ပတ်ဝန်းကျင်ကိုစွန့်လိုက်ပါ။
သေချာစဉ်းစားကြည့်ပါလေ။ အကယ်၍
မြင့်မြတ်တော်မူသော အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု့အား ရယူလို မှု့ကြောင့်
ပတ်ဝန်းကျင်အား စွန့်ခွာခြင်းဖြစ်လျှင် အလွန်မြတ်စွန်းသည့်
ရောင်းဝယ်မှု့တစ်ခု ဖြစ်နေမည်မဟုတ်ပါသလော။ အနည်းငယ်စဉ်းစားကြည့်ပါလေ။
လူ့ပတ်ဝန်းကျင်သည် အသင့်နှင့် မည်သည့်အချိန်ထိ အတူတူရှိနေမည်နည်း။
မည်သည့်နေရာအထိ ခေါ်ဆောင်ပေးမည်နည်း။ မှတ်သားထားပါလေ။
ကဘရ်ကျင်းသို့ရောက်ပြီးနောက် သင်၏ ကောင်းမှု့များအပြင် မည်သည့်အရာမျှ
သင်နှင့်အတူ ရှိနေမည်မဟုတ်။ ထိုအချိန်၌ "ပတ်ဝန်းကျင်ကြီးရေ... ငါတော့ မင်းကြောင့် ဒီလိုအလုပ်တွေ လုပ်ခဲ့ရတာပါကွာ။ အခုငါတို့ကို ကူညီလှဲ့ပါဦး"ဟု
အော်ဟစ်အကူညီတောင်းခံပါက သင်နေခဲ့သော ပတ်ဝန်းကျင်ရှိ တစ်ဦးတစ်ယောက်
သင့်အား လာရောက်ကူညီပေးမည်လော။ အသင့်အား မြင့်မြတ်တော်မူသော
အလ္လာဟ်အရှင်မြတ်၏ အဇားဗ်တော်မှ လွတ်ကင်းစေမည်လော။ ထိုကဲ့သို့အချိန်နှင့်
စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင် လာရှိသည်မှာ-
(ထိုမှတစ်ပါး
အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအ၀၀ကို ပြီးစီးအောင်
ပြုလုပ်ပေးမည့်သူဟူ၍လည်းကောင်း၊ ကူညီစောင်မ မည့်သူဟူ၍လည်းကောင်း၊
တစ်ဦးတစ်ယောက်မျှပင်မရှိချေ။)
သံဝေဂယူစရာ အဖြစ်အပျက်
ကျမ်းမြတ်ကုရ်အာန် စူရဟ်ဆွာဖားသ်တွင် ပုဂ္ဂိုလ်တစ်ဦးအကြောင်းဖော်ပြထား၏။ မြင့်မြတ်တော်မူသော အလ္လာဟ် အရှင်မြတ်သည် မိမိအသနားတော်ဖြင့် ထိုပုဂ္ဂိုလ်အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေမည်။ ဂျန္နသ်သုခဘုံ၏ စည်းစိမ်များအား စံစားစေမည်။ ထိုအချိန်တွင် ယင်းပုဂ္ဂိုလ်သည် (မိမိအား မကောင်းမှု့အကုသိုလ်တို့တွင် နစ်မွန်းနေရန်တိုက်တွန်းသော) မိတ်ဆွေနှင့်ပတ်သတ်၍ မည်သို့အခြေအနေရှိမည်နည်းဟု အတွေးဝင်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမိတ်ဆွေသည် လောကီသက်တမ်းတွင် မကောင်းမှု့၊ အကုသိုလ်ကျူးလွန်ရန် လှုံ့ဆော်နေခဲ့သည်။ (တရားတော်နှင့်အညီ နေထိုင်ရန် ပြောဆိုလျှင်လည်း) "ဒီနေ့ အခြေအနေတွေက ဒီလိုဖြစ်နေပြီ... ပတ်ဝန်းကျင်က ဒီလို... တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရေးက ဒီလိုလုပ်ခိုင်းနေပြီ... ဘာတွေတောင်းဆိုနေပြီ" စသည်ဖြင့် ပြောဆိုကာ အငြင်းဝင်လေ့ရှိသည်။ ယခု ၎င်းမိတ်ဆွေ၏ အခြေအနေမည်သို့ ဖြစ်သည်ကို ကြည့်ရှု့ဦးအံ့... ဟုတွေးကာ ဂျဟန္နမ်သို့ ချောင်းမြောင်းကြည့်ရှု့ပေလိမ့်မည်။ ထိုအခါ ၎င်းပုဂ္ဂိုလ်သည် မိမိမိတ်ဆွေအား ဂျဟန္နမ်သားတစ်အုပ်ကြားတွင် တွေ့ကာ စကားစမြည်ပြောဆိုလိမ့်မည်။ အရှင်မြတ်၏ ကစမ်...။ အသင်သည် ကျွန်ုပ်အား ပျက်ဆီးအောင် ပြုခဲ့သည်။ ဆိုလိုသည်မှာ- အကယ်၍ ကျွန်ုပ်သည် အသင်၏ ပြောဆိုမှု့များအား နားယောင်၍ သင်၏ အနွံနာခံနောက်လိုက်ခဲ့ပါက ကျွန်ုပ်သည်လည်း သင်ကြံဆုံနေရသကဲ့သို့ ပျက်စီး၊ဒုက္ခအတိ ရောက်ရပေမည်။ အကယ်၍ ကျွန်ုပ်အား မွေးမြူဖန်ဆင်းပြုစုစောင့်ရှောက်တော်မူသော အရှင်၏ ကျေးဇူးများမရှိခဲ့လျှင်၊ ထိုအရှင်၏ သနားဂရုဏာများ ကျွန်ုပ်အပေါ် လွှမ်းခြုံမှု့မရှိခဲ့လျှင် အသင့်ကဲ့သို့ ဒုက္ခပင်လယ်ဝေနေရမည်သာ။
ခေတ်နောက်ကျခြင်းသာ ပိုကောင်း၏။
မည်သို့ပင်ဆိုစေကာမူ ပတ်ဝတ်ကျင်အသိုင်းအဝိုင်းနှင့် ကူးလူးဆက်ဆံမှု့သည် ဤလောကီသက်တမ်းတွင် စိတ်ဝင်စားဖွယ်အတိဖြစ်နေသည်။ သို့သော် တနေ့ကွယ်လွန်သေဆုံးရဦးမည်။ အရှင်မြတ်ထံ ခစားဝင်ရောက် အဖြေလျှောက်တင်ရမည်။ ဂျန္နသ်နှင့်ဂျဟန္နမ်တို့သည်လည်း ရှိနေပေသေးသည်ကို သက်ဝင်ယုံကြည်ပါက ထိုလူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း(၏ ပြောဆိုမှု့များ)အား စွန့်လွှတ်လိုက်ပါ။ ထို(ပတ်ဝန်းကျင်အသိုင်းအဝိုင်း)အား မကြောက်မရွံ့ ရင်ဆိုင်လိုက်ပါ။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်(ဆွ)၏ အမိန့်များအား နာခံလိုက်ပါ။ ထို့အပြင် လူ့အသိုင်းတစ်စုမှ အသင့်အား ပြစ်တင်ဝေဖန်နေသော အရာများအား ခေါင်းငုံ့ခံလိုက်ပါ။ အကယ်၍ ထိုအသိုင်းအဝိုင်းမှ အသင့်အား ခေတ်နောက်ပြန်ခြင်းကို နှစ်သက်နေသည်၊ ရေပေါ်အရုပ်ရေးဆွဲသူဖြစ်သည်၊ ခေတ်နှင့်အညီ မနေထိုင်တတ်သူဖြစ်သည်ဟု ပြောဆိုလာလျှင် ထိုအသိုင်းအဝိုင်းအား တစ်ကြိမ်တစ်ခါ ရင်ကော့လက်ပုတ်ကာ "ကျွန်တော်ကတော့ ဒီအတိုင်းပဲဗျာ... ခင်ဗျားတို့ ကျွန်တော်နဲ့ အဆက်သွယ်ထားချင်တယ်ဆိုရင်လည်းထားပါ မထားချင်ရင် မတားဖူး" ဟုပြောလိုက်ပါ။ ဤသို့ တစ်ကြိမ်မပြောဆိုသမျှ ထိုအသိုင်းဝိုင်းသည် သင့်အား ဂျဟန္နမ်သို့လားရာလမ်းသို့သာ ညွှန်ပြနေမြဲဖြစ်မည်ကို မှတ်သားထားပါလေ။
ဝေဖန်ခံရမှု့ဟူသည်...
နဗီတမန်တော်အပေါင်းတို့သည်လည်း ထိုသို့ ပြစ်တင်ဝေဖန်ခံခဲ့ရသည်။ ဆွဟာဗဟ်သာဝကများလည်း ခံခဲ့ကြရသည်။ ထို့အပြင် သာသနာ့လမ်းစဉ်ပေါ် လျှောက်လှမ်းသူတိုင်းသည်လည်း ထိုသို့ဝေဖန်မှု့များနှင့် ရင်ဆိုင်ကြရသည်။ ထို့ကြောင့် ကောင်းစွာမှတ်သားထားပါလေ။ ထိုသို့ ဝေဖန်ခံရမှု့အား ဂုဏ်ယူဖွယ်အရာတစ်ခုအဖြစ် မသတ်မှတ်သမျှ အောင်မြင်မှု့အား ရနိုင်မည်မဟုတ်ပေ။
မြတ်နဗီ(ဆွ)၏ နှုတ်ခြွေစကား
တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်။
လူတို့အသင့်အား ရူးသွပ်နေသူဖြစ်သည်ဟု ပြောဆိုသည့် တိုင်အောင်
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား (များစွာ) သတိရ၊ တသပါလေ။
ဆိုလိုသည်မှာ- အကယ်၍ အသိုင်းအဝိုင်းတစ်ခု၊ ခေတ်ကာလတစ်ခုသည်
(ယဉ်ကျေးမှု့)တစ်ခုဖက်သို့ ဦးတည်နေသည်ဆိုပါစို့။ အသင်သည် ၎င်းတို့၏
ရေစိးကြောင်းတွင် လိုက်မမျောပဲ ထိုရေစီးကြောင်းအား
ပြောင်းပေးရန်ကြိုးစားပါက လူတို့သည် အသင့်အား ရူးသွပ်နေသူဟု
သတ်မှတ်ပြောဆိုကြပေမည်။ ထို့ကြောင့်ပင်လျှင် ယနေ့ခေတ်၌ လူတစ်ယောက်
ဘာသာရေးကိုင်းရှိုင်းစွာ၊ သစ္စာသမာဓိပြည့်ဝစွာဖြင့် အလုပ်တစ်ခုလုပ်နေလျှင်
လူတို့သည် ယင်းပုဂ္ဂိုလ်နှင့် ပတ်သတ်၍ "ဒီကောင် ရူးနေတာပါကွာ....
သူ့ဦးဏှောက်ပျက်နေပြီ"ဟု ပြောဆိုကြသည်။ ဥပမာအားဖြင့် ယနေ့ခေတ်တွင်
လူတစ်ဦးတစ်ယောက်အနေနှင့် လာဘ်ပေး၊လာဘ်ယူ မလုပ်ရန်၊ အတိုးမစားရန်၊
တရားတော်မှ တားမြစ်ပိတ်ပင်ထားသော အရာများမှ ရှောင်ကျဉ်ရန်နှင့်
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း
ဝတ်စားဆင်ယင်မှု့ပြုရန် ရည်ရွယ်ပါက ပတ်ဝန်းကျင်ရှိလူတို့သည် ထိုသူ့အား "အရူးပါကွာ... ဦးဏှောက် ပျက်နေတဲ့သူပဲ"ဟု
ပြောဆိုကြလိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ (စိတ်ညစ်ဖွယ်ရာမဟုတ်။)
မြတ်နဗီ(ဆွ)၏ သတင်းကောင်းပေးထားမှု့အား မြင်တွေ့ရခြင်းပင်ဖြစ်ပေသည်။
ထိုသတင်းကောင်းပေးမှု့သည် အသင်တို့အတွက် ဂုဏ်ယူဖွယ်ရာပင်ဖြစ်၏။
(ပတ်ဝန်းကျင်ရှိလူများ အသင့်အား အရူးဟု ခေါ်ဝေါ်နေသော) ဝိသေသနမှာလည်း
မြတ်နဗီ(ဆွ)ကိုယ်တိုင် အသင့်အား ပေးထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်
သာသနာရေးရာကိစ္စတစ်ခုခုနှင့် ပတ်သတ်၍ တချိန်ချိန် အသင့်အား လူတို့ အရူးဟု
ပြောဆိုခဲ့လျှင် ပျော်ရွှင်စွာနေလိုက်ပါ။ မြတ်နဗီ(ဆွ)
မိုအ်မင်န်တစ်ဦးနှင့်ပတ်သတ်၍ အမိန့်ရှိခဲ့သော အဆင့်အတန်းအား
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အသင့်ကိုချီးမြှင့်လိုက်သည်ဖြစ်ရာ
နဖိလ်နမားဇ် ၂ရကအသ် ဖတ်ကာ ကျေးဇူးတင်လိုက်ပါလေ။ သို့ဖြစ်ပေရာ (ပတ်ဝန်းကျင်၏
ပြောဆို ပြစ်တင် ရှုတ်ချမှု့များအား) ကြောက်ရွံ့၊ ထိတ်လန့်ရန်မလိုပေ။
မောင်လာနာ ဇွဖရ်အလီခါန် သီကုံးထားသည်မှာ အလွန်ပင် စွဲမက်ဖွယ်ဖြစ်၏။ ကဗျာ၏
ဆိုလိုရင်းမှာ-
ဤကျေးကျွန်သည်...
နှစ်လောက၏ ခါးသီးအမုန်းအား....
ငါအရှင့်အတွက် ရင်ဝယ်ပိုက်ခဲ့၏။...
သို့ဗြာဒိတ်တော် မိန့်မှသာ...
စစ်မှန်သောင်ဟီးဒ်ဟု ခေါ်စမတ်ပြု၏။
ထို့ကြောင့် အကယ်၍ တစ်လောကလုံး၏
အမုန်းတရားများရရှိခဲ့သော်လည်း အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု့အား
ရလိုက်သည်ဆိုပါက ထိုထက်ပို၍ အမြတ်ရသော ရောင်းဝယ်မှု့ရှိနိုင်ဦးမည်လား။
ဤလောကီသက်တမ်းနှင့် ပတ်သက်၍ မည်မျှ နေရမည်အား မသိရ၊
ဤပြစ်တင်ဝေဖန်ထိုးနှက်တို့သည် တနေ့ စိတ်သုဉ်းသွားရမည်သာဖြစ်၏။
မျက်စိမှိတ်ကွယ်လွန် အနိစ္စရောက်ပြီးနောက် အသင့်အား (ဂျန္နသ်မှ)
လှိုက်လှဲစွာကြိုဆိုနေချိန်တွင် လောကတွင် ပြစ်တင်ဝေဖန်ခဲ့ကြသူများ မည်သို့
ဒုက္ခလှလှရောက်နေသည်ကို ကြည့်လိုက်ပါ။ ယနေ့အသင့်အား
လှောင်ပြောင်ရယ်မောပြနေသူများသည် ကေယာမသ်နေ့၌ သွေးမျက်ရည်ကျနေရမည်ဖြစ်ပြီး
ထိုအချိန်၌ ၎င်းတို့အား အသင် ပြုံးပြနိုင်မည် ဖြစ်သည်။ ထို့ကြောင့်
(စဉ်းစားသင့်သည်မှာ) မည်သည့်အချိန်ထိတိုင် ပတ်ဝန်းကျင်၏လူများနှင့်
ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနေမည်နည်း။ မည်သည့်အချိန်ထိ ၎င်းတို့ရှေ့တွင်
ဒူးထောက်လက်မြှောက်၊ လက်နက်ချ အညံ့ခံနေမည်နည်း။ မည်သည့်အချိန်ထိ
၎င်းတို့နောက်လိုက်အဖြစ် နေနေဦးမည်နည်း။ သို့ဖြစ်ရာ ရဲသွေးအပြည့်ဖြင့်
စိတ်ဓါတ်တို့စုစည်းကာ (ပတ်ဝန်းကျင်အား ဆန့်ကျင်၊တွန်းလှန်ရန်)
မရည်ရွယ်ခဲ့ပါက လွတ်မြောက်မှု့ရမည်မဟုတ်တော့ပေ။ (ထို့ကြောင့်) ခေတ်စားနေသော
ဝတ်လစ်စလစ်ဖက်ရှင်အား စိတ်သုဉ်းသွားအောင် ပြုလုပ်ကြပါ။ မြင့်မြတ်တော်မူသော
အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အားလုံးအား ထိုသို့ပြုလုပ်နိုင်စွမ်း
ချီးမြှင့်ပေးသနားတော်မူပါစေ။ အာမီးန်...။
(ဤတွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသော ဝတ်စားဆင်ယင်မှု့၏ ပထမရည်ရွယ်ချက်ပြီးဆုံးပြီ ဖြစ်ပါသည်။)
အချုပ်အားဖြင့်
အဝတ်အစား၏ အဓိက ရည်ရွယ်ချက်မှာ အရှက်အင်္ဂါအား လုံအောင်ဖုံးခြင်းဖြစ်သည်။
ထို့ကြောင့် အဝတ်အစားတစ်ခုသည် အရှက်အင်္ဂါအား မဖုံးဖိပေးနိုင်ပါက
အဝတ်အစားမဟုတ်နိုင်တော့ပေ။ ၎င်းအဝတ်အစားမှာ ......သာဖြစ်နေပေတော့မည်။
ဘရှီးလေး(မေမြို့)
Post a Comment