ဆွဖရ်လမှာ ဘာတွေထူး
- ၁။ မြတ်နဗီ(ဆွ)သည် ဟဇရသ်ခဒီဂျဟ်(ရသွေ့)သခင်မကြီးနှင့် ဆွဖရ်လ ၂၅ရက် သက်တော် ၂၅တွင် ထိမ်းမြားတော်မူခဲ့သည်။
- ၂။ ဟဇရသ်အလီ(ရသွေ့)နှင့် ဟရဇသ် ဖာသွေမဟ်(ရသွေ့)တို့သည်လည်း ဆွဖရ်လတွင် ထိမ်းမြားမင်္ဂလာပြုခဲ့ကြသည်။
- ၃။ မြတ်နဗီ(ဆွ)သည် နဂ်ျဒ်မျိုးနွယ်များအား ဟိဂ်ျရီနှစ်ခုနှစ် သို့မဟုတ် သုံးခုနှစ်၊ ဆွဖရ်လတွင် စစ်တိုက်တော်မူခဲ့သည်။
- ၄။ ဟိဂ်ျရီနှစ်ခုနှစ် ဆွဖရ်လတွင် မြတ်နဗီကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သော ပထမဆုံးစစ်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုစစ်ပွဲအား အဗ်ဝါအ်ဟုခေါ်၏။
- ၅။ ဟိဂ်ျရီလေးခုနှစ် ဆွဖရ်လတွင် ရဂျီးအ် စစ်ပွဲဖြစ်ပွားခဲ့သည်။
- ၆။ ဟိဂ်ျရီလေးခုနှစ် ဤဆွဖရ်လထဲတွင်ပင် ဗီးရ်မအူနဟ် အဖြစ်ပျက်ဖြစ်ပွားခဲ့ပြီး ကာရီပေါင်း(၇၀) ရှဟီးဒ်ဖြစ်ခဲ့ရသည်။
- ၇။ ဟိဂ်ျရီခုနှစ်ခုနှစ် ဆွဖရ်လတွင် ဝါဒီယွလ်ကိုရာအား သိမ်းပိုက် အောင်မြင်ခဲ့သည်။
- ၈။ ဟိဂ်ျရီရှစ်ခုနှစ် ဆွဖရ်လတွင် ဟဇရသ် အမ်ရ် ဗင်န် အားဆွ်၊ ခါလစ်ဒ် ဗင်န် ဝလီးဒ် အွတ်စ်မာန် ဗင်န် သွလ်ဟဟ် (ရသွေ့)တို့ အီမာန်လက်ခံခဲ့ကြသည်။
- ၉။ ဟိဂ်ျရီ ၃၇ခုနှစ် ဆွဖရ်လတွင် ဆွစ်ဖ်ဖီးန်စစ်ပွဲဖြစ်ပွားခဲ့သည်။
- ၁၀။ ဟိဂ်ျရီ ၅၈၉ခုနှစ် ဆွဖရ်လ ၂၇ရက်၊ ခရစ်သက္ကရာဇ် ၁၁၉၃/၃/၄ရက်နေ့တွင် ဟဇရသ် ဆွလာဟွဒ်ဒီးန် အိုင်ယူဗီ (ရဟေ့)သခင်ကြီး ကွယ်လွန်တော်မူခဲ့သည်။
- ၁၁။ ဟိဂ်ျရီ ၆၅၆ခုနှစ် ဆွဖရ်လတွင် ငါးရာစုတိုင် အုပ်ချုပ်ပြီးနောက် အဗ်ဗာစီ အင်ပါယာ ပြိုလဲခဲ့သည်။
- ၁၂။ ဟိဂ်ျရီ ၃၅ခုနှစ် ဆွဖရ်လတွင် ဟဇရသ် စလ်မာန် ဖာရစီ (ရသွေ့) ကွယ်လွန်ဝဖားသ်ဖြစ်ခဲ့သည်။
- ၁၃။ ဟိဂ်ျရီ ၃၇ခုနှစ် ဆွဖရ်လတွင် ဟဇရသ် အမ်မာရ် ဗင်န် ယာစိရ် (ရသွေ့) ရှဟီးဒ်ဖြစ်ခဲ့သည်။
- ၁၄။ ဟိဂ်ျရီ ၃၈ခုနှစ် ဆွဖရ်လတွင် ဟဇရသ် မုဟမ္မဒ် ဗင်န် အဗူဗက်ရ် (ရသွေ့) ရှဟီးဒ်ဖြစ်ခဲ့သည်။
မှတ်ချက်။ ။ သမိုင်းနှင့် ပတ်သက်၍
အကွဲအလွဲများစွာ ဖြစ်နေရာ ကျွန်တော်စုစည်းတင်ပြသည်သာလျှင် အမှန်ဟု
မသတ်မှတ်ရန်နှင့် ဤလတွင် ဖြစ်ခဲ့သော အခြားမြောက်များစွာသော
သမိုင်းဖြစ်ရပ်များအား ပြည့်စုံစွာ မတင်ပြနိုင်ခြင်းအား အပြစ်မမြင်ပဲ
နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အစ္စလာမ်နှင့် ဆွဖရ်
မုဟရ်ရမ်လမြတ်နှင့် ပတ်သက်၍ အမင်္ဂလာလမဟုတ်ကြောင်း တင်ပြရာတွင် ခေတ်ကာလအား မကောင်းပြောခြင်း၊ နမိတ်ဆိုးကောက်ယူခြင်းနှင့် စပ်လျင်း၍ တင်ပြခဲ့ပြီး ဖြစ်ပေသည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျွန်တော်တို့အား ထူးကဲမွန်မြတ်သောအချိန်များကိုသာ ချီးမြှင့်ထား၏။ မည်သည့်အချိန်၊ မည်သည့်လသည် မကောင်းသော အချိန်ကာလဟု မသတ်မှတ်ခဲ့ပေ။ အချိန်အားလုံးသည် ကောင်းမှု့ပွားများရန်သာ ဖြစ်ပြီး၊ ကောင်းမှု့များ မပြုလုပ်ရသော အချိန်ဟူ၍ မသတ်မှတ်ခဲ့ပေ။ သို့သော် အချို့အချိန်များနှင့် ပတ်သက်၍ နမားဇ်မဝတ်ပြုရ၊ ရိုဇာမစောင့်ထိန်းရ၊ စဂ်ျဒဟ်မပြုလုပ်ရဟူ၍ သတ်မှတ်ထားသည်။ အမှန်စင်စစ် ထိုသို့ သတ်မှတ်ထားရခြင်းမှာ ကာဖရ်များနှင့် တူဆင်နေမည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ ယင်းကာဖိရ်များ၏ လုပ်ရပ်များအား ဆန့်ကျင်ရန်အတွက်လည်းကောင်း၊ ဂဃနဏမသိသူများ အထင်လွဲမည်ကို စိုးရိမ်ရသောကြောင့်လည်းကောင်း စသည့် အကြောင်းပြချက်များကြောင့် ဖြစ်ပေသည်။ ထိုအချိန်၏ မထိုက်တန်မှု့၊ အမင်္ဂလာဖြစ်မှု့ကြောင့် မဟုတ်ပေ။
နားလည်မှု့လွဲနေသော အယူအဆတစ်ခုမှာ-
လတစ်လ သို့မဟုတ် အချိန်တစ်ချိန်တွင် မနှစ်သက်ဖွယ်၊ ဝမ်းနည်းကြေကွဲဖွယ်
အဖြစ်အပျက်များ ဖြစ်ပွားခဲ့သော် လူတို့သည် ထိုလအား မင်္ဂလာမရှိသော လဟူ၍
သတ်မှတ်လိုက်ကြသည်။ ဤသည် တရားတော်မြတ်တွင် မရှိသော အယူဝါဒတစ်ခုအား
တိုးခြင်းပင်ဖြစ်ပေသည်။ ဖြစ်ခြင်း၊ ပျက်ခြင်း၊ တိုးခြင်း၊ လျော့ခြင်း
စသည်တို့သည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း
ဖြစ်ပေါ်နေသည်။
ထို့ကြောင့် ကျွန်တော်တို့အားလုံး မှတ်ယူထားရမည်မှာ-
အကောင်းအဆိုးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်တွင်သာရှိပြီး အချိန်ကာလနှင့်
လုံးဝမဆိုင်ပေ။ အကယ်၍ တစ်ဦးတစ်ယောက်သည် အကောင်းအဆိုးအား အချိန်ကာလနှင့်
သက်ဆိုင်သည်ဟု ပြောဆိုပါလျှင် ထိုသူသည် တရားတော်ဘောင်အပြင်မှ ကိစ္စတစ်ခုအား
ပြောနေခြင်းပင်ဖြစ်ပေမည်။ ထို့သို့ပြောဆိုခြင်း အလျင်းပိုင်မည်မဟုတ်ပေ။
အစ္စလာမ်သာသနာ မကွန့်မြူးမှီကတည်းက ဆွဖရ်လနှင့် ပတ်သက်၍ အရဗ်တို့သည် မကောင်းသောလဟူ၍ သတ်မှတ်ထားကြောင်း ပထမပိုင်းတွင် ဖတ်ရှု့ပြီး ဖြစ်ပေမည်။ ထိုအယူဝါဒဆိုးကြီးသည် အရဗ်လူမျိုးများတွင်သာ ရှိနေခဲ့သည်မဟုတ်ပဲ အစ္စလာမ်သာသနာတော်၏ လင်းရောင်ခြည် ထိန်ထိန်လင်းပြီးနောက်တွင်လည်း ယနေ့ထိတိုင် လူတို့တွင် စွဲကပ်ကျန်ရစ်နေလေသည်။ ထိုအယူဝါဒဆိုးကြီးအား တိုက်ဖျက်ရန် ကျွန်တော်တို့အားလုံးပေါ်တွင် တာဝန်ရှိပေသည်။ အကြောင်းမှာ- အစ္စလာမ်သာသနာသည် မျိုးနွယ်တစ်ခု၊ ဒေသတစ်ခု၊ အချိန်တစ်ခုနှင့်သာ သက်ဆိုင်သည်မဟုတ်။ ကမ္ဘာတစ်ခုလုံးရှိ လူသားတိုင်းနှင့် သက်ဆိုင်ပြီး ကေယာမသ်နေ့ထိတိုင် ကွန့်မြူးနေရမည့် သာသနာဖြစ်သည်။ ထိုသာသနာအား မူလပကတိအတိုင်း လူသားတိုင်းထံသို့ ရောက်စေရန်၊ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူသည့်အတိုင်း ကျန်ရှိနေစေရန် ကြိုးပမ်းခြင်းမှာ မွတ်စ်လင်မ်တိုင်းတွင် တာဝန်ရှိသည်။ ထို့ကြောင့် ထိုအယူဝါဒဆိုးကြီးနှင့် ပတ်သက်၍ မြတ်နဗီ(ဆွ) တိုက်ခိုက်၊ ချေဖျက်ခဲ့ပုံအား လေ့လာပြီးနောက် မြတ်နဗီ(ဆွ) ဆွဖရ်လဆိုင်ရာ မိန့်မှာချက်များအား ကျွန်တော်တို့ မှတ်သားနာယူကာ ဆင့်ကဲဆင့်ကဲ ပို့ချသွားရမည် ဖြစ်ပေသည်။
မြတ်နဗီ(ဆွ)နှင့် ဆွဖရ်လ
နှစ်ဘဝသခင် ကျေးဇူးတော်ရှင် မြတ်နဗီ(ဆွ)သည် မိမိနောက်လိုက် တပည့်သားတို့အား အစ္စလာမ်သာသနာ၏ အမိန့်တော်များအားလုံးအား လက်တွေ့ပြသကာ သင်ကြားပေးတော်မူခဲ့သည်။ ကိုယ်တော်၏ သင်ကြားပို့ချမှု့သည် လစ်ဟင်းမှု့၊ ပေါ့လျော့မှု့၊ မေ့ကျန်နေခဲ့ခြင်း စသည့် ပြစ်ချက် အလုံးစုံမှ စင်ကြယ်ခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မှ စောဒကပြုရန် လမ်းစပင်မရှိချေ။ သို့ဖြစ်ပေရာ အမိုက်ခေတ်၏ လူသားများ မှတ်ယူလေ့ရှိသော အယူဝါဒဆိုးများအား နှုတ်ဖြင့်လည်းကောင်း၊ လက်တွေ့ပြသ၍လည်းကောင်း တိုက်ဖျက်ခဲ့၏။ အမင်္ဂလာလဟု သတ်မှတ်ထားသော လတွင် မြတ်နဗီကိုယ်တိုင် ဟဇရသ် ခဒီဂျဟ်(ရသွေ့)သခင်မနှင့် ထိမ်းမြားမင်္ဂလာပြုခဲ့သည်။ ထို့နောက် သမီးတော် ဖာသွေမဟ်(ရသွေ့)သခင်မအား ဤဆွဖရ်လတွင်ပင် ဟဇရသ်အလီ(ရသွေ့)နှင့် နေကာဟ်ပြုပေးခဲ့သည်။ ဤလထဲတွင် မြတ်နဗီ(ဆွ)ကိုယ်တိုင် ခရီးများ ထွက်တော်မူခဲ့သည်။ တိုက်ပွဲများ ဆင်နွှဲပြခဲ့သည်။ သာဝကတော်များအား စေလွှတ်တော်မူခဲ့သည်။ ဤသည် ထိုလအား အမင်္ဂလာလဟူ သတ်မှတ်ခြင်းအား ဆန့်ကျင်ခဲ့ခြင်းပင် ဖြစ်တော့လေသည်။ ထို့နောက် အရဗ်လူမျိုးများ၏ အယူဝါဒဆိုးကြီးအား တိုက်ဖျက်ရန်အလို့ငှာ လာဆွဖရ်... ဟူ၍ အလျင်းသင့်တိုင်း မိန့်တော်မူခဲ့သည်။ အတိတ်နမိတ်ကောက်ယူခြင်းနှင့် ပတ်သက်၍လည်း တားမြစ်တော်မူခဲ့သည်။ ဤအချင်းအရာများအား ကြည့်ရှု့ခြင်းဖြင့် သိရသည်မှာ- ကိုယ်တော်မြတ်သခင်(ဆွ)သည် ဆွဖရ်လနှင့် ပတ်သက်၍ မည်သို့မှ မယုံကြည်ခဲ့ပေ၊ နမိတ်ဆိုးကောက်ခြင်းအားလည်း တားမြစ်တော်မူခဲ့သည်။ သို့ဖြစ်ပေရာ ဆွဖရ်လအား မကောင်းသောလ၊ အမင်္ဂလာလဟူ၍ သတ်မှတ်နေသူတို့သည် မြတ်နဗီ(ဆွ)၏ သင်ကြားပို့ချမှု့အား မနာခံသူများ၊ ယုံကြည်ချက်လွဲနေသူများသာ ဖြစ်ပေတော့မည်။ ထိုအဆိပ်အတောက်ဖြစ်စေမည့် ယုံကြည်ချက်အား စိတ်သုဉ်းကွယ်ပျောက်သွားစေရန် ကျွန်တော်တို့ မလွဲဧကန် လုပ်ဆောင်ကြရမည်ဖြစ်သည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်
ကျွန်တော်တို့အားလုံးအား ဗစ်ဒ်အသ်တိုက်ဖျက်နိုင်ခွင့်၊ မှားယွင်းအယူအဆ
ချေမှုန်းနိုင်ခွင့်၊ အမှန်အား ထုတ်ဖော်ပြောနိုင်စွမ်း ပေးသနားတော်မူပါစေ။
အာမီးန်
ဆက်လက်တင်ပြပါဦးမည်။
ဆက်လက်တင်ပြပါဦးမည်။
ဘရှီးလေး(မေမြို့)
Post a Comment