အသိပေးခြင်း
က
Home » , » အလ်ကိုဟောလ် ရောနှောပါရှိသည့် ဆေးများ၏ အမိန့်

အလ်ကိုဟောလ် ရောနှောပါရှိသည့် ဆေးများ၏ အမိန့်


အလ်ကိုဟောလ် ရောနှောပါရှိသည့် ဆေးများ၏ အမိန့် ကျွန်တော်တို့နေထိုင်ရာ အနောက်နိုင်ငံများရှိ ဆေးအများစုတွင် အလ်ကိုဟောလ် ၁ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ပါဝင်၏။ များသောအားဖြင့် ထိုကဲ့သို့သော ဆေးများကို နှာစေး၊ချောင်းဆိုး၊လည်ပင်းယားယံခြင်း စသည့် မပြောပလောက်သော ရောဂါများအတွက် အသုံးပြုကြ၏။ ၉၅ ရာခိုင်နှုန်းခန့်မျှ ဆေးများတွင် အလ်ကိုဟောလ်ပါဝင်နေပေရာ ယနေ့ခေတ်တွင် အလ်ကိုဟောလ်မပါဝင်သော ဆေးများကို ရှာသောက်ရန် မလွယ်ကူတော့ဘဲ မဖြစ်နိုင်သောကိစ္စတစ်ခု(အလား) ဖြစ်လာတော့လေသည်။ ထိုအခြေအနေတို့တွင် ဤကဲ့သို့သောဆေးများကို အသုံးပြုခြင်းနှင့်ပတ်သက်၍ တရားတော်၏ အမိန့်မည်သို့ရှိပါသနည်း။ အဖြေ။ ။ ယနေ့အချိန်အခါဝယ် အရက်ရောနှောပါဝင်သော ဆေးများ၏ ပြဿနာမှာ အနောက်နိုင်ငံများတွင်သာ သီးသန့် ကြုံတွေ့နေရသော ပြဿနာဟု မဆိုနိုင်တော့ပေ။ အစ္စလာမ့်နိုင်ငံများအပါအဝင် ကမ္ဘာအဝှမ်းတွင် ထိုပြဿနာကို ရင်ဆိုင်နေကြ၏။ အိမာမ် အဗူဟနီဖဟ် (ရဟ်မသွလ်လာဟိ အလိုင်းဟ်)ထံတွင် ထိုပြဿနာကို ရှင်းလင်းရန်အတွက် လွယ်ကူပေ၏။ အဘယ်ကြောင့်ဆိုသော်- အိမာမ် အဗူဟနီဖဟ်နှင့် အိမာမ် အဗူယူစွဖ် (ရဟ်မသွလ်လာဟိ အလိုင်းဟိမာ)တို့ထံတွင် စပျစ်သီးနှင့် စွံပလွန်သီးအပြင် ကျန်အရာတို့ဖြင့် ပြုလုပ်ထားသောအရက်ကို ဆေးဖြစ်ဝါးဖြစ် ဖြစ်စေ၊ အားအင်တိုးစေရန် ဖြစ်စေ မမူးနိုင်သော အတိုင်းအတာခန့်မျှ သောက်ခြင်းသည် ပိုင်ပေ၏။ ဖသ်ဟွလ် ကဒီးရ် တွဲ ၈ နှာ၁၆၀ ထို့အပြင် ဆေးဝါးများတွင် ရောနှောသော အလ်ကိုဟောလ်၏ မြောက်မြားစွာသော အမျိုးအစားတို့သည် စပျစ်သီးနှင့်စွံပလွန်သီးအပြင် အခြားအရာများဖြစ်သော သားရေ၊ မြေကြီးမှထွက်သော ကာကီရောင်အရာဝထ္ထုတစ်မျိုး၊ ပျားရည်၊ သကြားခဲ၊ ကောက်ပဲသီးနှံအမျိုးအမျိုးတို့၏ အနှံ၊အဖူး၊အပွင့်၊အသီး၊မျိုးစေ့ စသည်တို့နှင့် အခြားအရာတို့မှ ထုတ်လုပ်လေသည်။ အင်စိုင်ကလိုပီးဒီယား အော့ဖ် ဘရီတာန်နီကာ တွဲ ၁၊ နှာ ၅၄၄ ထို့ကြောင့် ဆေးများတွင် အသုံးပြုလေ့ရှိသော အလ်ကိုဟောလ်ကို အကယ်၍ စပျစ်သီးနှင့် စွံပလွန်သီးအပြင် အခြားအရာများမှ ရရှိပါက အိမာမ် အဗူဟနီဖဟ်နှင့် အိမာမ် အဗူယူစွဖ် (ရဟ်မသွလ်လာဟိ အလိုင်းဟိမာ) တို့၏ထံတွင် ထိုဆေးများကို သုံးစွဲခြင်း ပိုင်ပေသည်။ စည်းကမ်းချက်မှာ- ၎င်းသည် မူးဝေစေနိုင်သော အတိုင်းအတာထိ မရောက်စေရ။ (သို့ဖြစ်ရာ) ဆေးကုသရန်အတွက် ထို အေမာမ် (၂)ပါး၏ အဆိုအတိုင်း ကျင့်သုံးခွင့် ရှိပေသည်။ အကယ်၍ ၎င်းအရက်ကို စပျစ်သီးနှင့် စွံပလွန်သီးမှပင် ရယူထားပါက (ထိုအရက်ပါဝင်သော)ဆေးကို သုံးစွဲခြင်း မပိုင်တော့ပေ။ သို့ရာတွင် ကျွမ်းကျင်သော ပါရကူတစ်ဦးက ... ဤရောဂါအတွက် ဤဆေးမှအပ အခြားဆေးဟူ၍ မရှိနိုင်တော့ ဟု ပြောဆိုပါလျှင် ထိုပုံစံတွင် (စပျစ်သီးနှင့် စွံပလွန်သီးဖြင့် ပြုလုပ်ထားသော အရက်ပါဝင်နေသော) ထိုဆေးကို သုံးစွဲနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဟနဖီ မဇ်ဟဗ်တွင် ဖော်ပြပါ အခြေအနေတွင် ဟရာမ် ပစ္စည်းဖြင့် ဆေးကုခြင်း ပိုင်ပေ၏။ အလ်ဗဟ်ရွရ် ရာအိက် တွဲ ၁ နှာ ၁၁၆ အိမာမ် ရှာဖိအီ (ရဟ်မသွလ်လာဟိ အလိုင်ဟ်)ထံတွင်မူ (အရက်အပါအဝင်) ဟရာမ်ဖြစ်နေသောအရည်သက်သက်ကို ဆေးအဖြစ် အသုံးပြုခြင်းသည် မည်သည့်အခြေအနေတွင်မျှ မပိုင်ပေ။ သို့ရာတွင်  အရက်၏ ပင်ကိုယ်ဗီဇပြောင်းလဲသွားလောက်အောင် ဆေးဝါးတစ်ခုခုတွင် ပျော်ဝင်စေပါက၊  အခြားသန့်ပြန့်သော အရာများမှ မရနိုင်သော ကောင်းကျိုးတစ်ခုကို ထိုဆေးမှ ရယူရန် ရည်ရွယ်ပါက ဤပုံစံတွင် ဆေးကုသရန်အတွက် ထိုဆေးများကို သုံးစွဲခွင့် ရှိပေသည်။ ဤသို့ပင် အလာမဟ် ရမ်လီ (ရဟ်မသွလ်လာဟိ အလိုင်ဟ်)က နိဟာယသွလ် မို့ဟ်သားဂ်ျ ကျမ်းတွင် အောက်ပါအတိုင်း အမိန့်ရှိတော်မူ၏။ အရက်သည် ဆေးတစ်ခုခုတွင် ပျော်ဝင်သွားကာ ၎င်း၏ မူလပုံစံ ပျက်သုဉ်းသွားပါက ၁။ ဆေးပညာ့ရပ်ဝန်းတွင် ထိုဆေး၏ အစွမ်းထက်ပုံသည် အတည်ပြုပြီး ဖြစ်လျှင်၊ သို့မဟုတ် အာဒိလ် (မွတ်စ်လင်မ်ဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသော) ဒေါက်တာ တစ်ဦးက ထိုဆေးနှင့် ပတ်သက်၍ အကျိုးဖြစ်ထွန်းနိုင်သောဆေးဖြစ်ကြောင်း သတင်းပေးလျှင်၊ ၂။ ထိုဆေး မလိုအပ်လောက်အောင် အခြားသန့်ပြန့်သော အရာတစ်ခု မရှိလျှင် ထိုဆေးဖြင့် ရောဂါကုသခြင်းသည် ပိုင်လေသည်။ ထိုနည်းတူစွာ အခြားသော မသန့်အရာများတွင်လည်း ဤအမိန့်ပင် ဖြစ်၏။ နိဟာယသွလ် မို့ဟ်သားဂ်ျ တွဲ ၈ နှာ ၁၂ ထို့အပြင် အရက်သက်သက်ကို ဆေးအဖြစ် အသုံးပြုလေ့မရှိပေ။ အမြဲတစေ အခြားဆေးဝါးများနှင့် ရောကာ အသုံး ပြုကြလေသည်။ ထို့ကြောင့် နောက်ဆုံးအဖြေမှာ အိမာမ် ရှာဖီအီ (ရဟ်မသွလ်လာဟိ အလိုင်းဟ်)ထံပါးတွင်လည်း အရက်ရောနှောပါဝင်သည့် ဆေးများကို ဆေးကုသရန်အတွက် အသုံးပြုခွင့်ရှိ၏ ဟူ၍ ဖြစ်လေသည်။ (ထိုဆေးများကို အသုံးပြုခြင်းသည်) မာလီကီများနှင့် ဟန်ဗလီများထံတွင်မူ မဖြစ်မနေ အကြပ်အတည်းဖြစ်နေသော အချိန်အခါမှလွဲ၍ ကျန်အခြေအနေတို့တွင် ကျွန်တော်သိရသလောက် မပိုင်ပေ။ မည်သို့ပင်ဖြစ်စေ လက်ရှိခေတ်၌ ထိုဆေးဝါးများကို အသုံးပြုခြင်းသည် (နေရာမရွေး၊ ပုံစံမရွေး) အလွန် များပြား လာသောကြောင့် ဤမတ်စ်အလဟ်တွင် ဟနဖီများ သို့မဟုတ် ရှာဖိအီများ၏ လမ်းစဉ်အတိုင်း အသုံးပြုခွင့် ရှိသည်ဟု ခွင့်ပေးသင့်ပေသည်။ (မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်ပါသည်။) ထို့အပြင် ဤမတ်စ်အလဟ်ကို ဖြေရှင်းရန်အတွက် အခြားပုံစံတစ်ခုလည်း ရှိနေသေး၏။ (ထိုပုံစံမှာ) ဤကိစ္စကို ဆေးဝါးကျွမ်းကျင်သူများအား မေးမြန်းကာ ဖြေရှင်းခြင်း ဖြစ်ပေသည်။  (မေးခွန်းမှာကား) အလ်ကိုဟောလ်ကို ဆေးများတွင် ရောနှောလိုက်ပြီးနောက် ယင်းအလ်ကိုဟောလ်၏ မူလဗီဇ မူလအခြေအနေ ကျန်ရှိနေပါသလား  သို့မဟုတ် ထိုသို့ ဒြပ်သဘောအရ ပြောင်းလဲမှု အမျိုးမျိုး ဖြစ်ပြီးနောက် အလ်ကိုဟောလ်၏ ပင်ကိုယ်ဗီဇနှင့် မူလအခြေအနေ ပျက်ပြယ်သွားပါသလား ဟူ၍ဖြစ်၏။ အကယ်၍ အလ်ကိုဟောလ်၏ ဗီဇ၊ မူလအခြေအနေ ပျောက်ပြယ်သွားပါက၊ ထို့အပြင် ဒြပ်ပြောင်းလဲမှုအဆင့်ဆင့်ကို ကျော်ဖြတ်ပြီးနောက် အလ်ကိုဟောလ်သည် အလ်ကိုဟောလ် မဟုတ်တော့ဘဲ အခြားအရာတစ်ခုအသွင် ပြောင်းလဲသွားပါက ဤပုံစံတွင် ယင်းဆေးဝါးများကို သုံးစွဲခြင်းသည် အိမာမ်များအားလုံးထံပါး၌ အကွဲအလွဲမရှိ ပိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် အရက်သည် ရှလကာရည်အဖြစ် ပြောင်းလဲသွားခဲ့သော် ပညာရှင်များအားလုံးထံပါး၌ မူလဗီဇနှင့် မူလအခြေအနေ ပြောင်းလဲသွားသောကြောင့် ၎င်းရှလကာရည်ကို အသုံးပြုခြင်း ပိုင်သွားပေတော့သည်။ (မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်သာ အသိရှိဆုံးဖြစ်တော်မူ၏။) အလ်ဟမ်ဒုလစ်လာဟ်။ 9:28 PM 2/6/2015 Friday
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger