အသိပေးခြင်း
က
Home » » အာရှုရာနှင့် စပ်လျဉ်း၍

အာရှုရာနှင့် စပ်လျဉ်း၍


بسم الله الرحمن الرحيم
မုဟရ်ရမ်လအစကတည်းက ကျွန်တော့်အနေနဲ့ ဒီလနဲ့ ပတ်သတ်ပြီး ကျင့်ရန်၊ကျဉ်ရန်လေးတွေ တင်ပြမယ်လို့ စိတ်ကူးမိတယ်။ တင်ပြသင့်သလောက်လဲ အရှင်မြတ်၏အသနားတော်နဲ့ အတိုင်းအတာတစ်ခုအထိ တင်ပြပေးနိုင်ခဲ့ပါတယ်။ ဒီလဟာ အလွန်မွန်မြတ်တဲ့လဖြစ်တာကြောင့် လူတိုင်းလူတိုင်း ကောင်းမှု့တွေကို ပြုလုပ်ကြတယ်။ သို့သော် ကောင်းမှု့များကို ရှာဖွေရင်း လမ်းချောသူတွေ၊ လုံးလုံးမှားကုန်တဲ့သူတွေရယ်လို့ ဖြစ်လာတော့တာပါပဲ။ ဒါကြောင့် ဖိကဟ်ရဲ့ဥပဒေတစ်ခုမှာ :::အိဗာဒသ်ပြုရာဝယ် ခွင့်ပြုချက်လာရှိသည်မှအပ ကျန်အရာအားလုံး ဟရာမ်ဖြစ်တယ်။::: အဓိပ္ပါယ်ဆင်သော နောက်ဥပဒေတစ်ခုကတော့ :::အိဗာဒသ်၏ ဦးစွာပထမ အမိန့်တော်မှာ တားမြစ်ခြင်းဖြစ်သည်။ တရားတော်မှ ခွင့်ပြုချက် ပေးသောအခါမှ ပြုပိုင်ခွင့်ရှိမည်။::: ဆိုလိုတာက အိဗာဒသ်လုပ်မယ်ဆိုရင် ကိုယ့်နည်းကိုယ့်ဟာနဲ့ လုပ်ချင်တိုင်းလုပ်လို့မရဖူး။ ရှရီအသ်တရားတော်က လုပ်ဖို့အမိန့်ပေးထားတဲ့အရာ၊ လုပ်ခွင့်ပေးထားတဲ့အရာ၊ လုပ်ဖို့ပြောပြထားတဲ့ပုံစံနဲ့ အချိန်၊နေရာအတိုင်း ပြုလုပ်ရတယ်။ ဒီအချက်ကို ကောင်းစွာ သဘောမပေါက်တဲ့သူတိုင်းဟာ ဗစ်ဒ်အသ်လို့ခေါ်လို့ တရားသစ်တီထွင်မှု့ကို ကျူးလွန်ကြပြီး လမ်းလွဲပေါ်ကို ရောက်သွားကြရတယ်။ အပေါ်ယံအားဖြင့် ကောင်းမှု့တစ်ခုကို လိုလားပြီး လုပ်နေတယ်လို့ ထင်ရပေမယ့် တရားတော်မှာ မရှိတဲ့အရာတစ်ခုကို လုပ်နေတဲ့အတွက် ဘယ်လောက်ကောင်းတယ်လို့ပဲ ထင်ရထင်ရ အကုသိုလ်ကျူးလွန်သူပဲ ဖြစ်ရတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လစကတည်းက အဲ့ဟ်လေစွန္နသ်ဝလ်ဂျမာအသ်လမ်းစဉ်နဲ့ မညီညွှတ်တဲ့ကိစ္စတွေ၊ ဗစ်ဒ်အသ်လုပ်ရပ်တွေကို ဦးစားပေးတင်ပြခဲ့တယ်။ ဒီပို့စ်မှာတော့ မနက်ဖြန်သဖက်ခါမှာ ကျရောက်လာတော့မယ့် အာရှုရာနေ့နဲ့ ပတ်သတ်ပြီး သိသင့်တယ်လို့ ထင်တဲ့အရာတွေကို တင်ပြပေးသွားမှာ ဖြစ်တယ်။ အဓိကတော့ ဒီလရဲ့ မွန်မြတ်မှု့၊အာရှုရာရိုဇာနဲ့ အာရှု့ရာနေ့အကြောင်း တတ်နိုင်သလောက် တင်ပြပေးသွားမျာပါ.... ဆက်လက်ဖတ်ရှု့ပေးပါဦးးးး

မုဟရ်ရမ်လအတွက် ကျွန်တော်ရေးခဲ့တဲ့ ပထမဆုံးပို့စ်ကို ဖတ်ရှု့ပြီးဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဲ့ပို့စ်ထဲမှာ အစ္စလာမ်သာသနာမှာ အမင်္ဂလာ(မင်္ဂလာမရှိသော)လ၊ အချိန်နဲ့ နေ့ရက်ဆိုတာ မရှိဖူးလို့ ပြောပြခဲ့တယ်။ တဆက်တည်းမှာပဲ လတစ်လ သို့မဟုတ် အချိန်၊နေရာနဲ့နေ့ရက်တွေဟာ တစ်ခုထက်တစ်ခု သာပိုမွန်မြတ်တာတော့ ရှိတယ်လို့ ပြောပြခဲ့ပါတယ်။ ဒီလိုသတ်မှတ်ချက်ဟာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နဲ့ နှစ်ဘဝသခင် မြတ်နဗီ(ဆွ)ရဲ့ သတ်မှတ်ချက်သာဖြစ်တယ်။ ဒီလဟာ အလွန်မွန်မြတ်ပြီး ကောင်းချီးမင်္ဂလာတွေနဲ့ ပြည့်စုံနေတယ်။ ဒီလိုမွန်မြတ်လတဲ့၊ အဖိုးထိုက်လှတဲ့လတစ်လကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့တတွေ ဒီလလေးကို တန်ဖိုးထားပြီး နေသင့်တယ်။ အဖိုးထိုက်တိုင်း တန်ဖိုးမထားတတ်... တန်ဖိုးသိမှသာ။ ဆိုတဲ့အတိုင်း ဒီလလေးရဲ့ မွတ်မြတ်မှု့တွေကို သိအောင် ကျွန်တော်တို့ ကြိုးစားကြည့်လိုက်ရအောင်။

ကျမ်းမြတ်ကုရ်အာန် စူရဟ်သောင်ဗဟ် အာယသ်တော်အမှတ် ၃၆မှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အမိန့်ရှိတော်မူတယ်။ အဓိပ္ပါယ်မှာ ဧကန်စင်စစ် လများ၏ အရေအတွက်သည်အလ္လာဟ်အရှင်မြတ်၏ အထံတော်တွင် အလ္လာဟ် အရှင်မြတ်၏ကျမ်းတော်၌ လာရှိသည့်အတိုင်း မိုးကောင်းကင်များနှင့်ပထ၀ီမြေကို ထိုအရှင်မြတ် ဖန်ဆင်းတော်မူသည့်နေ့မှစ၍ဆယ့်နှစ်လမျှသာ ဖြစ်ချေသည်။ ၎င်း(ဆယ့်နှစ်လ)အနက်မှလေးလသည် ထူးမြတ်သောလများပင် ဖြစ်ကြပေသည်။ ဤသည် ဖြောင့်မတ် မှန်ကန်သော ဒီန်သာသနာတော်က(ညွှန်ကြားပြသသောလမ်းစဉ်)ပင်ဖြစ်လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ၎င်း (လများ)နှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ကိုနှိပ်စက်ကလူ မပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် မွတ်ရှ်ရစ်က် အားလုံးတို့ကို ၎င်းတို့သည် အသင်တို့အားလုံးတို့အားတိုက်ခိုက်ကြသကဲ့သို့ပင် တိုက်ခိုက်ကြလေကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတော်စင်အပေါင်းတို့နှင့်အတူ ရှိတော်မူကြောင်း အသင်တို့သည် ကောင်းစွာ မှတ်ယူကြလေကုန်။
လေးလနှင့် ပတ်သတ်၍ ဟဇရသ်အဗ်ဒွလ္လာဟ် ဗင်န် အဗ်ဗါးစ် (ရ)သခင် အမိန့်ရှိသည်မှာ- မုဟရ်ရမ်၊ ရဂျဗ်၊ ဇွလ်ကအ်ဒဟ်နှင့် ဇွလ်ဟဂ်ျတို့ဖြစ်ကြသည်။ ဟဇရသ်အဗူဗကရဟ်သခင်၏ ဆင့်ပြန်မှု့တွင်လည်း ထိုသို့ပင် တွေ့ရ၏။
( السنة اثنا عشر شهراً منها أربعة حرم ، ثلاث متواليات : ذو القعدة ، وذو الحجة ، والمحرم ، ورجب مضر الذي بين جمادى وشعبان )
နှစ်တစ်နှစ်တွင် ဆယ့်နှစ်လရှိပြီး လေးလသည် လွန်စွာထူးကဲမွန်မြတ်လှ၏။ ယင်းလေးလအနက် သုံးလသည် အစဉ်လိုက်ဖြစ်၏။ ဇွလ်ကအ်ဒဟ်၊ဇွလ်ဟဂ်ျနှင့် မုဟရ်ရမ်။ ကျန်တစ်လမှာ ဂျုမာဒလ်အွခ်ရာနှင့် ရှအ်ဗာန်လမြတ်ကြားတွင်ရှိသော ရဂျဗ်လဖြစ်သည်။ ဗိုခါရီနှင့် မွတ်စ်လင်မ်ကျမ်း။
ဖော်ပြခဲ့တဲ့ အာယသ်တော်နဲ့ ဟဒီးဆ်တော်မှာ ဒီလရဲ့မွန်မြတ်မှု့ကို ရှင်းလင်းစွာ ဖော်ပြထားပါတယ်။ ဒီလိုမွန်မြတ်တဲ့အတွက် ထူးခြားတဲ့ ဖြစ်၇ပ်တွေ များစွာဖြစ်ပေါ်စေခဲ့တယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ အကျဉ်းအားဖြင့် ဒီပို့စ်လေးမှာ ဖတ်ရှု့နိုင်ပါတယ်။
မှားယွင်းနေသော အယူအဆတစ်ခု။
ဒီလရဲ့ ထူးကဲမွန်မြတ်မှု့တွေဟာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖက်တော်မှ သတ်မှတ်ချက်ဆိုတာကို မသိတဲ့သူတွေက ဒီလမှာ ဘာတွေဖြစ်ခဲ့လို့ မွန်မြတ်တယ်လို့ ထင်နေကြတယ်။ တကယ်တော့ အဖြစ်အပျက်တွေကြောင့် ဒီလဟာ မွန်မြတ်ရတာမဟုတ်ပါဖူး။ အဲ့ဒီအဖြစ်အပျက်တွေကသာ မွန်မြတ်လို့ အလ္လာဟ်အရှင်မြတ်က ဒီမြင့်မြတ်တဲ့လမှာ ဖြစ်ပေါ်စေတာပါ။ အထူးသဖြင့် လူအများ အတွေးမှားလေ့ရှိတာက ဒီလရဲ့ မွန်မြတ်မှု့ဟာ ဟဇရသ်ဟိုစိုင်းန်()သခင်ရဲ့ ကရ်ဘလာ အဖြစ်အပျက်ကြောင့်လို့ ထင်နေကြတယ်။ ဒါဟာ မှားယွင်းတဲ့ အယူအဆတစ်ခုပဲဖြစ်တယ်။ ဒီလဟာ အလွန်မွန်မြတ်လို့၊ အာရှုရာနေ့ဟာ အလွန်ထူးကဲမြတ်ထွတ်လို့ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဟာ မိမိရဲ့အချစ်တော်တွေကို ရှဟီဒီဘွဲ့ချီးမြှင့်ပြီး အပါးတော်ကို ခေါ်ယူခဲ့တာပါ။ ဒီလရဲ့ မွန်မြတ်မှု့ဟာ လောကကြီးကို မဖန်ဆင်းခင်ကတည်းက လောင်ဟိမဟ်ဖူးဇ်မှာ ရေးမှတ်ပြီးသားပါ။
အစ္စလာမ်၏ ဥပဒေသတစ်ခု။
လူတိုင်းလူတိုင်း နေရာဒေသတိုင်းမှာ ထူးကဲတဲ့နေ့ရက်တွေဆိုရင် တမူထူးခြားတဲ့ လုပ်ရပ်တွေလုပ်လေ့ရှိတယ်။ ပျော်ပွဲတွေ ကျင်းပတတ်ကြတယ်။ ဧည့်ခံပွဲတွေ ပါတီတွေ အခန်းအနားတွေ စသည်ဖြင့်ပေါ့။ သို့သော် အစ္စလာမ်သာသနာရဲ့ အခြေခံဟာ ပွဲသဘင်ကျင်းပခြင်းပေါ်မမူတည်နေပါဖူး။ ဒါကြောင့် အစ္စလာမ့်မှာ ပွဲသဘင်ကျင်းပခြင်းဆိုတာကို လုံးဝမတွေ့ရပဲ ထူးကဲမွန်မြတ်တဲ့နေ့ရက်တွေမှာ အိဗာဒသ်ပြုလုပ်ဖို့၊ ကောင်းမှု့ပွားများကြဖို့ပဲ တိုက်တိုက်တွန်းတွန်းနဲ့ အမိန့်ပေးထားတာကိုတွေ့မြင်ရမှာ ဖြစ်တယ်။
ဟဒီးဆ်တော်တစ်ခုမှာ လာရှိတယ်။ أَفْضَلُ الصِّيَامِ، بَعْدَ رَمَضَانَ، شَهْرُ اللَّهِ الْمُحَرَّم
ဆိုလိုသည်မှာ လမြတ်ရမဇန်ပြီးနောက် အမွန်မြတ်ဆုံးရိုဇာမှာ မုဟရ်ရမ်လ၏ ရိုဇာဖြစ်သည်။ ဒီဟဒီးဆ်တော်အရ မုဟရ်ရမ်လမှာ များစွာ ရိုဇာထားကြဖို့ ကောင်းမှု့တွေ ပွားများကြဖို့ တိုက်တွန်းနေတယ်ဆိုတာကို သိရတယ်။ ဒုတိယတစ်ချက်က ဒီလကို မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏လတော်အဖြစ် သတ်မှတ်ထားပြီး ဂုဏ်ပေးဖို့၊ ကောင်းမှု့တွေ များစွာလုပ်ကြဖို့ ရည်ညွှန်းနေတယ်ဆိုတာကိုလည်း သိရတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး ဒီလမှာ နဖ်လ်ရိုဇာတွေကို ထားရမှာ ဖြစ်သလို အခြား ကောင်းမှု့များကိုလည်း တတ်အားသရွေ့ ပြုကျင့်သွားရမှာဖြစ်တယ်။
အာရှုရာဆိုတာ....
အာရှုရာဆိုတာကတော့ ဆယ်ရက်မြောက်မှာ ကျရောက်တဲ့နေ့ဖြစ်တဲ့အတွက် အာရှုရာလို့ အမည်ပေးထားတာပါ။ ဒီနေ့နဲ့ပတ်သတ်ပြီး သမိုင်းပညာရှင်တွေက အမည်နှစ်ခုကို တင်ပြကြတယ်။ တစ်ခုကတော့ သာစူအာ ဖြစ်ပြီး နောက်တစ်ခုကတော့ အာရှုရာ ဖြစ်တယ်။ သာစူအာဆိုတာကတော့ မုဟရ်ရမ်လမြတ်ရဲ့ ကိုးရက်မြောက်ကို ခေါ်ဆိုကြတယ်လို့ အမိန့်ရှိကြပြီး အာရှုရာကိုတော့ ဆယ်ရောက်မြောက်နေ့ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ မည်သို့ပင်ဖြစ်စေ အာရှုရာဆိုတာက အစ္စလာမ့်အမည်ဖြစ်ပြီး အမိုက်ခေတ်မှာ ဒီနာမည်နဲ့ မကျော်ကြားခဲ့ဖူးလို့ ပညာရှင်အများစုက သတ်မှတ်ထားခဲ့တယ်။
အာရှုရာ၏ရိုဇာ
အာရှုရာနေ့မှာ ရိုဇာစောင့်ထိန်းတာဟာ မြတ်နဗီမပွင့်ပေါ်မှီ နှစ်ပေါင်းများစွာကတည်းကပါ။ ယဟူဒီ(ယနေ့ အစ္စလာမ်နဲ့ မွတ်စ်လင်မ်ကို ဒုက္ခအပေးဆုံး ဂျူးလူမျိုး)တွေဟာလည်း ဒီနေ့မှာ ရိုဇာစောင့်ခဲ့ကြသလို၊ ကိုရိုင်းရှ်လူမျိုးတွေဟာလည်း အမိုက်ခေတ်မှာ ရိုဇာစောင့်ထိန်းခဲ့ကြတယ်။ လမြတ်ရမဇန်၏ရိုဇာ ဖရ်င်္ဇမဖြစ်မှီ အာရှုရာရဲ့ရိုဇာဟာ အစ္စလာမ်သာသနာမှာ ဖရ်ဇ်ဖြစ်ခဲ့တယ်။ ရမဇန်ရဲ့ရိုဇာ ဖရ်ဇ်ဖြစ်ပြီးနောက်ပိုင်းမှာတော့ မြတ်နဗီ(ဆွ)ဟာ ရိုဇာစောင့်ထိန်းဖို့ မလုပ်မနေရ ဖရ်ဇ်တစ်ခုအဖြစ် မသတ်ပဲ ထားခြင်း မထားခြင်းရဲ့ ရွေးချယ်ခွင့်ကို ပေးခဲ့တယ်။ ဘာသိရလဲဆိုတော့ အာရှုရာရဲ့ရိုဇာဟာ အစ္စလာမ်ရဲ့ အစပိုင်းခေတ်မှာ ဖရ်ဇ်ဖြစ်ပြီး နောက်ပိုင်းမှာ (စွန္နသ်)မွတ်စ်သဟဗ်ဖြစ်ခဲ့တယ်။
အာရှုရာနှင့်ချစ်နဗီ
တမန်တော်မြတ်(ဆွ)ရဲ့ သက်တမ်းမှာ အာရှုရာရိုဇာထားခဲ့ပုံနဲ့ ပတ်သတ်ပြီး လေးမျိုးတွေ့ရမှာဖြစ်တယ်။ (ဖသ်ဟွလ်ဗာရီကျမ်းရေးသားထားသည်အား အတိုချုံး၍တင်ပြလိုက်ပါတယ်။)
  • ၁။ မက္ကဟ်ရွှေမြို့တော်၏ သက်တမ်းမှာ မြတ်နဗီ(ဆွ)ဟာ အာရှုရာနေ့မှာ ရိုဇာစောင့်ခဲ့သော်လည်း စောင့်ရန်အမိန့်မပေးခဲ့ပါဖူး။ တနည်းအားဖြင့် ကိုယ်တိုင်စောင့်ထိန်းသော်လည်း လူအများအား စောင့်ထိန်းရန် မိန့်တော်မမူသော ပုံစံ။
  • ၂။ မဒီနဟ်ရွှေမြို့တော်သို့ ပြောင်းရွှေ့နေထိုင်စဉ်မှာ ကိုယ်တိုင်ရိုဇာစောင့်ထိန်းမှု့ ပြုခဲ့သလို ဆွဟာဗဟ်တွေကိုလည်း စောင့်ထိန်းရန် လေးလေးနက်နက် အမိန့်ပေးတော်မူခဲ့တယ်။ ကလေးငယ်များပင် ရိုဇာစောင့်ထိန်းခဲ့တယ်။
  • ၃။ ရမဇန်လမြတ်၏ ရိုဇာ ဖရ်ဇ်ဖြစ်လာသောအခါ လေးနက်စွာအမိန့်မပေးတော့ပဲ နေတော်မူခဲ့တယ်။
  • ၄။ မြတ်နဗီ၏ နောက်ဆုံးသက်တမ်းတွင် အာရှုရဟ်၏ ရိုဇာအား တစ်ရက်တည်းမထားပဲ ကိုးရက်နှင့်တွဲလျှက်ထားမည်ဟု ဆုံးဖြတ်ခဲ့တယ်။ သို့သော် ဤသို့မိန့်ခြွေပြီးနောက် အာရှုရာနှင့် ထပ်မကြုံဆုံလိုက်ရပေ။
အာရှုရာရိုဇာ၏ ဖဇီလသ်
အာရှု၇ာ ရိုဇာ၏ ထူးကဲမွန်မြတ်မှု့အား ဖော်ပြသော ဟဒီးဆ်တော်များစွာ ရှိပါတယ်။ စာရှည်မည်ကို ဆိုးရိမ်တာကြောင့် မဖော်ပြပဲ အဓိကကျတဲ့ ဟဒီးဆ်တစ်ပုဒ်ကိုတင်ပြလိုက်ပါတယ်။ မြတ်နဗီ(ဆွ)အမိန့်ရှိသည်ကို ဟဇရသ်အဗူကသာဒဟ်သခင်ကြီး ဆင့်ပြန်တော်မူခဲ့သည်။ ငါကိုယ်တော်သည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံ မျှော်ကိုးမိသည်မှာ အာရှုရာ၏ရိုဇာသည် လွန်ခဲ့သောနှစ်၏ အပြစ်များအား ပလပ်စေမည်ဖြစ်သည်။ (မွတ်စ်လင်မ်၊သိရ်မီဇီ၊အဗူဒါဝူးဒ်၊အစ်ဗ်နေ့မာဂျဟ်နှင့် အခြားဟဒီးဆ်ကျမ်းများ)
ဟဒီးဆ်တော်နှင့်ပတ်သတ်၍ ....
အကုသိုလ်များ ပယ်ဖျက်ပေးမယ်ဆိုတာ ဂိုနဟ်စွဂီရဟ် သေးငယ်တဲ့အပြစ်တွေကိုပဲ ဖြစ်ပြီး ကြီးလေးတဲ့ အပြစ်တွေအတွက်တော့ သောင်ဗဟ်ပြုခြင်းပါမှသာလျှင် ပလပ်ချမ်းသာခွင့်ရမှာဖြစ်တယ်။ အိမာမ်နဝဝီသခင်ကြီးအမိန့်ရှိတော်မူခဲ့တယ်။
  • ၁။ အရဖဟ်နေ့(အရဖသ်နေ့)၏ ရိုဇာသည် နှစ်နှစ်စာအပြစ်များအား ပလပ်ခွင့်ရရန်အကြောင်းခံဖြစ်သည်။
  • ၂။ အာရှုရာ၏ရိုဇာဖြင့် တစ်နှစ်စာ အပြစ်များအား ခွင့်လွှတ်ချမ်းသာရစေမည်ဖြစ်သည်။
  • ၃။ (အိမာမ်၏ စူရဟ်ဖာသိဟဟ်ပြီးနောက်) တစ်ဦးတစ်ယောက်ရဲ့  အာမီးန်ရွတ်ဆိုမှု့သည် ကောင်းကင်တမန်တော်များ၏ အာမီးန်ရွတ်ဆိုမှု့နှင့် တစ်ချိန်တည်းဖြစ်ခဲ့ပါက လွန်ခဲ့သော အပြစ်များအားခွင့်လွှတ်ခြင်းခံရမည်။
ဖော်ပြပါ သုံးခုတို့နှင့် ပတ်သတ်၍
  • (က) လူတစ်ဦးတွင် သေးငယ်သော အပြစ်များရှိပါက ထိုသေးငယ်သော အပြစ်များ ပလပ်ခြင်းခံရမည်ဖြစ်သည်။
  • (ခ) ပြစ်မှု့အကြီးအသေးနှစ်ခုလုံး မရှိပါက ကောင်းမှု့များ ရေးမှတ်ပေးခြင်း ခံရမည်ဖြစ်ပြီး အဆင့်အတန်းမြင့်မားသွားမည်ဖြစ်သည်။
  • (ဂ) ကြီးလေးသော အပြစ်များသာရှိပြီး သေးငယ်သော အပြစ်များမရှိခဲ့ပါက ကြီးလေးသောအပြစ်များတွင် သက်ညှာမှု့ပြုပေးခံရလိမ့်မည်ဟု မျှော်လင့်ရပါသည်။
ရိုဇာစောင့်ထိန်းစေခြင်း၏ ဟိက်မသ်တော်များကို အနည်းငယ်လေ့လာလိုလျှင် ဤနေရာတွင် ဖတ်ရှု့နိုင်ပါသည်။
အာရှုရာရိုဇာ၏ အဆင့်အတန်းများ
အစ်ဗ်နေ့ကိုင်ယင်မ်သခင် အမိန့်ရှိတော်မူသည်မှာ- အာရှုရာနေ့၏ ရိုဇာအား စောင့်ထိန်းရာတွင် ပုံစံသုံးမျိုးရှိသည်။
  • ၁။ အမြင့်ဆုံး အဆင့်မှာ- မုဟရ်ရမ်လ၏ ကိုးရက်၊ဆယ်ရက်၊ဆယ့်တစ်ရက် သုံးရက်လုံးအား ထားခြင်း။
  • ၂။ ဒုတိယအဆင့်မှာ- ကိုးရက်နှင့် ဆယ်ရက်သာလျှင်ထားခြင်း။
  • ၃။ နောက်ဆုံးအဆင့်မှာ- ဆယ်ရက်နေ့သာလျှင်ထားခြင်း။
အနည်းငယ်ရှင်းလင်းချက်
အာရှုရာနေ့နှင့် ပတ်သတ်ပြီး အစ်ဗ်နေ့ကိုင်ယင်မ်သခင်ကြီး၏ အဆိုတွင် အမြင့်မားဆုံးဟု ပြောထားသောအဆင့်အတန်းမှာ အာရှုရာနေ့အား လွတ်ခဲ့မည်ကို ဆိုးရိမ်ရသောကြောင့်ဖြစ်တယ်။ လူတစ်ယောက်ဟာ လအဝင်အထွက်ကို အတိအကျမသိဖူးဆိုရင် ဘယ်နေ့အာရှုရာနေ့ဖြစ်မယ်ဆိုတာကို ခန့်မှန်းရခက်နေပါလိမ့်မယ်။ ဒါကြောင့် ၉၊၁၀၊၁၁ သုံးရက်ထားခြင်းအားဖြင့် အာရှုရာနေ့ဟာ အလိုလိုပါဝင်သွားမှာဖြစ်တယ်။ (စာရေးသူ၏အမြင်မှာ) အကယ်လို့ လအဝင်အထွက်နှင့် ပတ်သတ်ပြီး သံသယမရှိတဲ့သူအတွက် အကောင်းဆုံးပုံစံမှာ ကိုးရက်နှင့် ဆယ်ရက်တွဲလျှက် နှစ်ရက်စောင့်ခြင်းဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဟဒီးဆ်တော်မှာ ငါကိုယ်တော် အသက်ထင်ရှားစွာ ရှိနေမယ်ဆိုရင် ကိုးရက်နဲ့ဆယ်ရက် နှစ်ရက်ရိုဇာစောင့်ထိန်းတော်မူမယ် လို့ လာရှိထားတဲ့အတွက်ပါပဲ။ (မွတ်စ်လင်မ်၊ အဗူဒါဝူးဒ်၊ သွဟာဝီကျမ်းနှင့် အခြားကျမ်းများ) ဒီနောက်မှာ ဆယ်ရက်နဲ့ ဆယ့်တစ်ရက်ဟာ ဒုတိယအဆင့်ဖြစ်ပါလိမ့်မယ်။

ဘာကြောင့်အာရှုရာတစ်ရက်တည်း ရိုဇာမထားရတာလဲ။
ဒီမေးခွန်းလေးရဲ့ အဖြေကိုတော့ ပို့စ်တစ်ခုအဖြစ်နဲ့ပဲ တင်လိုက်ပါမယ်။ ဒီနေရာမှာ အဓိကတော့ ဘာသာခြားတွေနဲ့ ကွဲပြားအောင် ကိုးရက်နေ့ သို့မဟုတ် ဆယ့်တစ်ရက်နေ့ တစ်ရက်ရက်နဲ့ တွဲပြီး ရိုဇာစောင့်ထိန်းမှု့ပြုခိုင်းတာလို့ မှတ်သားထားရင်းးးး စောင့်စားဖတ်ရှု့ပေးပါ။
အာရှုရာနေ့မှာ ကောင်းကောင်းချက်ပြုတ်စားရင် တစ်နှစ်လုံး ချောင်လည်မှု့ရရှိမယ် ဆိုတာ.....
အင်န်ရှာအလ္လာဟ် ဒီအကြောင်းလေးကိုလည်း နောက်ပို့စ်မှာပဲ ဖတ်ရှု့ပေးပါ။ ပြီးတော့ အာရှုရာနေ့မှာ ရိုဇာစောင့်ထိန်းရန် နီယသ်ပြုရင်း အသင့်ပြင်ဆင်ထားကြပါလို့ ပန်ကြားရင်းးးးးးးး
အိုအရှင် ကျွန်တော်မျိုးတို့အား စစ်မှန်တဲ့ သာသနာ့အသိ၊ မှန်ကန်တဲ့ လမ်းစဉ်ကို ချီးမြှင့်တော်မူပါ။ မွန်မြတ်တဲ့အချိန်တိုင်းကို တန်ဖိုးထားနိုင်သူများအဖြစ် ပြုပေးသနားတော်မူပါ။ မှားယွင်းမှု့များကို ခွင့်လွှတ်ချမ်းသာပေးပြီး အမြဲ အမှန်ပြင်ဆင်နိုင်ခွင့်စွမ်းအား ချီးမြှင့်တော်မူပါ။ အိုအရှင် ဤလမြတ်ကို အကြောင်းခံပြီး မိမိကိုယ်မိမိ ဒုက္ခပေးသူများအဖြစ်မှ ကာကွယ်ပေးတော်မူပါ။
ဘရှီးလေး(မေမြို့)
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger