အသိပေးခြင်း
က
Home » , , » ဆွဖရ်လအကြောင်း တစွေ့တစောင်း(ပထမပိုင်း)

ဆွဖရ်လအကြောင်း တစွေ့တစောင်း(ပထမပိုင်း)


လွန်ခဲ့သော လအတွင်း ကျွန်တော်အနေနှင့် လမြတ်မုဟရ်ရမ်နှင့် ပတ်သတ်၍ လူတိုင်းသိသင့်သိအပ်သော အဲ့ဟ်လေစွန္နသ်ဝလ်ဂျမာအသ်၏ အကီဒဟ်(ယုံကြည်မှု့) မတ်စ်လက်(လမ်းစဉ်) မတ်စ်အလဟ်(ကျင့်သုံးဖွယ်ရာ)တွေကို စုစည်းတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ထို့အတူ အင်န်ရှာအလ္လာဟ် ယခု ဒီလမှာလည်း သိသင့်တာတွေ၊ သတိချပ်သင့်တာတွေ၊ ရှောင်ရှားရမည့်အရာတွေကို ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါသည်။

ကျွန်တော်တို့၏သာသနာသည် လွန်စွာလွယ်ကူပြီး၊ နေရာဒေသ၊ အချိန်အခါမရွေး၊ လူမျိုးစုံကျင့်သုံးနိုင်သော ကမ္ဘာလုံးဆိုင်ရာ သာသနာတစ်ခုဖြစ်သည်။ ထို့ကြောင့် လုပ်ရပ်တိုင်းနှင့် ပတ်သတ်၍ စည်းကမ်းများ၊ ဘောင်များ၊ အတိုင်းအတာများအား ပြဌာန်းထားပြီးဖြစ်ပေသည်။ ထို သတ်မှတ်ပြဌာန်းချက်များအညီ နေထိုင်သူများအား အစ္စလာမ့်ဘောင်အတွင်းမှသူများဟု သတ်မှတ်နိုင်ပြီး၊ ဘောင်ကျော်သူများ၊ စည်းဖောက်သူများ၊ မနာခံသူရောင်စုံလူသားတို့အား အစ္စလာမ့်ဘောင်ပြင်ပမှ ကိစ္စတို့အား ကျူးလွန်သူများဟု သတ်မှတ်ထား၏။ ဘောင်ကျော်လွန်ရာတွင် ပုံစံအမျိုးမျိုးရှိနေပေရာ အချို့အား ဖာစိက်၊ ဖာဂျိရ်၊ အချို့အား ဗစ်ဒ်အသီ(တရားသစ်တီထွင်သူ)၊ အချို့အား ကာဖိရ်ဟူ၍ အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ထိုသို့ သတ်မှတ်ထားခြင်းဖြင့် အစ္စလာမ်တွင် မွေးစားဓလေ့များ၊ ဘာသာခြား ယုံကြည်မှု့များ၊ အမှားလုပ်ရပ်များနှင့် ပျက်ဆီးခြင်းတို့ စိမ့်မဝင်လာနိုင်တော့ပေ။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ- ကျွန်တော်တို့သည် မိမိသာသနာအား ကာကွယ်မှု့ပြုကြရန် ဝေးစွ။ ဘာသာခြားများနှင့် မှားယွင်းနေသော ၎င်းတို့၏ လုပ်ရပ်များကိုပင် အထင်ကြီးကာ ဝေမျှလုပ်ကိုင်ပေးနေကြသည်။ ဆင့်ကဲဆင့်ကဲ ထိုအမွေဆိုးကြီးအား ဆက်ခံလာရာ နောင်လာနောင်သားများအတွက် ထိုမှားယွင်းနေသော အယူအဆများနှင့်လုပ်ရပ်တို့သည် အစ္စလာမ့်ဘောင်အတွင်းမှ ကိစ္စများသဖွယ် မြင်လာကြတော့လေသည်။ အမှန်ဆိုလျှင် မိမိပိုင် ရေတွင်းသို့ မြောင်းရေစိမ့်ဝင်နေလျှင် မည်သူမှ လက်ပိုက်မကြည့်နေသင့်။ ရေလမ်းကြောင်းပြောင်းသင့်လျှင် ပြောင်းပေးရမည်။ ကာကွယ်တားဆီးနိုင်ရန် ဖြစ်နိုင်လျှင် မြောင်းရေ မဝင်လာအောင် တားဆီးကြရမည်သာ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်အနေနှင့် အစ္စလာမ်၏ သောက်သုံးမကုန်၊ ချိုမြိန်အေးမြသော ရေကန်တွင်းသို့ ကျလာမည့် အမှိုက်များအား ပြသပေးရန် ရည်ရွယ်လိုက်ပါသည်။ စာရှု့သူများအနေနှင့် တနိုင်တပိုင် ထိုအမှိုက်များအား ရှင်းလင်းပေးရန်၊ မကျလာအောင် ကာကွယ်ပေးရန် တာဝန်ယူပေးကြမည်ဆိုလျှင်........

ဆွဖရ်လဆိုသည်မှာ...

ဆွဖရ်လသည် အစ္စလာမ့် ပြက္ခဒိန်အရ နှစ်သစ်တစ်ခု၏ ဆန်းဥိးစလပြီးနောက်လာသောလအား ခေါ်ဆိုပါသည်။ တနည်းအားဖြင့် ဆွဖရ်လသည် အစ္စလာမ့်ပြက္ခဒိန်တွင် ဒုတိယမြောက်လဖြစ်ပေသည်။ ဆွဖရ်ဟူသည် အရဗီစာပေ၌ ဆွစ်ဖ်ရ်ဟူသော ပုဒ်မှ ဆင်းသက်လာသည်ဟု ပညာရှင်များ မိန့်ဆိုကြသည်။ ဆွစ်ဖ်ရ်၏ အဓိပ္ပါယ်မှာ ဘာမှမရှိခြင်းဖြစ်ပေသည်။ ဤလအား ဘာမှမရှိသောလဟု အမည်ထားရခြင်းမှာ-
  • ၁။ မက္ကဟ်မြို့သူ၊သားများသည် ဤလတွင် ခရီးထွက်လေ့ရှိသောကြောင့် မြို့တော်မက္ကဟ်တွင် မည်သူမှ မကျန်ရှိသည့်အတွက်ဖြစ်သည်။
  • ၂။ အရဗ်တို့သည် အခြားမျိုးနွယ်ဝင်များအား ဤလတွင် စစ်မက်တိုက်ခိုက်လေ့ရှိပြီး မိမိနှင့်စစ်မက်ဖြစ်ပွားသူများ၏ ဥစ္စာပစ္စည်းတို့အား အကုန်သိမ်းယူလေ့ရှိကြသည်။ အခြားနွယ်ဝင်များတွင် ဥစ္စာပစ္စည်းမကျန်ရှိအောင် ထားရသောလဟူ၍ သတ်မှတ်သည့်သဘောပင်။
  • ၃။ အချို့ပညာရှင်များကမူ ဆွဖရ်လ၏ အမည်ခေါ်ထွင်ရသော အကြောင်းအရင်းအား ထိုလတွင် ရောဂါဆိုးတစ်မျိုး ကျရောက်ခဲ့ပြီး မျက်နှာများ ဝါထိန်ကုန်သောကြောင့် ဟူ၍ တင်ပြကြပြီး၊
  • ၄။ အချို့ပညာရှင်များကမူ ယမန်(ယီမင်နိုင်ငံ)တွင် ဆွစ်ဖ်ရီယဟ်ဟု ခေါ်တွင်သော ဈေးများကြောင့်ဟူ၍ တင်ပြကြသည်။ ထိုဈေးများသို့ လူတိုင်းသွားရောက်ကြရပြီး နောက်ကျ ကျန်နေခဲ့သူမှာ ဆာလောင်မွတ်သိပ်ကာ သေဆုံးကြရသည်။
မှတ်ချက်။          ။ တတိယအဆိုအရ ဆွဖရ်လသည် ဆွတ်ဖ်ရ် အဝါရောင်ဖြစ်ခြင်း ပုဒ်မှ ဆင်းသက်လာသည်ဟု မှတ်ယူရလိမ့်မည်။

အမိုက်ခေတ်သို့ လှမ်းကြည့်ခြင်း။

အရဗ်တို့သည် အစ္စလာမ်သာသနာ မကွန့်မြူးမှီနှင့် ကွန့်မြူးစအချိန်တို့တွင် မည်သူမျှ မပြုလုပ်သော အလွန်ဆိုးဝါးလှသည့် လုပ်ရပ်များအား နှစ်ခြိုက်စွာပြုလုပ်ခဲ့ကြသည်။ ထို့အတူ ရက်ရောမှု့၊ ဧည့်ဝတ်ကျေပွန်မှု့၊ ရိုးသားမှု့၊ သစ္စာသမာဓိရှိမှု့ စသည့် အရည်အချင်းများတွင်လည်း ပြိုင်စံရှားဖြစ်ခဲ့ကြသည်။ အစ္စလာမ့် လင်းရောင်ခြည် ကွန့်မြူးပြန့်ကျက်စပြုချိန်တွင် ၎င်းတို့၏ မကောင်းမှု့များသည် နေရောင်အောက်ရှိ မြူမှုံများကဲ့သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပေသည်။ အစ္စလာမ်၏ စွမ်းပကားမှာ အနှိုင်းမဲ့ပင်။ အစ္စလာမ်မတိုင်မှီ အရဗ်လူမျိုးများ ဆွဖရ်လတွင် မည်သို့အမှားများ ကျူးလွန်လေ့ရှိကြသည်ကို အမိုက်ခေတ်၏ သမိုင်းအားလေ့လာဖူးသူတိုင်း သိကြပေမည်။ ဤပို့စ်တွင် ကျွန်တော့်အနေနှင့် အကြီးမားဆုံး အမှားနှစ်ခုအား တင်ပြပေးမည်ဖြစ်ပါသည်။
၁။ ဆွဖရ်လအား ရှေ့တိုးနောက်ဆုပ် ပြုလုပ်ခြင်း။
၂။ ဆွဖရ်လအား အမင်္ဂလာလဟု မှတ်ယူခြင်း။

ရှေ့တိုးနောက်ဆုပ်လုပ်ခြင်းနှင့် အရဗ်လူမျိုးများ

ကျမ်းမြတ်ကုရ်အာန် စူရဟ်သောင်ဗဟ် အာယသ်တော်အမှတ် (၃၆) တွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်။
ဧကန်စင်စစ် လများ၏ အရေအတွက်သည်အလ္လာဟ်အရှင်မြတ်၏ အထံတော်တွင် အလ္လာဟ် အရှင်မြတ်၏ကျမ်းတော်၌ လာရှိသည့်အတိုင်း မိုးကောင်းကင်များနှင့်ပထ၀ီမြေကို ထိုအရှင်မြတ် ဖန်ဆင်းတော်မူသည့်နေ့မှစ၍ ဆယ့်နှစ်လမျှသာ ဖြစ်ချေသည်။ ၎င်း(ဆယ့်နှစ်လ)အနက်မှလေးလသည် ထူးမြတ်သောလများပင် ဖြစ်ကြပေသည်။ ဤသည် ဖြောင့်မတ် မှန်ကန်သော ဒီန်သာသနာတော်က(ညွှန်ကြားပြသသောလမ်းစဉ်)ပင်ဖြစ်လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ၎င်း (လများ)နှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ကိုနှိပ်စက်ကလူ မပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် မွတ်ရှ်ရစ်က် အားလုံးတို့ကို ၎င်းတို့သည် အသင်တို့အားလုံးတို့အားတိုက်ခိုက်ကြသကဲ့သို့ပင် တိုက်ခိုက်ကြလေကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတော်စင်အပေါင်းတို့နှင့်အတူ ရှိတော်မူကြောင်း အသင်တို့သည် ကောင်းစွာ မှတ်ယူကြလေကုန်။
ဤအာယသ်တော်အရ နှစ်တစ်နှစ်တွင် ဆယ့်နှစ်လရှိပြီး ထိုဆယ့်နှစ်လအနက် လေးလသည် အလွန်ထူးကဲမွန်မြတ်သော လများဖြစ်ကြောင်း သိရသည်။ တဖန် ထိုလေးလနှင့် ပတ်သက်၍ ဟဒီးဆ်တော်များစွာတွင် ဇွလ်ကအ်ဒဟ်၊ ဇွလ်ဟိဂ်ျဂျဟ်၊ မုဟရ်ရမ်နှင့် ရဂျဗ်တို့ ဖြစ်ကြောင်း လာရှိထားပေသည်။ ထိုလများတွင် စစ်မက်ဖြစ်ပွားခြင်းအား ဟဇရသ်အိဗ်ရာဟီးမ်(အ.စ)၏ ခေတ်မှစ၍ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖက်မှ ဟရာမ်အဖြစ် သတ်မှတ်ပြဌာန်းထားပြီး၊ အခြားလုရက်မှု့များ၊ သတ်မှတ်နယ်မြေအတွင်း သားကောင်လိုက်ခြင်း၊ အပင်ခုတ်ခြင်း စသည်တို့အား တားမြစ်တော်မူခဲ့၏။ ဤကိစ္စတို့အား အရဗ်လူမျိုးတို့သည် အမိန့်အားဖြင့်လည်းကောင်း၊ ကျင့်မူခြင်းဖြင့်လည်းကောင်း ဆင့်ကဲဆင့်ကဲ အမွေဆက်ခံခဲ့သော်လည်း တိကျစွာ မလိုက်နာခဲ့ကြပေ။ သတ်မှတ်ထားသော လေးလအား အရေအတွက်အရ လက်ခံလိုက်နာကြသော်လည်း ထိုလေးလအား စိတ်ကြိုက်သတ်မှတ်လာခဲ့ကြသည်။
ရှေ့တိုးနောက်ဆုပ်ပြုရခြင်း၏ အကြောင်းအရင်း
အကြောင်းမှာ- ၁။ စစ်မက်ဖြစ်ပွားခြင်းအား ခုံမင်သော၊ လုရက်မှု့များနှင့် နိုင်လိုထက်မင်း ပြုခြင်းတို့နှင့်အတူ မွေးဖွားလာသော အရဗ်လူမျိုးတို့သည် သုံးလဆက်တိုက် စစ်မဖြစ်ပဲ၊ မလုရက်ပဲနေနေရသည်။ ဤအမိန့်သည် ၎င်းတို့အဖို့ အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်နေ၏။ ထို့အတူ လုရက်မှု့ဖြင့် ဝမ်းကြောင်းနေကြရသည်ဖြစ်ရာ သုံးလဆက်တိုက် စီးပွားမရှာရသော ငတ်မွတ်မည်ကို အကြောင်းပြကာ ထိုသို့ ရှေ့တိုးနောက်ဆုပ်များ ပြုလုပ်ခဲ့ကြသည်။ သို့နှင့် မုဟရ်ရမ်လတွင် စစ်မက်တိုက်ခိုက်နိုင်ရန်အတွက် မုဟရ်ရမ်အား ဆွဖရ်ဟုသတ်မှတ်ကာ ဆွဖရ်လအား မုဟရ်ရမ်ဟု သတ်မှတ်လာကြတော့လေသည်။
၂။ အချို့ဆင့်ပြန်ချက်များတွင် အရဗ်လူမျိုးတို့သည် ဟဂ်ျကာလတွင် အွမ်ရဟ်ပြုခြင်းအား ကြီးလေးသောအပြစ်ဟု ယုံကြည်သတ်မှတ်ထားကြသည်။ ထို့ကြောင့် ဟဂ်ျနှင့်အွမ်ရဟ် တပြိုင်တည်းပြုနိုင်ရန်အလို့ငှာ မုဟရ်ရမ်လအား ဆွဖရ်ဟု သတ်မှတ်ကာ အွမ်ရဟ်ပြုလုပ်ကြလေ့ရှိကြသည် ဟု လာရှိသည်။
မည်သို့ပင်ဖြစ်စေ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ လုပ်ရပ်အား ပြစ်တင်ရှုတ်ချကာ ဤသို့ အမိန့်ရှိတော်မူ၏။
လများကိုရွှေ့ဆိုင်းခြင်းသည် ကုဖ်ရ်သွေဖည်ငြင်းငြင်းပယ်မှု၌ တိုးတက်ခြင်းသာဖြစ်၏။ ယင်း(ကဲ့သို့) ရွှေ့ဆိုင်းထားခြင်းအားဖြင့် ကာဖိရ် မယုံကြည်သွေ ဖည်ငြင်းပယ်သောသူတို့သည် လမ်းမှားသို့ ရောက်စေ ခြင်းကို ခံကြရလေသည်။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့သော (လများ၏)အရေအတွက်နှင့် ကိုက်ညီစေခြင်းငှာ ယင်း ရွှေ့ဆိုင်းထားသောလကို တစ်နှစ် ဟလာလ် ပြုလုပ်၍ နောက်တစ်နှစ်တွင်မူ ဟရာမ် ဟူ၍ ပြုလုပ်ကြလေသည်။သို့အားဖြင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟူ၍တားမြစ်တော်မူခဲ့သည့်(လ)ကို ‘ဟလာလ် ပြုကြကုန်သည်။၎င်းတို့၏မကောင်းမှုများသည် ၎င်းတို့(၏အမြင်)၌ လှပတင့်တယ်စွာရှိနေကြချေပြီ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကာဖိရ် မယုံကြည် သွေဖည် ငြင်းပယ်သော သူတို့အား တရားလမ်းမှန်ကိုပြတော်မူသည်မဟုတ်ပေ။ စူရဟ်သောင်ဗဟ် အာယသ်တော်အမှတ် (၃၇)

ပထမဆုံး ရှေ့တိုးနောက်ဆုပ်လုပ်ခဲ့သူ

ထိုသို့ လများအား သတ်မှတ်သည့်အတိုင်း မကျင့်သုံးပဲ ရွှေ့ပြောင်းကျင့်သုံးခဲ့သော ပထမဆုံးသူမှာ-
  • ပထမအဆို- ဗနူ ကိနာနဟ် မျိုးနွယ်ဝင် အလ်ကလမ်မတ်စ် ဟိုဇိုင်ဖဟ် ဗင်န် အဗ်ဒုဖိုကိုင်းမ် (ဟိုဇိုင်ဖဟ် ဗင်န် အိုဗိုင်းဒ် ဗင်န် ဖိုကိုင်းမ်ဟုလည်း ဖော်ပြကြသည်။) ဖြစ်သည်။
  • ဒုတိယအဆို- စအ်လဗဟ် ဗင်န် အလ်ဟာရစ်(စ်)ဖြစ်သည်။
  • တတိယအဆို- နိုအိုင်းမ်ဗင်န်စအ်လဗဟ်ဖြစ်ပြိး နောက်အဆိုတစ်ခုတွင် အမ်ရ် ဗင်န် လိုဟိုင်ယ် ဟု ဖော်ပြထားသည်။
မည်သို့ပင်ဖြစ်စေ အကျော်ကြားဆုံးအဆိုမှာ အလ်ကလမ်မတ်စ် ပင်ဖြစ်ပေသည်။ ၎င်းသည် ဘုရင်တစ်ပါးဖြစ်ပြီး စစ်မက်တိုက်ခိုက်ရန်၊ မျိုးနွယ်စုများမှ ဥစ္စာပစ္စည်း လုယူရန် ရှိပါက အရဖဟ်ကွင်းပြင်တွင် ဒီနှစ် မုဟရ်ရမ်လသည် ရဂျဗ်လသာ ဖြစ်ရမည်။ ထို့ကြောင့် မည်သူကို သတ်မည်။ မည်သည့်အုပ်စုအား လု၇က်တိုက်ခိုက်မည် စသည်ဖြင့် ကြေငြာလေ့ရှိသည်။
၎င်းသေဆု့းပြီးနောက် သားဖြစ်သူ အဗ်ဗားဒ်၊ အဗ်ဗားဒ်၏ သားဖြစ်သူ အက်လအ်၊ အက်လအ်၏ သားဖြစ်သူ အိုမိုင်ယ်ယဟ်၊ အိုမိုင်ယ်ယဟ်၏ သားဖြစ်သူ အောင်ဖ် သားစဉ်မြေးဆက် အစဉ်လိုက် ထိုသို့ ပြုလုပ်လာပြီး နောက်ဆုံး ပြုခဲ့သူမှာ- အောင်ဖ်၏ သားဖြစ်သူ အဗူဆိုမာမဟ် ဂျိုနာဒဟ် ဖြစ်သည်။
မှတ်ချက်။          ။ ဤလေးလတွင် စစ်မတိုက်ရဟူသည် လက်ရှိကျင့်သုံးရမည့် အမိန့်တော်များတွင် မပါဝင်ပေ။ ခံစစ်ဖြစ်စေ၊ ထိုးစစ်ဖြစ်စေ မည်သည့်ကာဖိရ်နှင့်ပင်ဖြစ်စေ စစ်မက်တိုက်ခိုက်နိုင်ပါသည်။ စာရှည်မည်ကို ဆိုး၍ အကျယ်တဝန့်မတင်ပြရသည်ကို နားလည်ပေးပါရန်နှင့် လေ့လာလိုသူများ ဖော်ပြပါ အာယသ်၏ သဖ်စီးရ်နှင့် ကုရ်အာကျမ်းလာ အမိန့်တော်များနှင့် ဆိုင်ရာ မည်သည့်စာအုပ်တွင်မဆို လေ့လာပါရန်။

ရှေ့တိုးနောက်ဆုပ်ပြုလုပ်ပုံ သုံးမျိုး

ဟဒီးဆ်တော်များနှင့် သမိုင်းပညာရှင်များ တင်ပြချက်တို့တွင် အရဗ်လူမျိုးတို့၏ လများအား ရှေ့တိုးနောက်ဆုပ်ပြုလုပ်ပုံနှင့် ပတ်သက်၍ ပုံစံသုံးမျိုးအား ဖော်ပြထား၏။
  • ပထမပုံစံမှာ- မုဟရ်ရမ်လမြတ်အား နောက်ဆိုင်းခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မုဟရ်ရမ်လမြတ်တွင် စစ်မက်တိုက်ခိုက်နိုင်ပြီး ဆွဖရ်လအား မုဟရ်ရမ်ဟု သတ်မှတ်ခြင်းဖြစ်သည်။
  • ဒုတိယပုံစံမှာ- ဆွဖရ်လအား ထူးကဲမွန်မြတ်သည့်လ လေးလတွင် တိုးခြင်းဖြစ်သည်။ တနည်းအားဖြင့် လေးလအား ငါးလဟု သတ်မှတ်ခြင်းပင် ဖြစ်ပေသည်။
ထို့ကြောင့် အချို့ပညာရှင်များသည် မြတ်နဗီ(ဆွ)မိန့်ခွန်းတစ်ခုတွင်ပါသော (လာဆွဖရ)၏ အလိုသဘောအား ထူးကဲမွန်မြတ်သော ထိုလေးလတွင် ဆွဖရ်လမပါဟု အနက်အဓိပ္ပါယ်ဖွင့်ကြ၏။
အင်န်ရှာအလ္လာဟ် ဤဟဒီးဆ်နှင့် ပတ်သက်၍ အကျယ်ရေးသားမည်ဖြစ်သောကြောင့် စောင့်စားဖတ်ရှု့ပေးပါ။
  • တတိယပုံစံမှာ- ဟဂ်ျအား ပြောင်းလဲခြင်းဖြစ်သည်။ ဆိုလိုသည်မှာ- အရဗ်လူမျိုးတို့သည် ပထမအကြိမ် ဇွလ်ဟဂ်ျဂျဟ်လတွင် နှစ်နှစ်ဆက်တိုက် ဟဂ်ျပြုကြသည်။ ဒုတိယအကြိမ်တွင် မုဟရ်ရမ်လတွင်သာ နှစ်နှစ်ဆက်တိုက် ဟဂ်ျပြုကြသည်။ ထို့နောက် တတိယအကြိမ်တွင် ဆွဖရ်လတွင် နှစ်နှစ်ဆက်တိုက် ဟဂ်ျပြုကြသည်။

ဆွဖရ်လအား အမင်္ဂလာလဟု မှတ်ယူခြင်း။

အရဗ်လူမျိုးတို့သည် မင်္ဂလာရှိခြင်း၊ မရှိခြင်းနှင့် ပတ်သက်၍ လွန်စွာ အယူသီးသူများဖြစ်ကြသည်။ အချိန်အလိုက်၊ နေ့ရက်အလိုက်ဖြစ်စေ၊ တိရိစ္ဆာန်အော်သံများကို ကြား၍ဖြစ်စေ၊ အချို့တိရိစ္ဆာန်များကို မြင်၍ဖြစ်စေ၊ အချို့လူမျိုးစုများအား မြင်တွေ့ရလျှင် ဖြစ်စေ အတိတ်နမိတ် ကောက်လေ့ရှိကြသည်။ ငှက်များအား လွှတ်၍ ညာဖက်သို့ ပျံသန်းလျှင် နမိတ်ကောင်းသည်။ ဘယ်ဖက်သို့ပျံသန်းလျှင် အမင်္ဂလာဆန်သည်။ စသည်ဖြင့် မှတ်ယူလေ့ရှိကြသည်။ ထို့အတူ ဇီးကွက်နှင့် ကျီးကန်းတို့အား လဘ်တိတ်စေသည့် အကောင်များဟူ၍လည်းကောင်း၊ မျက်စိစွေနေသူနှင့် ခြေလက်မသန်စွမ်းသူတို့အား တွေ့မြင်ရလျှင် ကံမကောင်းနိုင်တော့ဟူ၍လည်းကောင်း ယုံကြည်ထားကြသည်။ ထိုသို့ အရဗ်လူမျိုးများ အမင်္ဂလာအဖြစ် သတ်မှတ်ထားသော အရာများတွင် ဆွဖရ်လသည်လည်း ပါဝင်နေပေသည်။ အမိုက်ခေတ်ရှိ အရဗ်တို့သည် ဆွဖရ်လအား မနှစ်မြို့ဖွယ်များ ကြုံရသောလဟူ၍လည်းကောင်း၊ ဘေးဘလာဒုက္ခများ ဆိုက်ကပ်ရာလဟူ၍လည်းကောင်း သတ်မှတ်ယုံကြည်ထားကြသည်။ သုံးလဆက်တိုက် မကောင်းမှု့တို့မှ ကင်းဝေးနေသည်ဖြစ်ရာ ယခု လုရက်မှု့များ ပြန်လုပ်ရတော့မည်။ စစ်မက်များ ဖြစ်ပွားရတော့မည်။ ကြုံတွေ့ရတော့မည်ကို တွေးကာ မကောင်းသောလ၊ အမင်္ဂလာလဟု သတ်မှတ်ကြလေသည်။ ဆွဖရ်တွင် မင်္ဂလာဆောင်ပါက မသင့်မမြတ်ဖြစ်မည်၊ သားသမီးရတနာကောင်းများ မထွန်းကားနိုင်ဟု သတ်မှတ်ကြသည်။ ဤလတွင် ရောင်းဝယ်ဖောက်ကားမှု့ပြုလျှင် အမြတ်အစွန်းမရတော့ဟု ယုံကြည်ကြသည်။ ထို့အပြင် ငွေပေးချေခြင်း သို့မဟုတ် ပစ္စည်းပေးခြင်းကိုပင် မပြုလုပ်ကြချေ။ ထိုနည်းတူစွာ ခရီးသွားခြင်းကိုလည်း ရှောင်ရှားလေ့ရှိကြသည်။ အချုပ်အားဖြင့် ၎င်းတို့သည် ဆွဖရ်လအား မကောင်းသောလဟူ၍ သတ်မှတ်ထားသောကြောင့် ဤလတွင် ကိစ္စအတော်များများအား ရှောင်ရှားကြတော့လေသည်။

ယုံကြည်ချက်ဆိုင်ရာများတွင် အငြိမခံတဲ့ အစ္စလာမ်။

အစ္စလာမ်သာသနာသည် တပါးတည်းသော အရှင်မြတ်၏ အမိန့်ဖြင့်သာ အရာရာဖြစ်သည်ဟူသော အချက်အပေါ် အခြေခံထားရာ ဤသို့သော ယုံကြည်မှု့များအား လုံးဝခွင့်မပြုခဲ့ပေ။ အတိတ်နမိတ်ကောက်ခြင်းမှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်အားကိုးမှု့ နည်းခြင်း၊ သို့မဟုတ် မရှိခြင်းပင်။ အရာဝတ္ထု၊ အဖန်ဆင်းခံတို့အား ကောင်းစေခြင်း၊ ဆိုးစေခြင်းဟူသော ဝိသေသနအား ပေးလိုက်ခြင်းပင်ဖြစ်၏။ အကောင်းအဆိုးသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်တစ်ပါးတည်း၏ လက်တော်တွင် ရှိနေသည်ဖြစ်ရာ ထိုသို့ ဖန်ဆင်းခံများအား ကောင်းစေနိုင်သောသူ၊ အကျိုးယုတ်စေသောအရာ၊ မင်္ဂလာရှိသော အရာ၊ အမင်္ဂလာဖြစ်သော အရာဟု သတ်မှတ်ခြင်းမှာ သောင်ဟီးဒ်တရားနှင့် ဖီလာဆန့်ကျင်နေပေသည်။ ထို့ကြောင့် မြတ်နဗီ(ဆွ)သည် အလွန်တိုတောင်းလှသော မိန့်ခွန်းတော်တွင် အလွန်နက်ရှိုင်းသော အဓိပ္ပါယ်များနှင့် ပြည့်နှက်နေသော စကားလုံးအချို့အား မိန့်ကြားတော်မူခဲ့လေသည်။ လာဆွဖရ်....။ အစ္စလာမ်သာသနာတွင် ဆွဖရ်နှင့် ပတ်သတ်၍ တစ်ခုတစ်စုံတစ်ရာမှ မရှိချေ။ တိုတောင်းလှသောလည်း အလွန်နက်ရှိုင်းသော ဟဒီးဆ်တစ်ပုဒ်ပင်ဖြစ်ပေသည်။ အင်န်ရှာအလ္လာဟ် အကျယ်တင်ပြပေးပါမည်။

အင်န်ရှာအလ္လာဟ် လာမည့် ဒုတိယပိုင်းတွင် ဆွဖရ်လတွင် ဖြစ်ပွားခဲ့သော် အစ္စလာမ့် သမိုင်းစာမျက်နှာပေါ်မှ မှတ်စုတချို့ အား တင်ပြပါမည်။
ဆက်လက်ဖတ်ရှု့ပေးပါရန်.......
ဘရှီးလေး(မေမြို့)
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger