အစ္စလာမ်သာသနာသည် ခေတ်ကာလတိုင်း၊ နေရာဒေသတိုင်း၊ လူ့အတန်းစားအစုံ၊ ကြီးရွယ်ငယ်ရွယ် အရွယ်ပေါင်းစုံ ကျင့်သုံးနိုင်သော တစ်ခုတည်းသော သာသနာပင်ဖြစ်သည်။ ထိုသာသနာတော်အား လိုက်စားလိုသူတိုင်းတွင် နေရာအလိုက်၊ ပုံသဏ္ဍာန်အလိုက် အမိန့်ပညတ်ချက်တို့အား သီးခြားစွာလည်း ထားရှိထားပေသည်။ အစ္စလာမ်၏ ပြိးပြည့်စုံမှု့ကား စာဖွဲ့မနိုင် တင်စားမကုန်ဖြစ်၇မည်မျာ အမှန်ပင်။ ကလောင်များ ကုန်၊ မှင်များခမ်းသွားလျှင်လည်း အစ္စလာမ်၏ ပြီးပြည့်စုံမှု့နှင့် ပတ်သတ်၍ စာစီနိုင်မည်မဟုတ်။ ကမ္ဘာတဝှမ်းရှိ စာပေအနုပညာရှင်များ စုပေါင်း၍ တင်ဆက်နိုင်မည်လည်း မဟုတ်။ မည်သို့ပင်ဖြစ်စေ အစ္စလာမ်၏ ပြီးပြည့်စုံမှု့အား ဖော်ကျူးသည့်အနေနှင့် တစိတ်တဒေသအား ကျွန်ုပ်တို့၏ ထိုင်ဝိုင်းလေးတွင် တင်ပြပေးလိုက်ရပါသည်။
ကျွန်တော်များ မြန်မာအိုလမာ သာသနာ့ပညာရှင်များ ထိုင်ဝိုင်းလေးတွင် အသက်ရွယ်ကြီးရင့်ပြီး အိုမင်းမစွမ်းဖြစ်နေသူများလည်း ပါဝင်ပေလိမ့်မည်။ ထို့အပြင် ကျွန်တော်တို့ ထိုင်ဝိုင်းလေးတွင် လာရောက်ပညာစည်းပူးနေကြသူများ၏ မိသားစုဝင်များတွင် ဘိုးဘွားများ သို့မဟုတ် ရိုဇာမစောင့်ထိန်းနိုင်သော အိပ်ယာထက်တွင်သာ ဘဝသက်တမ်းအား ကုန်ဆုံးနေရသော ရောဂါသည်များလည်း မုချရှိပေလိမ့်မည်။ ထို့ကြောင့် အစ္စလာမ့်ဥပဒေ၏ အဖိုးမဖြတ်နိုင်သော ရတနာတို့အနက် ဖိဒ်ယဟ်အမည်ရှိ လည်ဆွဲလေးတစ်ခုအကြောင်း မိတ်ဆက်ပေးလိုက်ပါသည်။ ထိုလည်ဆွဲလေးအား ထိုက်တန်သူများ ဆွဲနိုင်စေရန် ရည်ရွယ်၍ အစ္စလာမ့်အမိန့်တော် တစ်ခုအား ပို့ချပေးလိုက်ပါသည်။
ဖိဒ်ယဟ်ဟူသည်မှာ- အရဗီဝေါဟာရအရ အစားပေးခြင်း၊ ဖမ်းဆီးခံရသူအား အနှောင်အဖွဲ့မှ လွတ်မြောက်စေရန် သတ်မှတ်ထားသော အရာတစ်ခုခုအား ပေးဆောင်ခြင်း၊ လျော့နည်းမှု့ တစ်စုံတစ်ရာအတွက် အစားထိုး ဖြည့်စည်းခြင်း စသည့် အဓိပ္ပါယ်တွင် သု့းစွဲလေ့ရှိသည်။ အစ္စလာမ့်တရားမြတ်တွင်မူ အိဗာဒသ်ပြုရာတွင် မိမိဖက်မှ လျော့နည်းမှု့ ဖြစ်ပေါ်သည့်အတွက် ဖြည့်စည်းခြင်းကို ခေါ်ဆိုပေသည်။
ဖိဒ်ယဟ်၏ သမိုင်းအကျဉ်း- မြတ်နဗီ(ဆွ)သည် ရွှေမြို့တော်မဒီနဟ်သို့ ဟိဂ်ျရသ်ပြုပြီးနောက် တစ်လလျှင် သုံးရက်၊ ထို့နောက် အာရှုရဟ်နေ့တွင် ရိုဇာစောင့်ထိန်းတော်မူခဲ့သည်။ ထို့နောက် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ဤ (အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက်အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူ သကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက် တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။ (အသင်တို့ ဆွိယာမ်ဥပုသ်သီတင်း ဆောက်တည် ကြရမည့်နေ့ရက်များကား) ရေတွက်ထားသော (အနည်းငယ် မျှသော) နေ့ရက်များပင်တည်း။ သို့ရာတွင် အသင်တို့အနက်မှ တဦးတယောက်သော သူသည် ဝေဒနာစွဲကပ်၍ မကျန်းမာ သောကြောင့် ဖြစ်စေ၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေ သောကြောင့်ဖြစ်စေ၊ (ဥပုသ်သီလ မဆောက်တည် နိုင်ဘဲ ပျက်ကွက်ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ အခြား သောနေ့ ရက်များကို တွက်စစ်၍ ဖြည့်စွက်(ဆောက်တည်)ရန် တာဝန်ရှိ ပေသည်။ တဖန် အကြင်သူတို့ သည် ခဲယဉ်းစွာ သီလဆောက် တည်ကြရပါမူ ယင်းသူတို့သည် (ထိုပျက်ကွက်သော နေ့ရက် များ)အစား (တစ်ရက်လျှင်)သူဆင်းရဲတဦးကို (ထမင်းတစ်ရက် စာ) ကျွေးမွေးကြရမည်။ သို့ရာတွင် အကြင်သူသည် မိမိစိတ် စေတနာ အလျောက်တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့သည်ရှိသော် ယင်းသို့ပြုလုပ်ခြင်းကား ထိုသူ၏အဖို့ အရာ ပို၍ပင်ကောင်း မြတ်ပေသည်။ သို့(ခွင့်ပြုချက်ရှိ) သော် ငြားလည်း အကယ်စင်စစ် အသင်တို့သည်(ဥပုသ်သီလဆောက် တည်ခြင်း၏ အကျိုးအာနိသင်တို့ကို ကောင်းမွန်စွာ) သိနား လည်သူများ ဖြစ်ကြပါလျှင် အသင်တို့အဖို့အရာ ဥပုသ်သီလ ဆောက် တည်ခြင်းသည်သာလျှင် ပို၍ကောင်းမြတ်(သောအမှု) ပင် ဖြစ်ပေသတည်း။) ဟူသော အာယသ်တော်များအား ချပေးတော်မူသောအခါ လမြတ်ရမဇန်၏ ရိုဇာစောင့်ထိန်းတော်မူခဲ့သည်။ အရဗ်တို့သည် ထိုခေတ်အခါ၌ စည်းစိမ်ရစ်မူးနေကြပြီး ဥပဒေအမိန့်တော်နှင့် ကင်းဝေးစွာ ရှိနေခဲ့ကြ၏။ ထို့အတူ သေးငယ်လှသော တာဝန်သည်လည်း ၎င်းတို့အဖို့ ကြီးလေးသည့်တာဝန်ပမာဖြစ်နေခဲ့၏။ ထို့ကြောင့် ရိုဇာ၏ အမိန့်တော်အား ထုတ်ပြန်ခဲ့သော ရာသီဦးတွင် မွတ်စ်လင်မ်တို့အား ရွေးချယ်ခွင့် ပေးထားခဲ့လေသည်။ ရိုဇာဥပုသ် စောင့်ထိန်းလိုပါက စောင့်ထိန်းနိုင်ပြီး မစောင့်လိုပါက ဖိဒ်ယဟ်ပေးနိုင်ပေသည်။ ဤသည် ဖိဒ်ယဟ်၏ သမိုင်းအစပင်ဖြစ်ပေသည်။ ထို့နောက် ရိုဇာစောင့်ထိန်းခြင်းနှင့် မွတ်စ်လင်မ်တို့ ရင်းနှီးလာသောအခါ မြင့်မြတ်တော်မူသော အရှင်မြတ်သည် ရွေးချယ်ခွင့်မပေးတော့ပဲ ရိုဇာစောင့်ထိန်းခြင်းကိုသာ ဖရ်ဇ်တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြဌာန်းတော်မူခဲ့လေသည်။ သို့သော် ထိုသို့ ပြဌာန်းရာတွင် သက်ညှာမှု့တစ်ခုအနေဖြင့် အသက်ရွယ်ကြီးရင့်သူများနှင့် ရိုဇာစောင့်ထိန်းရန် မဖြစ်နိုင်သော ရောဂါသည်များအဖို့ ဖိဒ်ယဟ်ပေးဆောင်ခြင်းဖြင့် တာဝန်ကျေစေတော်မူခဲ့သည်။ ဤသို့ဖြင့် ဖိဒ်ယဟ်သည် ယနေ့တိုင် ရှိနေခဲ့တော့လေသည်။
ဖိဒ်ယဟ်ပေးခြင်းဖြင့် တာဝန်ချနိုင်သောသူများ-
၁။ လွန်မင်းစွာ အသက်ရွယ်ကြီးရင့်နေပြီး ရိုဇာထားရန် အားအင်မရှိသောသူများ
၂။ ရောဂါပျောက်ကင်းရန် မက်ကင်းနေရှာသော ဝေဒနာသည်များ
၎င်းတို့သည် ရိုဇာမစောင့်ထိန်းပဲ ဖိဒ်ယဟ်ပေးဆောင်ရမည်ဖြစ်သည်။
ဖိဒ်ယဟ်စားထိုက်သူမှာ- ဇကားစားထိုက်သူများသာ ဖြစ်သည်။ ဖသာဝါ ဟင်န်ဒီယဟ်ကျမ်း တွဲ ၁ စာမျက်နှာ- ၂၀၇
ဖိဒ်ယဟ်ပေးဆောင်ရမည့်ပုံစံမှာ-
ရိုဇာတစ်ရက်တိုင်းအတွက် ဆင်းရဲနွမ်းပါးသူတစ်ဦးအား ဖိသ်ွရဟ်ပေးဆောင်ရမည့်အတိုင်းအတာအား ပေးဆောင်ရမည်ဖြစ်သည်။ ဖသာဝါ ဟင်န်ဒီယဟ်ကျမ်း တွဲ ၁ စာမျက်နှာ- ၂၀၇ (ဖိသ်ွရာကြေးငွေအား စုံစမ်း၍ ပေးဆောင်ကြပါရန်။ )
အကယ်၍ ဖော်ပြပါ ပုဂ္ဂိုလ်များမဟုတ်သောသူ (ဥပမာ- ခရိးသည်နှင့် သာမာန်ရောဂါသည်) တို့သည် ကဇွာဖြည့် ဆောက်တည်ရမည်သာဖြစ်သည်။ မိမိတို့၏ ဘဝသက်တမ်းတွင် ကဇွာမပြုပဲ ဖိဒ်ယဟ်ပေးဆောင်ခြင်းဖြင့် တာဝန်ကျေစေခြင်း မပြုနိုင်ပေ။ သို့သော် နောက်ဆုံးအချိန်တွင် မိမိလွတ်ခဲ့သော ရိုဇာများနှင့် ပတ်သတ်၍ ကျန်ရစ်သူမိသားစုအား ဖိဒ်ယဟ်ပေးပေးရန် ဝစီယသ်မှာတမ်းခြင်း ပြုလုပ်မည်ဖြစ်သည်။ ရှာမီကျမ်း တွဲ ၂ စာမျက်နှာ- ၄၂၃
ဖိဒ်ယဟ်ပေးဆောင်ရာတွင် သိသင့်သောအချက်များ-
(၁) အကယ်၍ သူဆင်းရဲတစ်ဦးအား နှစ်၇က်စာ ဖိဒ်ယဟ်ပေးသည်ဖြစ်စေ၊ လွတ်ခဲ့သမျှသော ရိုဇာတို့၏ ဖိဒ်ယဟ်ကိုပေးသည်ဖြစ်စေ၊ ရိုဇာတစ်၇က်၏ ဖိဒ်ယဟ်အား သူဆင်းရဲများအား အနည်းငယ်စီ ပေးသည်ဖြစ်စေ ပုံစံအားလုံး ပိုင်ပေသည်။ ရှာမီကျမ်း တွဲ၂ စာမျက်နှာ- ၄၂၇
(၂) ဖိဒ်ယဟ်ပေးဆောင်ရာတွင် လမြတ်ရမဇန်၏ အစတွင် တစ်လလုံးအတွက် ကြိုပေးသည်ဖြစ်စေ၊ လမြတ်ရမဇန်၏ အဆုံးတွင် တစ်လလုံးအတွက် ပေးသည်ဖြစ်စေ၊ လာမည့်နေ့အတွက် ညတွင် တစ်၇က်ချင်းပေးသည် ဖြစ်စေ ပုံစံအားလုံး ပိုင်ပေသည်။ ရှာမီကျမ်း တွဲ၂ စာမျက်နှာ-၄၂၇
မှတ်ချက်။ ။ အကယ်၍ တစ်ဦးတစ်ယောက်သည် မိမိသက်တမ်းတွင် ရိုဇာမစောင့်ထိန်းနိုင်တော့ပါဟု ယုံကြည်ကာ ဖိဒ်ယဟ်များ ပေးဆောင်ခဲ့၏။ အရှင်မြတ်၏ သနားဂရုဏာ၊ အရှင်မြတ်၏ စွမ်းအားကြီးမှု့ကြောင့် အားအင်များဖြစ်ပေါ်လာကာ ရိုဇာစောင့်ထိန်းနိုင်ခဲ့လျှင် ပေးခဲ့သမျှသော ဖိဒ်ယဟ်တို့သည် ရိုဇာအတွက် အကျုံးမဝင်တော့ပဲ ထိုသူ့အဖို့ ကဇွာသာလျှင် တာဝန်ထိုက်မည်ဖြစ်သည်။ ၎င်းသူပေးခဲ့သော ဖိဒ်ယဟ်များအတွက် သီးသန့်ကုသိုလ်ရရှိမည်ဖ်ြစသည်။ ဖသာဝါ ဟင်န်ဒီယဟ် တွဲ၁ စာမျက်နှာ- ၂၀၇
ဖိဒ်ယဟ်ပေးရန် ဝစွီယသ်မှာတမ်းခဲ့လျှင်-
အကယ်၍ တစ်ဦးတစ်ယောက်သည် နောက်ဆု့းအချိန်၌ မိမိ၏ ရိုဇာများနှင့်ပတ်သတ်၍ ဖိဒ်ယဟ်ပေးရန် ဝစွီယသ်မှာတမ်းမှု့ ပြုခဲ့၏။ သို့ဖြစ်ပါမူ အမွေးစားအမွေခံတို့သည် ဦးစွာပထမ ၎င်းဝစွီယသ်ပြုသူ၏ ကဖန်နှင့် ဇာပနကိစ္စများအတွက် ကုန်ကြငွေ၊ အကြွေးများရှိရင် အကြွေးပိုက်ဆံအားဖယ်ပြီး ကျန်ရှိ ပိုင်ဆိုင်မှု့အား သုံးပုံပုံကာ တစ်ပုံမှ ဖိဒ်ယဟ်ပေးဆောင်ရမည်ဖြစ်သည်။ အကယ်၍ မလောက်ခဲ့ပါမူ ကျန်နှစ်ပုံမှ ပေးဆောင်ရန် တာဝန်မရှိပေ။
မှတ်ချက်။ ။ အမွေစားအမွေခံတစ်ဥိးဦးသည် မိမိ၏ ဆန္ဒဖြင့် မိမိရပိုင်ခွင့်မှ ပေးလိုက်မည်ဆိုပါက (အင်န်ရှာအလ္လာဟ်) တာဝန်ကျေသွားမည်ဖြစ်သည်။ ရှရ်ဟွသ် သန်ဝီးရ်ကျမ်း တွဲ ၂ စာမျက်နှာ- ၁၈၈။ ရှာမီကျမ်း တွဲ ၂ စာမျက်နှာ- ၄၂၃
ဘရှီးလေး
မေမြို့
Post a Comment