ပုံအညွှန်း= စပရင်းန်ဗဲလ်ရှိ မြန်မာမွတ်စ်လင်မ်များ နမားဇ်ဝတ်ပြုရာ ဂျမာအသ်ခါနာ
သောင်ဟီးဒ်ဆိုသည်....
ချီးမွှမ်းထောပနာမှု ပြုပြုသမျှသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်၏။ ကျွန်တော်တို့သည် ထိုအရှင်မြတ်အား ချီးမွှမ်းထောပနာမှု ပြုပါ၏။ အကူအညီ တောင်းခံပါ၏။ အပြစ်ကျူးလွန်မှုတို့ကို ခွင့်လွှတ်ပေးပါရန် တောင်းပန်ပါ၏။ ထိုအရှင်မြတ်ကိုသာလျှင် အီမာန်သက်ဝင်ယုံကြည်ပါ၏။ မှီခိုအားထားပါ၏။ ထိုအရှင်မြတ်ကို မှီခိုအားထားကာ ကျွန်တော်တို့၏ နှလုံးသားများနှစ်ခြိုက်ရာ မကောင်းမှု့များ၊ ကျွန်တော်တို့ လုပ်ရပ်များအနက် ဒုစရိုက်များမှ ကင်းရန်ဆုပန်ပါ၏။ (အဘယ်ကြောင့်ဆိုသော်) အရှင်မြတ်သည် တစ်ဦးတစ်ယောက်ကို လမ်းမှန်ပြသလိုက်ပါလျှင် မည်သည်မျှ လမ်းလွဲအောင် ပြုနိုင်မည်မဟုတ်။ တစ်ဦးတစ်ယောက်ကို လမ်းလွဲစေပါလျှင် မည်သူမျှ လမ်းမှန်ပြသနိုင်လိမ့်မည်မဟုတ်တော့ပေ။ ကျွန်တော်တို့သည် ခဝပ်ကိုးကွယ်ရာခံထိုက်သူသည် အလ္လာဟ်အရှင်မြတ်တစ်ဦးတည်းသာ ဖြစ်ကြောင်း၊ အရှင်မြတ်နှင့် စပ်တူတွဲဖက်မရှိကြောင်းကို ဝန်ခံသက်ဝင်ယုံကြည်ပါ၏။ ထို့အပြင် ကျွန်တော်တို့၏ ခေါင်းဆောင်၊ (ဘာသာရေးကိစ္စ အဝဝတွင်)မှီငြမ်းအားထားရသော ရှေ့ဆောင်၊ ကျွန်တော်တို့၏ နဗီ၊ အချစ်တော်၊သခင် မုဟမ္မဒ်အား အရှင်မြတ်၏ ကျေးကျွန်အဖြစ်လည်းကောင်း၊ စေတမန်တော်အဖြစ်လည်းကောင်း ဝန်ခံ၊သက်သေထွက်ဆိုပါ၏။ တမန်တော်မြတ်နှင့် ၎င်း၏ အိမ်သူအိမ်သားများ၊ ဆွဟာဗဟ်သာဝကများအပေါ် အလ္လာဟ်အရှင်မြတ်၏ မဟာဂရုဏာအဖြာဖြာ၊ မင်္ဂလာအဖြာဖြာ များမြောင်စွာကျရောက်ပါစေ။ ထိုသို့ ဟမ်ဒ်၊စနာ၊ဒရူးဒ် ပို့သပြီးနောက်... ကျွန်တော်သည် အရှင်မြတ်အား မှီခိုအားထား၍ နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်မိစ္ဆာကောင်မှ ကင်းဝေးရန်ဆုပန်ပါ၏။ (အအူးဇု၏ အဓိပ္ပါယ်) မပြတ်မဆဲ သနားကြင်နာတော်မူသော၊ မဟာဂရုဏာအရှင် အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ (ဗိစ်မိလ္လာဟ်၏ အဓိပ္ပါယ်) ထိုအရှင်မြတ်သည်ပင် အကြင် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ခယရိုကျိုး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ လျှို့ဝှက်စွာ ရှိသည်တို့ကိုလည်းကောင်း၊ ထင်ရှားစွာ ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် မဟာကရုဏာတော်ရှင်၊ အလွန်တရာ ကြင်နာ သနားတော်မူသောအရှင် ဖြစ်တော်မူ၏။ စူရဟ် ဟရှရ်၊ အာယသ်တော်အမှတ် ၂၂ လေးစားအပ်ပါသော လူကြီးမင်းများနှင့် ချစ်ခင်ရပါသော ညီအစ်ကိုများ ခင်ဗျာ။ ကျွန်တော်အနေနှင့် ယနေ့ထိုင်ဝိုင်းတွင် အစ္စလာမ်သာသနာ၏ ယုံကြည်ချက်ပိုင်းဆိုင်ရာတွင် အားလုံးထက် အရေးပါသော၊ အရင်းအမြစ်ဖြစ်သော သောင်ဟီးဒ်နှင့် ပတ်သက်၍ အရေးကြီးသော စကားအချို့ တင်ပြမည် ဖြစ်၏။ အစ္စလာမ်၏ အုတ်မြစ်သည် ကလိမာဟ် သောင်ဟီးဒ် ဖြစ်ပြီး၊ မည်သူမဆို အစ္စလာမ်သာသနာအား လက်ခံလိုပါက ထိုကလိမာဟ် (လာအိလာဟ အိလ်လလ်လာဟု မုဟမ္မဒွရ် ရစူလွလ်လာဟ်)ကို နှုတ်မှ ရွတ်ဖတ်ကာ နှလုံးသားဖြင့် ဝန်ခံမှသာ အစ္စလာမ်ဘာသာသို့ ဝင်ရောက်နိုင်ကြောင်း မွတ်စ်လင်မ်တိုင်း သိနှင့်ပြီးဖြစ်ပေသည်။ ထို့အတူ ဤကလိမဟ် သောင်ဟီးဒ်ကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုဂုဏ်သတ္တိများကိုလည်း သိနှင့်ပြီးဖြစ်ပေသည်။ ဤကလိမာဟ်ကို ရွတ်ဖတ်ပြီးနောက် ဖြစ်ပေါ်လာသော အံ့မခန်း အကျိုးဆက်များ၊ရလဒ်များကိုလည်း သိထားပြီးဖြစ်ပေမည်။ ထိုရလဒ်များမှာကား... ကလိမဟ်တော်ကို မရွတ်မှီအလျှင် လူတစ်ယောက်သည် ကာဖရ်ဖြစ်နေပြီး ရွတ်ဖတ်လိုက်သည်နှင့် မွတ်စ်လင်မ် ဖြစ်သွားပေသည်။ ကလိမဟ်တော်ကို မရွတ်မှီအလျှင် ထိုသူသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ရွံမုန်းခြင်းခံရသူဖြစ်နေပြီး၊ ရွတ်ဖတ်လိုက်သည်နှင့် ထိုအရှင်၏ အချစ်တော် ဖြစ်သွားပေသည်။ ကလိမာဟ်တော်ကို မရွတ်မှီအလျှင် ထိုသူသည် အပါယ်ဘုံ(ဂျဟန်နမ်)သို့ သွားထိုက်သူဖြစ်နေပြီး၊ ရွတ်ဖတ်လိုက်သည်နှင့် သုခဘုံ(ဂျန်နသ်)သို့ သွားထိုက်သူ၊ အလ္လာဟ်အရှင်မြတ်၏ ဂရုဏာအပါင်းကို ခံစားထိုက်သူ ဖြစ်သွားပေသည်။ ထို့ကြောင့် အကယ်၍ ကျွန်တော်အနေနှင့် အောက်ပါအတိုင်း ပြောဆိုပါက မိုဘာလဂါ (အရှိအတိုင်းထက် သာပို ပြောဆိုခြင်း) သုံးနှုံးရာ ရောက်မည်မဟုတ်ပေ။ ဤကလိမာဟ်သည် တစ်စက္ကန့်အတွင်း လူသားကို အပါယ်ဘုံ ၇ဆင့်မှ လွတ်မြောက်စေကာ၊ သုခဘုံ၏ အမြင့်မားဆုံးအဆင့်သို့ ရောက်စေနိုင်ပေသည်။ ဤသို့ ပြောဆိုခြင်းသည် ကဗျာဆရာတို့၏ လွန်လွန်ကျူးကျူးဖွဲ့နွဲ့ပြောဆိုခြင်း လုံးဝမဟုတ်ပေ။ ငြင်းချက်မထုတ်နိုင်သော အရှိအတိုင်းပင်ဖြစ်ပြီး၊ ဤပြောဆိုချက်အတွက် မရေတွက်နိုင်လောက်အောင် များပြားသော ဥပမာများ အစ္စလာမ့်သမိုင်းတွင် ရှိနေပေသည်။ အနည်းငယ်ရှင်းလင်းချက်အနေနှင့် လူကြီးမင်းတို့အား ခိုင်ဗရ်စစ်ပွဲ၏ အဖြစ်အပျက်တစ်ခု တင်ပြလိုပါသည်။ မြတ်နဗီ(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)သည် ဆွဟာဗဟ်သာဝကများနှင့်အတူ ယဟူဒီတို့၏ အကြီးဆုံးခံတပ် ခိုင်ဗရ်ကို ထိုးစစ်ဆင်ကာ ခံတပ်တစ်ခုလုံးအား ဝန်းရံထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ယဟူဒီတို့သည် မွတ်စ်လင်မ်တို့ကို နည်းမျိုးစုံဖြင့် နောက်ကွယ်မှ ကြံစည်ကာ ပုဆိန်ရိုးများသဖွယ်ရှိနေခဲ့၏။ သို့ဖြစ်ရာ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) သည် ၎င်းတို့အား ရက်အတန်ကြာ ခံတပ်ပိတ် တိုက်ခိုက်တော်မူလေ၏။ ထိုသို့ ဝန်းရံထားစဉ် တစ်ရက်၌ သမိုင်းတွင် အတ်စ်ဝဒ်ရာအီဟု အမည်တွင်ခဲ့သော ခိုင်ဗရ်မြို့သား ဆိတ်ကျောင်းသားတစ်ဦးသည် မြို့ပြင်သို့ ထွက်လာလေသည်။ ၎င်း၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်ခဲ့သည်မှာ- တမန်တော် မုဟမ္မဒ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) သည် အလွန်ကြီးကျယ်သော စစ်တပ်ကြီးနှင့်အတူ အလွန်ဝေးလံလှသော ခရီးအား ဖြတ်ကျော်၍ ဒုက္ခများခံကာ ခိုင်ဗရ်မြေပေါ် ထိုးစစ်ဆင်နေရာ ကျွန်တော့်အနေနှင့် ၎င်း၏ အဓိကဖိတ်ခေါ်နေမှုမှာ အဘယ်နည်း... ၎င်း၏ စေညွှန်ရာသည် မည်သို့မည်ပုံနည်း... ၎င်းအနေနှင့် မည်သည့်အရာကို လိုလားနေပါသနည်း... စသည်တို့အား သိလိုခဲ့၏။ သို့ဖြစ်ရာ မိမိစိတ်တွင် ဖြစ်ပေါ်လာသော မေးခွန်းတို့အား သိလိုသည်နှင့် မြို့ပြင်သို့ ထွက်လာကာ မွတ်စ်လင်မ်တို့၏ တပ်စခန်းချရာသို့ လာခဲ့လေသည်။ မွတ်စ်လင်မ်များ တပ်စွဲထားရာနေရာသို့ ရောက်သောအခါ ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့လေ၏။ ထိုပုဂ္ဂိုလ်ကို မိမိသိလိုရာအား မေးမြန်းတော့လေသည်။ ကျွန်တော်သိလိုသည်မှာ- အသင်တို့သည် ခိုင်ဗရ်အား ထိုးစစ်ဆင်ရန်အတွက် အဘယ်ကြောင့် လာခဲ့သနည်း။ ကျွန်တော်တို့ မြို့သားများသည် မည်သို့ အသင်တို့ရန်သူ ဖြစ်သွားရပါသနည်း။ အသင်တို့၏ အဓိကဖိတ်ခေါ်မှု၊ အဓိက စေညွှန်မှုမှာ အဘယ်အရာနည်း။ ၎င်း၏ မေးမြန်းခြင်းခံရသော ဆွဟာဗဟ်သည် အစ္စလာမ်၏ယုံကြည်ချက်ပိုင်းဆိုင်ရာတို့အား ကိုယ်တိုင်ရှင်းပြခြင်း မပြုဘဲ၊ အတ်စ်ဝဒ် (အသားမဲသူ အာဖရိကလူမဲ) ရာအီ(ဆိတ်ကျောင်းသား)ကို ဤသို့ ပြောခဲ့လေသည်။ အသင်အနေနှင့် ကျွန်တော်တို့၏ခေါင်းဆောင် တမန်တော် မုဟမ္မဒ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)ထံပါးသို့ ခစားဝင်ကာ ဤမေးခွန်းများကို မေးပါလေ။ တမန်တော်မြတ်သည် မိမိ၏ ဖိတ်ခေါ်နေမှု၊စေညွှန်နေမှုကို အသင့်အား အကျယ်တဝန့် ရှင်းလင်းပြသပေးလိမ့်မည်။ ဆိတ်ကျောင်းသား အတ်စ်ဝဒ်အနေနှင့် ဤစကားသည် အလွန်အံ့သြဖွယ်ရာ ဖြစ်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် စစ်တပ်တစ်ခု၏ခေါင်းဆောင်၊ ဗိုလ်မှူးကြီး သို့မဟုတ် နိုင်ငံတစ်ခု၏ အုပ်ချုပ်သူဘုရင်တစ်ပါးသည် မိမိအား အပါးတော်သို့ တိုက်ရိုက်ခေါ်ယူတွေ့ဆုံလိမ့်မည်၊ အပါးတော်သို့ ခစားခွင့်ပေးလိမ့်မည် ဟု တစ်ကြိမ်တစ်ခါမျှပင် မတွေးထင်မိခဲ့ပေ။ ၎င်းအနေနှင့် တစ်သက်လုံး တွေ့ကြုံလာခဲ့ရသည်မှာ- မိမိသည် တိရိစ္ဆာန်တို့ကို ထိန်းကျောင်းရသူဖြစ်ရာ မိမိနှင့် စကားပြောဆိုခြင်းကိုပင် ဂုဏ်သရေရှိလူကြီးများ၊ ငွေကြေးဓနရှင်များ၊ ရာထူးကြီးငယ်ရှိသူတို့က သေးသိမ်ဖွယ်၊ ဂုဏ်ငြိုးဖွယ်ရာဟု မှတ်ယူကြလေသည်။ ထို့ကြောင့် အတ်စ်ဝဒ်ရာအီက မုဟမ္မဒ်(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)သည် အသင်တို့တိုင်းပြည်၏ဘုရင်၊ အသင်တို့စစ်တပ်၏ခေါင်းဆောင်... ကျွန်တော်သည် အသေးသိမ်ဆုံး ဆိတ်ကျောင်းသားတစ်ဦး ဖြစ်နေရာ ကျွန်တော်အနေနှင့် သင်တို့ခေါင်းဆောင်ထံပါးသို့ မည်သို့သွားရောက်ခစားနိုင်မည်နည်း။ ဟု မေးမြန်းခဲ့ရာ ထိုဆွဟာဗဟ်က အောက်ပါအတိုင်း ဖြေကြားခဲ့လေသည်။ ကျွန်တော်တို့၏ ခေါင်းဆောင် မုဟမ္မဒ်(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)သည် သူဆင်းရဲများကို အလွန်စာနာစိတ်ရှိသူ၊ပံ့ပိုးကူညီသူဖြစ်၏။ တမန်တော်၏ထိုင်ဝိုင်း၊ အပါးတော်တွင် သူဆင်းရဲနှင့်လူချမ်းသာ၊ အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံလူတန်းစား၊ တာဝန်ခံနှင့်မှီခိုသူ တို့ကြားတွင် ခွဲခြားခြင်း လုံးဝမရှိပေ။ အတ်စ်ဝဒ်သည် (ထိုစကားကြားပြီးနောက်) တွေဝေမင်သက်ကာ တမန်တော်မြတ်(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) ရှိရာသို့ လှမ်းလေ၏။ တမန်တော်၏ အပါးတော်သို့ရောက်ရှိပြီးနောက် ကြောက်ရွံ့တုန်လှုပ်စွာ ဤသို့ မေးခဲ့လေသည်။ ကျွန်တော်မျိုး မေးမြန်းလိုသည်မှာ အသင်၏ အဓိကဖိတ်ခေါ်မှုမှာ အဘယ်အရာနည်း။ အဘယ်ကြောင့် ဤနေရာသို့ ကြွမြန်းလာပါသနည်း။ မြတ်နဗီ(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)သည် သောင်ဟီးဒ်ဟူသော ယုံကြည်ချက်နှင့်ပတ်သက်၍ ၎င်းကို အနည်းငယ်ရှင်းပြရင်း ဖြေကြားတော်မူခဲ့လေသည်။ ထို့ပြင် ငါတမန်တော်အနေနှင့် ဤယုံကြည်ချက်နှင့်စပ်လျဉ်း၍ ကြိမ်ဖန်များစွာ ရှင်းပြခဲ့ပြီးဖြစ်သည်ဟု ၎င်းအား မိန့်တော်မူလေသည်။ ထို့နောက် အတ်စ်ဝဒ်သည် အကီဒဟ်သောင်ဟီးဒ်၏ ရှင်းလင်းချက်ကို နားဆင်ပြီးနောက် မြတ်နဗီ(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)အား မေးမြန်းခဲ့လေ၏။ အကယ်၍ လူတစ်ဦးသည် ဤယုံကြည်ချက်ကို လက်ခံနာယူပြီး၊ အသင်တို့နှင့်အတူ ပါဝင်ခဲ့ပါက ၎င်း၏ ရလဒ်မှာ မည်သို့နည်း။ အဖြေတွင် တမန်တော်မြတ်(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) အမိန့်ရှိတော်မူခဲ့၏။ အကယ်၍ အသင်သည် ဤယုံကြည်ချက်ကို လက်ခံမည်၊ အစ္စလာမ်သာသနာသို့ ဝင်ရောက်မည် ဆိုပါက ကျွန်တော်တို့နှင့် ညီနောင်ဖြစ်ပေလိမ့်မည်။ သင့်အား ကျွန်တော်တို့ ရင်ဘက်ချင်းထိကာ နှုတ်ဆက်ကြမည်။ ကြိုဆိုကြမည်။ (ရင်ဝယ်ပိုက် ချစ်ခင်ကြမည်။) မွတ်စ်လင်မ်တို့ ရရှိနေသော အခွင့်အရေးများအတိုင်း သင်လည်းရပေလိမ့်မည်။ အတ်စ်ဝဒ်ရာအီသည် အလွန်အမင်းအံ့အားသင့်ကာ လျှောက်ထားလေ၏။ ကျွန်တော်အနေနှင့် ထိုအခွင့်အရေးများ မည်သို့ရနိုင်မည်နည်း။ ကျွန်တော်သည် အဆင့်မရှိသော ဆိတ်ကျောင်းသားတစ်ဦးဖြစ်၏။ အသားမဲသော ကပ္ပလီလူမျိုး ဖြစ်၏။ ကျွန်တော့်ကိုယ်ခန္ဓာမှ အနံ့ဆိုးများထွက်နေ၏။ ကိုယ်ခန္ဓာတွင် အညစ်အကြေးများလည်း ရှိနေ၏။ ဤအခြေအနေတွင် အသင်တို့သည် ကျွန်တော်နှင့် မည်သို့ ရင်ချင်းအပ် နှုတ်ဆက်ကြပါမည်နည်း။ ထို့အပြင် ကျွန်တော့်အား မိမိတို့နှင့်တန်းတူအဆင့်အတန်း မည်ကဲ့သို့ ပေးနိုင်မည်နည်း။ သို့ဖြစ်ရာ မြတ်နဗီ(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)သည် ၎င်းစိတ်ချယုံကြည်နိုင်အောင် ရှင်းပြခဲ့ရာ ၎င်းက ဤသို့ လျှောက်ထားခဲ့လေသည်။ အကယ်၍ အမှန်ပင် ဤသို့ဖြစ်ပါမူ... အသင်တို့သည် ကျွန်တော့်ကို မိမိတို့နှင့်တန်းတူ အခွင့်အရေးပေးရန် အသင့်ရှိနေသည်။ အသင်တို့၏ အကီဒဟ် သောင်ဟီးဒ်သည်လည်း ဆွဲဆောင်မှုရှိနေရာ ကျွန်တော့်အနေနှင့် နှလုံးသားထဲတွင် တမဟုတ်ချင်း ရင်းနှီးမှုတစ်ခုဖြစ်ပေါ်နေသည်။ ထို့ကြောင့် ကျွန်တော့်အနေနှင့် ထပ်မံ၍ မေးမြန်းလျှောက်ထားလို၏။ ကျွန်တော်၏ ကပ္ပလီလူမျိုးဖြစ်မှု၊ ကိုယ်ခန္ဓာတွင် အညစ်အကြေးများရှိနေမှု၊ အနံ့အသက်များထွက်ပေါ်နေမှုတို့ကို မည်သို့ ကုစားရမည်နည်း။ မြတ်နဗီ (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) ဖြေကြားတော်မူလေ၏။ အကယ်၍ အသင်သည် အကီဒဟ် သောင်ဟီးဒ်ကို လက်ခံခဲ့ပါမူ လောကီဘဝတွင် သင့်မျက်နှာရှိ မဲနက်နေမှုကို ကုစားမရခဲ့လျှင်လည်း တမလွန်ဘဝတွင် သင်ပြန်လည် ရှင်သန်ချိန်၌ သင့်မျက်နှာ လင်းဝင်းနေစေရမည်၊ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင့်မျက်နှာရှိ မဲနက်နေမှုကို လင်းဝင်းတောက်ပစေလိမ့်မည်၊ သင့်ကိုယ်ခန္ဓာရှိ အနံ့ဆိုးများအစား မွှေးကြိုင်နေစေမည် ကို ငါတမန်တော် တာဝန်ယူနိုင်၏။ အတ်စ်ဝဒ်ရာအီက အကယ်၍ ဤအတိုင်းသာဖြစ်ပါမူ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သူ အလျင်းမရှိကြောင်း၊ မုဟမ္မဒ် သခင် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)သည် အလ္လာဟ်အရှင်၏ စေလွှတ်ခြင်းခံရသော စေတမန်တော်ဖြစ်ကြောင်းကို ဝန်ခံသက်သေပြုပါ၏ ဟုဆိုကာ မွတ်စ်လင်မ် ဖြစ်သွားလေသည်။ ထို့နောက် မေးမြန်းခဲ့သည်မှာ- ကျွန်တော်အတွက် မပြုမနေ တာဝန်ရှိသည့်အရာများမှာ အဘယ်နည်း။ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) ဖြေကြားတော်မူလေ၏။ အစ္စလာမ်သာသနာတွင် မပြုမနေရ တာဝန်များစွာ ရှိနေသော်လည်း ယခုအချိန်အခါတွင်မူ နမားဇ်ဖတ်ပါဟု အမိန့်ပေးရန်အတွက် အချိန်မကျသေး... ရိုဇာစောင့်ထိန်းပါဟု အမိန့်ပေးရန်လည်း ရိုဇာစောင့်ထိန်းရမည့်လ (ရမဇာန်လ) မဟုတ်သေး၊ ဇကားသ်ပေးပါဟု အမိန့်ပေးရန်အတွက်လည်း သင့်အပေါ် ဇကားသ် တာဝန်မရှိသေး၊ ဟဂ်ျပြုပါဟု အမိန့်ပေးရန်လည်း ဟဂ်ျရာသီ မဟုတ်သေးပေ။ ယခုချိန်တွင်မူ အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုအတွက် အိဗာဒသ်တစ်ခုတည်းသာ အကောင်အထည်ဖော်နေ၏။ ထို အိဗာဒသ်မှာ ခိုင်ဗရ်မြေပေါ်တွင် အမှန်တရားအတွက် အမှားများကို တိုက်ခိုက်ချေမှုန်းနေကြခြင်းဖြစ်ပေ၏။ အရှင်မြတ်၏ သာသနာအတွက် (အရှင်မြတ်နှစ်သက်စေရန်အတွက်) သက်စွန့်ကျိုးပမ်းမှု (ဂျေဟားဒ်)ဆင်နွှဲနေကြ၏။ သို့ဖြစ်ရာ ဤတိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန် အသင့်အပေါ်၌ တာဝန်ရှိ၏။ အတ်စ်ဝဒ်ရာအီက အကယ်၍ ဤဂျေဟားဒ်တွင် ကျွန်တော်မျိုး ရှဟီးဒ် ဖြစ်သွားပါက ကျွန်တော်၏ ဆုလဒ်မှာ အဘယ်အရာနည်း။ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) ဖြေကြားတော်မူလေ၏။ အကယ်၍ ဂျေဟားဒ်တွင် သင်ရှဟီးဒ်ဖြစ်သွားပါက မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်သည် (သုခဘုံ)ဂျန္နသ်သို့ တိုက်ရိုက်ပို့ပေးမည်ဖြစ်ပြီး၊ သင်မျက်နှာရှိ မဲနက်နေမှုကို လင်းဝင်းမှုအတိပြုပေးတော်မူမည်၊ သင့်ကိုယ်ခန္ဓာရှိ အနံ့ဆိုးအစား မွှေးကြိုင်နေစေလိမ့်မည်ကို ငါနဗီ တာဝန်ယူတော်မူ၏။ ထိုသို့ ကြားနာပြီးနောက် အတ်စ်ဝဒ်ရာအီသည် ဆိတ်များကို မြို့ဘက်သို့ မောင်းပြီး အစ္စလာမ့်စစ်တပ်တွင် ပါဝင်တိုက်ပွဲဝင်ခဲ့လေသည်။ ထိုတိုက်ပွဲသည် တိုက်ချိန်ခိုက်ချိန် အတော်ကြာခဲ့၏။ တိုက်ပွဲပြီးဆုံးချိန် ခိုင်ဗရ်မြေကို အောင်နိုင်ပြီးနောက် တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) သည် ရှဟီဒီများ၏ ရုပ်ကလာပ်များကို စစ်ဆေးကြည့်ရှု့တော်မူရန် ထွက်လာသောအခါ အသက်ပေးသွားရှာသော ရှဟီဒီများထဲတွင် အတ်စ်ဝဒ်ရာအီလည်း ပါနေ၏။ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) ထံသို့ ၎င်း၏ ရုပ်ကလာပ် ယူလာခြင်းခံရသောအခါ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)၏ မျက်ဝန်းတော်အစုံမှ မျက်ရည်များကျလာ၏။ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) မိန့်တော်မူသည်။ ဤပုဂ္ဂိုလ်သည် အလွန်အံ့သြဖွယ်ကောင်းသော ထူးဆန်းသောပုဂ္ဂိုလ်ဖြစ်၏။ ဤပုဂ္ဂိုလ်သည် အလ္လာဟ်အရှင်မြတ်လမ်းတော်တွင် စဂ်ျဒဟ်တစ်ကြိမ်ပင် မချခဲ့ဘူးပေ... ပိုက်ဆံ တစ်ကျပ်ပင် မသုံးစွဲခဲ့ဘူးပေ... မည်သည့် အိဗာဒသ်မှလည်း မလုပ်ဘူးပေ... သို့သော် ငါတမန်တော်၏မျက်ဝန်းအစုံဖြင့် တွေ့မြင်နေရသည်မှာ ဤပုဂ္ဂိုလ်သည် ဂျန္နသ်သုခဘုံသို့ အတားအဆီးမရှိ ရောက်ရှိသွားလေသည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ၎င်းမျက်နှာရှိ မဲနက်နေမှုကို လင်းဝင်းခြင်းအတိဖြင့် ပြောင်းလဲပေးကာ၊ ၎င်းကိုယ်ခန္ဓာရှိ အနံ့ဆိုးများ၊ အညစ်အကြေးများကိုလည်း မွှေးကြိုင်မှု့များဖြင့် ပြောင်းလဲပေးလိုက်သည်ကို ငါ၏မျက်ဝန်းတို့ဖြင့် မြင်တွေ့နေရသည်။ (အလ်ဗိဒါယဟ် ဝန်နိဟာယဟ် တွဲ ၄ နှာ ၆၀၉မှ၆၁၁ထိ) (ဤအဖြစ်အပျက်ကို ကြားနာပြီးနောက်) ကျွန်တော် တင်ပြနေသော ဤကလိမာဟ် လာအိလာဟ အိလ်လလ်လာဟု မုဟမ္မဒွရ် ရစူလွလ်လာဟ် သည် တမဟုတ်ချင်း လူသားကို ဂျဟန္နမ်၇ထပ်မှ လွှတ်မြောက်စေကာ ဂျန္နသ်သုခဘုံ၏ အမြင့်မားဆုံးအဆင့်သို့ ပို့ပေးလိုက်သည် ဆိုသော အချက်မှာ အတိုင်းထက်အလွန် ဖွဲ့နွှဲ့ပြောဆိုနေခြင်းမဟုတ်ကြောင်း၊ ဤကလိမာဟ် လာအိလာဟ အိလ်လလ်လာဟု မုဟမ္မဒွရ် ရစူလွလ်လာဟ် တစ်ခုတည်းဖြင့် ထိုသူ၏ ရလဒ် မည်ကဲ့သို့ အံ့မခန်းပြောင်းလဲမှု ဖြစ်သွားကြောင်း လက်တွေ့ကျကျ ပြသလိုက်ခြင်းပင် ဖြစ်ပေသည်။ စဉ်းစားရမည့်အချက်မှာ- လူတစ်ယောက်၏ ဘဝတစ်ခု၊ လူတစ်ယောက်၏ နောက်ဆုံးရလဒ်တွင် ဤကဲ့သို့ ပြောင်းလဲမှုကြီး မည်သည့်အတွက်ကြောင့် ဖြစ်သွားရသနည်း။ ဤကလိမာဟ်တော်ကို ဖတ်လိုက်သည်နှင့် လူသားသည် ဂျဟန္နမ်မှလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ခတ်မှုမှလည်းကောင်း၊ အမျက်တော်ရှမှုမှလည်းကောင်း လွတ်မြောက်သွားရသည်မှာ မျက်လှည့်ဆရာ ဟတ်ချလောင်း ကဲ့သို့လား။ သို့မဟုတ် ပယောဂဆရာ၏ ဥုံဖွ ကဲ့သို့လား။ အမှန်မှာ ကလိမာဟ်တော်သည် မျက်လှည့်ဆရာ၏ ဟတ်ချလောင်းကဲ့သို့လည်းမဟုတ်၊ ပယောဂဆရာ၏ ဥုံဖွကဲ့သို့လည်း မဟုတ်ပေ။ လူသားနှင့်ဖန်ဆင်းရှင်ကြား ဝန်ခံသက်သေပြုမှု၊ ကတိကဝတ်တစ်ခုသာဖြစ်ပေသည်။ လူသားသည် လာအိလဟ အိလ်လလ်လာဟ်.... ဟု ရွတ်ဖတ်လိုက်ပါက ယင်း၏ အဓိပ္ပါယ်မှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူဟူ၍ လုံးဝမရှိ။ ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်မှ အပ ကျန်ကိုးကွယ်ခြင်းခံနေရသော အရာဟူဟူသမျှမှ ကင်းရှင်းပါသည်။ ကိုးကွယ်ခြင်းခံနေရသော အရာတို့၏ ကိုးကွယ်ခံထိုက်မှုကို ငြင်းဆိုပါသည်၊ မုဟမ္မဒ် သည် အရှင်မြတ်၏ အမှန်တကယ် စေလွှတ်ခြင်းခံရသော စေတမန်တော်ဖြစ်ကြောင်း လက်ခံပါသည်။ ဖြစ်၏။ ဤကတိကဝတ်၏ ဆိုလိုရင်းမှာ ဤသို့ဖြစ်ပေ၏။ ကျွန်တော်သည် သက်တမ်းတစ်လျှောက်လုံး မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုအတိုင်း၊ အရှင်မြတ်၏ အမိန့်တော်များအတိုင်း၊ အရှင်မြတ် အလိုရှိသည့်အတိုင်း လျှောက်လှမ်းရန် ကြိုးစားပါမည်။ ဤကတိကဝတ်ပြုမှုဖြင့်သာ ထိုသူ၏ ဘဝသက်တမ်းတွင် ဤကဲ့သို့ ပြောင်းလဲမှုကြီးဖြစ်ပေါ်လာရလေသည်။ ပထမ ထိုသူသည် အရှင်မြတ်၏ မုန်းတီးခြင်းခံရသူဖြစ်နေပြီး ယခုမူ အရှင်မြတ်၏ အချစ်တော်ဖြစ်သွားလေသည်။ (ကလိမာဟ် မဖတ်မှီ)အရင် ထိုသူသည် ကာဖိရ် ဖြစ်နေခဲ့၏။ ယခုမူ မွတ်စ်လင်မ်ဖြစ်သွားလေသည်။ ဂျဟန္နမ်သွားရသူမှ ဂျန္နသ်သွားရမည့်သူ ဖြစ်သွားလေသည်။ ဤပြောင်းလဲမှုများသည် ယခုကဲ့သို့ ကတိကဝတ်ပြုလိုက်ခြင်းကြောင့်သာ ဖြစ်၏။ ဤကတိကဝတ်အား တရားမြတ်၌ သောင်ဟီးဒ် ဟု ခေါ်တွင်လေသည်။ လူကြီးမင်းတို့ သိပေလိမ့်မည်။ ဟဇရသ် အာဒမ် (အလိုင်းဟစ်စလာမ်)၏ ခေတ်မှစ၍ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)၏ ခေတ်အထိ ပွင့်လေသမျှသော နဗီတမန်တော်များ အားလုံးသည် အဓိကဖိတ်ခေါ်မှု တစ်ခုတည်းသာ ပြုကြလေသည်။ ထို တစ်ခုတည်းသော ဖိတ်ခေါ်မှုမှာ သောင်ဟီးဒ်ပင် ဖြစ်၏။ အရှင်မြတ်၏ အမြတ်တော်ရှခံရသော အုပ်စုများအားလုံးသည်လည်း ထိုသောင်ဟီးဒ်ကို လက်မခံငြင်းပယ်ခဲ့ကြသောကြောင့်သာ ပြစ်ဒဏ်သင့်ခဲ့ကြလေ၏။ နဗီတမန်တော်များသည် မြောက်မြားစွာသော ဒုက္ခများ၊ အခက်အခဲများကို ခံခဲ့ကြသည်မှာလည်း ဤသောင်ဟီးဒ်တရားကို ကွန့်မြူးစေရန်၊ နေရာအနံ့ ဖြန့်ချိနိုင်ရန်အတွက်သာ ဖြစ်ခဲ့၏။ ဤအဓိကကျသော ယုံကြည်ချက်သည် အရှင်မြတ်၏သာသနာ အစ္စလာမ်၏ အုတ်မြစ်ရှိ (အဓိက)ကျောက်ခဲတစ်ခုဖြစ်သည်ဟု ပြောနိုင်ပေသည်။ ထို့အတူ အစ္စလာမ်၏ ဆိုလိုရင်းမှာလည်း အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သောအရှင်ဟု လက်ခံယုံကြည်ပြီး ထိုအရှင်မှအပ အခြားကိုးကွယ်ခြင်းခံနေရသော အရာတို့အား ငြင်းပယ်ခြင်း၊ အခြားကိုးကွယ်ခြင်းခံနေရသော အရာတို့မှ ကင်းရှင်းကြောင်း ထုတ်ဖော်ပြသခြင်း၊ အလ္လာဟ်အရှင်မြတ်မှအပ မည်သူ၏ အမိန့်မှ မနာခံခြင်း ဖြစ်ပေသည်။ သာသနာ့ပညာရှင်များ ရေးသားထားကြ၏။ သောင်ဟီးဒ်သည် ၂မျိုး ၂စားရှိ၏။ ၁။ အသ်သောင်ဟီးဒွလ် အိအ်သိကာဒီ ၂။ အသ်သောင်ဟီးဒွလ် အမလီ အသ်သောင်ဟီးဒွလ် အိအ်သိကာဒီ၏ ဆိုလိုရင်းမှာ- လူသားသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မှအပ စင်္ကြာဝဠာတစ်ခုလုံးရှိ မည်သူကိုမျှ ဖန်ဆင်းရှင်အဖြစ်၊ ကိုးကွယ်ခံထိုက်သူအဖြစ်၊ အရှင်မြတ်၏ ရုပ်၊နာမ်၊ဝိသေသ တစ်ခုတွင်မျှ မည်သူတစ်ဦးတစ်ယောက်ကို တန်းတူရည်တူအဖြစ် မသတ်မှတ်ခြင်း ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်၏ ရုပ်၊နာမ်တွင် မည်သူကိုမျှ တန်းတူ၊ရည်တူ မသတ်ခြင်း ဆိုသည်မှာ- အလ္လာဟ်အရှင်မြတ်မှအပ တစ်ဦးတစ်ယောက်ကို ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူဟု မမှတ်ယူခြင်း ဖြစ်ပေ၏။ တဖန် ဝိသေသတွင် တန်းတူ၊ရည်တူအဖြစ် မသတ်မှတ်ခြင်း ဆိုသည်မှာ- အရှင်မြတ်နှင့်သာ သီးသန့်ဖြစ်သော ဝိသေသများတွင် အခြားမည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုဝိသေသရှိသူဟု မသတ်မှတ်ခြင်း ဖြစ်ပေ၏။ ဥပမာ အလ္လာဟ်အရှင်မြတ်သည် ရိက္ခာပေးသနားတော်မူသောအရှင် ရတ်ဇ်ဇားက် ဖြစ်တော်မူ၏။ သို့ဖြစ်ရာ ရိက္ခာပေးသနားတော်မူသောအရှင်ဖြစ်ခြင်း ဟူသော ဝိသေသတွင် တစ်ဦးတစ်ယောက်ကို ထည့်သွင်းသတ်မှတ်ခြင်း မပြုရပေ။ အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်၊ပိုင်စိုးမှုတွင် လူသားတိုင်း၏ ကောင်းကျိုး၊ဆိုးကျိုး ရှိပေ၏။ သို့ဖြစ်ရာ ထိုကောင်းကျိုး၊ဆိုးကျိုးကို မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ ပိုင်စိုးမှု၊သတ်မှတ်မှုဟု မှတ်ယူရမည်ဖြစ်ပြီး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကောင်းကျိုး၊ဆိုးကျိုးပေးနိုင်သောသူဟု မမှတ်ယူရပေ။ ထို့အတူ အလ္လာဟ်အရှင်မြတ်၏ လက်ဝယ်တွင် ရောဂါပျောက်ကင်းစေခြင်း၊ရောဂါဖြစ်ပွားစေခြင်း ရှိ၏။ သို့ဖြစ်ရာ ရောဂါပျောက်ကင်းစေခြင်း၊ရောဂါဖြစ်ပွားစေခြင်းကို အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူတစ်ဦးတစ်ယောက် ဖက်သို့ ပတ်သက်ဆက်နွယ်ပေးခြင်း မပြုရပေ။ ထို့ကြောင့် (အချုပ်အားဖြင့် မှတ်သားရမည်မှာ) မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ မည်သည့်ဝိသေသတွင်မျှ အခြားသူတစ်ဦးတစ်ယောက်ကို အရှင်မြတ်နှင့် တန်းတူ၊ရည်တူဖြစ်သည်ဟု မသတ်မှတ်ရပေ။ ဤကိစ္စအား အလေးအနက် ရှင်းပြနေရခြင်းမှာ အခြားကြောင့်မဟုတ်။ အလွန်အရေးပါလှသောကြောင့် ယခုကဲ့သို့ ရှင်းပြနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ ရုပ်၊နာမ်တွင် တန်းတူရည်တူ သတ်မှတ်ခြင်းနှင့်စပ်လျဥ်း၍ ကမ္ဘာတစ်ခုလုံးရှိ ဘာသာတရားအများစုက လက်ခံကြ၏။ ကာဖိရ်၊မွတ်ရှ်ရိက်တို့ထံ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) ပွင့်လာပြီး၊ ၎င်းတို့အား သောင်ဟီးဒ်ဘက်သို့ ဖိတ်ခေါ်မှု ပြုခဲ့၏။ ထို ကာဖိရ်၊မွတ်ရှ်ရိက်တို့သည်လည်း ဖန်ဆင်းရှင်ဟူသည် အလ္လာဟ်တစ်ပါးတည်းသာ ဖြစ်တော်မူ၏ ဟူသောအချက်အား လက်ခံယုံကြည်ကြ၏။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ကသာ စင်္ကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းထားကြောင်း၊ ကျွန်တော်တို့အားလုံးကိုလည်း ဖန်ဆင်းထားကြောင်း လက်ခံကြပေ၏။ သို့သော် ၎င်းတို့ပြုလုပ်နေသော ရှိရ်က်(တန်းတူ၊ရည်တူအဖြစ်သတ်မှတ်ခြင်း)မှာ အလ္လာဟ်အရှင်မြတ်၏ ဝိသေသများတွင် အချို့ နတ်၊ရုပ်တုများကိုပါ ပူးတွဲယုံကြည်ကြခြင်း ဖြစ်၏။ ရိုဇီရိက္ခာပေးခြင်းဟူသောကဏ္ဍတွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်နတ်မင်းအား တာဝန်ပေးအပ်ထားသည်။ မိုးရွာသွန်းရေးကဏ္ဍတွင် အရှင်မြတ်သည် အဘယ်နတ်မင်းအား တာဝန်ပေးအပ်ထားသည်၊ ရောဂါပျောက်ကင်းစေရေးကဏ္ဍတွင် အရှင်မြတ်သည် အဘယ်နတ်မင်းအား တာဝန်ပေးထားသည် စသည်ဖြင့် ၎င်းမွတ်ရှ်ရိက်များက ဆိုလေ၏။ ထိုကဲ့သို့ အရှင်မြတ်၏ ဝိသေသများတွင် အခြားအခြားသော နတ်တို့အား တွဲဖက်ယုံကြည်ကြသည့်အတွက် ၎င်းတို့သည် မွတ်ရှ်ရိက်ဟု သတ်မှတ်ခံရကာ အပြစ်ကျူးလွန်သူများ ဖြစ်ကြရလေသည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင် လာရှိသည်မှာ- အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားခဝပ်ကိုးကွယ်ရာဟူ၍ အလျဉ်းရှိပါသေးသလား။ စူရဟ် နမလ် အာယသ်တော်အမှတ် ၆၀ ဆိုလိုသည်မှာ- အကယ်၍ အသင်တို့အနေနှင့် အလ္လာဟ်အရှင်မြတ်အပြင် ဖန်ဆင်းရှင်ဟူ၍ လုံးဝမရှိဟု ယုံကြည်နေကြပါလျှက် အရှင်မြတ်၏ ဝိသေသများတွင် အခြားသူများကို တန်းတူအဖြစ် သတ်မှတ်နေကြသည်မှာ အသိဥာဏ်ရှိသူတို့၏ လုပ်ရပ်မဖြစ်နိုင်ပေ။ ထို့ကြောင့် အသ်သောင်ဟီးဒွလ် အိအ်သိကာဒီ သည် အလ္လာဟ်အရှင်မြတ်၏ ရုပ်၊နာမ်တွင်လည်းကောင်း၊ ဝိသေသများတွင်လည်းကောင်း (မည်သည့်အရာတွင်မျှ) အရှင်မြတ်နှင့် တန်းတူ၊ရည်တူရှိသည်ဟု မသတ်မှတ်မှသာလျှင် ပြည့်စုံပေလိမ့်မည်။ ဆိုလိုသည်မှာ- လူသားသည် ခဝပ်ကိုးကွယ်မှုပြုလျှင် အရှင်မြတ်တစ်ပါးတည်းကိုသာ ပြုရမည်၊ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သူဟု သတ်မှတ်ပါလျှင် အရှင်မြတ်တစ်ပါးတည်းကိုသာ သတ်မှတ်ရမည်၊ စဂ်ျဒဟ်ချလျှင်လည်း အရှင်မြတ်တစ်ပါးတည်းရှေ့တွင်သာ စဂ်ျဒဟ်ချရမည်၊ တောင်းဆိုမှု ပြုလိုလျှင် အရှင်မြတ်ထံပါးသာ တောင်းဆိုရမည်၊ အခက်အခဲတို့အား ပြေလည်စေသောအရှင်၊ ရိက္ခာပေးသနားတော်မူသောအရှင်၊ ရှိလေသမျှသော ရောဂါတို့အား ဝေးကွာစေတော်မူသောအရှင်ဟူ၍လည်း အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူတစ်ဦးကိုမျှ မသတ်မှတ်ရပေ။ ဤသည်သာလျှင် ဟဇရသ် အာဒမ် (အလိုင်းဟိစ် စလာမ်)ခေတ်မှ မြတ်နဗီ (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) ခေတ်ထိတိုင် ပွင့်လေသမျှသော နဗီများအားလုံး ဖိတ်ခေါ်ခဲ့သော ပြည့်စုံသောသောင်ဟီးဒ်တရား ဖြစ်ပေသည်။ သောင်ဟီးဒ်၏ ဒုတိယအမျိုးအစားမှာ အသ်သောင်ဟီးဒွလ် အမလီ ဖြစ်၏။ ယင်း၏ ဆိုလိုရင်းမှာ- အလ္လာဟ်အရှင်မြတ်သာလျှင် ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သည်ဟူသော ယုံကြည်ချက်ကို လူသားသည် မိမိ၏ လက်တွေ့ဘဝ၌ အချိန်တိုင်း နေရာတိုင်း သတိတရဖြင့် ပုံဖော်ကျင့်ကြံခြင်း ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူတစ်ဦးတစ်ယောက်မျှ ကျွန်တော့်ကို နစ်နာဆုံးရှုံးနိုင်သည်မဟုတ်၊ ကောင်းကျိုးပေးနိုင်သည်မဟုတ်။ အရှင်မြတ်မှအပ အခြားမည်သူတစ်ဦးမျှ မဖြစ်မနေ အမိန့်နာခံထိုက်သူ အလျဉ်းမရှိ၊ ကျွန်တော့်အနေနှင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုသာ နာခံရမည်။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံရေးနှင့် ပတ်သက်၍ အလွန်ကြီးကျယ်လှပါသော စတေးမှုများပြုရလင့်ကစား လုံးဝ တွန့်တိုမည်မဟုတ်၊ စဉ်းစားမည်မဟုတ်၊ ငြင်းဆိုမည်မဟုတ် ဟု အချိန်တိုင်း သတိထားကာ ကျင့်ကြံနေရမည်။ လူသားတစ်ဦး၏ လက်တွေ့ကျင့်ကြံနေထိုင်မှုတွင် ဤယုံကြည်ချက်၏ ရုပ်သွင်သဏ္ဍာန်ပေါ်လာပါက သူတို့စင်တို့၏ ဝေါ်ဟာရတွင် အသ်သောင်ဟီးဒွလ် အမလီ၏ အဆင့်အတန်းရောက်သွားသည်ဟု ခေါ်ဝေါ်သတ်မှတ်ကြလေသည်။ ဖော်ပြပါ အသ်သောင်ဟီးဒွလ် အမလီ၏ ရလဒ်မှာ- လူသားသည် မိမိ၏ နေထိုင်ကျင့်ကြံမှုပိုင်းဆိုင်ရာ ကဏ္ဍအသီးသီးတွင် မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို သတိပြုရှေ့တန်းတင်လာ၏။ ကျွန်တော်၏ ဤခြေလှမ်းသည် အလ္လာဟ်အရှင်မြတ်အား နှစ်သက်စေမည်လော၊ သို့မဟုတ် အရှင်မြတ်အား မနှစ်မြို့စေမည်လော ဟူ၍ စဉ်းစားသုံးသပ်လာ၏။ ကျွန်တော်၏ ဤလုပ်ရပ်သည် အလ္လာဟ်အရှင်မြတ်အား ဖီဆန်ရာ ရောက်နေမည်လော ဟု စဉ်းစားလာ၏။ (သို့ဖြစ်ရာ) အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်နိုင်သည်ဟု စိုးရိမ်မိခြင်းသည် ၎င်းအား ထိုလုပ်ရပ်မှ ဟန့်တားလိုက်ပေသည်။ ထို့အပြင် (အသ်သောင်ဟီးဒွလ် အမလီ ပြည့်ဝသူသည်) အရှင်မြတ်မှအပ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်ရွံ့ခြင်း အလျဉ်းမရှိ၊ မည်သူ့ထံမှလည်း မျှော်လင့်ချက်မထားတော့၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အား ဖီဆန်ရန်အတွက် တစ်ဦးတစ်ယောက်က လောကီစည်းစိမ်များအားလုံး ၎င်းရှေ့သို့ ပုံချပေးပါလျှင်လည်း ထိုစည်းစိမ်တို့သည် ၎င်း၏ စွဲမြဲစွာကျင့်ကြံလာသော အရှင့်အမိန့်အတိုင်းနေထိုင်မှုကို ပြိုလဲပျက်ဆီးအောင် ပြုနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသူသည် အရှင်မြတ်၏ အမိန့်တော်များအား မျက်နှာလွှဲကာ နေနိုင်မည် မဟုတ်ပေ။ တစ်ဦးတစ်ယောက်က ထိုပုဂ္ဂိုလ်အား အတင်းအကျပ်စေခိုင်းရာ ထိုပုဂ္ဂိုလ်၏ရှေ့တွင် သေခြင်းတရား မြူးတူးခုန်ပေါက်နေသည်ကိုပင် မြင်နေရ၏။ သို့သော် ဖော်ပြပါအခြေအနေတို့ ဖြစ်နေလင့်ကစား သေခြင်းရှင်ခြင်းနှင့် ရောဂါဖြစ်စေခြင်း၊ရောဂါပျောက်ကင်းစေခြင်း စသည်တို့သည် အလ္လာဟ်အရှင်မြတ်၏ လက်ဝယ်တွင်သာ ရှိကြောင်း သိရှိယုံကြည်နေပေသည်။ (သို့ဖြစ်ရာ)အကယ်၍ အရှင်မြတ်သည် ဤအချိန်၌ ကျွန်တော့်သက်တမ်း ကုန်ဆုံးမည်ဟု သတ်မှတ်ထားပါလျှင် မည်သူမျှ ဟန့်တားနိုင်မည်မဟုတ်၊ အကယ်၍ ကျွန်တော့်သက်တမ်း ကျန်ရှိနေပါသေးလျှင် မည်သူမျှ သေစေနိုင်မည်မဟုတ်.. (ဟု ယုံကြည်နေသူဖြစ်၏။) ထို့ကြောင့် ၎င်းပုဂ္ဂိုလ်သည် မည်သည့်အချိန်တွင်မျှ တစ်စုံတစ်ရာကို စိုးရိမ်၍၊ တစ်ဦးတစ်ယောက်ကို ကြောက်ရွံ့၍ အရှင်မြတ်၏ အမိန့်တော်များကို မျက်နှာလွှဲကာ စွန့်ပယ်လိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ ရှိုက်ခ် စအ်ဒီ (ရဟ်မသွလ်လာဟိ အလိုင်းဟ်)က (ဖာရစီကဗျာ တစ်ခုတွင်) အမိန့်ရှိခဲ့၏။ သောင်ဟီးဒ်တရားကို လက်ကိုင်ထားသူ၏ အခြေအနေမှာ ဤသို့ဖြစ်၏။ အကယ်၍ သင့်အနေနှင့် ၎င်း၏ ခြေထောက်အောက်တွင် လောကရှိ ရွှေများကို ပုံပေးမည်... သို့မဟုတ် ၎င်း၏ ဦးခေါင်းပေါ်တွင် ဟင်ဒီဓါးမိုးမည်... ဆိုပါကလည်း ထိုသူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူတစ်ဦးတစ်ယောက်ထံမှ မျှော်လင့်ချက်ထားမည်မဟုတ်၊ အရှင်မြတ်အပြင် အခြားတစ်ဦးတစ်ယောက်ကိုလည်း ကြောက်ရွံ့မည်မဟုတ်ပေ။ ဤသည် သောင်ဟီးဒ်၏ အုတ်မြစ်ပင် ဖြစ်ပေတော့သည်။ ဂွလ်စ်သားန် နှာ-၂၄၃ မြတ်နဗီ (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)၏ အဖြစ်အပျက်ကို လူကြီးမင်းတို့ ကြားနာပြီးဖြစ်ပေမည်။ စစ်ပွဲတစ်ခု၏ နေ့လည်ချိန်တွင် မြတ်နဗီ(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)သည် သစ်ပင်တစ်ပင်အောက်၌ အနားယူနေတော်မူ၏။ ထိုအချိန်တွင် ရန်သူများထဲမှ လူတစ်ယောက်သည် တမန်တော်မြတ်(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) ရှိရာသို့ ရောက်လာခဲ့၏။ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)၏ ဓါးတော်သည် သစ်ပင်ထက်၌ ချိတ်ထားသည်ဖြစ်ရာ ထိုသူသည် မြတ်နဗီ(ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)၏ ဓါးတော်ကိုယူ၍ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)အား နှိုးလိုက်လေသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)အား မေးမြန်းခဲ့၏။ ယခု ကျွန်တော်၏ ဓါးမှ မည်သူကယ်တင်အံ့နည်း။ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) နိုးကြားလာသည့်အချိန်တွင် လူတစ်ယောက် ဓါးကိုင်ထားသည့် မြင်ကွင်းနှင့် ရုတ်တရက် ကြုံလိုက်ရသည်။ မျက်စိရှေ့တွင် သေခြင်းတရား မြူးကြွခုန်ပေါက်နေနိုင်သောအချိန် ဤသို့သော အခြေအနေတွင် လူတိုင်း သိနိုင်ပေသည်။ ထိုသူသည် ရန်သူဖြစ်သည်။ မြတ်နဗီ၏ သွေးကို ဆာလောင်မွတ်သိပ်နေသူဖြစ်သည်။ ၎င်း၏ လက်ထဲတွင် ဓါးလည်းရှိနေသည်။ လက်တွင်လည်း အားအင်ရှိနေသည်။ ထိုသူသည် မြတ်နဗီ (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်) အား မကောင်းသော ရည်စူးချက်ဖြင့် တိုက်ခိုက်ရန်လာခဲ့သူ ဖြစ်သည်။ သို့သော် မြတ်နဗီ (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)သည် တည်ငြိမ်အေးဆေးစွာဖြင့် ကျွန်တော့်ကို ကယ်တင်မည့်သူမှာ အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏ ဟူ၍ ဖြေကြားတော်မူခဲ့၏။ ဆိုလိုသည်မှာ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ဤအချိန်၌ ငါနဗီ အသတ်ခံရမည်ဟု သတ်မှတ်ခဲ့ပါမူ လောကရှိ မည်ကဲ့သို့သော အားအင်ရှိသူဖြစ်စေ ကယ်တင်နိုင်မည် မဟုတ်ပေ။ အကယ်၍ အရှင်မြတ်က ငါနဗီ၏ သက်တမ်း ကျန်ရှိနေသည်ဟု သတ်မှတ်ထားပါလျှင် သင်၏ ဤဓါး၊ သင်၏ ဤမုန်းတီးမှု တို့သည် အနည်းငယ်ပင် ထိခိုက်နစ်နာစေမည်မဟုတ်ပေ။ မြတ်နဗီ (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)သည် ဤအဖြေကို ယုံကြည်အားကိုးစွာဖြင့် ပြောဆိုခဲ့သည်ဖြစ်ရာ ထိုယုံကြည်ချက်ကြောင့် ရန်သူသည် တုန်လှုပ်ခြောက်ခြားသွားခဲ့၏။ ထိုသို့ တုန်လှုပ်ခြောက်ခြားနေစဉ်ပင် ၎င်း၏လက်မှ ဓါးလွတ်ကျသွားလေသည်။ ယခုမူ တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)၏ လက်တော်ဝယ် ဓါးရောက်နေ၏။ မြတ်နဗီ (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)သည် ဓါးတော်ကို ကိုင်၍ သင့်အား ဤဓါးတော်မှ၊ ငါနဗီ၏ တိုက်ခိုက်မှုမှ မည်သူ ကယ်တင်နိုင်မည်နည်း ဟု အမိန့်ရှိတော်မူ၏။ ထိုသူ့အတွက် အဖြေလုံးဝ မရှိခဲ့ပေ။ ထိုသူသည် တမန်တော်မြတ် (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)၏ ဤယုံကြည်မှု၊အားထားမှုကို တွေ့မြင်ပြီးနောက် အစ္စလာမ်သာသနာကို လက်ခံလိုက်ပြီး မွတ်စ်လင်မ် ဖြစ်သွားတော့လေသည်။ ဗိုခါရီကျမ်း ဟဒီးဆ်တော်အမှတ် ၂၆၉၄ မွတ်စ်လင်မ်ကျမ်း ဟဒီးဆ်တော်အမှတ် ၁၃၉၁ မွတ်စ်နဒ် အဟ်မဒ်ကျမ်း ဟဒီးဆ်တော်အမှတ် ၁၃၈၁၆ တင်ပြရခြင်း၏ ရည်ရွယ်ချက်မှာ အသ်သောင်ဟီးဒွလ် အမလီဟူသည် လူသားအနေနှင့် မိမိသက်တမ်းတစ်လျှောက်လုံး၏ ကဏ္ဍအသီးသီးတွင် ကျွန်တော်သည် လာအိလာဟ အိလ်လလ်လာဟု မုဟမ္မဒွရ် ရစူးလွလ်လာဟ် အား ဖတ်ရွတ်ထားပြီးနောက် ဖန်ဆင်းရှင်နှင့် ကတိကဝတ်ပြုထားခဲ့သည်။ ထို ဝန်ခံကတိပြုချက်၏ တောင်းဆိုချက်မှာ ကျွန်တော်အနေနှင့် သက်တမ်းတစ်လျှောက်လုံးရှိ မည်သည့်ခြေလှမ်း၌ပင်ဖြစ်စေ အရှင်မြတ်၏ အမိန့်တော်ကို ဖီဆန်မည်မဟုတ် ဟူ၍ ဖြစ်ပေ၏။ လူသားတစ်ဦးအနေနှင့် ဤအခြေအနေကို ရရှိထားပါက ယင်းအား အသ်သောင်ဟီးဒွလ် အမလီဟု ခေါ်ဆိုလေသည်။ ဤ အခြေအနေသာလျှင် လူသား၏ ဘဝတစ်ခုလုံးကို ပြောင်းလဲနိုင်ပေသည်။ ဤသည်ပင်လျှင် လူသားအား ဂျဟန္နမ်သွားရောက်ရမည့်အခြေအနေမှ ဂျန္နသ်သွားရမည့်အခြေအနေသို့ ပြောင်းလဲပေးနိုင်ပြီး အလ္လာဟ်အရှင်မြတ်၏ ရွံရှာမုန်းတီးသူအဖြစ်မှ အရှင့်အချစ်တော် ဖြစ်စေနိုင်ပေသည်။ ဤ အသ်သောင်ဟီးဒွလ် အမလီအား ရနိုင်သော နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်၏။ ဤ ကတိကဝတ်ပြုပြီးနောက် ကျွန်တော့် အပေါ် မည်သည့်တာဝန်များရှိလာသနည်း၊ အလ္လာဟ်အရှင်မြတ်သည် ကျွန်တော့်အား မည်သည့်အမိန့်များ ပေးထားပါသနည်း၊ မည်သည့်အရာများမှ တားမြစ်ထားပါသနည်း ဟူသည်ကို အရာအားလုံးထက်အရင် သိရှိနားလည်အောင် ကြိုးစားရမည်ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် မြတ်နဗီ (ဆွလ်လလ်လာဟု အလိုင်းဟိ ဝစလ်လမ်)က ပညာသင်ကြားခြင်းသည် မွတ်စ်လင်မ်တိုင်းအပေါ် မလုပ်မနေရ တာဝန်ဖြစ်သည်ဟု အမိန့်ရှိခဲ့ခြင်း ဖြစ်ပေသည်။ အိဗ်နုမာဂျဟ်ကျမ်း ဟဒီးဆ်တော်အမှတ် ၂၂၀ အီမာန်သက်ဝင်ယုံကြည်ပြီးနောက် ပထမဦးဆုံးအနေနှင့် သာသနာ့အသိပညာ သင်ကြားရန်အတွက် မွတ်စ်လင်မ်တိုင်းအပေါ် တာဝန်ပေးထား၏။ ဆိုလိုသည်မှာ- အရှင်မြတ်၏ နှစ်သက်မှုမှာ အဘယ်အရာနည်း၊ အရှင်မြတ်၏ အမိန့်ဖီဆန်ခြင်းမှာ မည်သို့နည်း စသည်ကို သိရှိရန် ကြိုးစားခြင်း ဖြစ်ပေသည်။ လူသားအနေနှင့် ဤကိစ္စများကို သိရှိပြီးနောက် မိမိ၏ သက်တမ်းတစ်လျှောက်လုံး အရှင်မြတ်၏ အမိန့်တော်များအား လိုက်နာကျင့်သုံးခြင်း၊ အရှင်မြတ်၏ အမိန့်ဖီဆန်ခြင်းမှ ရှောင်ကျဉ်ခြင်း စသည်တို့ကို လက်တွေ့လိုက်နာကျင့်သုံးလာနိုင်မည် ဖြစ်သည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးကို သောင်ဟီးဒ်တရား၏ စစ်မှန်သော တောင်းဆိုချက်များကို နားလည်သဘောပေါက်နိုင်စွမ်း ပေးသနားတော်မူပါ။ ထို တောင်းဆိုချက်များအပေါ် ပြည့်ပြည့်ဝဝ လိုက်နာနိုင်စွမ်း ပေးသနားတော်မူပါ။ ထို သောင်ဟီးဒ်တရား၏ အကျိုးဆက်အားလုံး၊ အသီးအပွင့်အားလုံးမှ အကျိုးခံစားခွင့် ပေးသနားတော်မူပါ။ အာမီးန် ဝအာခိရု ဒအ်ဝါနာ အနိလ် ဟမ်ဒု လိလ်လာဟိ ရဗ်ဗိလ် အာလမီးန်
Post a Comment