များစွာသောသူတို့သည် ရိုဇာထားပြီးနောက် တရားတော်က ခွင့်ပြုထားသော အချက်အလက်တို့အား ကောင်းစွာမသိရှိကြပဲ ရိုဇာဖျက်ခြင်းအား ပြုလုပ်လေ့ရှိကြသည်။ ထိုသို့ပြုလုပ်ကြခြင်းမှာ ဧကန်စင်စစ် ရိုဇာအား တန်ဖိုးမထားခြင်းသာ ဖြစ်သကဲ့သို့ သာသနာအား စိတ်အလိုလိုက်ခြင်းဖြင့် ရောင်းချလိုက်သကဲ့သလို ဖြစ်၏။ ထို့အပြင် အချို့အခြေအနေများတွင် ထိုသို့ပြုလုပ်ခြင်းဖြင့် ကဇွာတင်မက ကဖ်ဖာရဟ်ပါ ပေးရမည့်အခြေအနေများသို့ ဆိုက်ရောက်ရ၏။ ဤသို့ဖြင့် များစွာသောသူတို့မှာ စိတ်ရှုပ်ထွေးမှု့များ ဖြစ်လာရပြီး မိမိဘာသာရေးအားနည်းမှု့ကို မမြင်၊ အစ္စလာမ်သာသနာ၏ လမ်းစဉ်အား ခက်ခဲသည့်လမ်းစဉ်ဟူ၍ မှတ်ယူသွားကြ၏။ ထို့ကြောင့် ကျွန်တော်တို့ထိုင်ဝိုင်းတွင် ခေတ္တခဏ အချိန်ပေးသူများအား ထိုကဲ့သို့ မဖြစ်စေရန်၊ ဘာသာရေးစာပေများ ရှားပါးမှု့ကို တွန်းလှန်ရန်၊ အရှင်မြတ်၏ ကျေနပ်မှု့အား ရှာဖွေယူရင်း အောက်ပါအချက်များအား စုစည်းတင်ပြပေးလိုက်ပါသည်။
ရိုဇာမထားရန် သို့မဟုတ် ဖျက်ရန် တရားတော်ဖက်မှ ခွင့်ပြုပေးထားသော အကြောင်းပြချက်များမှာ-
၁။ ရောဂါ
ရောဂါနှင့်ပတ်သတ်၍ အနည်းငယ် ရှင်းပြန်၇န်လိုအပ်လာသောကြောင့် တင်ပြပေးလိုက်ပါသည်။
(က) အသက်အန္တရာယ်အား ဆိုးရိမ်ရသော်
(ခ) ကိုယ်ခန္ဓာအစိတ်ပိုင်းတစ်ခု ပျက်ဆီးသွားမည်ကို ဆိုးရိမ်ရသော်
(ဂ) ရောဂါအသစ်ဖြစ်လာမည်ကို ဆိုးရိမ်ရသော်
(ဃ) ရှိနေသည့်ရောဂါ တိုးလာမည်ကို ဆိုးရိမ်ရသော်
(င) ရောဂါပျောက်ကင်းရန် အချိန်ကျန့်ကြာမည်ကို ဆိုးရိမ်ရသော် (ရှာမီကျမ်း အတွဲ ၂ စာမျက်နှာ-၁၃)
မှတ်ချက်။ ။ မိမိစိတ်တွင် ထင်သည့်အထင်ဖြင့် ဖော်ပြပါအချက်တို့အား ခွင့်ပြုထားသည်ဟု မမှတ်ယူရပေ။ ထိုသို့ခွင့်ပြုချက်ရရန်မှာ- ဘာသာရေးရှိပြီး ကျွမ်းကျင်သော မွတ်စ်လင်မ် ဒေါက်တာတစ်ဦးဦး၏ ပြောဆိုမှု့အားသာ အတည်မှတ်ယူ၍ ရိုဇာမထားပဲ နေရမည်။ မွတ်စ်လင်မ်ဒေါက်တာ မဟုတ်ပါက ယင်းဒေါက်တာ၏ စကားတစ်ခွန်းတည်းဖြင့် ရိုဇာမထားပဲနေခြင်း၊ ရိုဇာဖျက်ခြင်းအား မပြုသင့်ပေ။ အကယ်၍ စည်းကမ်းချက်နှင့်ညီသော ဒေါက်တာတစ်ဦးတစ်ယောက်၏ ပြောဆိုခြင်းလည်းမဟုတ်၊ မိမိအတွေ့အကြုံအရသာ ရိုဇာဖျက်ခဲ့ပါက အပြစ်ကျူးလွန်သူဖြစ်ကာ ကဖ်ရာရဟ် မထိုက်သော်လည်း ရိုဇာအား ပြန်စောင့်ရမည်ဖြစ်သည်။
(ရဒ်ဒွလ်မို့ဟ်သားရ်ကျမ်း တွဲ ၂၊ စာမျက်နှာ- ၄၄၂။ ဖသာဝါဟင်န်ဒီယဟ် တွဲ ၁၊ စာမျက်နှာ ၂၀၇နှင့် အခြားကျမ်းများမှကောက်နှုတ်တင်ပြပါသည်။)
၂။ ခရီးသွားခြင်း
၄၈မိုင်နှင့်အထက်ခရီးသွားပါမူ ရိုဇာစောင့်ထိန်းမှု့မပြုပဲ နေလိုက နေနိုင်ပေသည်။ ရိုဇာစောင့်ထိန်းခြင်းဖြင့် မည်သို့မှ ဒုက္ခမေ၇ာက်နိုင်ပါက ရိုဇာစောင့်ထိန်းရန် မွတ်စ်သဟဗ်ဖြစ်သည်။ အကယ်၍ မစောင့်ထိန်းပဲ နောက်မှ ကဇွာဖြည့်ပါက လမြတ်၇မဇန်၏ အကျိုးကျေးဇူးများ ရမည်မဟုတ်ပေ။ တာဝန်သာလျှင် ကျသွးမည်ဖြစ်သည်။ ခရီး၏ ကြမ်းတမ်းမှု့ကြောင့် ရိုဇာထားလျှင် အသက်အန္တရယ် ပျက်ဆီးဆုံးရှုံးမှု့တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရမည်ဟု အထင်များလျှင် ရိုဇာမစောင့်ရန် ဝါဂျစ်ဗ်ဖြစ်သည်။
၃။ အတင်းအကြပ်စေခိုင်းခံရခြင်း
ရောဂါသည် သို့မဟုတ် ခရီးသည်အား လမြတ်ရမဇန်၏ ရိုဇာမဖျက်လျှင် သတ်မည်ဟု အတင်းကြပ်ပြုစေခိုင်းခဲ့သော် ရိုဇာဖျက်ပစ်ရန် ဝါဂျစ်ဗ်ဖြစ်သွားမည်။ အကယ်၍ မဖျက်ပဲ အသတ်ခံခဲ့ပါက ထိုသူသည် အပြစ်ကျူးလွန်သူဖြစ်ရပေမည်။ သို့သော် အကယ်၍ ခရိးသည်မဟုတ်သောသူ(မိမိရပ်ရွာတွင်နေသည်ဖြစ်စေ၊ နေ၇ာတစ်ခု၌ ၁၅နှင့်အထက် နေမည်ဟု နီယသ်ပြုထားသည်ဖြစ်စေ) နှင့် ကျန်းမာေ၇းကောင်းသူအား တစ်ဦးတစ်ယောက်မှ ထိုသို့ အတင်းကြပ်ပြုစေခိုင်းခဲ့သော် ရိုဇာမဖျက်ခြင်းသည် အမွန်မြတ်ဆု့းဖြစ်ပြိး၊ ရိုဇာဖျက်ချလိုက်ပါကလည်း ပိုင်ပေသည်။
၎၊၅။ ကိုယ်ဝန်ဆောင်ဖြစ်ခြင်း၊ နို့တိုက်မိခင်ဖြစ်ခြင်း
ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် နို့တိုက်မိခင်(ကလေးမိခင်ဖြစ်စေ၊ နို့ထိန်းသည်ဖြစ်စေ) တို့သည် မိမိနှင့်ပတ်သတ်၍လည်းကောင်း၊ ကလေးနှင့် ပတ်သတ်၍လည်းကောင်း ဆုံးရှုံးနစ်နာ၇မည် သို့မဟုတ် သေကြေပျက်စီးရမည်ကို ဆိုး၇ိမ်ရပါက ရိုဇာမထားပဲနေခွင့်ရှိပေသည်။ ထို့အတူ ထားနေသော ရိုဇာအား ဖျက်ချခွင့်လည်း ရှိပေသည်။ ၎င်းတို့နှစ်ဦးအပေါ် ကဇွာသာလျှင်တာဝန်ရှိမည် ဖြစ်သည်။
၆၊၇။ ဆာလောင်ခြင်း၊ ရေငတ်ခြင်း။
ဗိုက်ဆာလွန်ခြင်း၊ ရေငတ်လွန်ခြင်းကြောင့် အသက်အန္တရာယ်ဆိုးရိမ်ရလျှင် ရိုဇာဖျက်ချပိုင်ခွင့်ရှိသည်။
မှတ်ချက်။ ။ (က) လူတစ်ယောက်အား အလုပ်ကြမ်းတစ်ခု အတင်းအကြပ် ခိုင်းစေခံ၇သည်။ ထိုသူ၏ အလုပ်ဒဏ်ကြောင့် ရေငတ်လွန်ကာ သို့မဟုတ် ဗိုက်ဆာလွန်ကာ ရိုဇာဖျက်ရမည့် အခြေနေသို့ ရောက်လာပါက ထိုသူ့အတွက် ရိုဇာဖျက်ချခြင်း ပိုင်ပေသည်။ ထို့အတူ အစကတည်းမှ မထားခြင်းသည်လည်း ပိုင်ပေသည်။ ကဇွာသာလျှင် တာဝန်ထိုက်မည်။
(ခ) တစ်ဦးတစ်ယောက်၏ အတင်းအကြပ်စေခိုင်းခံရသည်မဟုတ်ပဲ မိမိစိတ်နှင့်မိမိ အလုပ်ကြမ်းတစ်ခုအား ပြုလုပ်ပြိးနောက် ရိုဇာဖျက်ချခဲ့သော် ကဇွာနှင့်ကဖ်ဖာရဟ် နှစ်ခုလု့းတာဝန်ထိုက်ပေမည်။
၈။ ဂျီဟားဒ်ပြုနေရခြင်း။
ရန်သူများနှင့် စစ်တိုက်ရမည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် လမြတ်ရမဇန်၌ စစ်တိုက်ရန် ၁၀၀%သေချာနေလျှင် သို့မဟုတ် စစ်မက်ဖြစ်ပွားရန် ရာခိုင်နှုန်းများနေပြီး ရိုဇာထားပါက အားအင်ခမ်းခြောက်မည်ကို ဆိုးရိမ်ရပါက စစ်မဖြစ်မှီ လမြတ်၇မဇန်၏ ရက်များအား ရိုဇာမထားပဲ နေခွင့်ရှိ၏။ ထို့အတူ ထားနေသော ရိုဇာအား ဖျက်ချခွင့်လည်း ရှိသည်။ ဤအခွင့်အေ၇းအား ခရိးသည်စာရင်းတွင် ဝင်နေသော စစ်သားဖြစ်စေ၊ မုကီးမ်(မြို့၌နေသူ သို့မဟုတ် နေရာတစ်ခုတွင် ၁၅ရက်နှင့်အထက် နေရန်ဆုံးဖြတ်ထားသူ)ဖြစ်စေ ရနိုင်ပေသည်။
၉။ အိုမင်းရင့်ရော်ခြင်း။
အသက်အရွယ်ကြီးရင့်ပြိး အားအင်ချိနဲ့နေသော အဖိုးအို၊ အဖွားအိုများအတွက် ရိုဇာမစောင့်ထိန်းနိုင်ပါက ရိုဇာမထားပဲ ဖိဒ်ယဟ်ပေးလျှင် တာဝန်ကျေပေသည်။ ရိုဇာထားနိုင်သည်ဟု အထင်နှင့် ရိုဇာထားနေရင်း အခက်ခဲဒုက္ခတစ်စုံတစ်ရာ ကြုံလာသဖြင့် ဖျက်ချလိုလျှင်လည်း ဖျက်ချနိုင်ပြီး ဖိဒ်ယဟ်သာပေးရမည် ဖြစ်သည်။
၁၀၊၁၁။ ဟိုင်းဇ်နှင့်နိဖာစ် (အသွီဖြန်းခြင်းနှင့်မွေးပြီးနောက်သွေးဆင်းခြင်း)
(က)ဟိုင်းဇ်၊ နိဖာစ်ရက်များနှင့် လမြတ်ရမဇန်၏ရက်များ တိုက်ဆိုင်လာပါက ထိုရက်များ ရိုဇာမထားပဲ ၇မဇန်ပြီးလျှင် ကဇွာပြန်ဖြည့်ရမည်ဖြစ်သည်။
(ခ) စဟ်ရီနောက်ဆုံးချိန်ပြီးမှ နေ့တဝက်မတိုင်မှီအတွင်း သန့်သွားခဲ့ပါက ထိုနေ့တွင် နဖ်လ် ရီုဇာလည်း ထား၍မပိုင်သကဲ့သို့၊ ဖရ်ဇ် ရိုဇာဖြစ်သော ရမဇန်ရိုဇာလည်း ထား၍မပိုင်ပေ။ ၎င်းနေ့အား ဟိုင်းဇ်လာသော နိဖာစ်လာသော ၇က်များတွင် သတ်မှတ်ကာ ကဇွာပြန်ဖြည့်ရမည်။
(ဂ) ဟိုင်းဇ်လာနေသော အမျိုးသမီးသည် စဟ်ရီနောက်ဆုံးချိန်မတိုင်မှီ ရိုဇာထားရန်နီယသ်ပြုလိုက်၏။ ထို့နောက် စဟ်ရီချိန်မကုန်မှီ သန့်သွားပါက ၎င်းသူမ၏ ရိုဇာနီယသ်သည် အထမြောက်သွားပြီး ရိုဇာစောင့်ရတော့မည်ဖြစ်သည်။
၁၂။ မူးမေ့ခြင်း၊ သတိလစ်သွားခြင်း
(က) သတိလစ်မေ့မျောနေသော ရက်များအားလုံး ကဇွာပြန်ဖြည့်ရမည်ဖြစ်သည်။ အကယ်၍ တစ်လလုံး သတိလစ်နေပါကလည်း တစ်လလုံး ကဇွာပြန်ဖြည့်ရမည်သာဖြစ်၏။
(ခ) တစ်ရက်ထက်ပို၍ သတိလစ်မေ့မျောနေသောသူသည် စတင်သတိလစ်သည့်ရက်မှအပ ကျန်ရက်များအား ကဇွာဖြည့်ရမည်ဖြစ်သည်။ ထိုသို့သတိလစ်မေ့မျောခြင်းသည် နေ့တွင်ဖြစ်စေ၊ ညတွင်ဖြစ်စေ မည်သည့်အချိန်မဆို ဖော်ပြပါအမိန့်တွင် အကျုံးဝင်ပေမည်။
(ဂ) သို့သော် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြစ်ခဲ့ပါမူ၊ ထို့အပြင် ၎င်းတို့သည် မိမိရိုဇာနှင့် ပတ်သတ်၍ နီယသ်လုပ်ခဲ့သည် မလုပ်ခဲသည်အား တိကျစွာ မသိဖြစ်နေခဲ့လျှင် စတင်သတိမေ့မျောခဲ့သော နေ့ကိုပါ ကဇွာစောင့်ထိန်းရမည်ဖြစ်သည်။ ၎င်းပုဂ္ဂိုလ်များမှာ-
(၁) ရောဂါသည်
(၂) ခရီးသည်
(၃) လမြတ်ရမဇန်၏ ရိုဇာအား တစ်ရက်ပင်မထားဖူးသူ
(၄) စတင်သတိလစ်မေ့မျောသည့်နေ့တွင် လည်ချောင်းတွင်းသို့ ဆေးထည့်ခံရသူ
အကယ်၍ ထိုစတင်မေ့မျောခဲ့သော နေ့တွင် ရိုဇာစောင့်ထိန်းခဲ့သည်ဟု နီယသ်ပြုကြောင်း တိကျစွာသိလျှင် ရိုဇာရသွားမည်ဖြစ်ပြီး ထိုရက်အတွက် ကဇွာပြန်ဖြည့်ရန် တာဝန်မရှိတော့ပေ။ ရိုဇာမထားခဲ့ဟု တိကျစွာသိလျှင် ကဇွာထားရမည်ဖြစ်သည်။
၁၃။ ရူးသွပ်ခြင်း
(က) ရမဇန်တစ်လလုံး နေ့ရောညပါ ရူးသွပ်နေသူအပေါ်၌ လမြတ်ရမဇန်၏ ရိုဇာတာဝန် မရှိပေ။ ထိုသူ့အဖို့ လမြတ်ရမဇန်၏ ရိုဇာအား ကဇွာဖြည့်၇န်လည်း တာဝန်မရှိပေ။
(ခ) အကယ်၍ တစ်ဦးတစ်ယောက်သည် လမြတ်ရမဇန်၏ ပထမညတွင် အကောင်းရှိနေပြီး မနက်တွင် ရူးသွားခဲ့၏။ လမြတ်ရမဇန်တစ်လလုံး ရူးနေခဲ့၏။ သို့ဆိုလျှင် ၎င်းအပေါ်တွင် ကဇွာဖြည့်ရန် တာဝန်မရှိပေ။
(ဂ) သို့သော် လမြတ်ရမဇန်အတွင်း တရက်ရက်တွင် ခေတ္တခဏပင်ဖြစ်လင့်ကစား ကောင်းမွန်လာခဲ့ပါမူ လွန်လေခဲ့သော ရက်များအားလုံးအား ကဇွာဖြည့်ရမည်ဖြစ်သည်။
ကျမ်းကိုးစာရင်း
(မတ်စ်အလဟ်တစ်ခုချင်းအား ရေးသားရန် ဆန္ဒရှိခဲ့သော်လည်း အချိန်မရသောကြောင့် စုပေါင်း၍သာ တင်ပြလိုက်ရသည်ကို နားလည်ပေးပါရန်)
၁။ ဇွဗ်ဒသွလ် ဖိက်ဟ်
၂။ ရှာမီကျမ်း
၃။ ဖသာဝါ ဟင်န်ဒီယဟ်ကျမ်း
၎။ ရဒ်ဒွလ်မို့ဟ်သားရ်ကျမ်း
၅။ အလ်ဗဟ်ရွလ်ရာအစ်က် နှင့် အခြား ဟနဖီဖိကဟ်ကျမ်းများ
Post a Comment