အရင်ပို့စ်ကို မဖတ်ရသေးရင် ဒီမှာ နှိပ်ပြီး ဖတ်ပေးပါ။
ဝတ်စားဆင်ယင်မှု့၏ တတိယမဏ္ဍိုင်
ရှရီအသ်တရားတော်တွင် ပြသထားသော အဝတ်အစားနှင့် ပတ်သက်သည့် တတိယမဏ္ဍိုင်မှာ- သရှဗ်ဗို့ဟ် ဖြစ်သည်။ ဆိုလိုသည်မှာ- လူတစ်ယောက်သည် အဝတ်အစားတစ်ခုအား ဝတ်ဆင်လိုက်ခြင်းဖြင့် မွတ်စ်မ်မဟုတ်သူတစ်ယောက်အသွင်ဖြစ်နေပြီး ဝတ်ဆင်ရခြင်းမှာလည်း ၎င်းတို့နှင့် တူဆင်မှု့ဖြစ်စေရန် ဖြစ်သည်။ (ထိုသို့ တူဆင်အောင်ရည်ရွယ်၍ ဝတ်ဆင်ခြင်းအား သရှဗ်ဗို့ဟ်ဟုခေါ်ဆိုသည်။) တနည်းအားဖြင့် ကျွန်ုပ်တို့ နှစ်သက်သည်၊ မနှစ်သက်သည်ကို မျက်ကွယ်ပြု၍ ဘာသာခြားတို့၏ ပုံတူပွားလိုစိတ်ဖြင့် အဝတ်အစားတစ်ခုအား ဝတ်ဆင်လိုက်မည်။ ကောင်းသည်၊ မကောင်းသည်ကို မကြည့်ရှု့ပဲ အုပ်စုတစ်ခု၏ ပုံစံတူဖြစ်လိုသောကြောင့် ထိုသူတို့ဝတ်ဆင်သည့် အဝတ်အစားအတိုင်း ဝတ်ဆင်လိုက်မည် ဆိုပါက ထိုကဲ့သို့ ဝတ်ဆင်ခြင်းကို သရှဗ်ဗိုဟ်ဟု ခေါ်ဆိုပေသည်။ ထိုသို့ ပုံစံတူလုပ်ခြင်းနှင့် ပတ်သက်၍ မြတ်နဗီ(ဆွ)သည် အလွန်ပြင်းထန်သော သတိပေးခြိမ်းခြောက်မှု့ပြုတော်မူခဲ့သည်။
တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူခဲ့သည်။ ဆိုလိုရင်းမှာ- မည်သူမဆို အုပ်စုတစ်စုနှင့် တူဆင်အောင်ပြုခဲ့မည်။ ၎င်းတို့၏ ပုံစံတူပွားခဲ့မည်။ ၎င်းတို့ကဲ့သို့ ဖြစ်စေရန် ကြိုးစားခဲ့မည်ဆိုပါက ထိုသူသည် ၎င်း(မိမိတူဆင်အောင်ကြိုးစားခဲ့သော)အုပ်စုထဲမှ ဖြစ်လေသည်။ တနည်းအားဖြင့် မွတ်စ်လင်မ်ထဲမှ မဟုတ်ပေ။ ထိုအုပ်စု၏ အသင်းသားတစ်ယောက်သာ ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ၎င်းအုပ်စုကိုသာ နှစ်သက်၊ချစ်ခင်နေသည်။ ၎င်းအုပ်စုကဲ့သို့ ဖြစ်ရန် လိုလားနေသည်။ သို့ဖြစ်ရာ ထိုသူ၏ ရှင်ပြန်ထမှု့မှာလည်း ၎င်းအုပ်စုနှင့် အတူဖြစ်ပေလိမ့်မည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင် ထိန်းသိမ်းတော်မူပါစေ အာမီးန်
သရှဗ်ဗိုဟ်၏ ရုပ်သွင်အမှန်
သရှဗ်ဗိုဟ်မည်သည့်အချိန် ဖြစ်၍၊ မည်သည့်အခါမျိုးတွင် တားမြစ်ထားသနည်း.... ဤအချက်အား နားလည်ရန် အရေးပါလှ၏။
ဦးစွာပထမ တင်ပြလိုသည်မှာ- ဘာသာခြားတို့ လုပ်သော အလုပ်တစ်ခုသည် နဂိုကတည်းက မကောင်းလျှင်၊ ရှရိအသ်တရားတော်နှင့် ဆန့်ကျင်ဖက်ဖြစ်နေလျှင် ထိုကဲ့သို့ လုပ်ရပ်တစ်ခုအား ပုံတူပွားလုပ်ဆောင်ပါက ဟရာမ်ဖြစ်ပေသည်။
ဒုတိယအချက်မှာ- အကယ်၍ အလုပ်တစ်ခု၏ ဇစ်မြစ်အားကြည့်လိုက်ပါက မကောင်းသောလုပ်ရပ်မဟုတ်ပဲ တရားတော်မှ ခွင့်ပြုထားသောအရာဖြစ်နေမည်။ သို့သော် ပြုလုပ်သူသည် လူတို့အမြင်၌ ၎င်း(ဘာသာခြား)တို့ကဲ့သို့ဖြစ်စေရန်၊ အမြင်အာရုံတွင် ၎င်းတို့နှင့်တူဆင်စေရန်၊ ဂရုတစိုက်ဖြင့် ၎င်းတို့ကဲ့သို့ (ပုံတူ)ဖြစ်စေရန် ကြိုးစား၊၇ည်ရွယ်ခဲ့ပါက ဤပုံစံတွင် တရားတော်အရ ခွင့်ပြုထားသော ကိစ္စသည်လည်း ဟရာမ်၊ မပြုပိုင်သော ကိစ္စဖြစ်သွားပေမည်။
လည်ပင်းတွင်ဆွဲကြိုး ဆင်မြန်းခြင်း
ဥပမာအားဖြင့် ဟိန္ဒူလူမျိုးများသည် မိမိတို့ လည်ပင်းတွင် (ဇနားရ်)ဆွဲလေ့ရှိကြသည်။ ဇနားရ်ဆိုသည်မှာ လည်ဆွဲတစ်ခုသာဖြစ်ပေရာ အကယ်၍ မွတ်စ်လင်မ်တစ်ဦးသည် မည်သည့်ရည်ရွယ်ချက်မှ မပါပဲ ဆွဲခဲ့ပါက ဂိုနဟ်မထိုက်ပေ။ မပြုပိုင်သော ကိစ္စ၊ ဟရာမ်လုပ်ရပ်တစ်ခု မဖြစ်သည်သာမက ပြုပိုင်သော ကိစ္စတစ်ခုဖြစ်၏။ သို့သော် အကယ်၍ တစ်ဦးတစ်ယောက်သည် ဟန္ဒူလူမျိုးတို့ကဲ့သို့ ဖြစ်စေရန် ရည်ရွယ်ပြီး ထိုလည်ဆွဲအား ဆွဲခဲ့ပါက ဟရာမ်၊ မပြုပိုင်သော ကိစ္စဖြစ်သွားမည်။ သရှဗ်ဗိုဟ် စာရင်း ဝင်သွားမည်ဖြစ်ပေသည်။
နဖူးတွင် တီကာ ကပ်ခြင်း
(အခြား)ဥပမာတစ်ခုအား တင်ပြရသော် ဟိန္ဒူမိန်းကလေးများသည် မိမိတို့ နဖူးတွင် အနီရောင် အစက်တစ်စက်အား ကပ်ကြသည် (သို့မဟုတ် အနီရောင်ဖြင့် လိုင်းဆွဲကြသည်။) အကယ်၍ ဟိန္ဒူအမျိုးသမီးများတွင် ထိုသို့ တီကာ တပ်ဆင်သည့် ဓလေ့မရှိဟု သတ်မှတ်ကြည့်ကြပါစို့။ မွတ်စ်လင်မ် အမျိုးသမီးတစ်ဦးအနေနှင့် လှပစေရန်အတွက် တီကာတပ်လိုက်မည်ဆိုပါက ထိုသို့ တပ်ဆင်ခြင်းသည် ပိုင်ပေမည်။ မပြုပိုင်သော၊ ဟရာမ်လုပ်ရပ်မဟုတ်ပေ။ သို့သော် အကယ်၍ အမျိုးသမီးတစ်ဦးသည် ဟိန္ဒူလူများ၏ ဖက်ရှင်ကို လိုက်လုပ်မည်၊ (လူတို့)မျက်ဝန်းတွင် ၎င်းဟိန္ဒူလူမျိုးတို့ကဲ့သို့ မြင်လာစေရန် ဤတီကာအား တပ်ခဲ့ပါက ဟရာမ်၊ မပြုပိုင်သောကိစ္စ ဖြစ်သွားမည်ဖြစ်သည်။ အိန္ဒိယရှိ မွတ်စ်လင်မ်အမျိုးသမီးများသည် ၎င်း(ဟိန္ဒူအမျိုးသမီးများ)နှင့် တူဆင်မှု့ဖြစ်စေရန် ဤတီကာအား တပ်ဆင်လေ့ရှိကြသည်။ သို့သော် ဤပါကစ္စတန်နိုင်ငံတွင်လည်း အမျိုးသမီးများ တီကာတပ်ခြင်း၏ ဓလေ့အား စတင်ပြုလုပ်နေကြသည်ဟု (ဝမ်းနည်းဖွယ်)ကြားနေရသည်။ အမှန်ဆိုလျှင် ပါကစ္စတန်တွင် ဟိန္ဒူအမျိုးသမီးများနှင့် ရောလျှက်နေထိုင်ရသည့် ပတ်ဝန်းကျင်လည်း မရှိပေ။ သို့သော်ငြားလည်း မွတ်စ်လင်မ်အမျိုးသမီးများ မိမိတို့ နဖူးတွင် တီကာတပ်နေကြသည်။ ဤသို့ပြုလုပ်ခြင်းမှာ ၎င်းဟိန္ဒူလူမျိုးများနှင့် တူဆင်မှု့ဖြစ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး ဟရာမ်၊ မပြုပိုင်သော ကိစ္စတစ်ခုဖြစ်ပေသည်။
ထို့ကြောင့် (မှတ်သားသင့်သည်မှာ) အလုပ်တစ်ခုသည် နဂိုမူလ၌ ပြုပိုင်သောကိစ္စဖြစ်လင့်ကစား အခြားလူမျိုးများနှင့် တူဆင်မှု့ဖြစ်စေရန် ရည်ရွယ်လိုက်ပါက သရှဗ်ဗိုဟ်ဖြစ်သွားပေမည်။ နဗီတမန်တော်မြတ်(ဆွ)သည် ထိုသို သရှဗ်ဗို့ဟ်ပြုခြင်းအား ဟရာမ်၊ မပြုပိုင်သော ကိစ္စဟု သတ်မှတ်တော်မူခဲ့လေသည်။
ပန်ဘောင်းဘီရှည် ဝတ်ဆင်ခြင်း
အထက်ဖော်ပြပါ ဥပဒေစည်းကမ်းများကို ထောက်ရှု့၍ ဤသို့ သတ်မှတ်နိုင်လေသည်။ အဝတ်အစားတစ်ခုသည် ဘာသာခြားအုပ်စုတစ်ခု၏ အထိမ်းအမှတ်ဖြစ်နေမည်။ ဆိုလိုသည်မှာ- ထိုအဝတ်အစားသည် ယင်းအုပ်စုဝင်များ၏ ထူးခြားကွဲပြားစေမည့် အသွင်ဆောင်နေမည်ဆိုပါက ၎င်းတို့ကို အတုခိုးလိုသည့် ဆန္ဒဖြင့် ထိုအဝတ်အစားအား ရွေးချယ်ဝတ်ဆင်ခဲ့ပါက ဟရာမ်၊ မပြုပိုင်သောကိစ္စဖြစ်ပေမည်။ (ထိုသို့ဝတ်ဆင်ခြင်းသည်) အပြစ်ထိုက်ပေမည်။ ဥပမာ- မျက်မှောက်ခေတ်တွင် အမျိုးသားများ ကုတ်၊ပန်ဘောင်းဘီဝတ်ဆင်ခြင်းမှာ ခေတ်စားနေသော ဓလေ့တစ်ခုဖြစ်၏။ သရှဗ်ဗိုဟ်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ထိုအဝတ်အစား၏ ပင်ကိုယ်၌ပင်လျှင် အချို့အချက်များသည် တရားတော်ရှု့ထောင့်အရ ခွင့်မပြုထားသည်များ ရှိနေသည်။
တစ်ခုမှာ- ထို ဘောင်းဘီရှည်အား ခြေမျက်စိဖုံး၍ ဝတ်ဆင်ရသည်။ မည်သည့် အဝတ်အစားပင်မဆို ခြေမျက်စိအောက် ဝတ်ဆင်ခြင်းသည် အမျိုးသားများအတွက် မပိုင်ပေ။
ဒုတိယအချက်မှာ- ဘောင်ဘီသည် ဖီတင်းန်ဖြစ်ကာ ကျပ်နေမည်ဆိုပါက အစိတ်အပိုင်းများ အတိုင်းသားပေါ်လွင်နေပေမည်။ ဤသို့ဆိုလျှင် အဝတ်အစားဝတ်ဆင်၇ခြင်း၏ အဓိကရည်ရွယ်ချက်ဖြစ်သော အရှက်အင်္ဂါအား ဖုံးအုပ်ခြင်းဟူသော အချက်မပြည့်ဝနိုင်တော့ပေ။
(ထို့ကြောင့်) ဤအဝတ်အစားသည် တရားတော်၏ ရှု့ထောင့်အရ (အဝတ်အစားဟု)ခေါ်တွင်မရသော၊ (အဝတ်အစား၏ ရည်ရွယ်ချက်အား) အကောင်အထည်မဖော်ပေးနိုင်သော အရာပင်ဖြစ်ပေသည်။ ဤအချက်နှစ်ခုအား ထောက်ရှု့ခြင်းဖြင့် ထိုဘောင်းဘီသည် နဂိုကတည်းကပင် ဝတ်ဆင်ခွင့် မရှိသော အဝတ်အစားဖြစ်နေလေသည်။
သို့သော် အကယ်၍ တစ်ဦးတစ်ယောက်သည် ဘောင်းဘီအား ဖီတင်းန်မဝတ်ပဲ၊ ပွပွဖားဖား ဝတ်ဆင်မည်၊ ထို့အပြင် ခြေမျက်စိမဖုံးအောင် ဝတ်ဆင်မည်ဆိုပါက ထိုသို့ ဝတ်ဆင်ခွင့် ရှိပေသည်။
သို့သော် အကယ်၍ တစ်ဦးတစ်ယောက်သည် ထိုဘောင်းဘီရှည်အား အနောက်တိုင်းသား မျက်နှာဖြူ အင်္ဂလိပ်များနှင့် တူဆင်စေရန်၊ ၎င်းတို့အား အတုယူရန်၊ ၎င်းတို့ကဲ့သို့ ဖြစ်စေရန် ဝတ်ဆင်ခဲ့ပါက ဤပုံစံတွင် ပန်ဘောင်းဘီရှည် ဝတ်ဆင်ခြင်း ဟရာမ်ဖြစ်ပေမည်။ ပြုလုပ်ခွင့် မရှိပေ။ အကယ်၍ အတုယူသည့် ရည်ရွယ်ချက်မပါပဲ ဘောင်းဘီအား ဖီတင်းန်မဝတ်ပဲ၊ ပွပွဖားဖား ဝတ်ဆင်မည်၊ ထို့အပြင် ခြေမျက်စိမဖုံးအောင် ဝတ်ဆင်မည်ဆိုပါက ထိုသို့ ဝတ်ဆင်ခြင်းအား ဟရာမ်ဟု ပြောဆိုသတ်မှတ်နိုင်မည် မဟုတ်သော်လည်း ထိုဘောင်းဘီ ဝတ်ဆင်ခြင်းသည် မသင့်တော်ပေ။ မက်ရူးဟ်ဖြစ်ဖြစ်နေမည်သာ။ အဘယ့်ကြောင့်နည်း ???
ဤအချက်အား ကောင်းမွန်စွာ နားလည်ရန် အရေးကြီးပေသည်။
သရှဗ်ဗို့ဟ် နှင့် မုရှာဗဟသ်၏ ကွာခြားမှု့
သရှဗ်ဗို့ဟ် (တူဆင်အောင်လုပ်ခြင်း) နှင့် မုရှာဗဟသ်(တူဆင်သွားခြင်း)သည် တစ်ခုနှင့်တစ်ခု သီးခြားကွဲပြားနေသော အရာနှစ်ခု ဖြစ်ပေသည်။ သရှဗ်ဗို့ဟ်မှာ တစ်ခုဖြစ်ပြီး၊ မုရှာဗဟသ်မှာ အခြားတစ်ခုဖြစ်သည်။ ကွာခြားချက်မှာ- သရှဗ်ဗို့ဟ်၏ အဓိပ္ပါယ်သည် လူတစ်ယောက်အနေနှင့် ရည်ရွယ်ချက်ဖြင့် အတုယူခြင်းဖြစ်သည်။ ရည်ရွယ်ချက်ဖြင့် ထိုသူတို့ကဲ့သို့ ဖြစ်အောင် ကြိုးစားခြင်းဖြစ်သည်။ ဤသည် လုံးဝ မပြုပိုင်သော ကိစ္စဖြစ်ပေသည်။ ဒုတိယစာလုံးဖြစ်သော မုရှာဗဟသ်၏ အဓိပ္ပါယ်သည် ၎င်းတို့နှင့် တူအောင်ပြုမည်ဟု မရည်ရွယ်သော်လည်း ထိုအလုပ်ကို ပြုလုပ်ခြင်းဖြင့် အလိုအလျောက် တူဆင်မှု့ဖြစ်သွားခြင်း ဖြစ်သည်။ ဤသည် ဟရာမ်မဟုတ်သော်လည်း အကြောင်းကြီးငယ်မရှိပဲ တူဆင်မှု့ဖြစ်သွားခြင်းအား ရှောင်ရှားရန် မြတ်နဗီ(ဆွ)က အထူးမိန့်ကြားတော်မူခဲ့သည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်မှာ- ၎င်း(ကာဖရ်များ)နှင့် ထူးခြားကွဲပြားစွာနေထိုင်ပါလေ။ မွတ်စ်လင်မ်လူထုနှင့် အစ္စလာမ်သာသနာသည် အများနှင့်မတူ ထူးခြားကွဲပြားသင့်ပေသည်။ သို့မဟုတ်ပါက တွေ့မြင်ပြီးနောက် ထိုသူ မွတ်စ်လင်မ်ဖြစ်သည် မဖြစ်သည်ကို ဝေခွဲရခက်နေပေမည်။ ခေါင်းစ ခြေဆုံး ဆင်မြန်းထားသည့်ပုံစံမှာ တွေ့မြင်ရသူ၏ အမြင်တွင် ထိုသူ မွတ်စ်လင်မ်ဖြစ်သည် မဖြစ်သည်ကို ဝေခွဲရခက်နေမည်။ သို့မဟုတ် စလာမ်ပေးရမည်လော မပေးရမည်လော ဟူ၍ ဆုံးဖြတ်ရခက်နေမည်ဆိုပါက (တရားတော်၌ ခွင့်ပြုထားသော အရာများအား ဆင်မြန်းထားလင့်ကစား) နှစ်သက်ဖွယ် ကိစ္စအလျင်းမဟုတ်ပေ။
မြတ်နဗီ(ဆွ) မုရှာဗဟသ်(တူဆင်သွားခြင်း)အား အထူးရှောင်ကျဉ်ခြင်း
ကိုယ်တော်သခင်(ဆွ)သည် တူဆင်မှု့ဖြစ်ခြင်းအား အထူးပင် ရှောင်ရှားတော်မူခဲ့သည်။ မုဟရ်ရမ် ဆယ်ရက်နေ့ အာရှုရာနေ့မြတ်တွင် ရိုဇာစောင့်ထိန်းခြင်းသည် အလွန်ပင် ကုသိုလ်ရ၏။ မြတ်နဗီ(ဆွ) မဒီနာရွှေမြို့တော်သို့ ပြောင်းရွှေ့နေထိုင်စဉ် အစကဦး၌ အာရှုရာနေ့၏ ရိုဇာသည် ဖရ်ဇ်ဖြစ်ခဲ့ပေသည်။ လမြတ်ရမဇန်၏ ရိုဇာသည် ထိုအချိန်၌ ဖရ်ဇ် မဖြစ်သေးပေ။ ထို့နောက် ရမဇန်လမြတ်၏ ရိုဇာ ဖရ်ဇ်ဖြစ်သွားသောအခါ အာရှုရာနေ့ ရိုဇာစောင့်ထိန်းခြင်းသည် ဖရ်ဇ်အမိန့်မှ နဖ်လ်၊ မွတ်စ်သဟဗ်အမိန့်သို့ ပြောင်းလဲ သတ်မှတ်ခံခဲ့ရ၏။ သို့သော် ကိုယ်တော်သခင်(ဆွ)သည် ယဟူဒီများလည်း ထိုနေ့တွင် ရိုဇာစောင့်ကြောင်း သိသွားတော်မူရာ အမိန့်ရှိတော်မူ၏။ အကယ်၍ ငါကိုယ်တော်သည် လာမည့်နှစ်တွင် သက်ရှိထင်ရှားနေရပါမူ အာရှုရာနှင့်အတူ ကိုးရက် သို့မဟုတ် ဆယ့်တစ်ရက်နေ့ အားတွဲ၍ ရိုဇာစောင့်ထိန်းမည်။ သို့မှသာလျှင် ယဟူဒီများနှင့် တူဆင်မှု့ရှိတော့မည်မဟုတ်ပဲ ၎င်းတို့နှင့် ထူးခြားကွဲပြားစွာ ဖြစ်သွားပေမည်။
အမှန်ဆိုလျှင် မွတ်စ်လင်မ်တို့သည် အာရှုရာနေ့တွင် ရိုဇာစောင့်ထိန်းမည်ဆိုပါက ယဟူဒိများအား အတုယူ၍ စောင့်ထိန်းကြမည်မဟုတ်ပေ။ မြတ်နဗီ(ဆွ)၏ ဖဝါးခြေထပ်လိုက်သည့် သဘောဖြင့်သာ စောင့်ထိန်းကြမည်ဖြစ်သည်။ သို့သော် (ထိုသို့ တူဆင်မှု့ကိုပင် မြတ်နဗီ(ဆွ)သည် မျက်ကွယ်မပြုခဲ့။ အွမ်မသ်တစ်ရပ်လုံးအား ရှောင်ရှားစေရန်) အထက်ပါအတိုင်း မိန့်တော်မူခဲ့လေသည်။
စဉ်းစားကြည့်ပါလေ...။ ကိုယ်တော်သခင်(ဆွ)သည် ရိုဇာကဲ့သို့ အိဗာဒသ်တွင်လည်း တူဆင်မှု့ဖြစ်ပေါ်ခြင်းအား မနှစ်သက်တော်မူခဲ့။ ထို့ကြောင့်ပင် ယဟူဒိများနှင့် တူဆင်မှု့ မဖြစ်စေရန် အာရှုရာ၏ ရိုဇာထားမည်ဆိုလျှင် ကိုးရက်နေ့ သို့မဟုတ် ဆယ့်တစ်ရက်နေ့အား တွဲ၍ ရိုဇာစောင့်ထိန်းရန် အမိန့်ပေးတော်မူခဲ့သည်။ အထက်ဖော်ပြပါ အချက်များကြောင့် သိရသည်မှာ- တူဆင်အောင် ပြုလုပ်ခြင်းသည် ဟရာမ်ဖြစ်ပေသည်။ တူဆင်မှု့ဖြစ်သွားခြင်းသည် မက်ရူဟ်ဖြစ်ပေသည်။ ကိုယ်တော်သခင်(ဆွ)သည် ထို(တူဆင်မှု့ဖြစ်သွားခြင်း)မှလည်း ရှောင်ကျဉ်ရန် မိန့်မြွတ်တော်မူခဲ့လေသည်။
မွတ်ရှ်ရစ်က်အား ဆန့်ကျင်ကြ။
ဟဒီးဆ်တော်တစ်ပုဒ်တွင် မြတ်နဗီ(ဆွ)မိန့်ကြားတော်မူသည်။ အလိုသဘောမှာ- ကျွန်ုပ်တို့နှင့် မွတ်ရှ်ရစ်က်များကြားတွင် ကွဲပြားခြားနားချက်မှာ ဦးထုပ်အပေါ် ပဂ်ရီ(ခေါင်းပေါင်းထုပ်)ပေါင်းခြင်းဖြစ်၏။ ဆိုလိုသည်မှာ- ယင်းမွရှ်ရစ်က်များသည် ခေါင်းပေါင်းထုပ်ပေါင်းရာတွင် (ဦးခေါင်းပေါ်၌) ဦးထုပ်ဆောင်းလေ့မရှိကြပေ။ ထို့ကြောင့် အသင်တို့သည် ယင်းမွရှ်ရစ်က်များနှင့် မတူဆင်အောင် ပြုကြလေကုန်။ ခေါင်းပေါင်းထုပ်အောက်တွင် ဦးထုပ်ကိုလည်း စောင်းကြပါလေ။
အမှန်ဆိုလျှင် ဦးထုပ်မပါပဲ ခေါင်းပေါင်းထုပ်ပေါင်းခြင်းသည် မပြုပိုင်သော ဟရာမ်လုပ်ရပ်တစ်ခု မဟုတ်ပေ။ သို့သော် အနည်းငယ် တူဆင်မှု့မှ ရှောင်ကျဉ်ရန်အတွက် မြတ်နဗီ(ဆွ)သည် ဤသို့ အမိန့်ရှိခဲ့လေသည်။ တူဆင်မှု့ မဖြစ်စေရန် ခေါင်းပေါင်းထုပ်၏အောက်တွင် ဦးထုပ်စောင်းပါလေ။
သို့ဖြစ်ရာ အကြောင်းကြီးငယ်မရှိပဲ ဘာသာခြားများနှင့် တူဆင်မှု့ဖြစ်မည့် ပုံစံအား ရွေးချယ်ခြင်းသည် ကောင်းမွန်သော လုပ်ရပ်မဟုတ်ပေ။ ထိုသို့ တူဆင်သည့်ပုံစံမှ ရှောင်ရှားခြင်းသည် အကော်ငးဆုံးဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဆွဟာဗဟ်သာဝကကြီးများသည် ဘာသာခြားများနှင့် တူဆင်မှု့ မဖြစ်စေရန် အထူးသတိထားတော်မူခဲ့ကြလေသည်။

ဘရှီရွလ္လာဟ် ဖာရိုကီ
Post a Comment