بسم الله الرحمن الرحيم
ယနေ့ခေတ်၏ ကောလဟာလ
ယနေ့ခေတ်တွင်
ဤစကားအားလည်း များစွာကြားနေပြန်၏။ "အပေါ်ယံ အကျီက ဘာလုပ်မှာလဲကွာ...
နှလုံးသား ဖြူဖို့ပဲ အရေးကြီးတာပါ။ ငါတို့ နှလုံးသားဖြူတယ်။
ငါတို့နီယသ်ကောင်းတယ်။ မြင့်မြတ်တော်မူသော အရှင်မြတ်နဲ့လည်း ငါတို့
အဆက်သွယ်ထားတယ်။ ငါတို့ လုပ်ရပ်အားလုံး ပုံမှန်ပဲ... အားလုံးကောင်းနေတာပဲ။
အကယ်လို့ အဝတ်အစားလေး ပြောင်းလိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။
ဘာလို့လဲဆိုတော့ အစ္စလာမ်က အပေါ်ယံ ပြုမှုကျင့်ကြံမှု့ရဲ့ နာမည်မဟုတ်ဖူး။
အတွင်းပိုင်ဆိုရာရဲ့ အမည်နာမတစ်ခုဖြစ်တယ်။ အစ္စလာမ်က ခန္ဓာကိုယ်ရဲ့
နာမည်မဟုတ်ဖူး။ နှလုံးသားဝိဥာဏ်ရဲ့ နာမည်ဖြစ်တယ်။ ရှရီအသ်ကို
အတွင်းကျကျမြင်တတ်ဖို့လိုတယ်။ နားလည်တတ်ဖို့လိုတယ်။" ဤကဲ့သို့သော
စကားများသည် လွန်စွာပျံ့နှံ့လျှက်ရှိခဲ့ပြီး ဆက်လက်တွင်ကျယ်နေဆဲပင်။
ထိုသို့ပြောခြင်းအား ဖက်ရှင်တစ်ခုအသွင်ဖန်တီးခဲ့ကြပြီး ဖြစ်ပေသည်။
အတွင်းနှင့်အပြင်
ကောင်းစွာ
မှတ်သားပါလေ။ သာသနာ့အမိန့်များသည် နာမ်နှင့်ဆိုင်သကဲ့သို့
ရုပ်နှင့်လည်းဆိုင်ပေသည်။ အတွင်းနှင့်သက်ဆိုင်သကဲ့သို့ အပြင်နှင့်လည်း
ဆိုင်ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ်တွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်
အမိန့်ရှိထားသည်မှာ- အသင်တို့သည် အပေါ်ယံအပြစ်ဂိုနဟ်များကိုလည်းကောင်း၊
အတွင်းပိုင်းအပြစ်ဂိုနဟ်များကိုလည်းကောင်း ရှောင်ကျဉ်ကြလေကုန်။ (တနည်း)
ရုပ်နာမ်နှစ်ခုလုံး၏ အပြစ်တို့အား ရှောင်ကျဉ်ကြလေကုန်။
အတွင်းပိုင်း(နာမ်ပိုင်းဆိုင်ရာ) အကုသိုလ်တို့အားသာလျှင် ရှောင်ရှားဟူ၍
မိန့်တော်မမူထားပေ။ ကောင်းစွာ မှတ်သားပါလေ။ အပြင်ပိုင်း အပေါ်ယံအားဖြင့်
ပျက်စီးနေသောအခါ ရှိုင်သွာန်မိစ္ဆာသည် အတွင်းပိုင်းကောင်းနေပါသေးသည်ဟု
ထင်ယောင်ထင်မှား ဖြစ်စေကာ လှည့်စား၏။ အဘယ်ကြောင့်ဆိုသော် အတွင်းမကောင်းမှသာ
အပြင်ပိုင်းပျက်စီးမှု့ဖြစ်လေသည်။ အကယ်၍ အတွင်းပိုင်းကောင်းမွန်နေလျှင်
အပြင်ပိုင်း ပျက်စီးရန်အကြောင်းမရှိပေ။
ဥပမာတစ်ခု...
ကျွန်ုပ်တို့၏
သူတော်စင်အကြီးအကဲတစ်ပါး ဥပမာတစ်ခု ပေးလေ့ရှိသည်။
သစ်သီးတစ်လုံး၏အတွင်းပိုင်း ပုပ်နေသောအခါ ထိုပုပ်ပွမှု့၏ နမိတ်လက္ခဏာသည်
အမဲစက်အဖြစ် အခွံတွင်မြင်ရပေသည်။ အကယ်၍ အသီး၏အတွင်းပိုင်း မပုပ်နေပါက
အခွံတွင် မည်သည့်ပြစ်ချက်မှ တွေ့မြင်ရမည်မဟုတ်ပေ။ အခွံတွင်
ပြစ်ချက်တွေ့နေရခြင်းမှာ အတွင်းမကောင်းမှု့ကြောင့်ပင်ဖြစ်၏။ ထိုနည်းတူစွာ
လူတစ်ယောက်၏ အပေါ်ယံ ပြစ်ချက်တစ်စုံတစ်ရာ တွေ့မြင်နေရခြင်းမှာ
အတွင်းပိုင်းပျက်စီးမှု့တစ်ခုခုကြောင့်ပင်ဖြစ်ပေသည်။ သို့မဟုတ်ပါက
အပြင်ပိုင်း ပျက်စီးရန်လု့းဝ အကြောင်းမရှိပေ။
အပေါ်ယံ(လှပတင့်တယ်မှု့)သည် လောကီလုပ်ငန်းများတွင်လည်း အရေးပါ၏။
လောကီလုပ်ငန်းများတွင်မူ
အတွင်းအပြင်(လှပတင့်တယ်မှု့)အား အရေးပေးကြသည်။ (ဝမ်းနည်းဖွယ်ကောင်းသည်မှာ)
သာသနာ့လုပ်ငန်းများတွင်မူ "ငါတော့ အတွင်းပဲ လိုချင်တ်ယ။
အပြင်မလိုချင်ဖူး"ဟု ပြောဆိုနေကြသည်။ ဥပမာတစ်ခုအား ရှု့စားပါလေ။ မြေပထဝီတွင်
အသင်အိမ်တစ်လုံးဆောက်သည်ဆိုပါစို့။ အိမ်၏
အတွင်းပိုင်း(အရေးကြီးအချက်ချာကျသောအရာ)မှာ လေးဘက်နံရံနှင့်
အပေါ်မှအမိုးသာဖြစ်၏။ ၎င်းတို့အား ပြုလိုက်ပြီးသွားပါက ပြည့်စုံသွားမည်ဖြစ်ရာ
ပလာစတာကိုင်ခြင်း၊ ဆေးသုတ်ခြင်း စသည်တို့အား အဘယ်ကြောင့် ပြုလုပ်ကြပါသနည်း။
ပလာစတာကိုင်ခြင်း၊ ဆေးသုတ်ခြင်းနှင့်ပင် မတင်းတိမ်နိုင်ပဲ အလှအပ
ပစ္စည်းများဖြင့် ခြယ်သနေကြသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာတွင်မူ
(အမိုးနှင့်နံရံလေးဘက်သာ)အရေးကြီးသည်ဟု မသတ်မှတ်၊ မမှတ်ယူကြ။
(နောက်ဥပမာတစ်ခုအား ဆက်လက်ရှု့စားကြည့်ပါလေ။)
ကားတစ်စီးတွင် အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ ရှိသည်။ ကား၏
အတွင်းပိုင်းအတွက် အင်ဂျင်အထိုင်တွင် အင်ဂျင်တပ်ဆင်လိုက်ပါက
ပြည့်စုံသွားမည်။ အင်ဂျင်တပ်ဆင်ပြီးနောက်
စီးနှင်းရန်အသင့်ဖြစ်သွားပြီဖြစ်သည်။ သို့ဖြစ်လျှင်
ဘောဒီအဘယ်ကြောင့်လိုအပ်နေရပါသနည်း။ အရောင်အဘယ်ကြောင့်လိုအပ်နေရပါသနည်း။
ယနေ့တိုင် မည်သူတစ်ဦးကမျှ ဤနေရာတွင်
ကား၏အတွင်းပိုင်းအားပိုင်ဆိုင်ပြီဖြစ်သောကြောင့် အပြင်ပိုင်းမလိုတော့ဟူ၍
မပြောဆိုခဲ့ပေ။ ဤနေရာတွင် အတွင်းအပြင်နှစ်ခုလုံးအား လိုလားကြ၏။ သနားစဖွယ်
သာသနာသာလျှင် မွဲတေခြူခြာနေရရှာသည်။ သာသနာ့လုပ်ငန်းများတွင်
အတွင်းပိုင်းကိုသာ လိုလား၍ အပြင်ပိုင်းကို မလိုလားဟု ဆိုနေကြသည်။
ရှိုင်သွာန်၏လှည့်စားမှု့
မှတ်သားထားကြပါလေ။
ဤသည် ရှိုင်သွာန်မိစ္ဆာကောင်၏ လှည့်စားမှု့၊ ဖြားယောင်းမှု့တစ်ခုသာဖြစ်ပေသည်။
ထို့ကြောင့် အတွင်း၊အပြင် (နှစ်ခုလုံး) ပြုပြင်ရန် အရေးကြီးသည်။
ဝတ်စားဆင်ယင်မှု့တွင်ဖြစ်စေ၊ လူမှု့ဆက်ဆံရေးတွင်ဖြစ်စေ အားလုံးသည်
အပေါ်ယံနှင့် သက်ဆိုင်သော်လည်း အတွင်းသို့ သက်ရောက်မှု့ဖြစ်စေသည်။ သို့ဖြစ်ရာ
အဝတ်အစားအား သေးဖွဲသည့်အ၇ာဟု သတ်မှတ်ကာ မျက်ကွယ်မပြုသင့်ပေ။
တစ်စုံတစ်ယောက်သည် အထက်ဖော်ပြပါ (အတွင်းသာလိုတယ် အပြင်က အဓိကမဟုတ် ဟူသော)
စကားကဲ့သို့ ပြောဆိုနေပါလျှင် ထိုသူသည် သာသနာနှင့် ပတ်သတ်၍ စစ်မှန်သောအသိ
မရရှိထားသူသာဖြစ်ပေသည်။ အကယ်၍ (ဝတ်စားဆင်ယင်မှု့သည် အရေးမကြီးပါက)
မြတ်နဗီ(ဆွ)သည် အဝတ်အစားနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ မိန့်ခြွေမည်မဟုတ်ပေ။
တစ်စုံတစ်ရာ သင်ကြား၊ မှာတမ်းခဲ့မည်လည်း မဟုတ်ပေ။ သို့သော် မြတ်နဗီ(ဆွ)သည်
လူတို့ အမှားအယွင်းများဖြစ်မည်ဟု ဆိုးရိမ်ရသော နေရာများနျင့် ပတ်သတ်၍
ဝတ်စားဆင်ယင်မှု့ဆိုင်ရာ အမိန့်များကိုလည်းကောင်း၊
ဆိုဆုံးမမှု့များကိုလည်းကောင်း သင်ကြား၊ပြဌာန်းခဲ့လေသည်။ သို့ဖြစ်ရာ
ထိုပြဌာန်းချက်များနှင့် သင်ကြားပြသမှု့များအား
ကောင်းစွာမှတ်သား(လိုက်နာ)ရန် အရေးကြီးပေသည်။
တတိယပိုင်းအား ဤနေရာတွင် ဖတ်နိုင်ပါသည်။
ဘရှီးလေး(မေမြို့)
Post a Comment