بسم الله الرحمن الرحيم
الحمد لله وكفي وسلام علي عباده الذين اصطفي أما بعد
ပညာရေးလမ်းကြောင်းပေါ်တွင် ရည်ရွယ်ဦးတည်နေကြသူတိုင်း၌ မျှော်လင့်ချက်များစွာ၊ ဆန္ဒများစွာ ရှိတတ်ကြ၏။ ခေတ်ပညာရေး နယ်ပယ်တွင်လည်း သင်တန်းသားတိုင်းသည် မျှော်လင့်ချက်များစွာ၊ ဖြစ်ချင်သော ဆန္ဒများစွာဖြင့် ပညာရေးခရီးစဉ်အား လျှောက်လှမ်းလေ့ရှိကြသည်။ ထိုနည်းတူစွာပင် စာရေးသူသည်လည်း တချိန်က ပညာရေးခရီးစဉ်အား ဖြတ်သန်းနေခိုက် ဆန္ဒများစွာ ရှိခဲ့ဖူးပါသည်။ ကျောင်သားဘဝတွင် ဘွဲ့နှင်းသဘင်အခန်းအနားများသို့ တတ်ရောက် ဆုယူရန် မက်ဆန္ဒများစွာ ထားခဲ့ဖူးသည်။ မူလတန်းကျောင်းသားဘဝမှ အထက်တန်းကျောင်းသို့ ရောက်ရှိသွားသည့်တိုင် ပထမဆုရယူရန်နှင့် ဘွဲ့နှင်းသဘင်အခန်းအနားများသို့ ကိုယ်တိုင်တက်ရောက် ဆုယူရန် ကြိုးစားရင်းသာ ကျောင်းသားဘဝအား ဆုံးခန်းတိုင်စေခဲ့ဖူးသည်။
ဤသို့ဖြင့် ဘာသာရေး ကျောင်းသားဘဝသို့ စတင်ချင်းနင်း ဝင်ရောက်သည့်အခါ ဆုများစွာရယူလိုခဲ့သည်။ ထို့အတူ အခြားကျောင်းသားများ မိမိတို့၏ ဘွဲ့နှင်းသဘင် အခန်းအနားများ၌ ဆုယူရန်ဖြစ်စေ၊ ဘွဲ့လက်မှတ်ယူရန်ဖြစ်စေ စင်မြင့်ပေါ်သို့ တက်ရောက်သည့်အခါ စာရေးသူသည်လည်း ထိုကျောင်းသားများကဲ့သို့ ဘွဲ့ဝတ်ရုံခြုံ၍ ဘွဲ့လက်မှတ်များနှင့် ဆုများအား ရယူရန် ဆန္ဒများစွာ ဖြစ်ပေါ်ခဲ့ဖူးပါသည်။ ထို့အပြင် စိတ်ဆန္ဒတို့ စွဲလန်းမှု့များကြောင့် အိပ်မက်များစွာပင် မက်ခဲ့ပြီး မိုးသောက်ယံ၏ အလင်းတန်းများကြောင့် လှပအိပ်မက်များ လွင့်ပျယ်ခဲ့ဖူးသည်။ ဤသည် ကျွန်ုပ်တို့ နေထိုင်ရာ ပတ်ဝန်းကျင်၏ ရိုက်ခတ်သံများ သို့မဟုတ် ခေတ်ကာလ၏ အရောင်ဆိုးမှု့ကို ခံစားခဲ့ရခြင်းသာ ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ စာရေးသူသည်လည်း တချိန်က ဒီပုတ်ထဲက ဒီပဲသာ ဖြစ်ခဲ့ပါသည်။
သို့သော် စာရေးသူအား ဘဝအစမှ ယနေ့ထိတိုင် ပြုစု၊ပျိုးထောင်ပေးခဲ့သော မိခင်ရင်ခွင်ထက် ပိုမိုနွေးထွေးမှု့ပေးခဲ့သော၊ ပညာ့နို့ချိုရည်များအား ဝလင်စွာ တိုက်ကျွေးခဲ့သော၊ ဂျာမေအသွလ်ကောင်စရ် အလ်အစ္စလာမီယာ ကျောင်းအုပ်ဆရာကြီး မွဖ်သီ အဗ်ဒွရ်ရဟီးမ် ဆားဗ်၊ ဒုကျောင်းအုပ်ဆရာကြီး မွဖ်သီအိုစာမဟ် ဆားဗ်၊ ကျောင်းတာဝန်အဝဝကို ကိုယ်ရေးကိုယ်တာ လုပ်ငန်းများထက်ပိုမို ဦးစားပေးလုပ်ကိုင်နေသော မွဖ်သီဖာရူးက် ဆားဗ်နှင့် အခြားဆရာများ၏ အသိပေးဆုံးမမှု့များကြောင့် စာရေးသူသည် (အလ်ဟမ်ဒုလစ်လ္လာ ဆွမ္မအလ်ဟမ်ဒုလစ်လ္လာ) ဤဝဲဂယက်မှ ရုံးထွက်ခွင့် ရရှိခဲ့ပါသည်။ မိမိ၏ မှားယွင်းနေသော အတွေးရိပ်များကို ပယ်ဖျက်နိုင်ခဲ့သည်။ စစ်မှန်သော သာသနာ့ပညာအား ဖြူစင်သော စိတ်ဓါတ်ဖြင့် သင်ယူခွင့်ရရှိခဲ့သည်။ စာရေးသူအဖို့ ကျောင်းတော်ကြီး၏ ကျေးဇူးများသည် ဆပ်၍မကုန်၊ ပြောပြရန် နှုတ်လျှာတို့ မစွမ်း၊ ကလောင်များ ရေးများမကုန် ဖြစ်နေပေတော့သည်။
(အလ္လာဟ်အရှင် ကျောင်းတော်ကြီးအား စဉ်မြဲဖူးပွင့် ဝေဆာနေသော ဥယျာဉ်တစ်ခုသဖွယ် ကောင်စရ်ရေချိုကဲ့သို့ သောက်သုံးမကုန် ကေယာမသ်နေ့ထိတိုင် တည်မြဲစေတော်မူပါ။ ထို့အပြင် ကျောင်းတော်ကြီး၌ သာသနာ့အကျိုးဆောင်လုပ်ငန်းများတွင် အားတတ်သရွေ့ပါဝင် ကူညီရိုင်းပင်းနေကြသော ကျောင်းဆရာများနှင့် တာဝန်ခံလူကြီးများအား အဖက်ဖက်မှ ပြည့်စုံစေတော်မူပါ။ သာသနာ့လုပ်ငန်းများအား ပြုစွမ်းနိုင်သည်ထက် ပြုစွမ်းနိုင်ခွင့် စွမ်းအား ချီးမြှင့်ပေးသနားတော်မူပါ)
အလ္လာဟ်အရှင်မြတ်၏ လိုလားမှု့မရှိခဲ့လျှင် စာရေးသူသည် ထိုကျောင်းတော်ကြီး၏ ရင်ခွင်၌ ဆရာသခင်များ တိုက်ကျွေးသော ပညာ့နို့ချိုရည်အား သောက်သုံးနိုင်မည်မဟုတ်။ ဤသို့ဆိုလျှင် စာရေးသူ၏ မှားယွင်းနေသော မက်ဆန္ဒများ၊ တန်ဖိုးမဲ့သည့် လုပ်ရပ်များအား ပြင်ဆင်ခွင့် အလျင်းမရနိုင်တော့ပေ။ ဤစာအုပ်ငယ်လေးအား ဘာသာပြန်ဆိုရခြင်းမှာလည်း စာဖတ်ပရိတ်သတ်ကြီးအား စာရေးသူ အကျိုးခံစားခွင့် ရခဲ့သလို အကျိုးများဖြစ်ထွန်းစေလိမ့်မည်ဟု မျှော်လင့်ရသောကြောင့်ပင်။ အလ်ကောင်စရ် ကျောင်းတော်ကြီးတွင် ဆုပေးပွဲများ ကျင်းပသော်လည်း ကျောင်းသားများအချင်းချင်း တစ်ဦးကိုတစ်ဦး အားကျမိပြီး ကျိုးစားချင်စိတ်ဖြစ်လာရန်အတွက်သာ ရည်ရွယ်၍ ဆုပေးပွဲအား ပြုလုပ်ကျင်းပခဲ့ပါသည်။ တခန်းတနားကျင်းပ၍ လူများအားဖိတ်ခေါ် ကျင်းပခဲ့သည်မဟုတ်။ ထိုသို့မကျင်းပရခြင်းမှာ လူအများထံတွင် ခေတ်စားနေသော ဓလေ့ဆိုးတစ်ခုအား အမြစ်မှလှန်ကာ ချေမှုန်းဖျက်ဆီးပစ်ရန်အတွက်သာ ဖြစ်ခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ခြောက်လပတ်စာမေးပွဲ ကုန်ဆုံးသည်နှင့် ကျောင်းသားများမှာ ဘွဲ့နှင်းသဘင် အတွက်လည်းကောင်း၊ ဆုပေးပွဲအတွက်လည်းကောင်း နည်းမျိုးစုံ၊ ပုံစံအဖုံဖုံဖြင့် ကြိုတင်ပြင်ဆင် မှု့များ ပြုလုပ်လေ့ရှိကြသည်။ အထူးသဖြင့် ဒရ်စေနေဇွာမီ (ခေါ်) အာလင်မ်ကို့စ်၏ နောက်ဆုံးနှစ်တွင် တတ်ရောက်နေကြသော ကျောင်းသားများမှာ မိမိ၏ ဘွဲ့နှင်းသဘင်အတွက် ဖိတ်စာရိုက်ခြင်း၊ တီရှပ် စတေကာ ကပ်ခြင်း၊ ဘွဲ့ဝတ်စုံ ချုပ်ခြင်း၊ ပဂ်ရီများ ဝယ်ယူခြင်း၊ အခန်းအနားအတွက် ဒီဂရေးရှင်း ရွေးချယ်ခြင်း၊ ဘွဲ့လက်မှတ် ဒီဇိုင်းရေးဆွဲခြင်း၊ အကျွေးအမွေးအတွက် စီစဉ်ကြခြင်း စသည့် ကိစ္စများတွင်သာ အချိန်ကုန်ဆုံးစေကြပြီး၊ ကျောင်းစာများ၊ အတန်းချိန်များအား လစ်ဟင်းစေကြသည်။ ဤသို့ဖြင့် ကျောင်းသားများမှာ အဓိက အက္ခရာကျသော နောက်ဆုံးနှစ်၏ အကျိုးရလဒ်များအား လက်လွှတ်ဆုံးရှုံးနေကြရသည်ကို ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။
ထို့ကြောင့် အလ်ကောင်စရ် ကျောင်းတော်ကြီး၌ ပညာသင်ကြားနေသော ကျောင်းသားများ ဤကဲ့သို့ ဆုံးရှုံးမှု့များနှင့် မရင်ဆိုင်ရစေလည်းကောင်း၊ မြတ်နဗီ၏ တပည့်အရင်းအချာများ ဖြစ်ကြသော ကျွန်တော်တို့၏ လမ်းပြကြယ်များ ဖြစ်ကြသော ဆွဟာဗဟ်သခင်များ၊ ၎င်းတို့၏ တပည့်သားရင်းများ အစရှိသည့် သာသနာ့ခေါင်းဆောင်များ မပြုခဲ့သော၊ သာသနာ၏ အစိတ်အပိုင်းတစ်ခုမဟုတ်သော လုပ်ရပ်အား လူတို့ အထူးပြု၊ အရေးတယူဆောင်ရွက်လာသောကြောင့် တိုက်ဖျက်ရန်အတွက် လည်းကောင်း၊ ကျောင်းသားငယ်များ ဦးဏှောက်တွင် ယဟူးဒ်၊ နစွာရဟ်တို့၏ ဗိုင်ရပ်စ်ပိုးများ မဝင်ရောက်လာစေရန်လည်းကောင်း အစရှိသည့် ရည်ရွယ်ချက်များစွာဖြင့် ထိုမှိုတတ် ဆွေးမြေ့နေသော အစဉ်အလာအား ပိတ်ပင်တားမြစ်ခဲ့ပါသည်။
ထို့အတူ ယခု စာရေးသူ တတ်ရောက်ပညာသင်ကြားလျှက်ရှိသော ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့ရှိ နိုင်ငံလုံးဆိုင်ရာ မိခင်ကျောင်းတော်ကြီး ဖြစ်သော ဂျာမေအာ ဖာရိုကီယာ အစ္စလာမ့် တက္ကသိုလ်ကြီးတွင်လည်း ထိုအစဉ်အလာ၊ ဓလေ့ဆိုးကြီးအား ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါသည်။ ယခင်နှစ်များတွင် ဗိုခါရီခသမ်သိမ်းခြင်းနှင့် ဘွဲ့နှင်းသဘင်အခန်းအနားများ ပြုလုပ်ခဲ့သော်လည်း ကျောင်းသားများ၊ မိဘများ၏ အတိုင်းအတာလွန်ကဲစွာ ပြုလုပ်လာခြင်းကြောင့်လည်းကောင်း၊ ထိုကိစ္စအား အရေးကြီး လုပ်ငန်းသဖွယ်၊ သာသနာ့ကိစ္စတစ်ခုအသွင် ဖန်တီး၊သတ်မှတ်လာသောကြောင့်လည်းကောင်း ထိုအစဉ်အလာ အား မြေမြုပ်သင်္ဂြိုလ်ပစ်ခဲ့ပါသည်။
ခြောက်လပတ်စာမေးပွဲ မတိုင်မှီ ဒေါင်ရဟ်ဟဒီးဆ်(အာလင်မ်ကို့စ်၏ နောက်ဆုံးနှစ်)တွင် တတ်ရောက် ပညာသင်ကြားနေသော ကျောင်းသားများအား ကျောင်းတော်ကြီးဖက်မှ စာအုပ်ငယ်တစ်အုပ်စီ လက်ဆောင်ပေးခဲ့ပါသည်။ ထိုစာအုပ်ငယ်လေးမှာ ယခုစာဖတ်သူတို့ လက်ဝယ်တွင်ရောက်ရှိနေသော ဘာသာပြန်စာအုပ်လေးပင် ဖြစ်သည်။ ထိုဘာသာပြန် စာအုပ်လေးအား စာေ၇းသူသည် ဗစ်ဒ်အသ်တိုက်ဖျက်ရေး ဒို့အရေး ဟူ၍ အမည်ပေးထားပါသည်။
မူရင်းစာအုပ်၏ အမည်အပြည့်အစုံမှာ-
الفيض المدراري في رد رسم ختم الصحيح البخاري
ဖြစ်ပါသည်။
(မှတ်ချက်) အများအကျိုးရှိစေရန် ဘာသာပြန်တင်ဆက်လိုက်ခြင်းသာ ဖြစ်ပါသည်။ ဘာသာပြန်ဆိုရာတွင် ကျွန်တော်၏ အားနည်းမှု့ကြောင့် ဖတ်ရှု့ရန် အခက်ခဲများ ဖြစ်နေလျှင်လည်းကောင်း၊ စာစီလျော်မှု့ မရှိလျှင်လည်းကောင်း သီးခံဖတ်ရွတ်ပေးပါရန် အထူးတောင်းပန်လိုက်ရပါသည်။ ဤစာအုပ်ငယ်အား မြန်မာမူ ပြုထားခြင်း ရှိမရှိကို စာရေးသူ မသိရှိသေးပါ။ ထုတ်ဝေဖြန့်ချိပြီး ဖြစ်ပါကလည်း စာရေးသူသည် ထိုစာအုပ်မှ ကူးယူတင်ပြခြင်း အလျင်းမဟုတ်ကြောင်း အသိပေးပြောကြား လိုပါသည်။ နောင်တွင် ပြဿနာ အရှုပ်အရှင်းများ ဖြစ်မည်ကို ဆိုးရိမ်၍ ဤအချက်အား ဖွင့်ဟ အသိပေးရခြင်း ဖြစ်ပါသည်။
စာရေးသူ၏ ဘာသာပြန်အား ဤနေရာတွင် ရှု့စားနိုင်ပါသည်။ ဆက်လက်အားပေးပါဦးဟု ဖိတ်ကြားရင်း အဖွင့်စကားဦးအား နိဂုဏ်းချုပ်လိုက်ရပါသည်။
واخر دعوانا أن الحمد لله رب العالمين
အလ္လာဟ်အရှင် ကျွန်တော်မျိုးနှင့် စာရှု့ပရိတ်သတ်များအားလုံးအား လမ်းမှန်တရားပေါ် တည့်မှတ် ဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ခွင့်စွမ်းအား ချီးမြှင့်ပေးသနားတော်မူပါ။ ဗစ်ဒ်အသ် တရားသစ် တီထွင်ခြင်းမှ လွတ်ကင်းခွင့် ပေးသနားတော်မူပါ။ ထို့အပြင် အမှားနှင့်အမှန် ကောင်းစွာ ဝေခွဲခြားတတ်ပြီး၊ အမှားကိုရှောင်၊ အမှန်ဆောင်နိုင်သော အရည်အချင်းများ ချီးမြှင့်တော်မူပါ။ ကျွန်တော်၏ ဤမပြောပလောက်သော ခစ်သ်မသ်အား လက်ခံကဗူလ်ပြုတော်မူပါ။
ဘရှီးလေး(မေမြို့)
၂၇.၂.၂၀၁၂
Post a Comment