်မည်။ အစ္စလာမ်နှင့် မွတ်စ်လင်မ့်အရေးအတွက် မည်သည့်ဒေသတွင်မျှ ဒိုင်းတစ်လက်မဖြစ်ခဲ့ပေ။ ဖြစ်လာရန်လည်း အလျင်းမရှိ။ အကြမ်းဖက်အဖွဲ့အစည်းတို့အား ရွံမုန်းသည်ဟု ဟစ်ကြွေးနေသူများ အစ္စလာမ့်နိုင်ငံများအပေါ် ဗုံးအမျိုးမျိုး ကျဲနိုင်ခဲ့သည်။ အစ္စလာမ့်နိုင်ငံများအပြင် အခြားနိုင်ငံ တစ်ခုခုတွင် မွတ်စ်လင်မ်များ ညှင်းပမ်းနှိပ်စက်ခံနေရပါမူ ဝင်ရောက်စွက်ဖက်လေ့မရှိကြ။ သမ္မတမိန့်ခွန်းလွှာတွင် လူမြင်ကောင်းအောင် ဒီလိုတော့ မဖြစ်သင့်ဖူးဟု ဖတ်ပြတတ်ကြသည်။ နောက်ကွယ်၌ လက်ခုတ်သြဘာပေးနေကြမည်သာ။
ထိုသို့ ညှင်းပမ်းနှိပ်စက်ခံနေသည့်အတွက် မွတ်စ်လင်မ့်အဖွဲ့အစည်းတစ်ခုခုမှ ကူညီပေးရန် ကမ်းလှမ်းသည်ကိုပင် လက်မခံခဲ့ကြပေ။ အစ္စလာမ်နှင့် မွတ်စ်လင်မ်လူထု ကောင်းစားရေးအတွက် ၎င်းတို့ မည်သည့်အချိန်တွင်မျှ လိုလားကြမည်မဟုတ်ပေ။ ပြည်သူ့အာဏာစနစ်၊ လွတ်လပ်စွာနေထိုင်ခွင့်၊ ကိုးကွယ်ခွင့်၊ လုပ်ပိုင်ခွင့် ...ခွင့် ...ခွင့် စသည့် အခွင့်အရေးပေါင်းများစွာသည် မွတ်စ်လင်မ်တို့၏ အကျိုးစီးပွားအတွက်မဟုတ်ပဲ၊ မွတ်စ်လင်မ် အော်ပရေးရှင်းအတွက် ဖြစ်နေပေသည်။ ဤသည်မှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင် မိန့်တော်မူသော အာယသ်တော်အား လက်တွေ့မြင်တွေ့ရခြင်းသာ။ ၎င်း(ယဟူဒီနှင့်ခရစ်ယာန်)တို့သည် (အသင်တို့ကိုဆန့်ကျင်ရာတွင်) အချင်းချင်း တစ်ဦးကိုတစ်ဦး ရိုင်းပင်း ကူညီသော အဆွေခင်ပွန်းများပင်ဖြစ်ကြပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကွဲပြားသာသနာအား သက်ဝင်ယုံကြည် ကျင့်သုံးနေကြသော်လည်း လမ်းမှားမှု့တွင် တစ်ပုံစံတည်းဖြစ်လေသည်။ ရည်ရွယ်ချက်မှာလည်း တစ်ခုတည်း ဖြစ်၏။ ရှိုင်သွာန်မိစ္ဆာကောင်၏ အလံအောက်တွင် မွတ်စ်လင်မ်များအား ပျောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်၏။ ဤသည်ကို ကျွန်တော်တို့ ကောင်းစွာ သတိချပ်သင့်ပေသည်။

ဟဇရသ်အုမရ်သခင်ကြီး၏ လက်ထက်တွင် ဗစွရဟ်မြို့၏ တာဝန်ခံအဖြစ် ဟဇရသ် အဗူမူဆာအရှ်အရီ သခင်ကြီးအား ခန့်အပ်ထားခဲ့သည်။ သို့နှင့် ဟဇရသ် အဗူမူဆာသည် ခရစ်ယှာန်တစ်ယောက်အား စာရေးခန့်ထားတော်မူခဲ့သည်။ ထိုကိစ္စအား ဟဇရသ်အုမရ် သခင်ကြီး သိရှိသောအခါ အောက်ပါအတိုင်း စာရေးသားပေးပို့ခဲ့လေသည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်ဖက်တော်မှ ၎င်း(ခရစ်ယှာန်များ၊ကာဖရ်များ)အား သေးသိမ်စေခဲ့သည်ဖြစ်ရာ အသင် ၎င်းတို့အား ဂုဏ်ပေးဆက်ဆံမှု့ မပြုလေနှင့်။ အရှင်မြတ်အပေါ် ၎င်းတို့ သစ္စာမစောင့်ထိန်းပဲ အရှင်မြတ်၏ အမိန့်တော်များအား အလွဲသုံးစားပြုလုပ်ခဲ့ပြီးဖြစ်ရာ အသင် ၎င်းတို့အား ယုံကြည်မှု့ မပြုလေနှင့်။ ၎င်းတို့နှင့် ပတ်သက်၍ စိတ်ချလက်ချ မနေလေနှင့်။ ဟဇရသ် အဗူမူဆာသခင်ကြီးသည် ယင်းစာပါ အကြောင်းအရာနှင့် စပ်လျင်း၍ ၎င်းခရစ်ယှာန်စာရေးသည် မည်မျှအရေးပါသည်ဖြစ်ကြောင်း ပြန်လည်ရေးသားပေးပို့ခဲ့သည်။ စာထဲ၌  ဗဆွရဟ်မြို့၏ တည်ရှိနေခြင်းသည် ၎င်းခရစ်ယှာန်ပေါ်တွင် မူတည်နေကြောင်း ရေးသားထားရာ ဟဇရသ် အုမရ် သခင်ကြီးက အမိန့်ရှိခဲ့သည်။ ၎င်းခရစ်ယှာန်ဘာသာဝင် သေဆုံးသွားသည်နှင့်အတူ အစ္စလာမ်ပါ စိတ်သုဉ်းသွားရမည်လား။ အသင့်အနေနှင့် ထိုသူ သေဆုံးကွယ်လွန်သွားခဲ့လျှင် မည်သို့ပြုလုပ်ရန် ရှိပါသနည်း။ ထိုအစီအစဉ်အား ချက်ချင်း အကောင်ထည်ပြီး အခြားသူတစ်သီးနှင့် အစားထိုးလိုက်ပါ။ ဟဇရသ် အုမရ်သခင်ကြီးသည် မည်မျှ သတိထား ကိုင်တွယ်ခဲ့သည်ကို လေ့လာကြည့်ပါ။ အာယသ်တော်အပေါ် မည်မျှ နက်နက်စွာ သဘောသူဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။ 

ထို့နောက် ဆက်လက် အမိန့်ရှိတော်မူသည်မှာ- အမှန်သော်ကားအသင်တို့အနက် မည်သူမဆို ထိုသူတို့အား "ကလျာဏ"အဆွေခင်ပွန်း ပြုလုပ်သည် ရှိသော်၊ ထိုသူသည် ဧကန်မုချ ၎င်းတို့တွင်(အပါအ၀င်) ဖြစ်၏။
အလွန်ကြောက်မက်ဖွယ်ကောင်းသော သတိပေးစကားပင်။ တစ်ဖက်တွင် ကျွန်တော်တို့ မွတ်စ်လင်မ်များသည် အချင်းချင်း စည်းလုံးညီညွတ်မှု့မရှိ၊ နောက်တစ်ဖက်တွင် ဘာသာခြားတို့၏ ဓလေ့စရိုက်များအား မူပိုင်ခွင့်ရယူထားကြသည်။ ၎င်းတို့အား လူယုံလုပ်ထားကြသည်။ ဘာသာခြားတို့၏ နည်းစနစ်ဆိုလျှင် အရှက်မဲ့စွာ ဝတ်စားဆင်ယင်မှု့မှစ၍ မွတ်စ်လင်မ်ဖြစ်ခြင်း၏ နယ်ပယ်ဆုံးလုဆဲဆဲအထိ လက်တွေ့ကျင့်သုံးကြသည်။ မွတ်စ်လင်မ်အချင်းချင်း စလာမ်ဆက်သ လက်ဆွဲနှုတ်ဆက်ရန် ဝန်လေးသော်လည်း ဘာသာခြားတို့၏ သာသနာရေးရာခေါင်းဆောင်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်ရန် အသင့်ရှိကြသည်။ ၎င်းတို့နှင့် မဟာမိတ်များသဖွယ် နေထိုင်ကြသည်။ လူသားချင်း စာနာထောက်ထားခြင်းသည် အစ္စလာမ်၏ ဖိတ်ခေါ်သံ ဖြစ်သော်လည်း ကျွန်တော်တို့၏ မသိနားမလည်မှု့ကြောင့် လူသတ်သမားများအား အားဆေးတိုက်ကျွေးမိကြသည်။
အထူးသတိပေးလိုသည်မှာ- မည်သည့်အလုပ်ပင်မဆို ဘာသာခြားများအတွက် ပြုလုပ်လာရပါက ဤသတိပေးအမိန့်တော်ကို ရှေ့ဝယ်ထား၍ ပြုလုပ်ပါ။ အဆိပ်ပင် ရေမလောင်းခြင်းသည် အကောင်းဆုံး ဖြစ်သည့်အတွက် အစ္စလာမ့် စည်းဘောင်များအတွင်း ကုရ်အာန်ဟဒီးဆ်နှင့် ကိုက်ညီစွာ နေထိုင်ပါ။ အင်န်ရှာအလ္လာဟ် ကျွန်တော်တို့ အခုမြင်နေရတဲ့ အဖြစ်ဆိုးတွေများ ကင်းရှင်းသွားမည်သာ။
အရှင်မြတ်၏ ရန်သူများအား လောကီစည်းစိမ်အား မက်မော၍ဖြစ်စေ၊ ရပိုင်ခွင့်အား ပိုင်ဆိုင်လို၍ဖြစ်စေ၊ သို့မဟုတ် ဆွေမျိုးသားခြင်း၊ မိတ်ဆွေဖြစ်ခြင်းကြောင့်ဖြစ်စေ၊ လူ့ပတ်ဝန်းကျင်၏ ဝတ္တရားဟု ထင်မြင်ခြင်းကြောင့်ဖြစ်စေ နှလုံးပေး ပေါင်းသင်းခြင်းမပြုအပ်ပေ။ ထိုသို့ ပြုမှုခြင်းသည် အရှင်မြတ်၏ ရန်သူများအား အားပေးမြှောက်ပင့်ရာရောက်ပြီး ၎င်းတို့နှင့် ထပ်တူထပ်မျှ ကျင့်မူသူစာရင်းတွင် ပါသွားတတ်ပေသည်။

မှတ်သားသင့်သည်မှာ- ဤအမိန့်တော်သည် ကျရောက်သည့်အချိန်မှစ၍ ကေယာမသ်ကမ္ဘာပျက်မည့်နေ့တိုင်အောင် ကျန်ရှိနေမည်ဖြစ်သည်။ သို့သော် အပေါ်ယံပေါင်းသင်းခြင်း၊ ရောင်ဝယ်ဖောက်ကားမှု့ပြုခြင်းတို့သည် ပြုပိုင်ခွင့်ရှိသော ကိစ္စများဖြစ်ကြောင်း ခွဲခြားမှတ်သားရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြတ်နဗီ(ဆွ)သည် ယဟူဒီတစ်ဦးထံ မိမိ၏ သံချပ်ကာအကျီအား ပေါင်နှံခဲ့ကြောင်း ဆင့်ပြန်ချက်များတွင် လာရှိထား၏။

ဤ အမိန့်နှင့် ပတ်သက်၍ ပုံစံ သုံးမျိုးသာရှိကြောင်း သာသနာ့ပညာရှင်များ အမိန့်ရှိထား၏။
ပထမပုံစံ... ၎င်းကာဖရ်တို့၏ အရှင်မြတ်အား ငြင်းဆန်မှု့ကို သဘောတူပြီး ကူညီရိုင်းပင်းခြင်း၊ ကာကွယ်ပေးခြင်း... ၎င်းပုံစံသည် တရားမြတ်၌ တားမြစ်ထားသော ပုံစံဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အရှင်မြတ်အား ငြင်းဆန်မှု့ကို သဘောတူခြင်းသည် ၎င်းကာဖရ်၏ သာသနာအား မှန်ကန်သည်ဟု သတ်မှတ်ခြင်းပင်။ ကွဖ်ရ်လုပ်ရပ်တစ်ခုအား မှန်သည်ဟု သတ်မှတ်ယုံကြည်ခြင်းသည် ကွဖ်ရ်ဖြစ်၏။ ကွဖ်ရ် လုပ်ရပ်တစ်ခုအား သဘောတူလက်ခံခြင်းသည် ကွဖ်ရ်ဖြစ်ပေရာ ၎င်းပုံစံတွင် ကာဖရ်ဘဝသို့ ရောက်သွားမည်ဖြစ်ပေသည်။
ဒုတိယပုံစံ... အပေါ်ယံ ကောင်းမွန်စွာ ဆက်ဆံခြင်း... ဤပုံစံသည် အထက်တင် တင်ပြခဲ့သည့်အတိုင်း တရားမြတ်တွင် ပြုပိုင်ခွင့်ရှိသော ပုံစံဖြစ်ပေသည်။
တတိယပုံစံ... ကာဖရ်၏ ကွဖ်ရ်လုပ်ရပ်အပေါ် သဘောတူခြင်းမရှိသော်လည်း နှလုံးပေးပေါင်းသင်းဆက်ဆံခြင်း... တနည်းအားဖြင့် အထက်ပါ ပုံစံနှစ်ခု၏ ကြားပုံစံဖြစ်သည်။ ကာဖရ်များအား မှားယွင်းသော သာသနာပေါ် လျှောက်လှမ်းနေကြသူများဟု သတ်မှတ်ထားသော်လည်း ဆွေမျိုး တော်စပ်သည်ကြောင့်ဖြစ်စေ၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်နေရသည့်အတွက်ဖြစ်စေ သို့မဟုတ် အခြား အကြောင်းပြချက်များကြောင့်ဖြစ်စေ ကူညီပေးခြင်း၊ အတိုင်းထက်အလွန် ရင်းနှီးစွာ ဆက်ဆံခြင်းဖြစ်ပေသည်။ ဤပုံစံတွင် ကာဖရ်မဖြစ်သော်လည်း တားမြစ်ထားသောကိစ္စအား ချိုးဖောက်သူစာရင်း ဝင်ပေမည်။ အလွန်ကြီးလေးသော အပြစ်ဒဏ်ကို ခံရမည်ဖြစ်ပေသည်။
မှတ်ချက်။       ။ ဤနေရာတွင် ကာဖရ်များအား အဆွေခင်ပွန်းဖွဲ့ခြင်းသည် မို့အ်မင်န်တစ်ဦးကိုမျှ အဆွေခင်ပွန်းမဖွဲ့ပဲ ပြုလုပ်သည်ဖြစ်စေ၊ မို့အ်မင်န်များနှင့်အတူ ရောထွေး၍ ပြုလုပ်သည်ဖြစ်စေ ပုံစံနှစ်ခုလုံးသည် တားမြစ်အမိန့်တော်တွင် အကျုံးဝင်ပေသည်။ တနည်းအားဖြင့် ပုံစံနှစ်ခုလုံး မပိုင်ပေ။

အာယသ်တော်၏ အဆုံးတွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်မြွတ်တော်မူသည်မှာ- မလွဲဧကန် အလ္လာဟ် အရှင်မြတ်သည်မတရားကျူလွန်သူတို့အား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည်မဟုတ်ပေ။ ဤနေရာတွင် မတရားကျူးလွန်သူဟူသည်မှာ အာယသ်တော်တွင်ပါရှိသော ဘာသားခြားများအား နှလုံးပေးပေါင်းသင်းသူကိုသာ ဆိုလိုပေသည်။ အဘယ်ကြောင့်ဆိုသော ဇွလ်မ် ဟူသည် အရာတစ်ခုအား မထိုက်တန်သော နေရာတွင် ထားရှိခြင်းဟု အဓိပ္ပါယ်ရသည်။ မွတ်စ်လင်မ်များအတွက်သာဖြစ်သော နှလုံးပေး ပေါင်းသင်းခြင်းအား ကာဖရ်များကို ပေးလိုက်ခြင်းသည် ဇွလ်မ်၏ အဓိပ္ပါယ်တွင် အကျုံးဝင်ပေသည်။ တနည်းအားဖြင့် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကာဖရ်များအား နှလုံးပေး ပေါင်းသင်းသူများကို လမ်းမှန်သို့ ပို့ဆောင်ပေးမည်မဟုတ်ပေ။

မြင့်မြတ်တော်မူသော အလ္လာဟ်အရှင် ကျွန်တော်တို့အားလုံးအား စစ်မှန်သော နားလည်နိုင်စွမ်း ပေးသနားတော်မူပါစေ။ အာမီးန်
ဘရှီရွလ္လာဟ် ဖာရိုကီ
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger