بسم الله الرحمن الرحيم
ဒွန်ယာဘာလဲ.. ဒွန်ယာချစ်စိတ်ဘာလဲ။
ယနေ့ခေတ်၌် ဘာသာရေးကိုင်းရှိုင်းသူများအမည်ရ လူ့အသိုင်းအဝိုင်းတစ်ခုတွင် စီးပွားရေးအား တစိုက်မတ်မတ်ပြုနေသူများနှင့် ပတ်သတ်၍ စကားတခွန်း အမြဲပြောဆိုလေ့ရှိကြသည်။ " မောင်ဖြူ၊ မောင်နီကတော့ ဒွန်ယာမှာ နစ်မွန်းနေတာပါကွာ။ ဘာလုပ်မှာလဲ...။ ဒီလောက်ရှာပြီးတော့။ မရှာလည်း အလ္လာဟ်က ကျွေးတာပဲ။ " ထိုကဲ့သို့ပင် ယကီးန်၏ခေါင်းစဉ်အောက်တွင် လမ်းမှန်ပျောက်နေသူအချို့မှာလည်း ဤသို့ပြောဆိုလေ့ရှိကာ မိမိဒုက္ခအား မိမိရှာဖွေလေ့ရှိကြသည်။ သားသမီးနှင့် ဇနီးမယားတို့အား ဂရုမစိုက်တတ်ကြပဲ မသိမသာ လမ်းချော်နေတတ်ကြပေသည်။ ၎င်းတို့ထံတွင် လောကီဘဝနှင့်သက်ဆိုင်သော အရေးကြီးသည့်အရာများပင်လျှင် တားမြစ်ထားသည့် ကိစ္စသဖွယ်၊ ရွံရှာဖွယ်အရာများသဖွယ် ဖြစ်သွားရလေသည်။ ထိုထက်ပိုဆိုးသည်မှာကား ဘာသာရေးကိုကောင်းစွာ နားမလည်ပဲ အခြားသူများအား ဝေဖန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်းတို့ကို လွန်မင်းစွာပြုလုပ်လာကြခြင်းဖြစ်သည်။ ၎င်းတို့သည် အခြားသူများအား အကောင်းပြုသလိုနှင့် အဆိုးသက်ရောက်စေကြသည်။ ၎င်းတို့၏ စကားများသည် တနေ့စာရှာဖွေ၊လုပ်ကိုင်မှ စားသောက်ရသူများနှင့် စီးပွားရှာဖွေရင်း သာသနာအကျိုးသယ်ပိုးနေသူများအား လွန်စွာ ဆိုးကျိုးသက်ရောက်စေတတ်၏။ စိတ်ထဲတွင် သံသယများစွာ ဖြစ်ပေါ်စေတတ်၏။ လူသားတို့၏ အကြီးမားဆုံး ရန်သူရှိုင်သွာန်သည်လည်း ထိုသံသယတို့အား အခွင့်ကောင်းတစ်ရပ်အဖြစ် သတ်မှတ်ကာ နှစ်ဦးလုံးကို အလဲထိုးလေ့ရှိ၏။ ဤသို့ဖြင့် ဘာသာရေးကို အကြောင်းပြု၍ အုပ်စုနှစ်စုဖြစ်ကာ အစ္စလာမ်၏ အင်အားကို ကျဆင်းသွားစေပေသည်။ အမှန်စင်စစ် ဘာသာရေးအား ကောင်စွာ နားလည်တတ်သိပါက ထိုသို့ဖြစ်ရန် အကြောင်းမရှိပေ။ ထို့ကြောင့် ကျွန်တော်တို့ထိုင်ဝိုင်းသူ/သားများအား ဒွန်ယာဟူသည် အဘယ်အရာနည်း။ ဒွန်ယာချစ်စိတ်ဆိုသည်မှာ မည်သို့ဖြစ်သနည်း။ ဟူသော မေးခွန်းနှစ်ခုအား ဆရာသခင်များ၏ ရှင်းလင်းပြသမှု့အား ရှေ့ဝယ်ထား၍ ရေးသားတင်ဆက်လိုက်ပါသည်။
((ဘာသာရေးရှု့ထောင့်အရ ဒွန်ယာဟူသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် နှစ်ဘဝသခင် (ဆွ)အား မေ့လျော့စေသော အရာတိုင်းအား ခေါ်ဆိုပေသည်။))
တနည်း- နမားဇ်၊ရိုဇာ၊ဟဂ်ျ၊ဇကားနှင့် အခြားခဝပ်ကိုးကွယ်မှု့ဆိုင်ရာတို့အား
လစ်ဟင်းစေသောအရာ၊ စွန္နသ်တော်များအား အကောင်အထည်ဖော်ခွင့်မပေးသော၊
တမန်တော်၏ မိန့်မှာမှု့တို့ကို လိုက်နာရန် အဟန့်အတားဖြစ်စေသောအရာတို့ကို
ခေါ်ဆိုပေသည်။ တိကျမှန်ကန်လှသော၊ ဒေသမရွေး၊ လူမျိုးမရွေး ကျင့်သုံးနိုင်သော
ကျွန်ုပ်တို့ အစ္စလာမ်သာသနာမြတ်၏ ဝေါဟာရတွင် အသက်မွေးဝမ်းကြောင်းပြုခြင်း၊
စီးပွားရှာခြင်းအား ဒွန်ယာဟုမခေါ်ဆိုပေ။ ဝန်ထမ်းအဖြစ်အလုပ်လုပ်ခြင်း၊
လယ်ယာလုပ်ကိုင်ခြင်းအား ဒွန်ယာဟုမခေါ်ဆို။ ကုမ္မဏီဖွင့်ခြင်း၊
ရှယ်ယာဝင်ခြင်းတို့အား ဒွန်ယာဟု မသတ်မှတ်ပေ။ ထိုသို့ စီးပွားရှာခြင်းသည်
လူသားတို့ ရှင်သန်နေထိုင်ရန်၊ ကြီးပွားတိုးတက်ရန်
အကြောင်းခံတစ်ခုဖြစ်သကဲ့သို့ အရေးကြီးလိုအပ်ချက်တစ်ခုလည်း ဖြစ်ပေသည်။
ထို့အပြင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်၍ဖြစ်စေ၊ ဝန်ထမ်းလုပ်၍ဖြစ်စေ၊
မည်သည့်ပုံစံနှင့်ပင်ဖြစ်စေ ဟလာလ်ရိုဇီရှာဖွေခြင်းသည်
(တူညီမှု့အပြည့်အဝမရှိသော်လည်း) နမားဇ်ကဲ့သို့သော ဖရဇ်တာဝန်တစ်ခုဖြစ်ပေ၏။
တမန်တော်မြတ်(ဆွ)မိန့်တော်မူ၏။ طلب كسب الحلال فريصة بعد الفريضة
အဓိပ္ပါယ်မှာ- မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားသော မလုပ်မနေရ တာဝန်များပြီးနောက် ဟလာလ်(သန့်ပြန့်၍ စားသုံးခွင့်ရှိသောအရာ)အား ရှာဖွေခြင်းသည် မလုပ်မနေရတာဝန်တစ်ရပ်ဖြစ်ပေသည်။
အဓိပ္ပါယ်မှာ- မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားသော မလုပ်မနေရ တာဝန်များပြီးနောက် ဟလာလ်(သန့်ပြန့်၍ စားသုံးခွင့်ရှိသောအရာ)အား ရှာဖွေခြင်းသည် မလုပ်မနေရတာဝန်တစ်ရပ်ဖြစ်ပေသည်။
အနည်းငယ်ရှင်းလင်းချက်။ ။ ဤဟဒီးဆ်တော်သည် မစ်ရှ်ကားသ်ကျမ်း၏ အရောင်းအဝယ်အခန်း ဟလာလ်ရိုဇီရှာဖွေစားသောက်ခြင်း ကဏ္ဍတွင် ရေးသားထားသော ဟဒီးဆ်ဖြစ်သည်။ ထို့အတူ ဗိုင်ဟကီကျမ်းတွင်လည်း ဖော်ပြပါ စကားလုံးအတိုင်း လာရှိထားသည်။ အခြားကျမ်းများတွင်မူ طلب الحلال واجب على كل مسلم ဟုလာရှိထားပေသည်။ အဓိပ္ပါယ် တူဆင်မှု့ရှိပြီး စကားလုံးသာ ကွဲ၏။ ဤဟဒီးဆ်တော်နှစ်ပုဒ်နှင့် ပတ်သတ်၍ ပညာရှင်များဆုံးဖြတ်ထားကြသည်မှာ- ဟဒီးဆ်သည် ضعيف ဖြစ်သော်လည်း များစွာသော ဟဒီးဆ်များ၏ ထောက်ပံ့မှု့ဖြင့် حسن အဆင့်တွင်ရှိပေသည်။ (တနည်း) လိုက်နာကျင့်သုံးရမည့် ဟဒီးဆ်တော်များမှ ဖြစ်ပေသည်။ ပထမဟဒီးဆ်တော်အား ဟဇရသ် အဗ်ဒွလ္လာဟ် ဗင်န် မတ်စ်အူးဒ် သခင်ဆင့်ဆိုတော်မူ၍ ဒုတိယဟဒီးဆ်တော်အား ဟဇရသ် အနတ်စ် သခင်ဆင့်ဆိုတော်မူခဲ့၏။ မစ်ရှ်ကားသ်၏ အကျယ်ဖွင့်ကျမ်း (မစ်ရ်ကားသွလ်မဖာသီးဟ်)တွင် ဟလာလ်ရိက္ခာရှာဖွေခြင်းနှင့် ပတ်သတ်၍ إذ كسب الحلال أصل الورع وأساس التقوى ဟုပင် ရေးသားထားပေသည်။ အဓိပ္ပါယ်မှာ ဟလာလ်ရှာဖွေခြင်းသည် သက်ဝါတရား၏ အုတ်မြစ်ပင်ဖြစ်သည်။
စဉ်းစားသင့်သည်မှာ- ပုဂ္ဂိုလ်တစ်ဦးသည် မိမိတာဝန်ကို ကျေပွန်အောင်ထမ်းရွက်နေသည်ဆိုပါက ကျွန်ုပ်တို့ ၎င်းအား မည်သို့သော စွဲချက်ဖြင့် ပြစ်တင်ဝေဖန်ကြမည်နည်း။ မည်သည့်ပြစ်ချက်ဖြင့် ၎င်းအား မသူတော်ဟု သတ်မှတ်မည်နည်း။ အမှန်စင်စစ်၎င်းသည် သက်ဝါတရားပေါ် ရပ်တည်နေသည်မဟုတ်ပါသလော။
သို့သော် ဒွန်ယာအား ချစ်ခင်ခြင်းသည် ကောင်းသောအကျင့်အမူ တစ်ခုမဟုတ်ပေ။ မြတ်နဗီ(ဆွ)သည် ဒွန်ယာ ချစ်ခင်ခြင်းအား မကောင်းမှု့အကုသိုလ်တို့၏ အရင်းအမြစ်ဖြစ်သည်ဟု သတ်မှတ်တော်မူခဲ့၏။
ဟဒီးဆ်တော်မှာ- حب الدنيا رأس كل خطيئة ဖြစ်သည်။
အနည်းငယ်ရှင်းလင်းချက်။ ။ ဤဟဒီးဆ်တော်အား အထက်ပါဟဒီးဆ်တော်အတိုင်းပင် ضعيف
ဟူ၍ ပညာရှင်များ သတ်မှတ်ထားကြ၏။ အချို့မှာ ဟဇရသ်အီဆာ(အ.စ)၏
မိန့်ချွေချက်များမှ ဖြစ်သည်ဟု သတ်မှတ်ထားကြ၏။ မည်သို့ပင်ဖြစ်စေ
ရှရီအသ်တရားတော်၌ ဒွန်ယာ၏ချစ်စိတ်နှင့် ပတ်သတ်၍ များစွာသော
သတိပေးမှု့များရှိနေရာ ကျွန်ုပ်တို့အဖို့ ရှောင်ကျဉ်ရန်တာဝန်တစ်ရပ်
ဖြစ်နေမည်သာ။
ထို့ကြောင့် ကျွန်ုပ်တို့အနေနှင့် ဒွန်ယာချစ်စိတ်ဟူသည် အဘယ်အရာနည်းဟူသော မေးခွန်း၏ အဖြေအား ကောင်းစွာသိသင့်ပေသည်။ ((ဒွန်ယာချစ်စိတ်ဟူသည် လောကီလုပ်ငန်းများ၌ လွန်စွာနစ်မွန်းရင်း နမားဇ်မသိ၊ ရိုဇာမရှိ၊ ဇကားသ်မပေး၊ ဟဂ်ျမပြု၊ မွန်ရည်သော စာရိတ္တပိုင်ရှင်မဖြစ်ပဲ နေခြင်းအား ခေါ်ဆိုပေသည်။))
နေ့ညမအား လောကီရှာဖွေပြီး တမလွန်အား မေ့လျော့ခြင်းအား ခေါ်ဆိုပေသည်။
ထိုသို့မေ့လျော့စွာနေထိုင်ပြီး လောကီဥစ္စာ ရှာဖွေခြင်းသည် တရားတော်မြတ်၏
ရှု့ထောင့်အရ လမ်းလွဲခြင်းသာဖြစ်ပေမည်။ လောကီရှာဖွေသကဲ့သို့ တမလွန်အတွက်လည်း
ရှာဖွေနေရမည်။ တိုတောင်းလှသော လောကီသက်တမ်းအတွက်
ကျွန်ုပ်တို့မည်မျှကြိုးပမ်းကြပြီး၊ အဆုံးမရှိသည့် တမလွန်ခရီးအတွက်
မည်မျှအသင့်ပြင်ထားသည်ကို သတိချပ်ရမည်။ လောကီနှင့်
သင့်တော်သည့်အတိုင်းအတာအား ရှာဖွေလျှင် တမလွန်အတွက် အသင့်ပြင်ရန်
အလိုအလျောက် အချိန်ရလာမည်သာဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့အနေနှင့် မည်သည့်ဖက်မှ အစွန်းမရောက်စေရန်
အထူးဂရုပြုရင်း နေထိုင်ကျင့်ကြံသင့်ပေသည်။ စီးပွားရေးလုပ်ငန်းရှင်များ၊
ရှယ်ယာဝင်များ၊ ဟောတယ်ပိုင်ရှင်များ၊ လန်ခရူဇာ၊ ဖရားရီး၊
လမ်ဘောဂီနီကားပိုင်ရှင်များ အစရှိသည့် လူချမ်းသာများအား ကြည့်၍
လောကီနစ်မွန်းနေကြသူများဟူ၍ မသတ်မှတ်သင့်ပေ။ ထို့အတူ စီးပွားရေးမလုပ်ပဲ
ဗလီဝတ်ကျောင်းတော်တွင် ၂၄နာရီလုံး နေထိုင်သူများ၊ ဘာသာရေးလုပ်ငန်းများတွင်
အစဉ်အချိန်ပေးသူများအား အပေါ်ယံကြည့်၍ အလ္လာဟ်အချစ်တော်များဟူ၍
မသတ်မှတ်သင့်ပေ။ ဘာသာရေးကိုင်းရှိုင်းသူများဟု ယူဆကာ စည်းစိမ်ရှင်များထက်
သာပိုကောင်းမြတ်သည်ဟု မသတ်မှတ်သင့်ပေ။
အဘယ့်ကြောင့်ဆိုသော် အကယ်၍
ထိုစည်းစိမ်ရှင်များသည် ဖရ်ဇ်တာဝန်များအား ပြည့်ဝစွာ ပြုကြပြီး
မိမိတို့ငွေကြေးအား သာသနာ့အကျိုးပြုလုပ်ငန်းများတွင် သုံးစွဲမည်။
မြင့်မြတ်တော်မူသော အရှင်မြတ်အား ရွှက်ရ်ပြုနေမည်။ (ကျေးဇူးတင်နေမည်)
တတ်အားသရွေ့ ဘာဝနာစီဖြန်းနေမည်ဆိုပါက ၎င်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်၏
အချစ်တော်များ ဖြစ်ကြပေသည်။ အကယ်၍ ဗလီ၌ ၂၄နာရီပတ်လုံး အချိန်ပေးနေသူသည်
လူတို့ ၎င်းအား ပေးကမ်းလာစေရန်၊ ဘာသာတရား ကိုင်းရှိုင်းသူဟု သတ်မှတ်လာစေရန်
ရည်ရွယ်နေပါက ထိုသူသည် နှစ်ဘဝလုံး ဆုံးရှုံးရသူဖြစ်ပေမည်။ ထို့အပြင်
သူဌေးသည် ၎င်းထက်သာပိုမွန်မြတ်နေပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး
အစွန်းမရောက်စေရန် အထူးသတိပြုကြပြီး မတရားဝေဖန်ခြင်းမှ ရှောင်ကျဉ်ကြပါဟု
တိုက်တွန်းရင်းးးးးးးးးးး
ဘရှီးလေး(မေမြို့)
Post a Comment