အသိပေးခြင်း
က
Home » » သဘာဝဆိုသည်မှာ...

သဘာဝဆိုသည်မှာ...

ခေတ်သိပ္ပံ၏ ဖော်ထုတ်မှု့များနှင့် တီထွင်ကြံဆမှု့များကြောင့် ကျွန်ုပ်တို့အားလုံး (အပေါ်ယံအားဖြင့်) သာယာလှပပြီး စည်းစိမ်ပြည့်ဝတဲ့ ဘဝကို ပိုင်ဆိုင်ကြရ၏။ အောင်မြင်မှု့အား Short Cutနည်းလမ်းများဖြင့် ရယူနိုင်ကြ၏။ ဘေးဒုက္ခများမှ ဝေးကွာကြရ၏။ ထို့ကြောင့် ယနေ့ခေတ်တွင် သိပ္ပံပညာရပ်၏ ရေပန်းစားမှု့၊ လူအများစိတ်ဝင်စားမှု့နှင့် ယုံကြည်လက်ခံမှု့တို့သည် နေ့စဉ်နှင့်အမျှ နှုန်းထားစံချိန် တတ်လာလေသည်။ ဤသို့ဖြင့် သိပ္ပံဟူသည် လူတို့၏ စူးစမ်းရှာဖွေမှု့တစ်ခုသာဖြစ်ကြောင်း၊ အမှားနှင့်အမှန်ဒွန်တွဲလျှက်ရှိပြီး ခေတ်တစ်ခု၊ ဒေသတစ်ခု လူမျိုးတစ်စုအတွက်သာ အမြဲမှန်ကန်နိုင်ကြောင်း သတိထားတတ်သူများ၊ ဆင်ခြင်တတ်သူများ လွန်စွာနည်းပါးလာ၏။ ကိစ္စရပ်တိုင်းအား သိပ္ပံနှင့်ချင့်ချိန်ခြင်း၊ မှန်ကန်မှု့၏အတိုင်းတာအား သိပ္ပံနှင့်တိုင်းခြင်း၊ သိပ္ပံ၏သီအိုရီဖြင့်သာ တွက်ချက်အဖြေထုတ်ခြင်းများ ပြုလုပ်လာကြကာ မိမိအယူအဆ၊ အတွေးအခေါ်တို့ပေါ် ရပ်တည်သူဟူ၍ လွန်စွာနည်းပါးလာ၏။ သာသနာရေးရာ ကိစ္စတို့တွင် မည်သူ့နောက်မှ မလိုက်ဟု ဟစ်ကြွေးနေသူများတွင်လည်း သိပ္ပံပညာရှင်တို့၏ သီအိုရီများအား ပစ်ပယ်၍ သီအိုရီအသစ်များရေးသူဟု မပေါ်လာခဲ့။ နောက်လိုက်ဖြစ်ခြင်းမှအပ အခြားလမ်းစဉ်တစ်ခုအား ဖောက်လုပ်မလျှောက်လှမ်းခဲ့ခြင်းမပြုကြပေ။ စာရေးသူအနေနှင့် ယခုကဲ့သို့ ပြောဆိုနေခြင်းမှာ သိပ္ပံအား ဆန့်ကျင်ခြင်း၊ သို့မဟုတ် သိပ္ပံအား လက်မခံခြင်းဟု မသတ်မှတ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် စာရေးသူသည် ခေတ်ပညာအား လိုက်စားပြီး၊ သိပ္ပံနှင့်တီထွင်စမ်းသပ်မှု့တို့အား တစ်ထွာနိုင်တစ်ထွာ တစ်လှမ်းနိုင်တစ်လှမ်း ရှေ့သို့တိုး၍သာ လေ့လာနေသူတစ်ဦးဖြစ်သည်။ ခေတ်သိပ္ပံအား နားလည်မှု့ မလွဲသည့်အပြင် အခွင့်သင့်လျှင် သူငယ်ချင်းများအား လေ့လာလိုက်စားရန် အမြဲတိုက်တွန်းလေ့ရှိပြီး လေ့လာနေသူများအား အမြဲချဉ်းကပ် ပညာသင်ယူနေသူသာဖြစ်၏။

သို့သော် စာရေးသူသည် ကျားကျားမီးယပ်ပြောသော ဒေါက်တာ၊ ဝသုန်မကောင်း ဝသုန်ဖြုတ်လဲပြောသော သူကြီး၊ ပီအိတ်ခ်ျဆဲဗင်းန်မှ ပီအိတ်ခ်ျနိုင်းတန်းသို့ တိုးတက်အောင်ထုတ်လုပ်သွားရယ်ပြောသော ဝန်ကြီး ... စသည့် လူ့အလွှာမှ မဟုတ်ပေ။ ကြားသိသမျှ ဆင့်ဆိုတတ်သော၊ ဖတ်မှတ်ဖူးသမျှ ယုံကြည်တတ်သော၊ တစ်ဦးတစ်ဖက်ကိုသာ အသာပေးတတ်သော အစွန်းရောက်ဂိုဏ်းသားလည်း မဟုတ်။ ထို့ကြောင့် မှားယွင်းနေသည့်အယူအဆများနှင့် ဘာသာဗေဒတစ်ခု၏ အားနည်းချက်များအား သိလျှင်သိခြင်း အနာဂတ်မျိုးဆက်သစ်အတွက် စာတစ်စောင်ရေးသားလေ့ ရှိပေသည်။ ယခုလည်း သဘာဝဘေးအန္တရာယ်ဟု တွင်တွင်ပြောတတ်သူများအကြောင်း အနည်းငယ် ဆွေးနွေးပေးရန်အတွက် ဤပို့စ်အား ရေးသားနေပါသည်။ အမြင်မတူလျှင် ဆွေးနွေးပေးရန် ကမ်းလှမ်းလာပါက အမြဲအသင့်ရှိကြောင်းနှင့် ဝေဖန်မှု့အား ဝမ်းသာစွာဖြင့် စောင့်ကြိုနေမည်ဖြစ်ကြောင်း ကြိုတင်အသိပေးပရစေ......။

အစ္စလာမ့်ရှု့ထောင့်မှ သဘာဝ

ကျွန်ုပ်တို့သည် မြင့်မြတ်တော်မူသော အရှင်မြတ်အား စင်္ကြာဝဠာတစ်ခုလုံး၏ ဖန်ဆင်းရှင်၊ အရာဟူရွေ့၏ ဖန်ဆင်းမွေးမြူကြည့်ရှု့စောင်မတော်မူသောအရှင်ဟု ယုံကြည်ထားရာ သဘာဝဟူသော အကြောင်းပြချက်ဖြင့် ဖြောင့်ချက်ပေးရန်မလိုအပ်ပေ။ သို့သော် ဖန်ဆင်းရှင်အား မယုံကြည်သူများအနေနှင့် အရာဝတ္ထုတို့၏ ဖြစ်ပေါ်ပျက်စီးမှု့နှင့် ပတ်သတ်၍လည်းကောင်း၊ ပွားများပျက်သုဉ်းမှု့နှင့် ပတ်သတ်၍လည်းကောင်း စဉ်းစားရန် သို့မဟုတ် ပြောဆိုရန် လိုအပ်လာပါက သဘာဝဟူသော စကားလုံးအား တွင်ကျယ်စွာ သုံးစွဲရ၏။ မည့်သည့်ကိစ္စမဆို ဖြေရှင်းရန် နည်းလမ်းမရှိတော့ပါက ဒါသဘာဝတရားပဲ ဟုဆိုကာ ဆင်ဝေ့ရန်ရှောင်ပြောဆိုကြရ၏။ စာရေးသူအနေနှင့် ၎င်းတို့၏ သဘာဝတရားအပေါ် ကန့်ကွက်မှု့ မပြုလိုသော်လည်း မိမိနောင်တော်များအတွက်၊ နှစ်မတော်များအတွက် ယုံကြည်ချက်တစ်ခုအား ကာကွယ်ပေးလိုသောကြောင့် တာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ အနည်းငယ် ရေးသားပေးလိုက်ပါသည်။

သဘာဝ...။ သဘာဝဆိုသည်မှာ မည်ကဲ့သို့သော အခြေအနေအား ခေါ်ဆိုသနည်း။ စာရှု့သူတို့ စဉ်းစားလေ့လာဖူးကြပါသလား။ များသောအားဖြင့် သဘာဝဟူသော စကားလုံးအား ဖြစ်မြဲဖြစ်စဉ်တစ်ခုတွင် သုံးစွဲလေ့ရှိသည်၊ အလိုအလျောက်ဖြစ်ပေါ်သည်ဟု ယူဆရသော ကိစ္စများတွင် သုံးစွဲလေ့ရှိသည်ဟု လူအများနားလည်ကြ၏။

ဥပမာ နေ့နှင့်ညဖြစ်ပေါ်ခြင်း၊ နေဝင်နေထွက်မှု့၊ လေ၏တိုက်ခတ်မှု့ကြောင့် အရာဝတ္ထုတို့ လှုပ်ရှားမှု့၊ လူသား၏ ကြီးထွားလာမှု့အဆင့်ဆင့်၊ သစ်ပင်ပန်းပင်များ သီးပွင့်ဝေဆာမှု့၊ ရှင်သန်ပြီးနောက် သေဆုံးခြင်း ...... စသည်ဖြင့်။

ဖော်ပြပါ ဖြစ်စဉ်များအနက်အချို့တွင် တိုက်ရိုက်ခေါ်တွင်သုံးစွဲလေ့ရှိပြီး အချို့တွင်မူ ဘာကြောင့်လဲဟူသော မေးခွန်း၏အဖြေတွင် သဘာဝဟု ဖြေကြားလေ့ရှိသည်။ မည်သို့ပင်ဖြစ်စေ မည်သည့်ကိစ္စများအား ခေါ်ဆိုသည် မည်သည့်ဖြစ်ရပ်များအား မခေါ်ဆိုဟူ၍ စဉ်းစားနေလျှင် ရာသီလီလီကူးပြောင်းသွားသော်လည်း စဉ်းစားခန်းရပ်တန့်နိုင်မည်မဟုတ်။ ကျွန်ုပ်တို့စဉ်းစားရမည်မှာ သုံးစွဲပြောဆိုမှု့၏ နောက်ကွယ်တွင် မည်သည့်ယုံကြည်ချက်ဖုံးကွယ်နေသနည်း။ ထိုသို့ သုံးစွဲပြောဆိုမှု့ကြောင့် ကျွန်ုပ်တို့ယုံကြည်ချက်တွင် မည်သို့သက်ရောက်မှု့ ဖြစ်စေသနည်း။ ဆုံးရှုံးမှု့ဖြစ်ပေါ်စေသလော သို့မဟုတ် အကျိုးဖြစ်ထွန်းစေသည်လော။ စသည်တို့သာ ဖြစ်၏။

သဘာဝဟူသော စကားလုံး၏နောက်တွင် ဖန်ဆင်းရှင်အား မယုံကြည်မှု့ရှိနေသည်။ ပမာပြောရသော်... သစ်ရွက်များလှုပ်နေသည်ဆိုပါစို့။ သစ်ရွက်ဘာကြောင့်နေသနည်းဟု မေးမြန်းမှု့၏ အဖြေတွင် လေတိုက်သောကြောင့် လှုပ်နေသည်ဟုဖြေမည်။ ထို့နောက်ဆက်လက်၍ လေဘာကြောင့်တိုက်ပါသနည်းဟု မေးမြန်းလာလျှင် လေတိုက်တာ အလိုအလျောက်ဖြစ်ပေါ်မှု့ပဲ။ ဒါဟာ သဘာဝပဲ။ ဘာလို့တိုက်တာလဲ မေးရန်မလိုအပ်ဟု ပြောမည။် (လေတိုက်ခတ်ခြင်း၏ သိပ္ပံအကြောင်းပြချက်များ ရှိနေသော်လည်း လိုတိုရှင်းဖြစ်စေရန် မဖော်ပြခြင်းအား သီးခံပေးပါရန်။) ထို့နောက် မိမိပြောဆိုသည့်အတိုင်း ယုံကြည်နေလျှင် မုချထိုသူသည် ဖန်ဆင်းရှင်အား မသိသူ၊ မယုံကြည်သူသာ ဖြစ်ပေမည်။

အဘယ့်ကြောင့်ဆိုသော် ဖန်ဆင်းရှင်အား ယုံကြည်သူသည် ဖြစ်စဉ်တစ်ခုအား တွေးတောလျှင် အကြောင်းခံနှင့် ပြုလုပ်သူဟူ၍ နှစ်ပိုင်းခွဲခြားမည်ဖြစ်သည်။ ဖော်ပြပါဥပမာတွင် သစ်ရွက်လှုပ်ရခြင်းသည် ဖန်ဆင်းရှင်၏ အမိန့်နှင့်ဖြစ်ပြီး အကြောင်းခံမှာ လေဖြစ်သည်ဟု ပြောဆိုပေလိမ့်မည်။ ဤနည်းအတိုင်း အခြားအရာများကို စဉ်းစားလေ့လာကြည့်မည်ဆိုပါက အဆုံးတွင် သဘာဝဟုပြောဆိုကြသူများသည် ဖန်ဆင်းရှင်အား မယုံကြည်ကြသူများသာဖြစ်ကြောင်း သိနိုင်ပေသည်။

ထိုစကားလုံးအား များစွာသုံးစွဲခြင်းဖြင့် တန်ပြန်၊သက်ရောက်မှု့တစ်ခုအား ကျွန်ုပ်တို့အားလုံး ခံစားဖူးပေမည်။ များစွာသောအဖြေတို့တွင် ကျွန်ုပ်တို့၏ အတွေးသည် မြင့်မြတ်တော်မူသော အရာခပ်သိမ်း၏ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ဘက်သို့ မရောက်ပဲ "ဒါ သဘာဝပဲ"ဟု ပြောဆိုတတ်လေသည်။ ဤသည် အတွေးအခေါ်ခြစားခြင်းတစ်ခုပင် ဖြစ်၏။ ကျွန်ုပ်တို့၏ ရန်သူများသည် မြေလှန်ဗုံးကျဲခြင်းဖြင့်သာ တိုက်ခိုက်သည်မဟုတ်။ ပညာရေး၊ အတွေးအခေါ်၊ အယူဝါဒ အစရှိသည့်အရာတို့ဖြင့်လည်း တိုက်ခိုက်၏။ အမှောင်တွင် ခေတ်ရေစီးကြောင်းနောက် မျောပါနေသောကြောင့် ကျွန်ုပ်တို့ မသိကြခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ထဲတွင် အစ္စလာမ့်ပုံစံဖြင့် တွေးခေါ်ခြင်းအား ပြန်လည်ရှင်သန်အောင်ပြုသင့်ပေသည်။ ထိုသို့မပြုပဲနေမည်ဆိုက ကျွန်ုပ်တို့သည် အမည်အားဖြင့် မွတ်စ်လင်မ်သာဖြစ်နေပြီး ကျွန်ုပ်တို့၏ အတွေးအခေါ်၊ အလုပ်အကိုင်ဟူသမျှသည် ကာဖရ်တို့နှင့်ခြားနားမည်မဟုတ်ပေ။

ဤသည် ကျွန်ုပ်တို့အဖို့ အဆိုးရွားဆုံး နစ်နာမှု့ပင်။

သဘာဝဘေးအန္တရာယ်နှင့် ကျွန်ုပ်တို့

သဘာဝဟူသော စကားလုံးအား တွင်ကျယ်စွာသုံးစွဲမှု့အနက် သဘာဝဘေးအန္တရာယ်ဟူသော စကားလုံးအား လူတိုင်းကြားဖူးကြမည်။ ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျှင်ဘေး စသည့်တို့အား သဘာဝဘေးအန္တရာယ်များဟု သတ်မှတ်ပြောဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အဖို့ ရှေ့ဆက်အကြောင်းပြရန်မဖြစ်နိုင်တော့သဖြင့် အစကတည်းမှ ရှေ့မဆက်နိုင်ရန် လမ်းကြောင်းပိတ်ရပေမည်။ ဥပမာ- ငလျှင်လှုပ်သည်ဆိုပါစို့။ ငလျှင်လှုပ်ခြင်း၏ အကြောင်းပြချက်အဖြစ် ရာနှင့်ချီသော အချက်အလက်များတင်ပြလျှင်လည်း ဘာကြောင့်ဟူသော မေးခွန်းအား ထပ်ဆင့်၍ မေးမြန်းနေလျှင် ၎င်းတို့အဖို့ ယနေ့ခေတ်၏ တွေ့ရှိချက်အရ ဤမျှသာဖြစ်သည်ဟု ပြောဆိုခြင်းမှအပ တိကျသော အဖြေအား ပေးနိုင်မည်မဟုတ်ပေ။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဖန်ဆင်းရှင်အား ယုံကြည်သူများမဟုတ်။ လောကီဖြစ်စဉ်တို့အား စူးစမ်းလေ့လာ၍သာ ပြောဆိုနေရသောကြောင့် ယခုကဲ့သို့ ခေါင်းစဉ်ပြောင်းပေးကာ ရှောင်ကွင်းလိုက်ကြခြင်းဖြစ်သည်။
ဒုတိယအနေနှင့် သဘာဝဘေးဟု ပြောဆိုခြင်းဖြင့် အဇားဗ်ခေါ် ပြစ်ဒဏ်သင့်ခြင်းအား လက်ခံရန်လည်း မလိုအပ်တော့ပေ။ အခြားသူများသည်လည်း အဇားဗ်ဖြစ်သည်ဟု တွေးခေါ်နိုင်တော့မည်မဟုတ်ပေ။ အလ္လာဟ်ရှင်မြတ်၏ မဟာဂရုဏာပင်။ ယနေ့တိုင် ကျွန်ုပ်တို့မွတ်စ်လင်မ်များကြားတွင် သဘာဝဘေးအန္တရာယ်များဟူသော စကားလုံးအား ကြားနေရသော်လည်း မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖက်မှ ပြစ်ဒဏ်ခတ်ခြင်းသာ ဖြစ်ကြောင်းပြောဆိုနေကြသည်ကို တွေ့မြင်ရ၏။ အလ်ဟမ်ဒုလစ်လ္လာဟ်။

ဝမ်းနည်းဖွယ်ရာမှာ....

ကျွန်ုပ်တို့သည် သဘာဝဘေးအန္တရာယ်များအား အဇားဗ်ဖြစ်သည်ဟု သတ်မှတ်ကြသော်လည်း ရှိုင်သွာန်၏ လှည့်ဖြားမှု့တွင်ရှိနေကြခြင်းပင်ဖြစ်သည်။ အကြောင်းပြချက်အဖြစ် ကာဖရ်တို့အား လက်ညှိုးထိုးကာ ပြသလေ့ရှိ၏။ ဥပမာ။      ။ လွန်ခဲ့သော်နေ့၏ ငလျှင်အကြောင်းဆိုပါစို့....။ ကျွန်ုပ်တို့အားလုံး အဇားဗ်တစ်ခုဖြစ်ကြောင်း ယုံကြည်ကြသည်။ သို့သော် အချင်းချင်းပြောဆိုရာတွင် "ဒါကာဖရ်တွေ ငါတို့ကို ညှင်းပမ်းနှိပ်စက်လို့ အလ္လာဟ်က ပြတာ။ ဒါအလ္လာဟ်ဘက်က လက်စားချေပေးမှု့တစ်ခုပဲ" ဟူ၍ ပြောဆိုကြသည်။ ကျွန်ုပ်တို့၏ အပြစ်တစ်စုံတစ်ရာအား သတိပေးခြင်း မဖြစ်နိုင်ပါလော။ ဤအချက်အား ကျွန်ုပ်တို့ ဘာကြောင့် မစဉ်းစားကြသနည်း။ ကျွန်ုပ်တို့အားလုံးသည် မြင့်မြတ်တော်မူသော အရှင်မြတ်၏ နှစ်သက်မှု့ကို ရထားသော သူတော်စင်များဖြစ်နေပါသလား။ အမှန်စင်စစ် ထိုသို့ မှတ်ယူခြင်းဖြင့် ၁။ သောင်ဗဟ်ပြုရန် အနည်းငယ်အားလျော့သွားပေသည်။ ၂။ မိမိတို့၏ အမှားများအား သုံးသပ်ရန်အခွင့်အရေးမရတော့ပေ။ ၃။ စိတ်ဓါတ်အားအင် ကျဆင်းသွားစေသည်။ ထို့အတူများစွာသော အခြားဆုံးရှုံးမှု့များလည်း ရှိနေပေသေးသည်။

ထို့ကြောင့် နိဂုဏ်းချုပ်အနေနှင့် သဘာဝဟူသော စကားလုံးအား သတိထားသုံးစွဲရန်နှင့် အဇားဗ်ဖြစ်သည်ဟု မှတ်ယူသော်လည်း ကာဖရ်တို့အား ပစ်မှတ်ထားသည်ဟု မှတ်ယူခြင်းတို့အား အထူးရှောင်ရှားကြရန်နှင့် မိမိတို့၏ အပြစ်များအား အရှင်မြတ်၏ရှေ့တော်မှောက်တွင် ဝန်ချတောင်းပန် သောင်ဗဟ်ပြုပြိး၊ ကောင်းမှု့ကုသိုလ်များစွာ ပွားများရန်အတွက်တိုက်တွန်းလိုက်ပါသည်။

မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အားလုံးအား စစ်မှန်သော အတွေး၊ မှန်ကန်သောလမ်းစဉ်ချီးမြှင့်တော်မူပါစေ။ ကျွန်ုပ်တို့အားလု့းအား အပြစ်များမှ ခွင့်လွှတ်ချမ်းသာပေးတော်မူပြီး ကျရောက်နေသော အဇားဗ်များမှ ဖယ်ရှားပေးသနားတော်မူပါစေ။

ဘရှီးလေး(မေမြို့)
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger