အလ်ဟမ်ဒုလစ်လာဟ်.... မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အသနားတော်ဖြင့် ကျွန်တော်တို့ အားလုံး လမြတ်ရမဇန်အား အကောင်းဆုံးပုံစံဖြင့် ပြုကျင့်နိုင်စွမ်း ရခဲ့ပေပြီ။ လမြတ်ရမဇန်၏ ရလဒ်အဖြစ် သည်းခံစိတ်များ၊ ကောင်းမှု့ပွားလိုစိတ်များ၊ စာနာစိတ်များ စသည်ဖြင့် ကောင်းချီးရလဒ်အမျိုးမျိုးကို ရခဲ့ပြီးဖြစ်သည်။ ထို့အတူ ဆုလဒ်တော်ကြီးအဖြစ် အီးဒ်ဟူသော နေ့ထူးနေ့မြတ်အား ပိုင်ဆိုင်ခွင့်ရခဲ့ကြပြီး အလ္လာဟ်အရှင်မြတ်၏ မဟာဂရုဏာအား ခံစားခဲ့ကြကာ ပီတိဖြာဝေခဲ့ရပြီးလည်း ဖြစ်သည်။ သို့ဖြစ်လျှင် အီးဒ်ပြီးလျှင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမည်နည်း။ လမြတ်ရမဇန်ကုန်ဆုံးသည်နှင့် ကျွန်တော်တို့၏ မွန်မြတ်သော လုပ်ရပ်များအား ရပ်တန့်ကာ ရမဇန်မတိုင်မှီ လျှောက်လှမ်းခဲ့သော ပူလောင်လှသည့် ကန္တာရ ခရီးအား ပြန်လျှောက်ကြမည်လော။ သို့မဟုတ် လမြတ်ရမဇန်၏ ရလဒ်များဖြင့် အေးချမ်း သာယာနေသော ဖြောင့်ဖြူး၍ ပန်းတိုင်နှင့်နီးစေသော လမ်စဉ်လေးအပေါ် ဆက်လက်လျှောက်လှမ်း ကြမည်လော။ ဤမေးခွန်းများအား နေ့စဉ်၊အချိန်တိုင်း မေးမြန်းနေကာ မိမိကိုယ် မိမိ ပြုပြင်ကြမည်ဟု မျှော်လင့်မိသည်။ ယုံကြည်မိသည်။ ထိုမေးခွန်းများ၏ အဖြေအား နှုတ်နှင့် မဖြေပဲ လက်တွေ့ကျင့်ကြံကာ ဖြေကြစို့ဟု တိုက်တွန်းရင်း "ခြောက်ရက်ရိုဇာ ဆုလဒ်ပမာ" ဟူသော ခေါင်းစဉ်အား နိဒါန်းပျိုးလိုက်ရပါသည်။
ကျွန်တော်တို့အားလု့း သိရှိပြီးဖြစ်သည်။ အစ္စလာမ်သာသနာသည် အမိန့်နာခံခြင်း၊ ကောင်မှု့ပြုခြင်းတို့အား ကာလအပိုင်းအခြားတစ်ခုအတွက် အချိန်တစ်ခုအတွက် ကန့်သတ်ထားသည်မဟုတ်ပေ။ ဆိုလိုသည်မှာ- ဤလတွင်သာ ဤအချိန်တွင်သာ ကောင်းမှု့ရှာဖွေနိုင်ပြီး ကျန်အချိန် ကျန်လများ၌ ကောင်းမှု့ပြုရန်မလို၊ ကောင်းမှု့မပြုရဟူ၍ မသတ်ထားပေ။ ထိုနည်းတူစွာ လမြတ်ရမဇန် ကုန်ဆုံးသည်နှင့် ကောင်းမှု့ပြုခြင်းအား ရပ်ဆိုင်းကာ ရှိုင်သွာန်လမ်းစဉ်ပေါ် လျှောက်လှမ်းမှု့ မပြုရန်လည်း ဆုံးမထားပြီးဖြစ်သည်။ ဆက်လက်၍ ကောင်းမှု့များအား နောက်ဆုံးထွက်သက်အထိ အားကျိုးမာန်တက်ပြုလုပ်ရန်သာ နှိုးဆော်ထား၏။ လူသား၏ အတွင်းစိတ်ရိုင်းအား ချိုးနှိမ်မှသာလျှင်၊ နှလုံးသားလင်းလက်မှု့အားကောင်းမှသာလျှင် ကောင်းမှု့တို့အား အားကျိုးမာန်တက်ပြုနိုင်မည်လည်းဖြစ်သည်။ ထို့ကြောင့် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်တို့အား လမြတ်ရမဇန်တစ်လ ချီးမြှင့်ကာ စိတ်ရိုင်းအားချိုးနှိမ်စေကာ နှလု့းသားများအား လင်းလက်စေတော်မူခဲ့သည်။ အရှင်မြတ်နှင့် နီးကပ်မှု့မှ ဝေးကွာစေမည့်၊ အဟန့်အတားဖြစ်စေမည့် အရာဟူသမျှအား ဟန့်တားစေတော်မူခဲ့သည်။ ရှိုင်သွာန်အား ချုပ်နှောင်အကျဉ်းချတော်မူခဲ့သည်။ မြောက်များစွာသော ရဟ်မသ်တော်များအားလည်း ချီးမြှင့်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လူသားသည် အပြစ်ဒုစရိုက်များတွင် နစ်မွန်းနေပါက အမိန့်နာခံရန် ကောင်းမှု့ကုသိုလ်ပြုလုပ်ရန် ခြေဦးလှည့်လေ့မရှိ။ ပန်းတိုင်အား မေ့၊ အနာဂတ်အား မသိ ဖြစ်သွားတတ်၏။ ထို့ကြောင့် ရမြတ်ရမဇန်တွင် အတိုင်းအထွာမဲ့၊ အရေအတွက်မဲ့ ရဟ်မသ်တော်များ ချီးမြှင့်တော်မူပြီး ကျွန်တော်တို့၏ နှလုံးသားများအား လင်းဝင်းစေခဲ့သည်။ ဒုစရိုက်လုပ်ငန်းများမှ ရှောင်ကျဉ်ခွင့်ရစေခဲ့သည်။ ဤမျှကြီးမားလှသော ဆုလဒ်ကြီးအား ကျွန်တော်တို့ပိုင်ဆိုင်ခဲ့ရသည့်အတွက် အလ္လာဟ်အရှင်မြတ်အား များစွာ ကျေးဇူးတင်နေရမည်။
ထိုသို့ နှလုံးသားများအား ဆေးကြောရန် အကောင်းဆုံးပုံစံမှာ ရိုဇာသာလျှင် ဖြစ်သောကြောင့် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ချီးမြှင့်ထားသော စည်းစိမ်များအပေါ် ကျေးဇူးတင်ရန်အတွက်လည်းကောင်း လမြတ်ရမဇန်ပြီးလျှင် ရှောင်ဝါလ်လ၏ ခြောက်ရက်ရိုဇာအား နှစ်ဘဝသခင် မြတ်နဗီ(ဆွ)က ပြဌာန်းခဲ့ခြင်းဖြစ်ပေသည်။
ဟဇရသ်အဗူအိုင်ယူးဗ်သခင် မြတ်နဗီ၏ မိန့်ကြားချက်အား ဆင့်ပြန်ခဲ့၏။ အကြင်မည်သူမဆို ရမဇန်လမြတ်၏ ရိုဇာအားစောင့်ထိန်းခဲ့ပြီး ရှောင်ဝါလ်လ၏ ခြောက်ရက်ရိုဇာအား ဆက်လက်စောင့်ထိန်းခဲ့ပါမူ တစ်နှစ်လုံးရိုဇာစောင့်ထိန်းသကဲ့သို့ ဖြစ်ပေမည်။ (မွတ်စ်လင်မ်၊ အဗူဒါဝူးဒ်၊ သိရ်မီဇီ၊ နစာအီ၊ အစ်ဗ်နေ့မာဂျဟ်၊ အဟ်မဒ်နှင့် အခြားဟဒီးဆ်ကျမ်းများ)
အိမာမ်သိရ်မီဇီ အမိန့်ရှိသည်မှာ- ထိုဟဒီးဆ်တော်နှင့်ဆင်တူသော အခြားဟဒီးဆ်တော်များအား ဟဇရသ် ဂျာဗစ်ရ်၊ ဟဇရသ် အဗူဟိုရိုင်ရဟ်နှင့် ဟဇရသ် ဆောင်ဗာန် (رضي الله عنهم أجمعين)တို့ ဆင့်ပြန်ထားသည်လည်းရှိနေသေး၏။
အိမာမ် အစ်ဗ်နေ့ခိုဇိုင်မဟ် သခင်ကြီးသည် မိမိဟဒီးဆ်ကျမ်းတွင် فضل اتباع صيام رمضان بصيام ستة أيام من شوال فيكون كصيام السنة كلها ဟူ၍ မိမိကျမ်းတွင် သီးသန့်ကဏ္ဍတစ်ခုပင်ရေးသားခဲ့လေသည်။
အချုပ်ဆိုရသော် ဤရိုဇာခြောက်ရက်နှင့် ပတ်သတ်၍ သာသနာ့ပညာရှင်ကြီးများသည် လုံလောက်သော အထောက်ထားတို့အား စုစည်းကာ နောင်လာမည့် အွမ်မသ်အတွက် စွန္နသ်တော်တစ်ခုကို ရှင်သန်စေခဲ့ကြသည်။
ရှင်းလင်းချက်။ ။ အေမာမ်နဝဝီ (ရဟေ့)သခင် အမိန့်ရှိတော်မူသည်။ တစ်နှစ်ပတ်လည်လုံး ရိုဇာစောင့်ထိန်းသကဲ့သို့ ဖြစ်သည်ဟု ဆိုခြင်းမှာ- ကောင်းမှု့တစ်ခု၏ အစားမှာ ဆယ်ဆဖြစ်၏။ ရမဇန်တစ်လ ရိုဇာစောင့်ထိန်းသည့်အတွက် ဆယ်လနှင့်အညီ ရိုဇာစောင့်ထိန်းသကဲ့သို့ ဖြစ်ပြိး ရှောင်ဝါလ်လ၏ ခြောက်ရက်ရိုဇာစောင့်ထိန်းသည့်အတွက် ရက်ပေါင်းခြောက်ဆယ် (တနည်း) နှစ်လ ရိုဇာစောင့်ထိန်းသကဲ့ ဖြစ်သွား၏။ ထို့ကြောင့် ဟဒိးဆ်တော်တွင် တမန်တော်မြတ် ()က တစ်နှစ်ပတ်လည်လုံး ရိုဇာစောင့်ထိန်းသကဲ့သို့ ဖြစ်သည်ဟု အမိန့်ရှိခြင်းဖြစ်ပေသည်။ ဤရှင်းလင်းချက်အား ထောက်ခံအတည်ပြုပေးသော ဟဒီးတော်များအနက် တစ်ခုမှာ ဟဇရသ် ဆောင်ဗာန်၏ ဆင့်ဆိုမှု့ဖြစ်၏။ عن ثوبان رضي الله عنه مولى رسول الله صلى الله عليه وسلم عن رسول الله صلى الله عليه وسلم قال من صام ستة أيام بعد الفطر كان تمام السنة من جاء بالحسنة فله عشر أمثالها ဆိုလိုသည်မှာ- မည်သူမဆို အီဒွလ်ဖိသ်ရ်ပြိးနောက် ခြောက်ရက်ရိုဇာစောင့်ထိန်းခဲ့ပါက တစ်နှစ်လုံး ရိုဇာစောင့်သကဲ့သို့ ဖြစ်ပေမည်။ (အကြောင်းမှာ) ကောင်းမှု့တစ်ခုအား ပြုကျင့်သူအဖို့ ကောင်းမှု့ဆယ်ခု အစားရရှိပေသည်။ (အစ်ဗ်နေ့မာဂျဟ်ကျမ်း)
ထို့အတူ အစ်ဗ်နေ့ဟစ်ဗ်ဗာန်ကျမ်း၊ အစ်ဗ်နေ့ ခိုဇိုင်မဟ်ကျမ်း၊ နစာအီကျမ်း၊ မွတ်စ်နဒ် အဟ်မဒ်ကျမ်း၊ မွတ်စ်နဒ် ဗဇ်ဇာရ်ကျမ်းနှင့် အခြားကျမ်းများတွင် လမြတ်ရမဇန်၏ ရိုဇာသည် ဆယ်လနှင့်ညီမျှပြိး ရှောင်ဝါလ်၏ ခြောက်ရက်ရိုဇာသည် နှစ်ပတ်လည်ပြည့်အောင် ဖြည့်ပေးသည်ဟူ ဟဒိးဆ်တော်များလည်း ရှိနေသည်။ နစာအီကျမ်းတွင် လာရှိ၏။ صيام شهر رمضان بعشرة أشهر وصيام ستة أيام بشهرين فذلك صيام سنة ဆိုလိုသည်မှာ- ရမဇန်လ၏ ရိုဇာသည် ဆယ်လရိုဇာစောင့်ထိန်းခြင်း(ကဲ့သို့)ဖြစ်ပြိး ခြောက်ရက်ရိုဇာမှာ နှစ်လရိုဇာစောင့်ထိန်းခြင်း(ကဲ့သို့)ဖြစ်ပေသည်။ ထိုသို့စောင့်ထိန်းခြင်းဖြင့် တစ်နှစ်ရိုဇာဖြစ်သွားပေသည်။
သွဗ်ရာနီကျမ်းတွင် ဟဇရသ်အဗ်ဒွလ္လာဟ် ဗင်န် အုမရ်သခင်၏ဆင့်ပြန်မှု့အား ဖော်ပြထားသည်။ တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူခဲ့သည်။ မည်သူမဆို ရမဇန်လမြတ်၌ ရိုဇာစောင့်ထိန်းမည်။ ထို့နောက် ရှောင်ဝါလ်လတွင် ခြောက်ရက်ရိုဇာ စောင့်ထိန်းမည်ဆိုပါက ထိုသူ၏အပြစ်များအားလုံး ကင်းစင်သွားမည်ဖြစ်သည်။ မိခင်သည် ထိုပဂ္ဂိုလ်အား မွေးဖွားသည့်နေ့တွင် အပြစ်များကင်းစင်နေသကဲ့သို့ပင်။
သိမှတ်ဖွယ် အဖြာဖြာ......
၁။ ရမဇန်လမြတ်ပြီးနောက် ရှောင်ဝါလ်လတွင် ခြောက်ရက်ရီုဇာစောင့်ထိန်းခြင်းသည် တစ်နှစ်ပတ်လည်လုံး ရိုဇာစောင့်ထိန်းသကဲ့သို့ ဖြစ်စေသည်။
၂။ ရှာအ်ဗာန်နှင့်ရှောင်ဝါလတို့၏ ရိုဇာသည် ဖရ်ဇ်နမားဇ်မဖတ်မှီနှင့် ဖတ်ပြီးနောက်ရှိ စွန္နသ်နမားဇ်များကဲ့သို့ဖြစ်သည်။ ဖဇ်ရ်နမားဇ်များတွင် လစ်ဟင်းမှု့ရှိပါက စွန္နသ်၊နဖိလ်နမားဇ်များဖြင့် ဖြည့်စွက်နိုင်သကဲ့သို့ ရမဇန်လမြတ်၏ ရိုဇာများတွင် ပေါ့လျော့မှု့တစ်စုံတစ်ရာရှိခဲ့သော် ရှောင်ဝါလ်၏ခြောက်ရက်ရိုဇာဖြင့် ဖြည့်စွက်နိုင်မည်။
၃။ ရမဇန်လမြတ်၏ နောက်တွင် မြတ်ထွတ်လှသည့် ရိုဇာအား အမြဲပြုမှုလေ့ရှိသော အကျင့်တစ်ခုဖြစ်လာစေရန် ပြုသင့်သည်။ ထို့အပြင် ရှောင်ဝါလ်လ၏ ခြောက်ရက်ရိုဇာသည် လမြတ်ရမဇန်၏ ရိုဇာတို့အား လက်ခံခြင်းခံရမှု့၏ နမိတ်လက္ခဏာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်သည် ပုဂ္ဂိုလ်တစ်ဦးအား ကောင်းမှု့တစ်စုံတစ်ရာအား လက်ခံပါအား ထိုသူ့အား အခြားကောင်းမှု့ပြုလုပ်နိုင်ရန် စွမ်းအားချီးမြှင့်တော်မူသည်။ ထို့ကြောင့် သာသနာ့ပညာရှင်များ အမြဲဆုံးမလေ့ရှိသည်မှာ- ثوابُ الحسنة الحسنة بعدها ကောင်းမှု့၏အစားသည် ထိုကောင်မှု့နောက် ထပ်မံ၍ ကောင်းမှု့ပြုနိုင်ခြင်း ဖြစ်သည်။
၎။ ရိုဇာသည်များအား အီးဒ်နေ့တွင် ဆုလဒ်အပြည့်ချီးမြင့်ပြိး ဂိုနဟ်အကုသိုလ်တို့မှ ချမ်းသာပေးခဲ့ရာ ဤမျှကြီးကျယ်လှသော စည်းစိမ်တို့အပေါ် ရွှက်ရ်ပြုသင့်၏။ ထို့ကြောင့် ရှောင်ဝါလ်လ၏ ခြောက်ရက်ရိုဇာအား မြတ်နဗီ(ဆွ)က ပြဌာန်းခဲ့ခြင်းဖြစ်ပေသည်။
၅။ သူတော်စင်ကြီးများသည် ညတွင် အိဗာဒသ်ပြုကျင့်နိုင်ပါက ထိုသို့ပြုလုပ်နိုင်မှု့အပေါ် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်သည့်အနေနှင့် နေ့တွင် ရိုဇာစောင့်ထိန်းကြလေ့ရှိသည်။ ရမဇန်၏ ရိုဇာအား စောင့်ထိန်းခွင့်ရရှိသော ကျွန်ုပ်တို့သည်လည်း အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်သောအားဖြင့် ရှောင်ဝါလ်လတွင် ခြောက်ရက်ရိုဇာ စောင့်ထိန်းသင့်ပေသည်။
မတ်စ်အလဟ်အချို့
၁။ ရှောင်ဝါလ်လ၏ ရိုဇာသည် ဝါဂျစ်မဟုတ်၊ စွန္နသ်သာလျှင်ဖြစ်သည်။
၂။ အီးဒ်ပြီးသည်နှင့် (ရှောင်ဝါလ်လ ၂ရက်နေ့မှစ၍) စတင်ထားနိုင်သည်။
၃။ ရက်မခြားပဲ ခြောက်ရက်ဆက်တိုက် ထားနိုင်သကဲ့သို့ ရက်ခြား၍လည်း ထားနိုင်ပေသည်။ ရက်ခြား၍ ထားခြင်းသည် ပို၍ ကောင်းမွန်ပြီး ရက်မခြားပဲ စောင့်ထိန်းခြင်းသည်လည်း မက်ရူးဟ်မဟုတ်ပေ။
၎။ လမြတ်ရမဇန်တွင် လွတ်ခဲ့သော ရိုဇာများရှိပါက ထိုရိုဇာတို့အားဦးစွာအရင်ဖြည့်ရမည်ဖြစ်သည်။
၅။ အိမ်ထောင်သည်အမျိုးသမီးတို့သည် ခင်ပွန်းသည်၏ ခွင့်ပြုချက်အား ရယူပြိးမှ စောင့်ထိန်းသင့်သည်။
Post a Comment