အသိပေးခြင်း
က
Home » , , » အကုသိုလ်ကျူးလွန်သူအား မမုန်းတီးပါနှင့်။ အပိုင်း(၁)

အကုသိုလ်ကျူးလွန်သူအား မမုန်းတီးပါနှင့်။ အပိုင်း(၁)


بسم الله الرحمن الرحيم
ယခုဖတ်မယ့် ပို့စ်လေးဟာ မွဖ်သီသကီးအွတ်စ်မာနီဆားဗ် ဟောကြားခဲ့သော ဘယာန်များမှ ရွေးချယ်ကောက်နှုတ် ဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက် အလွန်တန်ဖိုးရှိလှသည်ဖြစ်သည်ကြောင့် ကောင်စွာ မှတ်သားပြီး၊ လက်တွေ့လိုက်နာနိုင်အောင်၊ ထပ်ဆင့်ပို့ချနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။ စာဖတ်သူများနဲ့ ဝိုင်းတော်သားများ ဂိုနဟ်ကို ရွံမုန်းပြီး၊ ဂိုနဲဟ်ဂါရ် (အကုသိုလ်ကျူးလွန်သူ)အား ဂရုဏာမျက်စိဖြင့် ကြည့်နိုင်ကြပါစေ။ ၎င်းအား မကောင်းမမြင်ပဲ ကိုယ်ချင်းစာစိတ်ဖြင့် ခံစားပေးပြီး ပြုပြင်ရေးဂေဟာသို့ ပို့ပေးနိုင်ကြပါစေ။
အကုသိုလ်ကျူးလွန်သူအား ထိုးနှက်ဝေဖန်ခြင်း၏ ပြစ်ဒဏ်
တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူ၏။
တစ်ဦးတစ်ယောက်သည် မိမိနောင်တော် မွတ်စ်လင်မ်တစ်ဦးအား ၎င်းသောင်ဗဟ်ပြုပြီးဖြစ်သော ဂိုနဟ်အကုသိုလ်နှင့် ပတ်သတ်၍ အပြစ်တင်၊ဝေဖန်၊ထိုးနှက်ခဲ့ပါက ထိုပြစ်တင်ဝေဖန်သူသည် မိမိထိုးနှက်ခဲ့သော အကုသိုလ်အား မကျူးလွန်မခြင်း ကွယ်လွန်သေဆုံးရမည် မဟုတ်ပေ။

ပမာအားဖြင့် ပုဂ္ဂိုလ်တစ်ဦးသည် လွန်ခဲ့သော အချိန်အတော်ကြာက ဂိုနဟ်တစ်ခုကျူးလွန်ခဲ့ကြောင်း၊ သို့မဟုတ် များမကြာမှီက ကျူးလွန်ခဲ့ကြောင်း သိရ၏။ ထို့အပြင် ၎င်းပုဂ္ဂိုလ်သည် သောင်ဗဟ်ပြုထားပြီးဖြစ်ကြောင်းလည်း သိရ၏။ ထိုသို့ သောင်ဗဟ်ပြုထားသော ဂိုနဟ်တစ်ခုနှင့် ပတ်သတ်၍ ၎င်းပုဂ္ဂိုလ်အား သေးသိမ်ညံ့ဖျင်းသည်ဟု မှတ်ယူခြင်း၊ ပြစ်တင်ရှုံ့ချခြင်း၊ "မင်းကတော့ ဘယ်လိုလူပါကွာ... မင်းဒီလိုအလုပ်တွေ လုပ်ခဲ့တယ်" စသည်ဖြင့် ဝေဖန်ခြင်းသည် ဂိုနဟ်ကျူးလွန်ခြင်းသာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံပါးတွင် သောင်ဗဟ် အမှားဝန်ချတောင်းပန်၍ မိမိကိစ္စအား ရှင်းလင်းခဲ့ပြီးဖြစ်ပေသည်။ ထိုသို့ အမှားဝန်ချသောင်ဗဟ်ပြုလိုက်ခြင်းဖြင့် ခွင့်လွှတ်ပလပ်မှု့ချီးမြှင့်ခံရသည်သာမက အကုသိုလ်စာရင်းတွင်ပါ ပယ်ဖျက်ပေးခြင်းခံရ၏။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် ထိုသူ၏ အကုသိုလ်စာရင်းမှ ပယ်ဖျက်ပေးပြီးဖြစ်ပါလျှက် တစ်ဦးတစ်ယောက်သည် ၎င်းပုဂ္ဂိုလ်အား ထိုဂိုနဟ်ကိုအကြောင်းပြုကာ သေးသိမ်စွာဆက်ဆံခြင်း၊ ရှုတ်ချပြစ်တင်ဝေဖန်ခြင်း၊ မကောင်းပြောဆိုခြင်းများ ပြုလုပ်နေလျှင် ထို(မကောင်းပြောဆိုသော)လုပ်၇ပ်သည် အရှင်မြတ်ထံတွင် လုံးဝခွင့်မလွှတ်နိုင်သော အပြစ်တစ်ခုပင်ဖြစ်တော့ပေမည်။
အကုသိုလ်ကျူးလွန်သူသည် လူမမာနှင့် တူ၏။

အထက်ဖော်ပြပါ ကိစ္စသည် သောင်ဗဟ်ပြုထားကြောင်း သိရသော လူပုဂ္ဂိုလ်နှင့် ပတ်သတ်၍ဖြစ်သည်။ အကယ်၍ ဂိုနဟ်ကျူးလွန်ထားသူတစ်ဦးနှင့် ပတ်သတ်၍ သောင်ဗဟ်ပြုထားကြောင်း၊ မပြုထားကြောင်း မသိရှိရပါက (အနည်းဆုံး ထိုသူသည် မိုအ်မင်န် တစ်ဦးဖြစ်သည့်အတွက်) မိုအ်မင်န် တစ်ဦးနှင့် ပတ်သတ်၍ ကျူးလွန်ခဲ့သော ဂိုနဟ်အားသောင်ဗဟ်ပြုလုပ်လိုက်ပြီးဖြစ်မည်။ သို့မဟုတ် မကြာခင် သောင်ဗဟ်ပြုလုပ်လိုက်မည်ဟု မှတ်ယူနိုင်ပေသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် အကုသိုလ်တစ်စုံတစ်ရာ ကျူးလွန်ထားခဲ့ပြီး ထိုသူနှင့် ပတ်သတ်၍ သောင်ဗဟ်ပြုထားကြောင်း မသိရလျှင်လည်း ၎င်းအား သေးသိမ်သူဟု မှတ်ယူခွင့် လုံးဝမရှိပေ။ သောင်ဗဟ်ပြုလုပ်ပြီးဖြစ်ကြောင်း အဘယ်သူသိနိုင်အံ့နည်း။ မှတ်ထားသင့်သည်မှာ- မကောင်းမှု့အကုသိုလ်အား ရွံရှာမုန်းတီးသင့်သော်လည်း ကျူးလွန်သူအား မရွံရှာသင့်ပေ။ အမိန့်ဖီဆန်မှု့၊ အပြစ်ကျူးလွန်ခြင်းကိုသာ ရွံရမည်ဖြစ်သည်။ မကောင်းမှု့အကုသိုလ်ကျူးလွန်သော ပုဂ္ဂိုလ်အား မကောင်းထင်မြင်၊ ရွံရှာရမည်ဟု မြတ်နဗီ(ဆွ) သင်ပေးတော်မမူခဲ့ပေ။ သို့သာမက ထိုသို့အကုသိုလ်ကျူးလွန်သူသည် ရောဂါဆိုးတစ်ခုတွင် အလူးလဲခံနေရသည်ဟု ကိုယ်ခြင်းစာခံထိုက်သူ၊ သနားသင့်သောသူသာ ဖြစ်ပေသည်။
ဥပမာအားဖြင့် လူတစ်ယောက်သည် ပြင်းထန်စွာ ရောဂါဝေဒနာ ခံစားနေရလျှင် မုချ ၎င်းခံစားနေရသော ရောဂါအား နှစ်သက်ကြမည်မဟုတ်။ ရောဂါသည်ဖြစ်သောကြောင့် ထိုသူအား မုန်းတီးကြရမည်လော။ (အတွေးအခေါ်ကျဉ်းမြှောင်းသူ၊ သူတပါးအား ပုတ်ခတ်ပြောဆိုလိုစိတ် ပြင်းထန်သူမှအပ အားလုံးသိရှိပြီးဖြစ်ပေမည်။) ရောဂါသည်,သည် မမုန်းသင့်သည့်သူ ဖြစ်ပြီး၊ စွဲကပ်နေသော ရောဂါအားသာလျှင် မုန်းတီး၇မည်ဖြစ်သည်။ ထိုရောဂါဆိုးမှ ကင်းဝေးသွားအောင် စဉ်းစားပေးရမည်။ ၎င်းအတွက် ဒိုအာပြုပေးရမည်။ မည်သို့ပင်ဖြစ်စေ ရောဂါသည်,သည် မုန်းတီးခံရမည့်သူ မဟုတ်ပေ။ အရှင်မြတ်၏ ကျေးကျွန်တစ်ယောက် အဘယ်ကဲ့သို့ ဒုက္ခရောက်နေသည်ဟု ကိုယ်ချင်းစာစိတ်ဖြင့် ခံစားပေးရမည်ဖြစ်သည်။
ကုဖ်ရ်အားမုန်းတီးရမည်ဖြစ်သော်လည်း ကာဖိရ်အားမမုန်းတီးရ။
အဆုံးပြောရလျှင် ကာဖိရ်တစ်ဦး၏ ကုဖ်ရ်နှင့် ပတ်သတ်၍ မုန်းတီးခွင့် ရှိသော်လည်း၊ ၎င်းကာဖရ်အား မုန်းတီးခွင့်မရှိပေ။ ထို့အပြင် အလ္လာဟ်အရှင်မြတ် ၎င်းကာဖရ်အား ဟေဒါယသ်ပေးသနားတော်မူပါဟု တောင်းဆုပြုပေး၇မည်။ (မြတ်နဗီ၏ လုပ်ရပ်အား) လေ့လာရှု့စားကြည့်ပါ။ တမန်တော်မြတ်(ဆွ)အား ကာဖရ်မိစ္ဆာတို့သည် အဘယ်မျှ ဒုက္ခပေးခဲ့ကြသနည်း။ မြတ်နဗီအား မျှားဖြင့်ပစ်ခဲ့ကြသည်။ ကျောက်ခဲများဖြင့် ပစ်ခဲ့ကြသည်။ မြတ်နဗီ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှ သွေးစီးတွေလာခဲ့ရသည်။ ထိုသို့ဒုက္ခခံစားနေခဲ့ရသော်လည်း ရွှေနှုတ်တော်မှ "အိုအရှင်... ကျွန်တော်မျိုး၏ မျိုးနွယ်ဝင်များအား လမ်းမှန်ပြသတော်မူပါ။ ထိုသူတို့သည် အမှန်တရားအား မသိရှိဖြစ်နေကြရပါသည်။" ဟူ၍သာ ရေရွတ်တော်မူခဲ့သည်။ မြတ်နဗီ(ဆွ)သည် ကာဖရ်တို့၏ အမိန့်ဖီဆန်မှု့၊ ကုဖ်ရ်၊ ရှစ်ရ်က်၊ ညှင်းပမ်းနှိပ်စက်မှု့၊ အတိုင်းထက်အလွန်ရက်စက်မှု့တို့ ခံစားရနေလင့်ကစား မုန်းတီးကြောင်း ထုတ်ဖော်မပြသခဲ့ပေ။ သို့သာမက သနားဂရုဏာထိုက်သင့်သူများဖြစ်ကြောင်း မြွတ်ဟခဲ့တော်မူသည်။ အိုအရှင် ယင်းတို့သည် မသိနားမလည်သူများဖြစ်ကြပါသည်။ အမှန်တရားအား မသိရှိသူများဖြစ်ကြပါသည်။ ထို့ကြောင့်သာ ကျွန်တော်မျိုးအား ယခုကဲ့သို့ ဒုက္ခပေးနေကြခြင်း ဖြစ်ပါသည်။ အိုအရှင် ထိုသူတို့အား လမ်းမှန်တရား ပြသတော်မူပါ။ ထို့ကြောင့် တစ်ဦးတစ်ယောက် အကုသိုလ်တွင် နစ်မွန်းနေလျှင် ထိုသူ့အား သနားပြီး တောင်းဆုဒိုအာပြုပေးနေရမည်။ ထိုမကောင်းမှု့ အကုသိုလ်မှ ရှောင်ရှားခွင့်ရနိုင်အောင် ကြိုးစားပေးရမည်။ (လမ်းမှန်တရားအား) ပို့ချပေးပြီး၊ (ကောင်းမှု့ဖက်သို့) ဖိတ်ခေါ်နေရမည်။ သို့သော် သေးသိမ်သူဟု လုံးဝ မဟုတ်ယူရပေ။ (အဘယ့်ကြောင့်ဆိုသော်) မြင့်မြတ်တော်မူသော် အရှင်မြတ်သည် ၎င်းပုဂ္ဂိုလ်အား သောင်ဗဟ်အမှားဝန်ချခွင့် ချီးမြှင့်တော်မူပြီး ထိုသူသည် ကောင်းမှု့ပြုကျင့်၇ာတွင် ရှေ့သို့ရောက်သွားနိုင်သည်ကို မည်သမျှ မသိနိုင်ပေ။
ဟဇရသ်ထာနဝီ၏ မှတ်ယူကျင့်သုံးပုံ

ဟကီးမွလ်အွမ်မသ် မောင်လာနာ အရှ်ရဖ်အလီ ထာနဝီ (ရဟေ့)၏ မိန့်ခြွေမှု့အား ကျွန်တော်(မွဖ်သီသကီး အွတ်စ်မာနီ)သည် မိမိဖခင်( ဟဇရသ် မောင်လာနာ မွဖ်သီရှဖီးအ် ဆားဗ်)ထံမှလည်းကောင်း၊ ဟဇရသ် ဒေါက်တာ အဗ်ဒွလ်ဟိုယ် ဆားဗ်ထံမှလည်းကောင်း ကြားသိခဲ့ရသည်။ မိန့်ခြွေချက်မှာ- ကျွန်ုပ်သည် မွတ်စ်လင်မ်တိုင်းအား လက်ရှိအခြေအနေအရ မိမိထက်သာပို မွန်မြတ်ကြသည်ဟုလည်းကောင်း၊ ကာဖရ်တိုင်းသည် အေ့ဟ်သိမာလန် (မသေချာသော ထင်မြင်မှတ်ယူမှု့အရ) သာပိုမွန်မြတ်သည်ဟု မှတ်ယူပါသည်။ ဟူ၍ဖြစ်သည်။ အေ့ဟ်သိမာလန်၏ အလိုသဘောမှာ- ထိုကာဖရ်မှာ လက်ရှိအခြေနေတွင် ကုဖ်ရ်၌နစ်မွန်သော်လည်း မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ၎င်းကာဖရ်အား သောင်ဗဟ်ပြုခွင့်စွမ်းအား ချီးမြှင့်လိုက်ပြီး၊ ကုဖ်ရ်၏ မှောင်မဲဒုက္ခမှ ကင်းလွတ်သွားမည်။ ထို့နောက် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ကျွန်ုပ်ထက်သာပိုမြင့်မားသော အဆင့်အတန်းကို ချီးမြင့်နိုင်သည်ကို မသိနီုင်သေးပေ။  အဘယ့်ကြောင့်ဆိုသော် လူသားတိုင်းနှင့် ပတ်သတ်၍ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်၏ ပြုမူဆက်ဆံပုံမှာ အမျိုးမျိုးရှိပေသည်။ လူတစ်ယောက်နှင့် ပတ်သတ်၍ ထိုသူသည် မည်သို့မည်ပုံဖြစ်သည်ဟု ကျွန်ုပ်တို့၏ အထင်အမြင်အား မည်သို့ထုတ်ဖော်ပြောဆိုနိုင်မည်နည်း။ ထို့ကြောင့် မွတ်စ်လင်မ်တိုင်းသည် ကျွန်ုပ်ထက်သာပို မွန်မြတ်ပေသည်။ ထိုသို့ပြောဆိုရာတွင် လိမ်လည်ပြောခြင်း၊ ဖြစ်ရပ်နှင့်ဆန့်ကျင် အမှားတင်ပြခြင်းတို့ မရှိပဲ တင်ပြခဲ့ရာ မုချ ထိုကဲ့သို့ပင် မှတ်ယူထားပေမည်။ မည်သို့ပင်ဖြစ်စေ မည်သူတစ်ဥိးတစ်ယောက်ကိုမျှ ဂိုနဟ်အကုသိုလ်ကျူးလွန်ခြင်းကြောင့် ဖြစ်လင့်ကစား (မည်သည့် အကြောင်းပြချက်နှင့်မှ) သေးသိမ်သူဟူ၍ မှတ်ယူခြင်း မပိုင်ပေ။
ဒီလိုလုပ်ရပ်မျိုးတွေ ဘယ်သူတွေလုပ်....
ဒုတိယပိုင်းတွင် ဆက်လက်ဖတ်ရှု့ပေးပါ...။
ဘာသာပြန်ဆိုသူ
ဘရှီးလေး(မေမြို့)
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger