မောင်လနာ အဗ်ဒွရ်ဟလီးမ် ဆားဗ်၏ အမှာစကား
نحمده ونصلي على رسوله الكريم
စာဖတ်ပရိတ်များ ရှေ့တွင်ရောက်ရှိလာသော စာအုပ်ကလေးမှာ အမှန်စင်စစ် သီးသန့်စာအုပ်တစ်အုပ် မဟုတ်ပါ။ ကျွန်တော်များ ကျောင်းတော်တွင် ဗိုခါရီခသမ်သိမ်းပွဲအား အလေးထား အရေးပေးမှု့ ခေါင်းစဉ်အောက်တွင် ဆရာတို့၏ထိတ်ခေါင် ဟဇရသ် မွဖ်သီ မုဟမ္မဒ် ဟနီးဖ်ဆားဗ် ဟောပြောခဲ့သော စကားများသာ ဖြစ်ပါသည်။ ထိုသို့ ဟောပြောရာတွင် ဆရာသခင်ကြီးသည် မျက်မှောက်ခေတ်ရှိ ကျောင်းအများစုတွင် ရေပန်းစားနေသော ထုံးလမ်းစဉ်လာ တစ်ခုအား ထိထိရောက်ရောက် ချေမှုန်းတိုက်ဖျက်ခဲ့ပြီး ဆန့်ကျင်မြွတ်ဟခဲ့ပါသည်။ အလ္လာဟ်အရှင် ထိုဆရာသခင်ကြီးအား အကောင်းမွန်ဆုံးသော အစားချီးမြှင့် ပေးသနားတော်မူပါစေ။
ထိုဟောပြောမှု့ကို နားထောင်ပြီးနောက် စိတ်အာသီသတစ်ခု ဖြစ်လာသည်မှာ- ဆရာကြီး၏ ဟောပြော တင်ပြချက်များအား (စာအုပ်ငယ်အသွင် ရေးသား) ထုတ်ဝေရန် ဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်ပါက အကျိုးဖြစ်ထွန်းမှု့များစွာ ရှိလာနိုင်ပေသည်။ ခက်သည်မှာ- တရားသစ်တီထွင်မှု့များ၊ ဓလေ့ရိုးရာတို့အား ဆန့်ကျင် တိုက်ခိုက်နိုင်သည့် အလံကိုင်ခေါင်းဆောင်များကသာ ဤဗိုခါရီခသမ်သိမ်းပွဲနှင့် ဘွဲ့နှင်းသဘင်ကျင်းပမှု့အား ဦးဆောင်လုပ်ကိုင်နေကြသည်။ အကယ်၍ ကအ်ဗဟ်ကျောင်းတော်အား ထိန်းသိမ်းစောင့်ရှောက်နေကြသူ များသည် ရုပ်ထုကိုးကွယ်သူများ ဖြစ်နေကြပါလျှင် မည်သို့မျှ ကုစားနိုင်တော့မည် မဟုတ်။ မိမိကိုယ်တိုင် မိမိအခြေအနေ အရပ်ရပ်တို့အား လေ့လာကြည့်ရှု့ ကုစားမှသာလျှင် ရနိုင်တော့မည်ဖြစ်သည်။
ရှင်မြတ်အလ္လာဟ်ထံပါးမှ တောင်းဆုပြုမိသည်မှာ- ဤစာအုပ်ငယ်လေးအား လက်ခံတော်မူပြီး ပြည့်ဝသော အကျိုး ဖြစ်ထွန်းစေတော်မူပါ။ အထူးသဖြင့် သာသနာ့ပညာရှင်များ အရှု့တွင် လက်ခံ၊နှစ်သက်ခြင်း ခံရစေတော်မူပါ။
ရှအ်ဗာန်လမြတ် ၁၀ရက်- ၁၄၁၇ ခုနှစ် ဟိဂ်ျရီ
မောင်လာနာ မုဟမ္မဒ် ဟမ်ဇဟ်၏ အမှာစကား
الحمد لله وكفي وسلام على عباده الذين اصطفي أما بعد
လွန်လေပြိးခဲ့သော ခေတ်များရှိ သာသနာ့ပညာရှင်ကြီးများသည် ၎င်းတို့ရှေ့တွင် ရှိခဲ့ကြသော သာသနာ့အကြီးအကဲများ၏ လမ်းစဉ်အား မိမိတို့ ပြုကျင့်ဆောက်တည်ရမည့် အရာများဟူ၍ သတ်မှတ်လေ့ရှိကြသည်။ မိမိတို့၏ ဆရာသခင် အကြီးအကဲများ၊ လွန်လေပြီးခဲ့သော ခေတ်များရှိ သာသနာ့ခေါင်းဆောင်များ ပြုမူကျင့်ကြံပုံနှင့် ကွဲလွဲနေသည့် လုပ်ရပ်တိုင်းအား ရှောင်ကျဉ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော်- ၎င်းတို့ ယုံကြည်ထားသည်မှာ ကျွန်ုပ်တို့၏ ဆရာသခင်များသည် ဆရာ့ဆရာတို့၏ လမ်းစဉ်ကိုသာ ကျင့်သုံးနေခဲ့ကြသည်။ ထိုဆရာ့ဆရာများကိုလည်း ၎င်းတို့၏ ဆရာများက ဤအတိုင်းပင် သင်ပေးခဲ့ကြသည်။ ဤနည်းဖြင့် ထိုလုပ်ရပ်များ၏ ကွင်းဆက်သည် ဆွဟာဗဟ်များထံသို့ ရောက်ရှိချိတ်ဆက် သွားပေသည်။ ထို့အတွက်ကြောင့်ပင် တရားမြတ်တော်၌ التعامل (လူအများပြုမူဆောင်ရွက်လာခြင်း) နှင့် الإجماع الفعلي (လုပ်ရပ်တစ်ခုအား သာသနာ့ပညာရှင်များ၏ တစ်စုတစ်စည်းတည်း ဆုံးဖြတ်ချက်ချခြင်း) တို့သည် ခိုင်လုံတိကျသော အထောက်အထားများအဖြစ် သတ်မှတ်ခံထားရခြင်း ဖြစ်ပေသည်။ ဤသို့ဖြင့် ထိုသို့ ပြုမူဆောင်ရွက်ခဲ့ကြသူများအား အဟ်လေ့စွန္နသ် ဝလ်ဂျမာအသ် ဟူ၍ ကင်ပွန်းတပ်ခေါ်ဝေါ်ခံခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့သာသနာ့ခေါင်းဆောင်များ လျှောက်လှမ်းခဲ့သော လမ်းစဉ်ကိုသာလျှင် နောက်လိုက်ခဲ့ကြပြီး ကျန်ရှိနေသည့် လမ်းမှားတို့မှ အမြဲတစေ ရှောင်ရှားခဲ့ကြသည်။
အချုပ်ဆိုရသော် ကျွန်ုပ်တို့၏ ဆရာသခင်ကြီးများသည် မိမိတို့ဆရာများ၊ ခေါင်းဆောင်ကောင်းများအား ယုံကြည်ကိုးစား၍ ဖဝါးခြေထပ် နောက်လိုက်ခဲ့ကြသည်။ ထို့အပြင် ဆရာသခင်ကြီးများ လျှောက်လှမ်း ခဲ့သော လမ်းစဉ်အား တမန်တော်မြတ်(ဆွ)နှင့် ဆွဟာဗဟ်သာဝကများ လျှောက်လှမ်းခဲ့သော ၊ ပြုမူကျင့်ကြံခဲ့သော၊ တိကျသော စွန္နသ်တော်တစ်ခု (သို့မဟုတ်) မိမိတို့ ဆရာ့ဆရာများ လေ့လာ စူးစမ်းပြီးနောက် ထုတ်ပြန်ထားသော အမိန့်တစ်ခုနှင့် ထပ်တူထပ်မျှဖြစ်ကြောင်း မှတ်ယူလေ့ရှိကြသည်။
ထို့ကြောင့် ၎င်းတို့ခေတ်ကာလတွင် ကိစ္စတစ်ခုဖြစ်ပေါ်လာပြီး "ထိုကိစ္စသည် သာသနာ့ခေါင်းဆောင်များ၏ လမ်းစဉ်နှင့် ဆန့်ကျင်နေသည်"... "သာသနာ့ခေါင်းဆောင်များ ထိုသို့ မလုပ်ခဲ့"... "သာသနာ့ခေါင်းဆောင်များသည် ထိုသို့ ပြုလုပ်ခြင်းအား မနှစ်သက်ခဲ့"... "သာသနာ့ခေါင်းဆောင်များ ထိုသို့ ပြုခဲ့သည်ဟု မလာရှိခဲ့"... စသည်ဖြင့် ပြောဆိုခြင်းမှာ ၎င်းတို့၏ ဆရာသခင်အကြီးအကဲများထံတွင် တိကျရှင်းလင်းစွာဖြစ်စေ၊ သို့မဟုတ် တဆင့်ခံအကြောင်းတရား တစ်ခုခုကြောင့်ဖြစ်စေ ထိုကိစ္စ၏ ဆန့်ကျင်ဖက် စွန္နသ်တော်တစ်ခုခု အတည်ဖြစ်ခဲ့ကြောင်း၊ ဆရာသခင်များ၏ လေ့လာစူးစမ်းမှု့တွင် ထိုကိစ္စသည် စွန္နသ်တော်နှင့် မကိုက်ညီကြောင်းကို ဆိုလိုခြင်းဖြစ်ပေသည်။
ကျွန်ုပ်တို့ကျောင်းတော်ရှိ အာလင်မ်ကို့စ် နောက်ဆုံးနှစ်တွင် ပညာသင်ကြားနေကြသော ကျောင်းသားများ သည် ယခုနှစ် ဗိုခါရီခသမ်သိမ်းပွဲနှင့် ပါတ်သတ်၍ စီမံခန့်ခွဲမှု့များ၊ ပြင်ဆင်မှု့များ ပြုလုပ်နေခဲ့ကြသည်။ ဥပမာအားဖြင့် ပြင်ပဧည့်သည်များအား ဘွဲ့နှင်းသဘင်အခန်းအနားသို့ တတ်ရောက်ရန် ဖိတ်ကြားနေ ခဲ့ကြသည်။ အချိုပွဲများ ပြုလုပ်နေခဲ့ကြသည်။ ကဗျာ၊အလင်္ကာများ၊နအသ်များ အစရှိသည်တို့ကို ရွတ်ဖတ်ကြရန်လည်း ဆန္ဒထားခဲ့ကြသည်။ ပိုဆိုးသည်မှာ- ကျောင်းဆရာများ ကျောင်းတာဝန်ခံ ဆရာကြီးများအား အသိမပေးပဲ ဖုံးကွယ်ကာ ထိုကိစ္စများအား ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ကျောင်းတာဝန်ခံ ဆရာကြီး (မောင်လာနာ အဗ်ဒွရ်ရဟီးမ်ဆားဗ်၏သား) သည် ဤအခြေအနေ အရပ်ရပ်အား တွေ့မြင်သိရှိသွားသောအခါ "ဗိုခါရီခသမ်ပွဲ ရောက်လာလျှင် ပွဲလမ်းသဘင် ကျင်းပခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခြင်း၊ အကျွေးအမွေးများ စီမံခြင်း စသည့်လုပ်ရပ်များအား လုပ်ပိုင်ခွင့်ရှိ၏။ မရှိ၏။" ဟူသောအချက်ကို ကျောင်းတော်ကြီး၌ ဆရာသခင်ကြီးများ ရှိနေစဉ် ရတိပြတ် ဖြစ်သင့်သည်ဟု တွေးတော်မိခဲ့လေသည်။ ထိုဆရာသခင်အကြီးအကဲများ ရှိနေစဉ်တွင် ဤကဲ့သို့ ပွဲလမ်းသဘင်ကျင်းပနေပါက နောက်နောင်တွင် ပွဲသဘင်အခန်းအနားကျင်းပခြင်းသည် မည်သည့်နေရာသို့ ရောက်သွားမည်ကို မည်သူမှ မသိနိုင်ပေ။ ထို့အပြင် နောင်လာနောင်သားတို့သည် ဆရာသခင်ကြီးများ၏ လုပ်ရပ်များဖြစ်ခဲ့သည်ဟု အထောက်အထားပေး ပြောဆိုလာကြမည်ဖြစ်သည်။
ထို့ကြောင့် ကျောင်းပညာရေးမှူးဆရာကြီးသည် ကျောင်းတော်ကြီး၏ ရှိုင်ခွလ်ဟဒီးဆ်ဆားဗ် မောင်လနာ မွဖ်သီ မုဟမ္မဒ် ဟနီးဖ်ထံသို့ သွားရောက်၍ အခြေအနေအရပ်ရပ်တို့အား တင်ပြခဲ့ရာ မွဖ်သီဆားဗ်သည် ကျောင်းသား များနှင့် ကျောင်းရှိဆရာများအား စုဝေးစေရန် အမိန့်ပေးခဲ့ သည်။ ကျောင်းသားများနှင့် ကျောင်းဆရာများ စုံညီသည့်အချိန်တွင် ထိရောက်ပြောင်မြောက် လှသော မိန့်ခွန်းတော်များအား မိန့်ချွေတော်မူခဲ့၏။ ထိုမိန့်ခွန်းများတွင် ဗိုခါရီခသမ်သိမ်းပွဲအတွက် ပျော်ပွဲများ ကျင်းပခြင်းအား တားမြစ်ပိတ်ပင်တော်မူခဲ့လေသည်။
ဝမ်းနည်းဖွယ်ကောင်းသော ကိစ္စတစ်ခုမှာ- ထိုမိန့်ခွန်းများအား မြွတ်ဟပြောကြားနေချိန်တွင် ရေးမှတ် ထားနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ သို့သော် နောက်ပိုင်းတွင် ပညာရေးမှူး၏ အမိန့်ဖြင့် ဦးဏှောက်တွင် စွဲကျန်ရစ်ခဲ့သော ဆရာကြီး၏စကားများအား အကျဉ်းချုံးကာ စာစီခဲ့ပြီး မွဖ်သီဆားဗ်အား ပြသခဲ့ပါသည်။ ဤစာအုပ်ငယ်လေး တွင် ဆရာကြိး၏ မိန့်ခွန်းတော်များနှင့် ပညာရေးမှူး၏ ခံစားချက်များ နှစ်ခုလုံးကို ရေးသားတင်ဆက် ထားပါသည်။ သာသနာ့ပညာရှင်များ အထူးသဖြင့် အာလင်မ်ကို့စ်၏ နောက်ဆုံးနှစ်တွင် တတ်ရောက်ပညာ သင်ကြားနေကြသော ကျောင်းသားများ ဤကိစ္စနှင့် ပတ်သတ်၍ အထူးအားရုံပြု၊ သတိထားပြီး ဤဓလေ့ဆိုးကြီးအား ဖျက်ဆီးကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။
ဤစာအုပ်ငယ်လေးအား ရေးသားပြီး ထုတ်ဝေရန်အတွက် လက်ရေးလှရေးသားခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူထံသို့ ပေးအပ်ခဲ့ပါသည်။ ထိုအချိန်၌ မျှော်လင့်မထားပဲ မင်္ဂလာကောင်းချီးတစ်ပါး သဖွယ် ဟဇရသ် ဟရ်ဒိုအီထံမှ ဤ(ဗိုခါရီခသမ်သိမ်းပွဲ)နှင့် ပတ်သတ်သော ဓမ္မသတ်မေးမြန်းစာ တစ်စောင် စာတိုက်မှတဆင့် ရောက်လာခဲ့ပါသည်။ ဟဇရသ် ဟရ်ဒိုအီ ဆိုသည်မှာ ဟဇရသ် ဟကီမွလ်အွမ္မသ် ထာနဝီဆားဗ်၏ ခလီဖဟ်ဖြစ်သော မိုဟစ်ယွစ်စွန္နဟ် ဟဇရသ် ရှားအဗ်ရာရွလ်ဟက် ဖြစ်သည်။ ဓမ္မသတ်မေးမြန်းစာ တစ်စောင်ဖြစ်သော်လည်း အမှန်စင်စစ် ကျွန်ုပ်တို့ကျောင်းရှိ ဆရာသခင်များ အား ထောက်ခံထားခြင်းသာ ဖြစ်၏။ ထိုစာမှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖက်တော် မှ ရောက်ရှိလာခြင်းသာ ဖြစ်ပေရာ ဟဇရသ် မွဖ်သီ မုဟမ္မဒ် ဟနီးဖ်၏ အဖြေလွှာနှင့်အတူ ရေးသား ထုတ်ဝေလိုက်ရပါသည်။
Post a Comment