အသိပေးခြင်း
က
Home » , » ဆွဖရ်လအကြောင်း တစေ့တစောင်း (တတိယပိုင်း)

ဆွဖရ်လအကြောင်း တစေ့တစောင်း (တတိယပိုင်း)

မြတ်နဗီ(ဆွ)၏ ဆွဖရ်လဆိုင်ရာ မိန့်မြွတ်ချက်များ

ဟဒီးဆ်တော်များစွာ ရှိသည့်အနက် ကျွန်တော်အနေနှင့် ဤပို့စ်တွင် တစ်ခုကိုသာ အနည်းငယ် အကျယ်ရှင်းပြကာ တင်ပြမည် ဖြစ်ပါသည်။ ထို့နောက် လိမ်လည်လုပ်ကြံထားသော ဟဒီးဆ်တော်များအား တင်ပြပေးသွားပါမည်။

ဟဇရသ် အဗူဟိုရိုင်ရဟ်(ရသွေ့)သခင် ဆင့်ပြန်တော်မူခဲ့သည်။ မြတ်နဗီ(ဆွ)မိန့်တော်မူသည်မှာ- (အစ္စလာမ်သာသနာတွင်) မည်ကဲ့သို့သော ကူးစက်ရောဂါဟူ၍ မရှိ။ မည်သည့် နမိတ်ဆိုးကောက်ယူခြင်းဟူ၍လည်း မရှိ။ ဆွဖရ်နှင့် ပတ်သတ်သမျှလည်း မရှိ။ ဝိညာဉ်ငှက်ဟူ၍လည်း မရှိ။ ကျားကို မြင်လျှင် ထွက်ပြေးသကဲ့သို့ Leprous အနာကြီးရောဂါသည်(ကိုမြင်လျှင်လည်း) ထွက်ပြေးပါလေ။  (ဗိုခါရီ၊ မွတ်စ်လင်မ် နှင့် အခြားဟဒီးဆ်ကျမ်းများ)
ရှင်းလင်းချက်။         ။ ဖော်ပြပါ ဟဒီးဆ်တော်သည် တိုတောင်းလှသော်လည်း အလွန်နက်နဲလှပေသည်။ ထို့ကြောင့် ဘာသာပြန်ဆိုထားသည့်အတိုင်း မမှတ်သားပဲ အကျယ်ရှင်းပြချက်အတိုင်း မှတ်သားထားပေးကြပါရန်....။

ငြင်းပယ်ခြင်းလား တားမြစ်ခြင်းလား

ဖော်ပြပါ ဟဒီးဆ်တော်တွင် မြတ်နဗီ(ဆွ)သည် ထိုအရာတို့အား မရှိ၊ မဟုတ်ဟူ၍ ငြင်းချက်ထုတ်သည်လော၊ သို့မဟုတ် ထိုအရာတို့အား မပြုရ၊ မယုံရဟူ၍ တားမြစ်ခြင်းသည်လော။ ထိုအပိုင်းနှင့် ပတ်သက်၍ သာသနာ့ပညာရှင်များ၏ ရှင်းလင်းတင်ပြမှု့တွင် အကွဲအလွဲရှိခဲ့၏။
ပထမ အဆိုမှာ နှစ်ခုလုံးအား ခြုံငုံမှတ်ယူခြင်းပင် ဖြစ်၏။ ဆိုလိုသည်မှာ- ထိုကိစ္စများသည် လက်တွေ့တွင် မရှိသကဲ့သို့ တရားတော်တွင်လည်း ထိုသို့ ယုံကြည်ခြင်းမပိုင်ပေ။ ထိုသို့ မပြုလုပ်ရပေ။
အချို့ပညာရှင်များ တင်ပြထားသည်မှာ- ဟဒီးဆ်တွင် ပါဝင်သော စာသားအားလုံးအား တသတ်မှတ်တည်း မမှတ်ယူသင့်ပေ။ အဘယ့်ကြောင့်ဆိုသော် အချို့အရာများတွင် ငြင်းပယ်ခြင်းဖြစ်ပြီး အချို့အရာများတွင် တားမြစ်ခြင်းဖြစ်ပေသည်။
အချို့ပညာရှင်များကမူ ယုံကြည်ချက်ပိုင်းဆိုင်ရာ တားမြစ်မှု့တစ်ခုသာဖြစ်ကြောင်း လက်တွေ့နှင့် ပတ်သက်၍ မိန့်တော်မူထားခြင်းမဟုတ်ကြောင်း တင်ပြကြသည်။

အဒ်ဝါ(ရောဂါကူးစက်ခြင်း) နှင့် ပတ်သက်၍

ကူးစက်ခြင်းနှင့် ပတ်သက်၍ လူတို့တွင် အစွန်းရောက်လေ့ရှိသည်။ ရောဂါသည်မှ လူကောင်းသို့ အလိုလို ကူးစက်သည်ဟု မှတ်ယူသူများရှိသကဲ့သို့ လုံးဝ မကူးစက်ဟု ယုံကြည်သူများလည်း ရှိကြပေသည်။ သို့သော် အရဗ်လူမျိုးတို့သည် ရောဂါကူးစက်ခြင်းအား အလိုအလျောက် ကူးစက်သည်ဟု မှတ်ယူထားကြရာ မြတ်နဗီ(ဆွ)သည် အလယ်အလတ် လမ်းစဉ်အား ချပြတော်မူခဲ့လေသည်။ အမြင်အားဖြင့် ရော၈ါများသည် ကူးစက်သည်ဟု ထင်ရပေသည်။ သို့သော် အလိုအလျောက်ကူးစက်ခြင်းမဟုတ်ပဲ မြင့်မြတ်တော်မူသော အရှင်မြတ်၏ အလိုတော်ဖြင့် ရောဂါရခြင်းဖြစ်ပေသည်။ တနည်းအားဖြင့် ရောဂါပိုးတို့သည် ကူးစက်ရန် အကြောင်းခံဖြစ်သော်လည်း ကူးစက်စေခြင်းမှာ မြင့်မြတ်တော်မူသော အရှင်မြတ်၏ အလိုသဘောသာဖြစ်သည်။ ကူးစက်ရောဂါဟု ဆေးသိပ္ပံပညာရှင်များ သတ်မှတ်ထားသော်လည်း ရောဂါမရသူများအား မြင်တွေ့ဖူးကြပေလိမ့်မည်။ ကာကွယ်မှု့အား နည်းမျိုးစုံဖြင့် ပြုကြသော်လည်း ရောဂါရသူများအား တွေ့မြင်ဖူးကြပေမည်။ ထို့ကြောင့် မှတ်သားသင့်သည်မှာ ရောဂါကူးစက်ခြင်းဟူသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အလိုရှိမှု့၊ မရှိမှု့နှင့်သာ သက်ဆိုင်သည်။ ပိုးမွှားအင်းဆက်တို့တွင် မိမိသဘောနှင့်မိမိ ရောဂါဖြစ်စေနိုင်သော စွမ်းအားလုံးဝမရှိပေ။ သို့သော် ကာကွယ်ခြင်းအား မစွန့်လွှတ်သင့်ပေ။ မည်သည့်နည်းနှင့်ပင်ဖြစ်စေ ရောဂါမရရန် ကာကွယ်ရမည်ဖြစ်သည်။ ကာကွယ်မှု့အား တတ်နိုင်သလောက် ပြုထားသော်လည်း အလားတူရောဂါ ရလာပါက ဖြစ်လာသော ရောဂါအား ကူးစက်လာသည်ဟု မမှတ်ယူပဲ  အရှင်မြတ် စမ်းသပ်လိုသော်ကြောင့် ထိုရောဂါအား ရစေသည်ဟု မှတ်ယူရမည်။

သွိယရဟ်(နမိတ်ဆိုးကောက်ခြင်း)နှင့် ပတ်သက်၍

၎င်းစာလုံး၏ မူရင်းအဓိပ္ပါယ်အား ငှက်များကို အကြောင်းခံ၍ နမိတ်ကောက်ခြင်း ဟု ပညာရှင်များ ဖော်ပြကြသည်။ သို့သော် အချို့ပညာရှင်များကမူ မကောင်းသော နမိတ်ကောက်ခြင်းဟု ဖော်ပြကြသည်။ ဤသည် အမှန်ဆုံးသောအဆိုပင် ဖြစ်၏။ အကြောင်းမှာ-  ကျမ်းမြတ်ကုရ်အာန်တွင်လည်း တမန်တော်ဆွာလေ့ဟ်(အ.စ)၏ အွမ်မသ်သားများနှင့် ပတ်သက်၍လည်းကောင်း၊ တမန်တော်မူဆာ(အ.စ)၏ အွမ်မသ်သားများနှင့် ပတ်သက်၍လည်းကောင်း ထိုစကားလုံးအား မကောင်းသောနမိတ်ကောက်ယူခြင်း၏ အဓိပ္ပါယ်တွင် အသုံးပြုထားပေသည်။ ထို့အတူ နမိတ်ဆိုးကောက်ခြင်းဟု မှတ်ယူမည်ဆိုပါက ထိုနမိတ်ဆိုးကောက်ခြင်း၏ အမျိုးအစားအားလုံးကို ခြုံငုံပါစေမည်ဖြစ်သည်။
ယနေ့ခေတ်တွင် ခေတ်စားနေသော Lucky Coin (အကြွေစေ့ဖြင့် ပန်းကျလျှင် ကောင်းသည်။ ခေါင်းကျလျှင် မကောင်းပါ စသည်ဖြင့် သတ်မှတ်ခြင်း)၊ မဲနှိုက်၍ လုပ်သင့်၊ မလုပ်သင့်ကြည့်ခြင်း၊ နှင်းဆီပန်းအား ခြွေ၍ ကောင်းသည် မကောင်းသည် သတ်မှတ်ခြင်း၊ စက္ကူလှေလုပ်၍ ရေတွင်မျော်ကာ အကောင်းအဆိုး သတ်မှတ်ခြင်း၊ ဖယောင်တိုင်တွင် အမှတ်အသားများ ပြုလုပ်၍ ထွန်းညှိကာ အကောင်းအဆိုး သုံးသပ်ခြင်းနှင့် အခြားမြောက်များစွာသော ဖုန်းအပလီကေးရှင်းများ၊ ဆော့ဖ်ဝဲများဖြင့် အကောင်းအဆိုး သတ်မှတ်ခြင်းတို့သည်လည်း ဤတားမြစ်ချက်တွင် ပါဝင်ပေသည်။ ထို့ကြောင့် ဤကိစ္စတို့အား အထူးရှောင်ရှားသင့်ပေသည်။
အကယ်၍ တစ်ဦးတစ်ယောက်အနေနှင့် ကိစ္စတစ်ခုတွင် စနိုးစနှောင့်ဖြစ်နေလျှင်၊ ဝေခွဲရခက်နေလျှင် နမားဇ်နှစ်ရကသ်ဖတ်၍ အိစ်သိခါရဟ်ပြုပါလေ။ သို့မဟုတ် စူရဟ်အလမ်နရှ်ရဟ်အား များစွာဖတ်၍ စဉ်းစားပါလေ။ တရားတော်၏ ခွင့်ပြုချက်မပေးထားသော ပုံစံဖြင့် အစမ်းကြည့်သည်ဖြစ်စေ၊ အစစ်ကြည့်သည်ဖြစ်စေ မည်သို့ပင်မဆို အကောင်းအဆိုး သတ်မှတ်ခွင့်မရှိပေ။ ထိုသို့ပြုလုပ်ခြင်းသည် ဟရာမ် ဖြစ်၏။

ဟာမ်မာဟ်နှင့် ပတ်သက်၍

ဤစာလုံးအား ဟာမ်မဟ် သို့မဟုတ် ဟာမဟ် နှစ်မျိုးလုံး ဖတ်နိုင်ပါသည်။ အချို့ပညာရှင်များသည် အဆိပ်ရှိသော သတ္တဝါ၊ သို့မဟုတ် လူသားများအား အန္တရယ်ပြုသော တွားသွားသတ္တဝါများဟု ဖွင့်ဆိုကြပြီး၊ အချို့ပညာရှင်များကမူ ဟာမ်မဟ်သည် လက်တွေ့ဘဝတွင် မရှိသော ဒဏ္ဍာရီထဲ၌သာရှိသော ငှက်တစ်မျိုးဟု ဖွင့်ဆိုကြသည်။
အရဗ်လူမျိုးတို့ ယုံကြည်ကြသည်မှာ- အကယ်၍ လူတစ်ဦး မတရားသတ်ခံရပြီး ထိုသူ့အတွက် လက်စားမချေရသေးပါက ၎င်း၏ ဝိညာဉ်သည် ငှက်တစ်ကောင်ထဲသို့ ဝင်သွားပြီး အသတ်ခံရသူ၏ ကဗရ်တွင် စောင့်နေ၏။ ညဖက်အချိန်တွင် လက်စားချေရန် အော်လေ့ရှိ၏။ ထို့နောက် သတ်လိုက်သူအား ပုံစံအမျိုးမျိုးနှင့် ခြောက်လှန့်နေတော့လေသည်။
အချို့ရှင်းပြချက်များတွင် လူတစ်ဦးအသတ်ခံရပြီး လက်စားမချေရသေးပါက ထိုအသတ်ခံရသူ၏ ဦးကောင်းမှ အကောင်တစ်ကောင်ထွက်လာကာ ကဗရ်တွင် ပတ်ပြေးနေပြီး အွတ်စ်ကူနီ အွတ်စ်ကူနီဟု အော်နေသည်။ ထို့အတူ ယဟူဒီတို့သည်လည်း ထိုအတိုင်းယုံကြည်ကြပြီး ၇ရက်တိုင်တိုင် ထိုသို့ အော်နေလေ့ရှိသည်ဟု ယုံကြည်ကြ၏။
အချို့ တင်ပြမှု့များတွင် ဟာမ်မဟ်အား ဇီးကွက်ဟု ဖော်ပြကြပြီး ညအချိန်တွင် ဇီးကွက်နား၍ အော်ခဲ့သော အိမ်တွင် လူသေသည်ဟု ယုံကြည်လေ့ရှိကြကြောင်း၊ ဇီးကွက်အား အမင်္ဂလာကောင်ဟု သတ်မှတ်ကြကြောင်း ရေးသားသားဖော်ပြထားသည်။
ဤ ရှင်းပြချက်များဖြင့် သိရသည်မှာ- ဇီးကွက်နှင့် ပတ်သက်၍လည်းကောင်း၊ အခြားငှက်များနှင့်ပတ်သက်၍လည်းကောင်း ယုံကြည်ထားကြခြင်းမှာ မှားယွင်းနေပေသည်။ အစိမ်းသေလျှင် သရဲခြောက်သည်၊ ငှက်ဆိုးထိုးလျှင် လူသေသည် စသည်ဖြင့် အယူအဆထားခြင်းမှာ လုံးဝ အခြေအမြစ်မရှိပေ။ အမှန်မှာ- တိုက်ဆိုင်မှု့တစ်ခုသာလျှင်ဖြစ်ပြီး၊ မွတ်စ်လင်မ်များ မှားယွင်းယုံကြည်စေရန် ရှိုင်သွာန်၏ ဖျားယောင်းမှု့များသာ ဖြစ်ပေသည်။ ထို့ကြောင့် မြတ်နဗီ(ဆွ)သည် ဤဟဒီးဆ်တော်၌ ပြတ်သားစွာ တားမြစ်ခဲ့ခြင်းပင် ဖြစ်ပေသည်။ ကျွန်တော်တို့အားလုံးအား ဤအယူဝါဒဆိုးများမှ ဝေးကွာစေတော်မူပါစေ။

ဆွဖရ်နှင့် ပတ်သက်၍
  • ၁။ ဆွဖရ်လအား ဆိုလိုသည်။
  • ၂။ ကုလားအုတ်များ၏ ဝမ်းဗိုက်တွင်ဖြစ်သော ရောဂါတစ်မျိုးအား ဆိုလိုသည်။ ထိုရောဂါသည် ကုလားအုတ်တစ်ကောင်မှ အခြားကုလားအုတ်တစ်ကောင်သို့ အလိုအလျာက်ကူးစက်သည်ဟု အရဗ်လူမျိုးများ ယုံကြည်လေ့ရှိကြသည်။
  • ၃။ မုဟရ်ရမ်လအား ရှေ့တိုးနောက်ဆုပ်ပြုလို၍ ဆွဖရ်လနေရာတွင် မုဟရ်ရမ်ဟု သတ်မှတ်ခြင်းကို ဆိုလိုသည်။
  • ၄။ ဝမ်းဗိုက်အတွင်းရှိ မြွေတစ်ကောင်အား ဆိုလိုသည်။ အရဗ်လူမျိုးတို့သည် လူနှင့်တိရိစ္ဆာန်များ၏ ဗိုက်အတွင်း မြွေတစ်ကောင်ရှိတတ်သည်ဟု ယုံကြည်ကြပြီး ထိုမြွေသည် လူသားစားသမျှအား စားသောက်ပစ်သောကြောင့် ဆာလောင်မွတ်သိပ်မှု့ အပြင်းအထန်ခံစားရကာ နောက်ဆုံး သေဆုံးသွားတတ်သည်ဟု သတ်မှတ်ထားကြသည်။ အနီးစပ်ဆုံး ပြောရလျှင် ဖုတ်ကောင် ဝင်၍ များစွာစားသောက်သည်ဟု လူအများပြောနေခြင်းနှင့် တူပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ အမှန်ဆုံးသော အဆိုမှာ ဆွဖရ်လနှင့် ပတ်သက်၍ တားမြစ်ခြင်းသာ ဖြစ်ကြောင်း ခေတ်သစ်ပညာရှင်များ ဆိုထားပေသည်။ ဆွဖရ်လအား အမင်္ဂလာလဟူ၍ သတ်မှတ်ခြင်း၊ ထိုလတွင် ခရီးမသွားခြင်း၊ နေကာဟ်ထိမ်းမြားမှု့များ မပြုခြင်း၊ စီးပွားရေး လုပ်ငန်းအကြီးများအား အကောင်အထည်မဖော်ခြင်း စသည်တို့မှာ မှားယွင်းစွာ ယုံကြည်ကြခြင်းပင်ဖြစ်ပေသည်။
Leprous ကိုမြင်လျှင် အဘယ့်ကြောင့် ပြေးခိုင်းရပါသနည်း။
သာသနာ့ပညာရှင်များ တင်ပြကြသည်မှာ-
၁။ ၎င်းရောဂါသည်မှ အနံ့တစ်ခုသည် များစွာ ရှုရှိုက်မိပါက ရောဂါဖြစ်စေရန် အကြောင်းခံဖြစ်လာ၏။ Prevention is always better than cure ဖြစ်ပေရာ ကာကွယ်မှု့အတွက် နီးကပ်စွာ မနေရန် အမိန့်ပေးခြင်းဖြစ်သည်။ ဤသို့ အမိန့်ပေးခြင်းသည် ကူးစက်မှု့မရှိဟူသော မြွတ်ဟချက်နှင့် ဆန့်ကျင်မှု့ မရှိပေ။
၂။ မကျန်းမာသူသည် ကျန်းမာသူအားမြင်လျှင် အလိုလို စိတ်ဓါတ်ကျလေ့ရှိသည်။ အနာကြီးရောဂါသည်သည် လူကောင်းအား မြင်တွေ့ပါက ပို၍ ဝေဒနာခံစားရမည်ကို ဆိုးရိမ်သောကြောင့် ထိုသို့အမိန့်ပေးထားခြင်းဖြစ်ပေသည်။
၃။ ယုံကြည်မှု့ အားနည်းသူများအတွက် ထိုသို့အမိန့်ပေးခြင်း ဖြစ်ပေသည်။ အကြောင်းမှာ- အကယ်၍ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် အလိုရှိမှု့ကြောင့် အနာကြီးရောဂါရသွားပါက ကူးစက်ေ၇ာဂါကြောင့်ဟု ထင်မှတ်မည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ဝိသေသနတော်အား ဖန်ဆင်းခံသို့ ပေးလိုက်မည်။ ဤသို့ဖြင့် ၎င်းသည် ရှစ်ရ်က် တစ်ခုအား ကျူးလွန်ရင်း အီမာန်ပျက်သွားရပေမည်။
၎။ တမန်တော်မြတ်(ဆွ)ကိုယ်တိုင် အနာကြီးရောဂါသည်များနှင့် ထမင်းလက်ဆုံစားခဲ့ကြောင်း၊ အတူတူထိုင်တော်မူခဲ့ကြောင်း ဟဒိးဆ်တော်များတွင်လာရှိထားပေရာ ထွက်ပြေးခိုင်းသည့် အမိန့်တော်အား မကျင့်သုံးရတော့မည့် အမိန့်ဟု သတ်မှတ်ရပေမည်။
အခြား အဆိုများ ကျန်ရှိနေသေးသော်လည်း ဤမျှနှင့်ပင် လုံလောက်သည်ဟု ထင်မိပါသည်။ အကျယ်တဝန့် သိလိုသများ ဘိုခါရီကျမ်း၏ အကျယ်ဖွင့်ကျမ်းတိုင်းတွင် ရှု့စားနိုင်ပါသည်။

ဖော်ပြပါ ဟဒီးဆ်တော်သည် ဗုခါရီကျမ်း၏ ဟဒီးဆ်တော်ဖြစ်ပြီး မွတ်စ်လင်မ်ကျမ်း၌ ဝလာဂေါင်လ ဟူ၍ပါရှိသော ဟဒီးဆ်တစ်ပုဒ်အား တင်ပြထား၏။ ထို့ကြောင့် ဤနေရာတွင် ယင်းစာလုံးနှင့် ပတ်သက်၍လည်း တင်ပြမည်ဆိုပါက စာရှု့သူတို့အတွက် ဗဟုသုတတိုးစေမည်ဟု မျှော်လင့်မိသောကြောင့် ရေးသားတင်ပြရင်း နိဂုဏ်းချုပ်လိုက်ပါသည်။
ဂေါင်လ်နှင့် ပတ်သက်၍
မြန်မာစာပေတွင် ယင်းစာလုံးအား ဘီလူး သို့မဟုတ် တစ္ဆေ၊သရဲ တို့အား ခေါ်ဆိုပေလိမ့်မည်။ (ကျွန်တော်သည် တစ္ဆေ၊ သရဲ၊ ဘီလူး၊ ကဝေ အစရှိသည်တို့အား ကွဲပြားစွာ မသိသောကြောင့် မည်သည်အား ဆိုလိုသည်ကို မသတ်မှတ်တော့ပဲ အရဗ်တို့ ယုံကြည်လေ့ရှိသောအရာအား တင်ပြလိုက်ပါသည်။ အကယ်၍ တစ္ဆေ၊သရဲစသည်တို့အား ကွဲပြားစွာသိသူများ ရှိပါက ကွန်မန့်ပေး၍ ရှင်းပြပေးပါ။ ကွဲပြားမှု့တိကျစွာ သိရရင် အင်န်ရှာအလ္လာဟ် တစ္ဆေသရဲများဆိုင်ရာ ရှရီအသ်၏ အမြင်အား တင်ပြပေးပါမည်။) အရဗ်လူမျိုးတို့သည် တောများအတွင်း၌ ရှိုင်သွာန်တစ်မျိုး နေထိုင်ကြသည်ဟု ယုံကြည်ကြပြိး၊ လမ်းမှားစေရန်လည်းကောင်း၊ ခြောက်လှန့်စေရန်လည်းကောင်း ပုံစံအမျိုးမျိုး၊ အရောင်မျိုးစုံလင်စွာလုပ်ပြလေ့ ရှိကြသည်။ ဤသို့ဖြင့် လူတို့အား သေကြေပျက်စီးအောင် ပြုလုပ်ကြသည်ဟု ထင်မှတ်ယူဆကြသည်။ ထိုဘီလူးသရဲများ ကိစ္စသည်လည်း အထက်ဖော်ပြပါ ကိစ္စများကဲ့သို့ တရားတော်တွင် မရှိသောအရာများ သို့မဟုတ် မယုံကြည်ရမည့်အရာများဟု သတ်မှတ်နိုင်ပေသည်။ သို့သော် အချို့ပညာရှင်များကမူ ထိုဘီလူး၊သရဲများသည် လက်တွေ့တွင် ရှိသော်လည်း ၎င်းတို့ကြောင့် လမ်းမှားရသည်။ သေဆုံးရသည်ဟူသော ယုံကြည်သတ်မှတ်ခြင်းအား ဟဒီးဆ်တော်တွင် တားမြစ်ထားသည်ဟု မိန့်ဆိုကြသည်။
အချုပ်အားဖြင့် တင်ပြလိုသည်မှာ- အကောင်းအဆိုး ဟူသမျှသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ချက်သာဖြစ်ကြောင်း၊ မည်သည့်အရာများကြောင့် အကောင်းအဆိုးဖြစ်လာခြင်း မဟုတ်ကြောင်း၊ ရောဂါတို့သည် အလိုအလျောက် ကူးစက်မှု့ မရှိကြောင်း၊ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့်အညီ ရောဂါရကြောင်း၊ အစိမ်းသေ၊ ဘီလူး စသည့် ဒဏ္ဍာရီဇတ်ကောင်များနှင့် ပတ်သက်၍ မှားယွင်းအယူအဆမထားရန်လည်းကောင်း ဟဒီးဆ်တော်တွင် ဖော်ပြထားပါသည်။ ထိုအပြင် ဆွဖရ်လနှင့် ပတ်သက်၍ အမင်္ဂလာဖြစ်သည်ဟု မယုံကြည်ရန် အမိန့်ပေးထားပါသည်။

အကျယ်တင်ပြမှု့တွင် စာရှု့သူအနေအတွက် အကျိုးရှိခဲ့ပါက ကျွန်တော်နှင့် မိဘနှစ်ပါး၊ ကျွန်တော့်ဆရာသမားများအား ဒိုအာတွင် သတိရပေးပါရန်နှင့် အကျိုးယုတ်ခဲ့ပါက ဝေဖန်ပေးရန်၊ ကျွန်တော့်အား ခွင့်လွှတ်ပေးပါရန် တောင်းပန်ရင်းးးးးးးး

လာမည့်ပို့စ်တွင် အင်န်ရှာအလ္လာဟ် ကျန်ရှိနေသော ဟဒီးဆ်များနှင့် ပတ်သက်၍ တပုဒ်ချင်း တင်ပြပေးပါဦးမည်။
စောင့်စားဖတ်ရှု့ပေးပါရန်နှင့် ရေးသားနိုင်ခွင့် ရနိုင်စေရန် ဒိုအာပြုပေးကြပါ။
ဘရှီးလေး(မေမြို့)
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger