بسم الله الرحمن الرحيم
ဒီနေ့ ကျွန်တော် သိပ်နေမကောင်းဖူး။ ရာသီတွေလည်း ဖောက်ပြန်နေတယ်။ ကြာသပတေးနေ့ဖြစ်ပေမယ့် အရင်လို စိတ်ပျော်ရွှင်မှု့များမရှိတော့။ ကိုယ်စီကိုယ်စီ နေအိမ်သို့ ပြန်နေကြသည့် ကျောင်းသားများ ကိုငေးကြည့်နေမိတယ်။ ကျနေနဲ့ စိတ်ကိုပြန်တင်ရင်း ကလောင်ကို အဖော်ပြုတော့မည်ဟု ကြုံးဝါးကာ အခန်းထဲကို ဝင်လာခဲ့သည်။ အရာရာက မှုန်ဝါးနေသည့်အလား မြင်ကွင်းမှာ လုံးဝမသဲကွဲခဲ့။ ခေတ္တ လဲလျောင်းနေကာ မတားဆိးနိုင်သော အတွေးများ၏ ရိုက်နှက်ဒဏ်ကို အလူးအလဲခံနေမိတော့သည်။ ထိုအတွေးများကား မတွေးချင်လည်း ပြန်တွေးဖြစ်တယ်။ တားချင်ပြန်လည်း မတားဆီးနိုင်ခဲ့တဲ့ အတွေးတွေပဲပေါ့။ နောက်ဆုံး ကျွန်တော်လည်း အနိုင်မခံ အရှုံးမပေး အတွေးပင်လယ်မှ ကြိုးစား ရုံးထွက်ခဲ့ဖြစ်တော့တယ်။ သို့သော် အချိုးမပြေတဲ့ စိတ်ကူးတွေကြောင့် ကဗျာတွေ အနားကွပ် မလှ ဖြစ်နေတယ်။ ဖျက်လိုက် ခြစ်လိုက်နဲ့ စာရွက်ကလေးတွေကို ဖြုန်းတီးနေမိတယ်။ အာရုံကို စုစည်းရင်း အတွေးများ ဦးတည်၇ာကို ပြောင်းလဲမိလိုက်တယ်။ ဘဘော့ဂ် ... ကျွန်တော့်ရဲ့ ဘလော့ဂ်လေး အလ်ဘရှီး။
ချစ်သူငယ်ချင်းများအတွက်ဆိုပြီး ကျွန်တော်စာရေးဖို့ ရည်ရွယ်ခဲ့ဖူးတယ်။ ကျောင်းစာတလှည့် အပြင်စာတလှည့်နဲ့ အဲ့ဒီ ရည်ရွယ်ချက်လေးကို အကောင်အထည်ဖော်ဖို့ အခွင့်မသာခဲ့ဖူး။ ဒီနေ့တော့ အလ်ဟမ်ဒုလစ်လာ ကျွန်တော် ရေးသားခွင့်ရလိုက်ပြီပေါ့။
ချစ်ညီကိုတို့ရေ... ကျွန်တော် ညီကိုတို့ကို ပထမဆုံး စာရေးနေတာဆိုတော့ အမှားမှား အယွင်းယွင်းတွေ ပါလာခဲ့ရင် နားလည်ပေးရင်း ပြင်ဆင်ခွင့်ရစေဖို့ အမှားလေးတွေ ပြောပြပေးကြပါ။ ကျွန်တော်က ဒဿနပညာရှင်လည်း မဟုတ်ပါဖူး။ ဒီလိုပဲ ဟိုနားတစ်အုပ် ဒီနားတစ်အုပ်နဲ့ ဟိုဖတ်ဒီလှန် ဟိုကျော်ဒီမှတ် လုပ်နေတဲ့သူ တစ်ယောက်ပါ။ ကျွန်တော်ရေးမယ့်စာတွေမှာ ချစ်ညီကိုတို့ ဖတ်ဖူး၊ သိဖူးပြိးသားလေးတွေလည်း ပါကောင်းပါမယ်။ ညီအစ်ကိုတို့နဲ့ သဘောထား တိုက်ဆိုင်တာတွေလည်း ပါချင်ပါမယ်။ သိရှိပြီးသူတွေအတွက်တော့ ကျွန်တော်မရည်ရွယ်လိုပါဖူး။ မသိသေးသူအတွက်သာ အသိမျှဝေပေးနေတာပါ။ ကဲ.. ညီကိုတို့ရေ... ရှု့စားကြမယ် မဟုတ်လား။ စလိုက်တော့မယ်....။
အောင်မြင်မှု့သို့ဆီ လှမ်းလို့ချီ။
ခေတ်ကာလကြီးသည် လူသားတိုင်းအား တစ်ကြိမ်မဟုတ် တစ်ကြိမ် မျက်နှာသာပေးလေ့ရှိသည်။ ထိုသို့ မျက်နှာသာပေးချိန်တွင် လူသားသည် မည်သည့်အလုပ်တွင် နစ်မွန်းနေသည်ဖြစ်စေ ထိုအလုပ်၌ ခမ်းနားသော အောင်မြင်မှု့ကို ရရှိသွားကြသည်။ သို့သော် လူသားမည်သည် အကွယ်ကိုမသိနိုင်။ လက်ရှိ၏နောက်ကွယ်တွင် ဘာဖြစ်မည်ကို မသိ။ လေကြောင်းပြောင်း တိုက်ခတ်မှု့ကြောင့် သင်္ဘောများ ဦးတည်ရာပြောင်းသွားရသကဲ့သို့ လူသား၏ စီမံမှု့တို့သည်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက် ဖြစ်တတ်၏။ လူသား၏ စီမံကိန်းရေးဆွဲမှု့မှာ အမြင်အားဖြင့် ကွက်စိနေသော်လည်း ထိုစီမံကိန်း အား ကြိုးကိုင်သူမှာ ကံတရားဖြစ်သောကြောင့် ပရောဂျက်တိုင်း အောင်မြင်မည်ဟု မပြောနိုင်။ သို့သော် ကံကြမ္မာရဟတ် တစ်ပတ်လည်၍ ကောင်းကျိုးပေးလာလျှင် အဖက်ဖက်မှ ကူညီမှု့ရကာ အောင်မြင်မှု့ကို ဆွတ်ခူးသွားရပေသည်။ ဤသို့ဖြစ်လျှင် ကံကြမ္မာမျက်နှာသာပေးချိန်တွင် အသင်ဘာလုပ်နေမလဲ။ ကမ္ဘာပေါ်ရှိ အသိပညာရှင်၊ အတတ်ပညာရှင်များအားလုံး ဝိုင်းဝန်း၍ ဖြေဆိုပါကလည်း ထိုမေးခွန်း၏ အဖြေကို သိနိုင်မည်မဟုတ်။ ထို့ကြောင့် မေးခွန်းအား ထိုအချိန်တွင် အသင်ဘာလုပ်ချင်သနည်း ဟူ၍ ပြောင်းလဲ၇မည်သာ။
လူတိုင်းသည် ဖော်ပြပါ မေးခွန်းအား မိမိရည်ရွယ်ချက်၊ ပန်းတိုင်နှင့်အညီ ဖြေကြမည်ဖြစ်ရာ အဖြေများ သည် ထပ်တူဖြစ်ရန် (သို့မဟုတ်) တစ်ခုတည်း ဖြစ်ရန်မှာ ခဲယင်းသကဲ့သို့ ဖြစ်နိုင်ချေလည်း မရှိပေ။ စီးပွားရေးနယ်ပယ်တွင် ကျက်စားနေသောသူများသည် ကမ္ဘာကျော်ဓနရှင်များ၊ စီးပွားရှင် များ ဖြစ်ချင်ကြမည်။ ကျောင်းသားများသည် မိမိစိတ်ဝင်စားသော ပညာရပ်၌ အထက်မျဉ်းမရှိ ပါမောက္ခကြီးဖြစ်လိုကြသည်။ အနုပညာတွင် စိတ်ဝင်စားသူများသည် မိမိတို့ နစ်မွန်းရာ၊ ဝါသနာပါသော အလုပ်တွင် ပြိုင်ဖက်ကင်းချင်ကြမည်။ ချစ်သူထံမှ အဖြေကို ရင်ခုံသံ တဒိုင်းဒိုင်းဖြင့် စောင့်စားနေသူသည် ချစ်သူ၏ ချစ်ကျွမ်းသက်ဝင်ကြောင်းကို ကြားလိုလိမ့်မည်။ ဘာသာရေး စိတ်ဝင်စားသူများ ကမူ နောင်တမလွန်တွင် သာယာငြိမ်းချမ်းလိုကြသည်။ အချုပ်ဆိုရသော် လူသားတို့၏ ရည်ရွယ်ချက်များ မှာ တစ်ထပ်တည်းကျရန် သို့မဟုတ် တူဆင်၇န် ခဲယင်းလှပေသည်။
သို့သော် တူညီနိုင်သော အချက်များစွာ ရှိနေပေသည်။ ထိုအချက်များမှာလည်း လူသားတိုင်း ၏ မွေးရာပါ နှစ်သက်မှု့များပင် ဖြစ်သည်။ ဥပမာဆိုရသော- အောင်မြင်မှု့ကို လူတိုင်းနှစ်သက်ကြသည်။ လူသားတိုင်း ရယူလိုကြသည်။ မြေပထဝီပေါ်တွင် သွားလာနေကြသော လူ့သတ္တဝါတို့သည် ကျရှုံးမှု့အား သူတစ်ပါးအတွက်သာလျှင် လိုလားနှစ်သက်ကောင်း နှစ်သက်ကြမည်။ သို့သော် မိမိအတွက် နှစ်သက်ခဲ့ သူ၊ နှစ်သက်မည့်သူ ဟူ၍ ရှာမှရှားပင်။ ထို့ကြောင့် အောင်မြင်မှု့အား လိုလားခြင်းသည် လူသားတိုင်း ၏ မွေးရာပါဗီဇ တစ်ခုဖြစ်ကြောင်း ဆိုနိုင်ပေသည်။
ဤတွင် စစ်မှန်သော အောင်မြင်မှု့ဟူသည် အဘယ်အရာနည်း။ အောင်မြင်မှု့ကို မည်သို့ ရှာဖွေရယူနိုင် ပါသနည်း။ အောင်မြင်မှု့ကို မည်သည့်အချိန်တွင် ရရှိနိုင်ပါသနည်း။ ရရှိလာသော အောင်မြင်မှု့အား အမြဲရှိနေစေရန် မည်သို့ ကာကွယ်စောင့်ရှောက်နိုင်ပါသနည်း။ အစရှိသော မေးခွန်းများ လည်း မေးစရာဖြစ်လာပေတော့မည်။ ထို့ကြောင့် ဥိးစွာပထမ စစ်မှန်သော အောင်မြင်မှု့ဟူသည် အဘယ်အရာနည်း။ ဟူသော မေးခွန်းအား ဖြေဆိုကြည့်မိတော့သည်။
ကမ္ဘာပေါ်တွင် ဘာသာကြီး လေးခုသည် ထင်ရှားကျော်ကြားလှသော၊ အများသိသောဘာသာကြီး များ ဖြစ်ရာ ထိုဘာသာဝင်တို့၏ ခံယူချက်နှင့် အညီ ဦးစွာပထမ စဉ်းစားကြည့်ကြစို့။ ထိုဘာသာကြီးလေး ခုတို့အား လက်ခံကျင့်သုံးသူများသည် နောင်တမလွန်အား ယုံကြည်ကြသည်။ လောကီဘဝ တွင် ပြုကျင့်ခဲ့သော အရာများအားလုံး၏ အကျိုးရလဒ်ကို နှစ်ဘဝလုံးတွင်ဖြစ်စေ၊ နောင်တမလွန် တွင်ဖြစ်စေ ရရှိကြမည်ဟု ယုံကြည်ကြသည်။ ထို့အတူ လောကီဘဝတွင် မည်မျှပင်အောင်မြင်သူ ဖြစ်ပါစေ ထိုသူသည် နောင်တမလွန်၌ အကျိုးယုတ်ဆုံးရှုံးနေရပါလျှင် စစ်မှန်သော အောင်မြင်မှု့အား ရရှိသူမဟုတ် ဟူ၍ သတ်မှတ်ထားကြသည်။ နောင်တမလွန်တွင် ငရဲလား အပါယ်ဘုံစံရပါက ၎င်း၏ အောင်မြင်မှု့သည် မည်မျှပင် ကြီးကျယ်ခန်းနားခဲ့လင့်ကစား အချီးအနှီးသာဖြစ်ပေမည်။ ထို့ကြောင့် စစ်မှန်သော အောင်မြင်မှု့ အား မတည်မြဲသော လောကီဘဝ၏ အောင်မြင်မှု့ဖြစ်သည်ဟု မဆိုနိုင်တော့ပေ။ လောကီ ၊လောကုတ္တရာ နှစ်ဌာနလုံးတွင် အောင်မြင်မှသာလျှင် စစ်မှန်သော အောင်မြင်မှု့ဟုဆိုရပေမည်။ ဤအချက်အား နှလုံးသွင်း၍ ကျွန်တော်၏ လုပ်ရပ်တိုင်းအား လောကီဘဝအတွက်သာ အောင်မြင်စေရန် မကန့်သန့်ထားပဲ စဉ်မြဲတည်မြဲနေမည့် နောင်ဘဝအတွက်ပါ ထည့်သွင်းစဉ်းစားသင့်သည်။ မျက်ကွယ်မပြုသင့်။ နောင်ခါလာနောင်ဈေးဆိုပါက အပယ်ဘုံသည်လည်း အထိုက်တန်ဆုံးသော ဌာနေဖြစ်သွားရလိမ့်မည်။ ဤသို့ဆိုလျှင် ကြိုးပမ်းမှု့များအားလုံးသည် ကမ်းစပ် စာရေး လှိုင်းလာ ပျက်ပျယ်သွားရသကဲ့သို့ ဖြစ်ရတော့မည်။ ထို့ကြောင့် မည်သည့်လုပ်ရပ်ကိုမဆို စတင်လုပ်တော့မည် ဆိုလျှင် နောင်တမန်လွန်တွင် အကျိုးရှိမည်၊ မရှိမည်အား ဦးစွာပထမ ချင့်ချိန်သုံးသပ်သင့်သည်။ ထိုသို့ သုံးသပ်ပြိးနောက် မလျှော့်သော ဇွဲ၊လုံးလတို့ဖြင့် အောင်မြင်မှု့ဆီ လျှောက်လမ်းရမည်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ အားလုံးအား စစ်မှန်သော အောင်မြင်မှု့ကို ချီးမြှင့်ပေးသနားတော်မူပါစေ။ (အာမီးန်)
ဒုတိယပိုင်း အဖြစ် အောင်မြင်မှု့ကို ရှာဖွေရာတွင် သတိထားသင့်သော အချက်များကို ဦးတည်၍ ဆက်လက်ရေးသားနေပါသည်။ စောင့်မျှော်ဖတ်ရရှု့ကြပါရန် .....။
ဘရှီးလေး
မေမြို့
Post a Comment