လူသည် ကိစ္စတိုင်းတွင် အမျိုးမျိုးတွေးခေါ်တတ်လေ့ရှိပြီး ကျင့်ဆောင်မှု့ပြုရာ၊ ဘဝတည်ဆောက်ပုံအခြေခံတို့တွင် ကွဲပြားတတ်ပေသည်။ ထိုသို့ ကွဲပြားရာတွင် အကောင်းအဆိုးခွဲခြား သိမြင်သူများအနေနှင့် ကောင်းမွန်ရာလမ်းစဉ်အား ရွေးချယ်ကျင့်သုံးတတ်ကြပြီး၊ မသိနားမလည်သူများအနေနှင့် လွယ်ကူမှု့ကို အခြေပြု၊ လွတ်လပ်မှု့ကို ရှာဖွေရင်း ဆုလဒ်များမှ ဝေးကွာသွားတတ်ရသည်။
အတွေးအခေါ်ပညာရှင်များ၏ စကားတစ်ခုအား ကူးယူတင်ပြရသော် - ရှေ့လူ၏ မှားယွင်းခြင်း၊ သို့မဟုတ် မိမိ၏ မှားယွင်းနေခဲ့မှု့အား သိမြင်ခြင်း၊ နောင်တရခြင်းနှင့် သံဝေဂယူခြင်းသည် လွန်စာကောင်းမွန်သော နဖူးစာရှင်၏ အရည်အချင်းကောင်းများဖြစ်သည်။ လူမှန်လျှင် အမှားများမှ အမှန်ရှာဖွေကြရ၏။ ထို့ကြောင့် မိမိမှားခဲ့သည်ရှိသော် သို့မဟုတ် အခြားသူများ၏ မှားယွင်းမှု့များအား အခြေခံကာ ကျွန်ုပ်တို့ ပြုပြင်ကြရမည်ဖြစ်သည်။ ထိုသို့ ပြုပြင်ရန် အချိန်မှာ နှောင်းသည်ဟုမရှိ။ သို့သော် အချိန်မနှောင်းသေးပါ ဟူသော အတွေးခေါ်၏ လှည့်စားမှု့အား မခံလေနှင့်။
လမြတ်ရမဇန်ရောက်လာသောအခါ ရောက်ရန်နီးကပ်လာသော ကျွန်ုပ်တို့ လွန်စွာပျော်ရွှင်တတ်ကြ၏။ အချို့မှာ စားကောင်းသောက်ဖွယ်ကြောင့်၊ အချို့မှာ အလုပ်ပါးသွားသောကြောင့်၊ အချို့မှာ မုန့်ဖိုးပိုရသောကြောင့် စသည်ဖြင့် လောကီရလဒ်တို့အား ရှု့မြင်ကာ ပျော်ရွှင်တတ်ကြသည်။ ထို့အတူ လောကုတ္တရာရှာဖွေရန် အကြောင်းခံများ ပေါကြွယ်လာမှု့ကြောင့်လည်း ပျော်ရွှင်တတ်ကြ၏။ မည်သို့ပင်ဖြစ်စေ အကြောင်းခံပေါင်းစုံတို့သည် လမြတ်ရမဇန်၏ ဆန်းကျယ်မှု့တန်ခိုးပင်။
ဤသို့ဖြင့် လမြတ်ရမဇန်၏ လအား စတင်တွေ့မြင်ချိန်မှစ၍ လူတို့သည် သုံးမျိုးသုံးစား ကွဲသွားတော့လေသည်။
ပထမအမျိုးအစားမှာ- လမြတ်ရမဇန်မတိုင်မှီကတည်းက ကြိုတင်ပြင်ဆင်မှု့များပြုထားကြကာ ရောက်ရှိလာသည်နှင့် ကောင်းမှု့ကုသိုလ်ပွားများခြင်းများအား တတ်နိုင်သည်ထက်သာပို၍ ဒုက္ခခံကာ ကျင့်မူကြသည်။ သရာဝီနမားဇ်အား ကောင်းမွန်တိကျစွာ ဖတ်ရွတ်သူ၏ နောက်တွင် ခသမ်ဖတ်ရွတ်ကြသည်။ ညတွင်လည်း အအ်မာလေစွာလိဟဟ်များ ပြုကျင့်ကြသည်။ သဟ်ဂျွဒ်များဖတ်ရွတ်ကြသည်။ အခြား နဝါဖိလ်များစွာဖြင့် မွေ့လျော်နေကြသည်။ စဟ်ရီချိန်တွင်လည်း လိုအပ့်သည့်အတိုင်းတာခန့်စားသုံးကြပြီး ဆက်လက် အအ်မာလ်များ ပြုကျင့်ကြသည်။ ယုံကြည်မှု့အပြည့်ဖြင့် ရိုဇာအားစောင့်ထိန်းခဲ့ကြရာ ၎င်းတို့၏ ဝမ်းဗိုက်များတင်မက နှုတ်လျှာများ၊ မျက်စိများ၊ ခြေလက်အင်္ဂါအစုံ ရိုဇာတွင်ရှိကြ၏။ ကျမ်းမြတ်ကုရ်အာန်အား ရွတ်ဖတ်ခြင်း၊ သဇ်ဘီစိပ်ခြင်းတို့တွင်သာ အချိန်ကုန်ဆု့းစေကြ၏။ ဤသို့ဖြင့် ဝါဖြေရန်နီးကပ်လာလျှင်လည်း မိမိစောင့်ထိန်းခဲ့သော ရိုဇာတွင် အမှားများပါဝင်မည်ကို ဆိုးရိမ်ကာ သောင်ဗဟ်ပြုခြင်း၊ အစ်သစ်ဂ်ဖာရ်ဖတ်ခြင်းများပြုကြကာ ဝါဖြေရာတွင် မိမိထက် အခြားသူအား ဦးစားပေးကြ၏။ တနေကုန် မစားထားရသောကြောင့် ခုံမင်တတ်မက်ခြင်းမျိုးလည်း မရှိကြပေ။ ဤသူများသည်
လမြတ်ရမဇန်အား တန်ဖိုးထားသူများပင် ဖြစ်၏။
ဒုတိယအမျိုးအစားမှာ- လမြတ်ရမဇန်နှင့် ပတ်သတ်၍ တာဝန်ကျေဆောင်ရွက်သူများဖြစ်သည်။ တားမြစ်မှု့ဟူသရွေ့မှ ရှောင်ကျဉ်ကာ တနေ့တာ ကုန်ဆုံးကြ၏။ သို့သော် နဝါဖိလ်များနှင့် အခြားစွန္နသ်တော်များအား အကောင်ထည်ဖော်ရာတွင် ပထမအုပ်စုကဲ့သို့ မဟုတ်ပေ။ သရာဝီဖတ်ရာတွင်လည်း အမြန်ဆုံးဖတ်သည့် ဟာဖစ်ဇ်ဆားဗ်နောက်၊ အချို့ကမူ ခသမ်သရာဝီအား ဖတ်ချင်စိတ်ပင်အလျင်းမရှိကြပေ။ စူရဟ်သရာဝီဖတ်ရွတ်ရာ ဗလီတွင်သာ စုရုံးနေကြသည်။ သရာဝီပြီးလျှင် လက်ဘက်ရည်ဆိုင်၌ ထွေရာလေးပါးပြောကြပြိး မနက်အစောထရမည်ဖြစ်သောကြောင့် အိမ်ရောက်သည်နှင့် အိပ်ယာပေါ်သို့ ရောက်သွားကြလေသည်။ မနက်စဟ်ရီအချိန်တွင်လည်း နေ့လည်စာနှင့် နရှ်သာ မစားရမည်ကို သိလင့်နေသဖြင့် အားရပါးရ ဝမ်းဝလင်စွာ စားသောက်ကြသည်။ အားဖြစ်စေမည့်အရာတို့အား မှီဝဲကြသည်။ ဖဂ်ျရ်ဖတ်ပြီးနောက် ပြန်၍ မှေးစက်ကြပြန်သေးသည်။ သို့နှင့် နေ့လည်ချိန်တွင် ထ၍ ညနေဖက် ဝါဖြေရန် အသင့်ပြင်ဆင်မှု့များ ပြုလုပ်ကြသည်။ ဝါဖြေချိန်သို့ရောက်သည်နှင့် အဇန်သံအား နားစွင့်၍ ရေခွက်အားစွဲကိုင်ထားကြ၏။ အဇန်ဆိုသည်နှင့် စားသောက်ပွဲတော်ကျင်းပကာ ရိုဇာတစ်လုံးအား အဆုံးသတ်ကြလေသည်။ ဤသူတို့သည် လမြတ်ရမဇန်အား တန်ဖိုးထားထိုက်သည်နှင့် အညီမထားသူများဖြစ်ကြပြီး ကောင်းမှု့တို့အား ခုံမင်သူဟူ၍ စာရင်းမဝင်နိုင်တော့ပေ။ ၎င်းတို့ ပြုကျင့်သည့်အတိုင်း တာဝန်ကျေသွားပြီး ဆုလဒ်အချို့မှ လက်လွှတ်ဆုံးရှုံးသွားရလေသည်။
တတိယအမျိုးအစားမှာ- လမြတ်ရမဇန်၏ ရိုဇာအား တာဝန်တစ်ခုဟူ၍ပင် သတ်မှတ်ခြင်းမပြုကြပဲ ရာသီအလိုက်နေထိုင် ကျင့်ကြံမှု့ဟူ၍ သတ်မှတ်ထားကြသည်။ စိတ်ပါလျှင် ထားကြပြီး စိတ်မပါလျှင် တိတ်တစိတ် စားသောက်ကြသည်။ ရိုဇာထားသူများတွင်လည်း စားသောက်ခြင်း တစ်ခုကိုသာ တာဝန်တစ်ရပ်အရ ဟန့်တားမှု့ပြုကြပြီး၊ ဒုစရိုက်ပေါင်းစုံ၏ ဝဲဂယက်တွင် ပျော်ပါးစွာ လွင့်မျောနေတော့သည်။ အတင်းပြောခြင်း၊ စောကားခြင်း၊ ရှေ့ဆောင်ဆရာ၏ မှားကွက်များအား ဟာသအဖြစ် ပြန်ပြောခြင်း၊ ပြဿနာရှာခြင်း၊ မျက်စိဇေနာဟ်၊ နားဇေနဟ်ကျူးလွန်ခြင်းများတွင်သာ အချိန်ကုန်နေကြသည်။ ယင်းတို့၏ ရည်ရွယ်ချက်မှာ- ရိုဇာအထမြောက်စေရန် စားသောက်ခြင်းမှ ရှောင်ရှားခြင်းသာဖြစ်သည်။ ဤသူတို့သည် လွန်စွာကံဆိုးသူများ ဖြစ်ကြပြီး လမြတ်ရမဇန်၏ ကောင်းချီးအဖြာဖြာမှ လက်လွတ်ဆုံးရှုံးကြသူများ ဖြစ်ကြသည်။ ၎င်းတို့၏ ပမာသည်ကား အစာမကျွေးပဲ တိုင်တွင်ချည်နှောင်ခံရသော နွားများပင်ဖြစ်သည်။ ပို၍ ဆိုးသွမ်းသူများမှာ လမြတ်ရမဇန်နှင့် အခြားလများအား ခွဲခြားခြင်း အလျင်းမပြုပဲ မိမိကိုယ်မိမိ ရှိုင်သွာန်မိစ္ဆာကောင်၏ ညီနောင်အဖြစ် သတ်မှတ်ထားသူများပင်။ ထိုသူတို့သည် သရာဝီနှင့် ပတ်သတ်လျှင်ဝေးစွ။ ဖရ်ဇ် တာဝန်ဖြစ်သော နမားဇ်ကိုပင် မဖတ်ကြပဲ အကုသိုလ်စုဆောင်းရေး တပ်သားများပင်။
ယခုနှစ် လမြတ်ရမဇန်အတွက် ကျွန်ုပ်တို့ မေးမြန်းရန်သင့်သည်မှာ- ဤသုံးမျိုးအနက် မည်သည့်အမျိုးအစားမှ ဖြစ်ချင်သနည်း။ လူတိုင်းသည် အကောင်းဆုံးနှင့် အမြင့်ဆုံးကိုသာ လိုချင်ကြသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ- ကောင်းမှု့ပြုကျင့်ရာတွင် ကျွန်တော်တို့သည် ထိုသို့မဟုတ်။ ရောင့်ရဲတင်းတိမ်တတ်ကြသည်။ ထိုသို့ဖြစ်နေခြင်းသည် ရှိုင်သွာန်၏ ပိုက်ကွန်တွင် မိနေသည်ဖြစ်ကြောင်း သတိထားသင့်ပေသည်။ ယခင်နှစ်များတွင် မပြုကျင့်နိုင်ခဲ့လျှင်လည်း အရှင်မြတ်၏ တတ်စွမ်းနိုင်မှု့ကို အားကိုး၍ အမြင့်ဆုံးဖြစ်ချင်ကြပါ။ ထို့အတူ ဒိုအာများစွာတောင်း၍ ပထမအုပ်စုဝင်များ ဖြစ်နိုင်ရန်ကြိုးစားကြရမည်။
အိုအရှင်- ကျွန်တော်မျိုး/မ တို့သည် ကောင်းမှု့ပြုရန်၊ မကောင်းမှု့မှ ရှောင်ရှားရန် စွမ်းအားမရှိပေ။ အရှင်၏ စွမ်းအားပေးမှု့ဖြင့်သာ အရာရာကို ပြုလုပ်နိုင်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးအား လမြတ်ရမဇန်၏ အကျိုးထူး၊ ဆုလဒ်များအား ပြည့်ဝစွာ ရနိုင်စေရန် ပထမအုပ်စုဝင်များအတိုင်း ကျင့်ကြံနိုင်စွမ်း ပေးသနားမူပါ။
ဘရှီးလေး
မေမြို့
Post a Comment