အသိပေးခြင်း
က
Home » , » မုဟရ်ရမ်လမှာ ရင်နင့်စရာ....အပိုင်း၁

မုဟရ်ရမ်လမှာ ရင်နင့်စရာ....အပိုင်း၁


بسم الله الرحمن الرحيم
 
မုဟရ်ရမ်လရောက်လာပြီဆိုရင်.... တချို့တွေက ငိုကြ၊ တစ်ချို့တွေက ဝမ်းနည်းကြ၊ ဆိုင်တွေပိတ်၊ မီးတွေမှိတ်လို့။ တချို့က ကြေကွဲဆွတ်ပျံ့ဖွယ် အကြောင်းတွေကို ဖတ်ကြ၊ တပါးသူကို လအ်နသ်ပို့ကြနဲ့ပေါ့။ ရင်ထုပွဲတွေ ဘာပွဲ ညာပွဲတွေကလည်း တခန်းတနားပါပဲ။ တစ်ကိုယ်လုံး သွေးစိမ်းတွေ ရဲရဲတောက်လျက် ကိုယ့်သူကိုယ် ဒုက္ခရောက်စေတဲ့ ပွဲလေးတွေက တော်တော်ကိုကြောက်မက်ဖွယ်ပဲ။ ကရ်ဘလာရဲ့ ဖြစ်ရပ်များကို ပြန်တွေးကာ ပူဆွေးသူများ၊ ဖျော်ရည်တိုက်ကြသူများကလည်း ဒုနဲ့ဒေး။ ဒါတွေ ဘာတွေလဲ...။ ဒိုလိုတွေ ဘာကြောင့်လုပ်ရတာလဲ။ ဒီလိုတွေ ဘာကြောင့်ဖြစ်နေရတာလဲ။ အံ့သြဖွယ်ရာ...။

အကြီးဆုံးအကြောင်းအရင်းကတော့ ဒီလထဲမှာ ဟဇရသ် ဟူစိုင်းန်သခင် ရှဟီးဒ်ဖြစ်ခဲ့တာနဲ့ ပတ်သတ်နေတယ်။ ဖြစ်ပျက်ပုံ အသေးစိတ်ကတော့ အားလုံးလည်း သိထားပြီးသားဖြစ်နေမယ်ဆိုတော့ ကျွန်တော် မရေးသားတော့ပဲ ကျွန်တော်အဓိက ရေးချင်တဲ့ အချက်အလက်တွေကို ခေါင်းစဉ်ငယ်လေးတွေနဲ့ခွဲပြီး သီးသန့်စီ ရေးသားလိုက်တယ်....။ ပထမဆုံး ခေါင်းစဉ်ကတော့....

မုဟရ်ရမ်လဟာ နဟူစသ်(အမင်္ဂလာ)လလား။ မင်္ဂလာမရှိတဲ့ လလား။

အစ္စလာမ်သာသနာတွင် အချိန်၊ နာရီ၊ ရက်၊ အပတ်၊ လနှင့် နှစ် .... တစ်ခုမှာမှ အမင်္ဂလာဖြစ်နေတယ်ဆိုတာ မရှိပါဖူး။ တစ်ခုထက်တစ်ခု သာပိုမြင့်မြတ်တယ်ဆိုတာ ရှိပေမယ့် ဘယ်အချိန်ကတော့ အမင်္ဂလာပါလို့ သတ်မှတ်မထားပါဖူး။ ဒီ့အပြင် သာသနာနဲ့သက်ဆိုင်တဲ့ အမိန့်တွေကို ပြဌာန်းတဲ့နေရာမှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် မြတ်နဗီ (နှစ်ဦးတည်းသာ) ပြဌာန်းသတ်မှတ်တာဖြစ်တယ်။ ဆိုတော့ လေ့လာလိုက်တဲ့အခါ... မုဟရ်ရမ်လနှင့် အခြားမည်သည့်လမဆို မကောင်းသောလ၊ အမင်္ဂလာလ၊ မင်္ဂလာမရှိသောလဟူ၍ အစ္စလာမ့် သတ်မှတ်ချက် တစ်စုံတစ်ရာမှ မတွေ့ရှိရပါဖူး။ ဒီထက်ပိုပြီး ကြောက်စ၇ာကောင်းတာတစ်ခုကိုပဲ တွေ့မြင်လိုက်ရတယ်။ ... ဟဒီးဆ်တော်တစ်ခုမှာ လာရှိတယ်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။ (ဒီလိုဟဒီးဆ်မျိုးကို ဟဒီးဆေ့ကွဒ်စီလို့ခေါ်တယ်။) အာဒမ်၏ သားမြေးတို့သည် အချိန်ကာလအား မကောင်းပြောဆိုကြကာ ငါအရှင်သို့ မကောင်းဆက်နွယ် ပြောဆိုကြ၏။  အမှန်စင်စစ် ငါသည် အချိန်ကာလပင်ဖြစ်၏။ (တနည်း ငါအရှင် ဖန်ဆင်းထားတော်မူသော အရာဖြစ်၏။) (بخاری، مسلم، ابو داود، موطا امام مالک، مشکوة ص13) မြင့်မြတ်တော်မူသော အရှင်၏ ဖန်ဆင်းခံ အချိန်ကာလအား မကောင်းပြောခြင်း၊ အမင်္ဂလာဖြစ်သည်ဟု သတ်မှတ်ခြင်းဟာ ထိုအရှင်မြတ်ကို ဝေဖန်နေသည်မဟုတ်ပါသလော။ ထိုအရှင်၏ ဖန်ဆင်းမှု့တွင် အားနည်းချက် ထုတ်နေသည်မဟုတ်ပါသလော။ ပြီးတော့ အချိန်တစ်ခု၊ နေရာတစ်ခု၊ အရာဝတ္ထုတစ်ခုအား အမင်္ဂလာဟု သတ်မှတ်ခြင်းဟာ အစ္စလာမ့်ခံယူချက် မဟုတ်ဖူး။ အစ္စလာမ့် ယုံကြည်ချက်မဟုတ်ဖူး။ ဝမ်းနည်းဖွယ်အဖြစ်အပျက်ဖြစ်ခဲ့လို့ ညှင်းပမ်းနှိပ်စက်မှု့ဖြစ်ခဲ့လို့ အမင်္ဂလာဖြစ်တယ်လို့ သတ်မှတ်လို့ မရပါဖူး။ ဒီလိုသာ သတ်မှတ်ခဲ့မယ်ဆိုရင် မြတ်နဗီ၏သားတော် အိဗ်ရာဟီးမ်လေး ဆုံးပါးသွားသည့်နေ့၊ မြတ်နဗီကိုယ်တိုင် ဝဖားသ်ဖြစ်သည့်နေ့၊ အစ္စလာမ့်ရဲ့ ပထမဆုံး ခလီဖဟ် ဟဇရသ်အဗူဗက်ရ်သခင်ဝဖားသ်ဖြစ်သည့်နေ့၊ ဟဇရသ်အုမရ်သခင် ရှဟီးဒ်ဖြစ်သည့်နေ့၊ ဟဇရသ် အွတ်စ်မာန်နှင့် ဟဇရသ်အလီသခင် ရှဟီးဒ်ဖြစ်သည့်နေ့၊ အစ္စလာမ်ရဲ့ ဂုဏ်ထူးဆောင် ကာရီများကို အစုလိုက်ရှဟီးဒ်ပြုလုပ်ခံရတဲ့နေ့ စတဲ့ နေ့တွေကို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒီလိုသာ ဆိုးဝါးတဲ့အဖြစ်အပျက်တစ်ခုကို အကြောင်းခံပြီး အဲ့ဒီလကို အမင်္ဂလာလလို့ သတ်မှတ်မယ်ဆိုရင် တစ်နှစ်လုံး အမင်္ဂလာလတွေချည်း စုနေမယ်မဟုတ်လား။ အမှန်တော့ ဒါတွေဟာ အစ္စလာမ့်ယုံကြည်ချက်ထဲက မဟုတ်ပါဖူး။ စိမ့်ဝင်လာတဲ့ အကီဒဟ်ဆိုးတွေပါ။ ဘာသာခြားတွေကနေတဆင့် ကူးစက်လာတဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒါကို ကောင်းကောင်းသိဖို့လိုအပ်တယ်။ သူများယောင်တိုင်း ကိုယ်မယောင်လိုက်ပါနဲ့။ မရှိမယ့်ရှိမယ့်လေး ပြောင်သွားရလိမ့်မယ်။

မုဟရ်ရမ်လဟာ ဝမ်းနည်းကြေကွဲရမယ့် လလား။

အစပိုင်းမှာ ကျွန်တော်တင်ပြထားပြီးဖြစ်တယ်။ မုဟရ်ရမ်လ ရောက်ပြီဆိုရင် ဝမ်းနည်းမှု့ အထိမ်းအမှတ်နဲ့ အနက်ရောင်ကို ဝတ်ဆင်ခြင်း၊ အလှအပမခြယ်သပဲနေခြင်း၊ အလုပ်အကိုင်တို့အား စွန့်ပစ်၍ ဝမ်းနည်းစွာ အိမ်တွင်း၌နေခြင်း၊ မပြုံးနိုင် မပျော်နိုင်နှင့်နေခြင်း၊ မိမိဇနီးသည်နှင့် ကြည်နူးပျော်ရွှင်ဖွယ်အမှု့ကိစ္စတို့အား စွန့်ခြင်း၊ ဆွတ်ပျံ့ဖွယ်ကဗျာများကိုဖတ်၍ အေး၇င့်ကြူးခြင်း၊ အကျီများစုတ်ဖြဲခြင်း၊ ခန္ဓာကိုယ်အား သံကြိုးများဖြင့် ရိုက်ခြင်း၊ ဓါးဖြင့်သွေးထွက်အောင်ပြုခြင်း စတာတွေကို လုပ်လေ့ရှိကြတယ်။ ကျွန်တော်စာသင်ရာ ပတ်ဝန်းကျင်မှာတော့ အထူးသဖြင့်တွေ့ရတာပေါ့။ ဒါတွေ ဘာကြောင့်လုပ်ရလဲ...။ အကြောင်းပြချက်က တစ်ခုတည်းပါ။ ကရ်ဗလာမှာ ဟဇရသ် ဟိုစိုင်းန်နဲ့ နောက်လိုက်သားတွေကို အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတယ်။ ဒီဝမ်းနည်းဖွယ်အဖြစ်အပျက်ကို အကြောင်းပြုပြီး ဒါတွေလုပ်နေကြတာဖြစ်တယ်။ ဝမ်းနည်းမှု့၊ ပူဆွေးမှု့ဆိုတာ လူတိုင်းဖြစ်တတ်ကြသလို တစ်ယောက်နဲ့ တစ်ယောက် ဖြစ်တာခြင်း ခံစားရတာခြင်း တူမှာမဟုတ်ပါဖူး။ သို့သော် အတိုင်းထက်လွန်ခြင်းဆိုတာကတော့ ဘယ်နေရာမှာမှ မကောင်းတဲ့အရာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ ဒီနေရာမှာ နည်းနည်းတင်ပြလိုတာက......

ရှဟီးဒ်ဖြစ်သွားတာ ဝမ်းနည်းသင့်တဲ့ ကိစ္စလား။

ရှဟီးဒ်ဖြစ်ခြင်းဟာ အစ္စလာမ်ရဲ့ သတ်မှတ်ချက်အရ လွန်စွာမြင့်မားတဲ့ အဆင့်အတန်းကို ရောက်သွားခြင်းပါပဲ။ ဒီလို မြင့်မားတဲ့အဆင့်အတန်းကို ရဖို့အတွက် လူတိုင်းကြိုးစားကြတယ်။ အဲ့ဒီအဆင့်အတန်းကို ရောက်သွားတဲ့သူတွေဟာ အလွန်နဖူးစာကောင်းတဲ့သူတွေပဲ ဖြစ်တယ်။ မြင့်မြတ်တော်မူသော အရှင်မြတ်ရဲ့ ကြေနပ်နှစ်သက်မှု့ကို အသက်သွေးပေးဆပ်ပြီး ရယူနိုင်ကြသူတွေဖြစ်တယ်။ ဒီလိုအဆင့်အတန်းကို ဟဇရသ်ဟိုစိုင်းန် ရရှိသွားတာဟာ ဝမ်းနည်းစရာလား။ အစ္စလာမ့်အတွက် အသက်သွေးပေးဆပ်ပုံကို ဝမ်းနည်းဖွယ်လို့ သတ်မှတ်တာလား။ ဒီလို အဖြစ်ပျက်မျိုး အစ္စလာမ်မှာ တစ်ခုတည်း ရှိခဲ့လို့ ဒီအဖြစ်အပျက်တစ်ခုတည်းကို ရွေးချယ်သတ်မှတ်ခဲ့တာလား။ အစ္စလာမ်ရဲ့ကနဦးမှာ မြောက်များစွာသော ဆွဟာဗီတွေ ရက်ရက်စက်စက် ညှင်းပမ်းနှိပ်စက်ခံခဲ့ရတာတွေ များစွာရှိခဲ့တယ်။ အသက်စတေးမှု့တွေ ပြုခဲ့တယ်။ မြတ်နဗီကိုယ်တိုင် သွားတော်ရှဟီးဒ်ဖြစ်ခဲ့တယ်။ ခေါင်းကွဲသွားခဲ့ဖူးတယ်။ သွေးထွက်ခဲ့ဖူးတယ်။ ဒါတွေက ဟဇရသ်ဟိုစိုင်းန်ရဲ့ အဖြစ်ပျက်လောက် မကြီးကျယ်ခဲ့လို့လား။ ပြီးတော့ အစ္စလာမ်မှာ တစ်ဦးတစ်ယောက်ရဲ့ ရှဟီးဒ်ဖြစ်မှု့၊ တစ်ဦးတစ်ယောက်ရဲ့ ညှင်းပမ်းနှိပ်စက်ခံရမှု့အတွက် အခုလို ဝမ်းနည်းမှု့ကို နည်းအမျိုးမျိုးနဲ့ ဖော်ထုတ်ပြဖို့ အမိန့်ရှိထားလို့လား။ လုံးဝ (လုံးဝ)မရှိပါဖူး။ ဟဒီးဆ်တော်ပေါင်း မြောက်များစွာမှာ နောင်ဟဟ်လို့ခေါ်တဲ့ အေးရင့်ကြူးတာကို အမိုက်ခေတ်ရဲ့ ဓလေ့တစ်ခုအဖြစ်သတ်မှတ်ပြီး စွန့်လွှတ်ဖို့၊ မလုပ်ကြဖို့ အမိန့်ရှိထားတယ်။ အေးရင့်ကြူးတယ်ဆိုတာ လွမ်းတေးကဗျာရွတ်ဖတ်ရုံသက်သက်ပါ။ ဒီလိုသေးငယ်တာလေးကိုတောင် ခွင့်မပြုတဲ့ အစ္စလာမ်မှာ အခုလို ကိစ္စတွေလုပ်ပိုင်မယ်တဲ့လား။ လုံးဝ (လုံးဝ) လုပ်ပိုင်ခွင့်မရှိပါဖူး။ ဒါဟာ အလွန်မှားယွင်းတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ယုံကြည်ချက်ကို ထိပါးစေတဲ့ လုပ်ရပ်တွေသာဖြစ်တယ်။ ဒါကြောင့် တစ်ဦးတစ်ယောက်ရဲ့ ရှဟီးဒ်ဖြစ်မှု့ကို ဝမ်းနည်းဖွယ်ကိစ္စလို့ မသတ်မှတ်ပါနဲ့။ တကယ်ဆို အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်မှု့ကို အရယူသွားနိုင်တဲ့အတွက် ပီတိဖြစ်နေပေးရမှာပါ။ ခံစားရမှု့အတွက် ဝမ်းနည်းခြင်းဆိုတာ ဖြစ်လာနိုင်ပေမယ့် ရလဒ်အားဖြင့် ရှဟာဒသ်ကို ရသွားတယ်ဆိုတာကို မမေ့လိုက်ပါနဲ့။ နောက်တစ်ခုက....
ဒုတိယပို့စ်မှာ ဖတ်ပေးပါ။
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger