ဒီနေ့ လူကြိး၊လူငယ်၊ လူလတ်၊ကလေး လူတန်းစားမရွေး သာသနာ့အသိပညာ ကြွယ်ဝစေရန် အဖက်ဖက်မှ နည်းမျိုးစုံဖြင့် ကြိုးစားအားထုတ်နေလျှက်ရှိကြသည်။ ပညာရှင်များအား ချဉ်းကပ်၍လည်းကောင်း၊ စာအုပ်စာပေများအား လေ့လာ၍လည်းကောင်း၊ အင်တာနက်၊ စလောင်း၊ တီဗီ၊ ကွန်ပြူတာ အစရှိသည့် ကြားခံပစ္စည်းတို့မှလည်းကောင်း သာသနာ့ပညာအား ရနိုင်သည့်ဖက်မှ ရှာဖွေကာ လေ့လာစူးစမ်းနေကြသည်။ မာရှာအလ္လာဟ် တော်တော်ကောင်းမွန်တဲ့ နမိတ်လက္ခဏာများပင်။ ယခုကဲ့သို့ ကြိုးပမ်းမှု့များ ရှိနေသည်ထက် ပိုမိုရှိစေတော်မူပါ။ ကြိုးစားသူဦးရေလည်း တိုးပွားစေတော်မူပါ။
သို့သော် ကျွန်ုပ်တို့တွင် အားနည်းချက်တစ်ချက် ရှိနေသည်ကို အများသတိမမူမိသော်လည်း သာသနာ့ပညာရှင်ကြီးများ၏ နက်ရှိုင်း၊စူးရှလှသော အမြင်အာရုံတွင် အချက်ပြမီးတစ်ခုကဲ့သို့ ဖြစ်နေပေတော့သည်။ ထို့ကြောင့် တပည့်တို့အား စာသင်ကြားရာတွင်လည်း စာနှင့်ပတ်သတ်သည်ထက် အတွင်းရောဂါဆိုးများ အကြောင်း၊ ကုစားပုံ ကုစားနည်းတို့အား ပိုမိုပြောကြားကြခြင်းဖြစ်သည်။ အကြောင်းမှာ- ကျွန်ုပ်တို့သည် များစွာသော စာအုပ်များအား လေ့လာဖတ်ရှု့ကြပြီးနောက် သို့မဟုတ် အတိုင်းအတာတစ်ခုထိ လေ့လာပြိးနောက် ဆရာဖြစ်ချင်စိတ်များ၊ အမှားထောက်ချင်စိတ်များ၊ ဝေဖန်လိုစိတ်များ အစရှိသည့် ရောဂါဆိုးများ၏ ဒဏ်ကို မခံနိုင်ပဲ ရှိတတ်ကြ၏။ အထူးသဖြင့် သာသနာ့ပညာရှင်များအား ဝေဖန်ရန်၊ ၎င်းတို့နှင့် ပညာပြိုင်ရန်၊ ၎င်းတို့အား ပညာစမ်းရန်၊ မသိသောသူများအားကြားတွင် အလံထူရန် လွန်စွာ မက်မောလာတတ်ကြ၏။ ထို့အတူ မိမိသိထားသော အချက်တစ်ချက်နှင့် ငြိစွန်းလာသူ တစ်ဦးတစ်ယောက်အား ပီပီပြင်ပြင် ပြောဆိုလိုက်ရလျှင် နှစ်ထောင်းအားရဖြစ်ကြကာ ပီတိဖြာဝေတတ်ကြ၏။

များစွာသောပုဂ္ဂိုလ်တို့သည် မိမိဘဝအတွက် လိုအပ်သည်များအား သင်ယူလေ့လာသည်မဟုတ်ပဲ ခေတ်စားနေသော မတ်စ်အလဟ်၊ သို့မဟုတ် မိမိမနှစ်သက်သူတစ်ဦးဦးတွင် ရှိနေသော အားနည်းချက်အား ဝေဖန်ရန်အတွက် လေ့လာမှု့ပြုရာတွင် အထူးကြိုးပမ်းလေ့ရှိကြသည်။ ဤအားနည်းချက်သည် ကျွန်ုပ်တို့အဖို့ အကြီးအမားဆုံးသော အန္တရယ်ဖြစ်နေသည်ကိုလည်း သတိမမူကြပေ။
ဟဇရသ် အနတ်စ် ဗင်န် မာလစ်က် (ရသွေ့) သခင်ကြီးထံမှ ဆင့်ပြန်ချက်လာရှိသည်မှာ အကြင်သူသည် သာသနာ့ပညာရှင်များနှင့် ပညာဂုဏ်ပြိုင်ရန်အတွက် သို့မဟုတ် အသိဥာဏ်ခေါင်းပါးသောသူများနှင့် အငြင်းအခုံရန်အတွက် သို့မဟုတ် လူတို့အား မိမိဖက်သို့ စွဲဆောင်ရန်အတွက် သာသနာ့ပညာအား သင်ယူခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ဂျဟန္နမ်သို့ လားစေမည်ဖြစ်သည်။ ဤဟဒီးဆ်တော်နှင့် အဓိပ္ပါယ်တူ၊စာလုံးကွဲ ဟဒိးဆ်များစွာ လာရှိထားပေသည်။ ဆင့်ပြန်ခဲ့သော ဆွဟာဗဟ်များမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။
- ဟဇရသ် မုအားဇ်ဗင်န်ဂျဗလ် (ရသွေ့)
- ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ် (ရသွေ့)
- ဟဇရသ် အိုစာမဟ် (ရသွေ့)
- ဟဇရသ် အဗူဟိုရိုင်ရဟ် (ရသွေ့)
- ဟဇရသ် ဂျာဗစ်ရ်ဗင်န်အဗ္ဗဒွလ္လာဟ် အလ်အန်စွာရီ (ရသွေ့)
- ဟဇရသ် အနတ်စ်ဗင်န်မာလစ်က် (ရသွေ့)
- ဟဇရသ် ဟိုဇိုင်ဖဟ်ဗင်န်ယမာန် (ရသွေ့)
- ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်မတ်စ်အူးဒ် (ရသွေ့)
- ဟဇရသ် ကအ်ဘ်ဗင်န်မာလစ်က် (ရသွေ့)
မှတ်ချက်။ ။ ဤဟဒီးဆ်တော်၏ အချို့ရေဝါယသ်များတွင် ဆင့်ဆိုသူများကြောင့် အားနည်းချက်များ ရှိနေသည်။ သို့သော် ဆင့်ပြန်ချက်များသည် တစ်ခုနှင့်တစ်ခု အကြောင်းအရာထပ်တူဖြစ်နေပြိး ဖော်ပြပါ ဟဒီးဆ်တော်အား ထောက်ခံသော ဟဒိးဆ်တော်များစွာ ရှိနေသောကြောင့် လက်ခံကျင့်သုံးရမည့် ဟဒိးဆ်တစ်ပုဒ်အဖြစ် သာသနာ့ ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ လေ့လာမှု့အား ဖြူစင်သောစိတ်ဓါတ်ဖြင့် ဖြစ်စေရန် ကျွနင်္ုပ်တို့အားလုံး ကြိုးစားရပေမည်။ သို့မှသာ နှစ်ဘဝနှစ်ဌာနလုံးတွင် အကျိုးရှိနိုင်မည်ဖြစ်၏။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးအား စစ်မှန်သော သာသနာ့ပညာအား ဖြူစင်သော စိတ်ထားဖြင့် စဉ်မြဲသင်ယူနိုင်ခွင့် ပို့ချနိုင်ခွင့်ပေးသနားမူပါစေ။
ဘရှီးလေး
မေမြို့
မေမြို့
Post a Comment