بسم الله الرحمن الرحيم
ဤဘလော့ဂ်ဖြစ်မြောက်လာမှုအပေါ် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်အား ဦးစွာပထမ ချီးမွမ်းလိုပါသည်။ အဘယ့်ကြောင့်ဆိုသော ကျွန်တော်သည် အစ္စလာမ့်ဘာသာရေးပညာရပ်များအား သင်ယူလေ့လာနေသော ကျောင်းသားတစ်ဦးဖြစ်သည့် အတွက် ဤဘလော့ဂ်အား အချိန်ယူ၍ မွမ်းမံရန်နှင့် ပို့စ်များရေးသားရန် အချိန်မပေးနိုင်ခဲ့ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်၏ အသနားတော်ဖြင့် ဤဘလော့ဂ်အား ရေးသားခွင့် ရရှိခဲ့ပေသည်။ ဒုတိယအနေနှင့် ကျွန်တော်၏မိဘနှစ်ပါးအပါအ၀င် ဆရာသမားတို့အား အထူးကျေးဇူးတင်ရှိပါသည်။ အထူးသဖြင့် ကျွန်တော်တို့အား html, JS, C++, C#နှင့် အခြားကွန်ပြူတာဆိုင်ရာပညာရပ်များအား စိတ်စေတနာထက်သန်စွာဖြင့် သင်ကြားပေးခဲ့သော ပါမောက္ခ ဦးဇော်လွင်ဦးအား အထူးကျေးဇူးတင်ရှိပါသည်။ ဆရာအား အလ္လာဟ်အရှင်မြတ် နှစ်ဘဝလုံး တွင် ကောင်းသောအစား ချီးမြှင့်တော်မူပါစေ။ ထို့အပြင် ကျွန်တော့်အား ဤဘလောက်ရေးသားရန် လပ်တော့ပ်ပေးသုံးခဲ့သော၊ စာအုပ်များ စုဆောင်းပေးခဲ့သော၊ လိုအပ်လျှင် လိုအပ်သလိုအဖက်ဖက်မှ ကူညီ၍ တိုက်တွန်းခဲ့ကြသော သူငယ်ချင်းများအားလည်း အထူးကျေးဇူးတင်ရှိပါသည်။
ဤဘလောက်ဖြစ်ပေါ်လာပုံ...... အင်တာနက်ပေါ်တွင် ဘာသာပေါင်းစုံဖြင့် အစ္စလာမ့်စာပေများ၊ ဘာသာရေး ဆွေးနွေးမှု့များ၊ ဖသ်ဝါဓမ္မသတ်များနှင့် အခြားစိတ်ဝင်စားဖွယ်ကောင်းသော ကဏ္ဍအသီးသီးအား ရှာဖွေဖတ်ရှု့နိုင်သော်လည်း မြန်မာဘာသာဖြင့် ဖတ်ရှု့လေ့လာရန်မှာ လွန်စွာ ခက်ခဲနေပေသည်။ ထို့အတူ ဘာသာရေးဆိုဒ်များဟု ခေါင်းစဉ်လှလှလေး ပေးထားသောကြောင့် ဖတ်ရှု့သူများအား အကျိုးရှိစေမည့်အစား အကျိုးယုတ်စေသည့် ဆိုဒ်များကိုသာ အများအားဖြင့် တွေ့မြင်နေရသည်။ ထိုကြောင့် စစ်မှန်သော၊ယုံကြည်စိတ်ချရသော ဘာသာရေး ဝဘ်ဆိုဒ်များ အားနည်းနေချိန်တွင် ကျွန်တော်နှင့် ပါကစ္စတန်ရှိ ကျောင်းသား လူငယ်အချို့မှ အင်တာနက်ပေါ်တွင် တိကျမှန်ကန်သော အစ္စလာမ့် ဘာသာရေးဆိုင်ရာ အမိန့်တော်များနှင့် သိမှတ်ကျင့်သုံးဖွယ်ရာ အချက်အလက်များကို လွယ်ကူစွာ ဖတ်ရှု့မှတ်သား လိုက်နာနိုင်ရန် အတွက် ဆိုရှယ်ဝဘ်ဆိုဒ်များတွင် ပို့စ်များ စတင်ရေးသား ခဲ့ကြပါသည်။ အဖက်ဖက်မှ အနှောက်ယှက်များ၊ တားမြစ်မှု့များ၊ မကျေနပ်မှု့များစွာ ရှိနေသော်လည်း အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု့အား ဦးစားပေးကာ အားလုံးနှင့် ဆန့်ကျင်၍ ပို့စ်များရေးသားခြင်းဖြင့် လည်းကောင်း၊ ဆွေးနွေးခန်းများတွင် ဝင်ရောက်အချိန်ပေး ဆွေးနွေးခြင်းဖြင့်လည်းကောင်း.... စသည်ဖြင့် သာသနာအကျိုးပြုလုပ်ငန်းများတွင် အုတ်တချပ်၊ သဲတပွင့်အဖြစ် ပါဝင်အားဖြည့်နေခဲ့ပါသည်။ သို့သော် ကျွန်တော်တို့ သူငယ်ချင်းများအနေနှင့် ကိုယ်ပိုင်ဘလော့ဂ်ရေးသားရန် သို့မဟုတ် Ning နှင့် အခြားဆိုဒ်များတွင် hosting လုပ်ရန် အဆင်မပြေများစွာ ဖြစ်နေခဲ့ရသည်။ တစ်ချက်မှာ မြန်မာနိုင်ငံတွင် ဘလော့ဂ်ဂါများ ပိတ်ထားခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ လိုအပ်သော နည်းပညာတို့အား ကျွမ်းကျင်စွာ မတတ်မြောက်ခြင်းဖြစ်သည်။ ဒုတိယအချက်အား ကျွန်တော်အနေနှင့် ဖြည့် စည်းပေးနိုင်သော်လည်း ပထမချက်နှင့် နောက်ဆုံးအချက်မှာ ကျော်လွှား မရသော၊ တံတားမရှိသော ချောက်ကမ်းပါး များ ဖြစ်နေတော့သည်။ ထို့အတူ hosting လုပ်ရန်အတွက်မှာ မုန့်ဖိုးအားချွေတာ သုံးနေရသော ကျောင်းသား များ ဖြစ်သည့်အတွက် မည်သို့မှ မဖြစ်နိုင်ခဲ့ပေ။ ဤသို့ဖြင့် မြန်မာနိုင်ငံတွင် ဘလော့ဂ်များ လွယ်ကူစွာ ဖွင့်လို့ရပြီဖြစ်ကြောင်း သတင်းကြားချိန်မှ စ၍ ကျွန်တော်၏ ဘလော့ဂ်လေးအား အသစ်တဖန် ပြန်လည်မွမ်းမံခဲ့ပြီး ပီပီပြင်ပြင် ရေးသားတော့မည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ အမှန်မှာ ဤဘလော့ဂ်လေးအား ကျွန်တော် ပါကစ္စတန်ရောက်ပြီး လအနည်းငယ် အကြာတွင် စတင်ရေးသားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မိတ်မဆက်ပေးနိုင်ပဲ ယနေ့(၂၀-၁၁-၂၀၁၁)မှ စတင် မိတ်ဆက်ပေးနိုင် ခဲ့ပါသည်။ အလ္လာဟ်အရှင်မြတ် ကျွန်တော်နှင့်တကွ သာသနာ့ အကျိုးပြု လုပ်ငန်းများတွင် တတ်အားသရွေ့ အချိန်ပေးနေကြသော သာသနာ့မိတ်ဆွေများအား လက်ခံ သဘောတူတော်မူပါစေ။
ကျွန်တော်များ ဘလော့ဂ်ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ....... အဝေးရောက် မွတ်စ်လင်မ်များ ဘာသာရေးလေ့လာရာတွင် လွယ်ကူစေရန်၊ မြန်မာပြည်တွင်း၌ ရှိနေသော်လည်း သီးသန့်အချိန်ပေးရန် အခက်ခဲရှိနေသူများအား လွယ်ကူစွာဖြင့် အင်တာနက်တွင် ဘာသာရေးလေ့လာနိုင်စေရန်၊ မှန်ကန်တိကျသော သာသနာ့စာပေအား ဖတ်ရှု့နိုင်စေရန်၊ အင်တာနက်ပေါ်တွင် အားနည်းနေသော ကဏ္ဍတစ်ခုအား ဖြည့်စည်းပေးရန်နှင့် အစ္စလာမ်နှင့် မွတ်စ်လင်မ်လူထုတစ်ခုလုံးအား စိန်ခေါ်နေသော မီဒီယာလောကအား အဖြေပေးနိုင်ရန်ဖြစ်သည်။ ထို့အတူ အစ္စလာမ်သာသနာကို ယုံကြည်လက်ခံ ထားပြီး နောက်တွင်လည်း အစ္စလာမ့်ရန်သူတို့၏ ဖျားယောင်းသိမ်းသွင်းမှုတွင် နစ်မွန်းနေကြသော အချို့ပုဂ္ဂိုလ်တို့သည် သာသနာပြုသယောင်ယောင်နှင့် သာသနာဖျက်နေကြ၏။ သနားစရာကောင်းသော ထိုသူတို့သည် မိမိတို့၏အမှားအား အမှားဟူ၍ပင် မသိရှိကြပေ။ သို့ဖြစ်ရာ ၎င်းတို့၏ မှားယွင်းသော လုပ်ရပ်အား ထောက်ပြပေးခြင်းဖြင့် မှားယွင်းသူများ အမှန်တရားကို သိရှိသွားနိုင်ပြီး လမ်းမှားပေါ်သို့ မရောက်ကြသေးသော ညီနောင်တို့သည်လည်း မိမိတို့၏ အီမာန်နှင့် အစ္စလာမ်ကို ကာကွယ်စောင့်ရှောက် နိုင်ကြမည်ဖြစ်သည်။

ကျွန်တော်များ ဘလော့ဂ်တွင် ဖတ်ရှု့နိုင်မည့် အကြောင်းအရာများမှာ...... ကုရ်အာန်နှင့် သဖ်စီးရ်၊ ဟဒီးဆ်နှင့် ဟဒီးဆ်တော်များဆိုင်ရာ ပညာရပ်များ၊ ဖသ်ဝါ ဓမ္မသတ်များ၊ တမန်တော်မြတ်(ဆွ)နှင့် ဆွဟာဗဟ်သာဝကကြီးများ၏ စီရသ်တော်များ၊ သာသနာ့ပညာရှင်များ၏ သမိုင်းဝင် လုပ်ဆောင်ချက်များ၊ ကျွန်ုပ်တို့ သိသင့်သော သမိုင်းများ၊ ပညာရှင်များ၏ ရွှေအဆို၊ ရွှေအမိန့်များ၊ သာသနာဖျက်များ၏ လုပ်ရပ်များအား သတိပေးပြောကြားခြင်းများ၊ ၎င်းတို့၏ အယူဝါဒဆိုးများအား တိုက်ဖျက်ခြင်းများနှင့် စစ်မှန်သောအောင်မြင်မှု့ကို လိုလားသူတိုင်း သိသင့်သည့် အကြောင်းအရာများကို ဦးစားပေး ရေးသားသွားမည် ဖြစ်ပါသည်။ ထိုနည်းတူစွာ အလျင်းသင့်လျှင်သင့်သလို အခြားစိတ်ဝင်စားဖွယ်ရာ ပညာပေးပုံပြင်များ၊ တိုက်ဆိုင်လာသော နေ့စွဲများနှင့် ဖြစ်ပေါ်လာသော အခြေအနေတို့အပေါ် မူတည်၍ အခြားဘာသာရေး ဆောင်းပါးများအား လည်းကောင်း၊ သဆောင်ဝုဖ်၊ အစ္စလာမ့် ဘာသာရေးစစ်၊ သဗ်လီးဂ် စသည့် ကဏ္ဍများအားလည်းကောင်း ရေးသားတင်ဆက် သွားမည်ဖြစ်သည်။
ဘလော့ဂ်ငယ်လေး၏ အနာဂတ်......
အင်န်ရှာလာ ကောင်းသည်ထက်ကောင်းအောင် ပြည့်စုံသည်ထက် ပြည့်စုံအောင် ကြိုးစားတင်ဆက်ရင်း ဘလော့ဂ်ငယ်လေးမှ အဆင့်မှီ ဝဘ်ဆိုဒ်တစ်ခုသို့ ဦးတည်သွားမည်ဖြစ်ပါသည်။ စာကြည့်တိုက် တစ်ခုသဖွယ် ပီပြင်စွာ အကောင်ထည်ဖော်ရန်နှင့် လစဉ်စာစောင်များမှ အပတ်စဉ်စာစောင်များ ထုတ်ဝေနိုင်သည်အထိ ကြိုးစားသွားမည်ဖြစ်ပါသည်။ ထို့အပြင် အွန်လိုင်းဓမ္မသတ်ဌာနခွဲ တစ်ခုဖွင့်လစ်ရန်နှင့် အင်တာနက်မီဒီယာပေါ်မှ ပြုလုပ်နိုင်သော အခြားသာသနာ့ အကျိုးဆောင်လုပ်ငန်း များအား အကောင်ထည်ဖော်ပေးသည့် ဝဘ်ဆိုဒ်တစ်ခု အသွင်ဆောင်စေရန် ဦးတည်သွားမည်ဖြစ်သည်။ သနားကြင်နာတော်မူသော မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ထိုရည်ရွယ်ချက်များအား အကောင်ထည်ပေါ်စေတော်မူပါ။
ကျွန်တော်များ ဘရှီးလေး ဘလော့ဂ်အား ဖတ်ရှု့လေ့လာရာတွင် အခက်ခဲများ မဖြစ်စေရန်အတွက် ဤနေရာတွင် ဘလော့ဂ်အသုံးပြုပုံ အကျဉ်းအား တင်ပြလိုက်ပါသည်။
ကြည့်ရှု့ရာတွင် မော်ဇီလာ ဖိုင်းယားဖောက်စ်အား ရွေးချယ်ရန် အကြံပြုလိုပါသည်။ ဖောင့်ဆိုဒ် ကြီးလိုပါက Ctrl ကီးနှင့် +(အပေါင်းလက္ခဏာ)ကီး တို့အား နှိပ်၍ ကြီးနိုင်ပြီး သေးလိုပါက Ctrlကီးနှင့် -(အနှုတ်လက္ခဏာ)ကီး တို့အား နှိပ်၍ သေးနိုင်ပါသည်။
ပင်မစာမျက်နှာတွင် ပို့စ်အရေအတွက် ကန့်သတ်ထားသောကြောင့် Older Post ဟု ရေးထားသော ဘတ်တန်လေးအား နှိပ်၍ ပို့စ်အဟောင်းများအား ဖတ်ရှု့နိုင်ပါသည်။
ကဏ္ဍအလိုက် ဖတ်ရှု့လိုပါက မာတိကာဟု ခေါင်းစဉ်ပေးထားသော နေရာတွင် နှစ်သက်ရာ ကဏ္ဍအား ရွေးချယ်ပြီး ဖတ်ရှု့နိုင်ပါသည်။ သို့မဟုတ် အပေါ်၌ရှိသော drop down list မှတဆင့် နှစ်သက်ရာ ကဏ္ဍအားရွေးချယ် ဖတ်ရှု့နိုင်ပါသည်။ သို့သော် ထိုသို့ ဖတ်ရှု့ရာတွင် သတိပြုသင့်သည်မှာ တင်ပြထားသောလစ်များမှာ ကျွန်တော်၏ ရည်ရွယ်ချက် အနာဂတ်တွင် ရေးသားမည့် ခေါင်းစဉ်များကိုပါ ထည့်သွင်းထားသောကြောင့် အချို့ခေါင်းစဉ်များအား ဖတ်ရှု့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် အကောင်းဆုံးမှာ မာတိကာတွင် ပါရှိသော အကြောင်းအရာများကိုသာ ကြည့်ရှု့ဖတ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဖတ်ရှု့လိုသော ကဏ္ဍများအား မဲပေးရန်အတွက် ဘာတွေဖတ်ချင်လဲ ဟု အမည်ပေးထားသော နေရာတွင် မိမိနှစ်သက်ရာအား ကလစ်ပေး၍ Vote ဘတ်တန်လေးအား နှိပ်ပေးပါ။ အများဆုံးဖတ်ရှု့လိုသော အကြောင်းအရာများအား အထူးပြု ရေးသားတင်ဆက်သွားရန်အတွက် ယခုကဲ့သို့ စီစဉ်ထားရခြင်းဖြစ် ပါသည်။
လာရောက်ဖတ်ရှု့သွားကြောင်း အသိပေးလိုပါက သို့မဟုတ် တစ်စုံတစ်ခု ပြောလိုပါက ညာဖက်တွင်ရှိသော ဘရှီးလေးနဲ့စကားပြောမယ် ဟု ရေးထားသော ပုံလေးကို ကလစ်လိုက်ပါ။ ချက်ဘောက်စ်လေးတစ်ခု ထွက်လာပါလိမ့်မယ်။ နာမည်နဲ့ ပြောချင်တာကိုရေးပြီး Enter ကီးကို နှိပ်ပေးလိုက်ပါ။

အကယ်၍ ဘလော့ဂ်အား ဖွင့်ရန်အခက်အခဲများ ကြုံရသောကြောင့်ဖြစ်စေ၊ သို့မဟုတ် အခြားအကြောင်းအရာများကြောင့် ဖြစ်စေ ဘလော့ဂ်တွင် လာရောက်မဖတ်ရှု့ပဲ အီးမေးလ်မှ တဆင့် ဖတ်ရှု့လိုပါက ဘလော့ဂ်၏ ဘယ်ဖက်အောက်ဆုံးတွင် ရေးသားထားသော လမ်းညွှန်ချက်များ အတိုင်း ပြုလုပ်ပေးပါ။ ပို့စ်အသစ်တင်တိုင်း အီးမေးလ်ရောက်နေမည်ဖြစ်ပါသည်။
ကျွန်တော်များ ဘလော့ဂ်တွင် ပါဝင်ကူညီရေးသားလိုပါက မိမိရေးသားထားသော ကိုယ်ပိုင်စာမူ အား ပေးပို့နိုင်င်ပါသည်။ သို့သော် စီစစ်ပြီးမှသာ လက်ခံမည် ဖြစ်သောကြောင့် ချက်ချင်းတင်ပြပေးနိုင် မည်မဟုတ်။ ကိုယ်ပိုင်စာမူ မဟုတ်ပါက ပေးပို့ခြင်း မပြုပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
ဘလော့ဂ်တွင် ကြော်ငြာကဏ္ဍအား အခမဲ့တင်ဆက်သွားရန်လည်း ဆန္ဒရှိပါသည်။ လာရောက် ဖတ်ရှု့သူများ အနေနှင့် မိမိအလုပ်အကိုင်၊ ဆိုင် စသည့် ကြော်ငြာများအား ပေးပို့နိုင်ပါသည်။ ထိုသို့ပေးပို့ရာတွင် ကြော်ငြာတင်ဆက်လိုသော (တရားတော်နှင့်ညီညွှတ်သည့်) ဓါတ်ပုံများနှင့် စာသား တို့အား တပါတည်း ပို့ဆောင်ပေးရမည်ဖြစ်ပါသည်။ ကြော်ငြာအရေအတွက် ကန့်သတ်မထားသော်လည်း အနည်းဆုံး ဆယ်ဦးပြည့်မှသာ တင်ဆက်သွားမည်ဖြစ်ပါသည်။
အထူးသတိပေးလိုသည်မှာ ကျွန်တော်များ ဘရှီးလေးဘလော့ဂ်တွင် တင်ဆက်ထားသော ပို့စ်များအား ကော်ပီကူးယူခြင်း မပြုနိုင်ရန် တက်သိသလောက် ကြိုးစားထားခဲ့သော်လည်း အခြားသော ကိစ္စများတွင် အနှောက်ယှက်ပေးနေသောကြောင့် ထိုဂျားဗားအား ပြန်လည်ဖြုတ်လိုက်ရပါသည်။ ထိုသို့ ပြုလုပ် ခဲ့ရခြင်းမှာ ပို့စ်ရေးသားရာတွင် အမှားအယွင်း တစ်စုံတစ်ရာဖြစ်ခဲ့သော် ဘလော့ဂ်တွင် ထိုအမှားအား ပြင်ဆင်ပြီးသော်လည်း အခြားဆိုဒ်များ၌ အမှားအတိုင်း ကျန်ရှိနေမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ မသမာသူတို့၏ လက်ချက်အား ကာကွယ်လိုသည့် အတွက်ကြောင့် လည်းကောင်း ဖြစ်ပါသည်။ ကျွန်တော်၏ အသိပညာအား စေးနဲတွန့်တိုမှု့ကြောင့် ထိုသို့ ပြုရခြင်း အလျင်းမဟုတ်ပါ။ ထို့ကြောင့် အခြားမည်သည့်ဆိုဒ်တွင်မဆို ဘလော့ဂ်လင့်ခ် သို့မဟုတ် ပို့စ်လင့်ခ်အား ဖော်ပြနိုင်သော်လည်း စာသားများအား ဖော်ပြခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဤဘလော့ဂ်ပါ အကြောင်းအရာတစ်စုံတစ်ရာအား နားမလည်ခဲ့သည်ရှိသော် သို့မဟုတ် အကျယ်တ၀င့်သိရှိလိုပါက islamicscholar.786@gmail.com တွင် အီးမေးလ်ပို့၍ဖြစ်စေ၊ invite လုပ်၍ gtalk မှတဆင့်ဖြစ်စေ မေးမြန်းနိုင်ပါသည်။ ဤဘလောက်နှင့်ပတ်သက်၍ အကာင်းဆုံးအကြံများကို လည်း ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
လာရောက်လေ့လာသူတိုင်းအနေနှင့် ကျွန်တော့်အား မိမိတို့၏ဒိုအာတွင် သတိရကြပါရန်နှင့် ဤဘလောက်အားဆက်လက် ရေးသားနိုင်ရန်အတွက် အထူးဒိုအာပြုပေးကြပါရန် မေတ္တာရပ်ခံပါသည်။

ဒိုအာလိုလားသူ
بشير الله بن عبد الحي الفاروقي
Post a Comment