အသိပေးခြင်း
က
Home » , » အစ္စလာမ်နှင့် ခေတ်ရေစီးကြောင်းလိုက်ခြင်း (Part-1)

အစ္စလာမ်နှင့် ခေတ်ရေစီးကြောင်းလိုက်ခြင်း (Part-1)

(modernity) သစ်လွင်မှု့ နှစ်ခြိုက်ခြင်း၊ ခေတ်မှီစွာနေထိုင်ခြင်းဆိုသည်မှာ အရင်းအမြစ်အား ကြည့်လျှင် ကောင်းမွန်သော ဆန္ဒတစ်ခုဖြစ်ပြီး၊ လူသား၏ ပင်ကိုယ်ဗီဇ အလျောက် ဖြစ်ပေါ်လာသော ဆန္ဒတစ်ခုသာဖြစ်၏။ အကယ်၍ ဤမက်ဆန္ဒမရှိခဲလျှင် လူသားသည် ကျောက်ခေတ်မှ အက်တမ်ခေတ်ကာလသို့ ရောက်နိုင်မည်မဟုတ်ပေ။ နွား၊ကုလားအုတ် လှည်းယာဉ်များအသုံးပြုခြင်းမှ လေယာဉ်ပျံများ ဒုံးပျံများအား အသုံးပြုနိုင်မည် မဟုတ်။ ထို့အတူ ဖယောင်းတိုင်၊ ရေနံဆီမီးခွက်တို့၏ အလင်းရောင်မှ လျှပ်စစ်မီးသို့ တိုးတက်ပြောင်းလဲလာမည်လည်း မဟုတ်ပေ။ ဤပြောင်းလဲတိုးတက်မှု့များနှင့် သိပ္ပံပညာဆိုင်ရာ အောင်မြင်မှု့များ၏ ပမာမှာ လူသားသည် လကမ္ဘာပေါ်၌ ခြေချကာ သမုဒ္ဒရာ အောက်သို့ မိမိ ရေပုံးချနေသည့်အလား ဖြစ်၏။ သေချာလေ့လာမည်ဆိုလျှင် လူသား၏ ထိုမက်ဆန္ဒများများသည် (modernist တစ်ယောက် ဖြစ်လာစေရန်) သစ်လွင်မှု့ကိုနှစ်ခြိုက်ကာ ခေတ်ရေစီးကြောင်းလိုက်ရန်၊ (better to best) ကောင်းသည်ထက်ပိုကောင်းအောင် ကြိုးစားရန် အပူတပြင်း တောင်းဆိုနေကြောင်းသိနိုင်ပေသည်။
ထို့ကြောင့် သဘာဝနှင့်လျော်ညီသော အစ္စလာမ်သာသနာသည် သစ်လွင်မှု့ နှစ်ခြိုက်ခြင်း၊ ခေတ်မှီစွာနေထိုင်ခြင်းအား အသစ်ဖြစ်သည့်အတွက်၊ ခေတ်ပေါ်ပုံစံဖြစ်သည့်အတွက်ဟု အကြောင်းပြကာ ပိတ်ပင်တားဆီးခြင်း မပြုခဲ့ပေ။ များသောအားဖြင့် ထိုဆန်းသစ်တီထွင်မှု့အား ကောင်းသည်ဟုပင် သတ်မှတ်ခဲ့ပြီး ထိုသို့ဖြစ်လာစေရန် အားပေးအားမြောက်ပြုခဲ့ပေသည်။
အထူးသဖြင့် အသစ်တီထွင် ထုတ်လုပ်မှု့၊ အတတ်ပညာ၊  စစ်သုံးနည်းပညာများနှင့် အခြားအရာများတွင် ပိတ်ပင်တားမြစ်ထားခြင်း မရှိသည်သာမက တမန်တော်မြတ်(ဆွ) ကိုယ်တိုင်ပင် နည်းလမ်းသစ်များကို အသုံးပြုခဲ့၏။
(နမူနာ အချို့အား တင်ပြရသော်....)
၁။ အဟ်ဇာဗ်စစ်ပွဲတွင် အာရဗ်မျိုးနွယ်ဝင်များ စုစည်း၍ မဒီနာရွှေမြို့တော်အား သိမ်းပိုက်တိုက်ခိုက်ရန် စီစဉ်ခဲ့သောအခါ ၎င်းတိုအား ခုခံရန်အတွက် ဟဇရသ် စလ်မားန်ဖာရစီသည် ရှေးယခင်က အာရဗ်လူမျိုးများ အသုံးပြုလေ့ မရှိသော လမ်းစဉ်သစ်တစ်ခုအား ပြသခဲ့၏။  ထိုလမ်းစဉ်သစ်မှာကား- မြို့၏အစွန်များတွင် နက်ရှိုင်းသော ကတုတ်ကျင်းများ တူးခြင်းဖြစ်ပေသည်။ သို့ဖြစ်ရာ ကိုယ်တော်သခင်(ဆွ)သည် ထိုနည်းစနစ်အား နှစ်သက်တော်မှုပြီး ကျင့်မူစေတော်မူခဲ့သည်။ ထိုနောက် မြတ်နဗီ (ဆွ)ကိုယ်တိုင်လည်း ကတုတ်ကျင်းတူးရာတွင် ပါဝင်တော်မူခဲ့လေသည်။(အလ်ဗေဒါယဟ် ၀န်နေဟာယဟ် အတွဲ-၄၊ စာမျက်နှာ-၉၅)
၂။ ထိုဟဇရသ်စလ်မားန်ဖာရစီ၏ တင်ပြအကြံပြုချက်ဖြင့်ပင် သွာအစ်ဖ်စစ်ပွဲ၌ မြတ်နဗီသည် စစ်ပွဲသုံးလက်နက် နှစ်ခုအား အသစ်တီထွင် အသုံးပြုတော်မူခဲ့သည်။ အချို့ဆင့်ပြန်ချက်များတွင် ဟဇရသ်စလ်မားန်ဖာရစီသည် ထိုလက်နက်များအား ကိုယ်တိုင် ပြုလုပ်ခဲ့သည်ဟု လာရှိ၏။ လက်နက်တစ်ခုမှာ မင်န်ဂျနီးက် (catapult) ရှေးခေတ်စစ်ပွဲသုံး ကျောက်ပစ် လေးဂွ ဖြစ်ပြီး ယနေ့ခေတ်၏ (cannon)အမြှောက်ဟု ခေါ်ဆိုနိုင်ပေသည်။ ဒုတိယလက်နက်မှာ ဒဗ်ဗာဗဟ်ဟုခေါ်ပြီး ယနေ့ခေတ်၏ (tank) တင့်ကား ဟုခေါ်ဆိုနိုင်ပေသည်။ (အလ်ဗေဒါယဟ် ၀န်နေဟာယဟ် အတွဲ-၄၊ စာမျက်နှာ-၃၄၈)
ဤမျှပင်မဟုတ်။ ဟာဖစ်အစ်ဗ်နေကစီးရ် ဆင့်ဆိုသည်မှာ-
၃။ ကိုယ်တော်မြတ်သခင်(ဆွ)သည် ဟဇရသ်အွရ်ဝဟ်ဗင်န်မတ်စ်အူးဒ်နှင့် ဟဇရသ်ဂိုင်လားန်ဗင်န်စလမာဟ် အမည်ရ ဆွဟာဗီနှစ်ဦးကို ဆီးရီးယားနိုင်ငံ (Jarash) ဂျရရှ်မြို့သို့ စေလွတ်ကာ တင့်ကား၊ အမြောက်နှင့် ဒွဘူးရ် အမည်ရ စစ်လက်နက်များ တီထွင်ထုတ်လုပ်ပုံအား သင်ယူစေတော်မူခဲ့သည်။ ဂျရရှ်မြို့သည် ဆီးရီးယားနိုင်ငံ၏ အတတ်ပညာ ထွန်းကားကျော်ကြားသော မြို့တစ်ခုမြို့ဖြစ်၏။ ဒွဘူးရ်သည် တင့်ကား နည်းတူ စစ်လက်နက်တစ်ခုဖြစ်ပြီး၊ ထိုလက်နက်အား ရောမစစ်သည်များ မိမိတို့၏ စစ်ပွဲတွင် အသုံးပြုခဲ့ကြသည်။ ထိုကြောင့် ၎င်းဆွဟာဗဟ်နှစ်ဦးသည် ထိုရက်များတွင် ဆီးရီးယားနိုင်ငံ၌ ပညာတော်သင် သွားနေရသည့်အတွက်  ဟိုနိုင်းန်စစ်ပွဲနှင့် သွာအစ်ဖ် စစ်ပွဲတိုတွင် မပါဝင်နိုင်ခဲ့ကြပေ။
(သွဗကားသ်အစ်ဗ်နေစအဒ် အတွဲ-၂၊ စာမျက်နှာ-၂၂၁။ သာရီးခ်သွဗရီး အတွဲ-၂၊ စာမျက်နှာ-၃၅၃။ အလ်ဗေဒါယဟ် ၀န်နေဟာယဟ် အတွဲ-၄၊ စာမျက်နှာ-၃၄၅)
ဟာဖစ်အစ်ဗ်နေဂျရီးရ် ဆင့်ဆိုသည်မှာ-
၎။ စိုက်ပျိုးရေးနှင့်ပတ်သတ်၍ မြတ်နဗီ(ဆွ)သည် မဒီနာရွှေမြို့တော်သားများအား ကောက်ပဲသီးနှံပေါကြွယ်ဝအောင် ထွန်ယက်ကြရန် အမိန်ပေးတော်မူခဲ့ပြီး၊ လယ်ထွက်ကုန် ပေါများစေရန်အတွက် တိရိစ္ဆာန်တို့၏ မစင်အား အသုံးပြုစေခဲ့သည်။
(ကန်ဇွလ် အွမ်မာလ် အတွဲ-၂၊ စာမျက်နှာ-၂၁၉ ရှာဖွေရာနည်းလမ်းများအကြောင်းကဏ္ဍ)
ဟဒီးဆ်တော်တစ်ခုတွင် လာရှိသည်မှာ-
၅။ ရောင်းဝယ်ဖောက်ကားမှု့တိုးတက်စေရန်အတွက် မြတ်နဗီသည် လူတို့အား အဝတ်အထည်ရောင်းဝယ်ခြင်းအား ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အဝတ်အထည်ရောင်းဝယ်သူသည် မြို့နေလူထုအား လှပစွာနေထိုင်ပြီး၊ စိတ်ချမ်းသာမှု့အား လိုလား၏။ (ကန်ဇွလ် အွမ်မာလ် အတွဲ-၂၊ စာမျက်နှာ-၁၉၉)
ထို့အပြင်.....
၆။ ကိုယ်တော်သခင်(ဆွ)သည် များစွာသောလူတို့အား အိုမန်နိုင်ငံနှင့် အီဂျစ်ပြည်သို့ သွားရောက် ရောင်းဝယ်ဖောက်ကားရန် စေလွှတ်တော်မူခဲ့သည်။ (ကန်ဇွလ် အွမ်မာလ် အတွဲ-၂၊ စာမျက်နှာ-၁၉၇)
၇။ ထွန်ယက်စိုက်ပျိုးခြင်းနှင့် တွင်းထွက်ပစ္စည်းများဖြင့် အကျိုးခံစားကြရန် ဤသို့ အမိန့်ရှိခဲ့၏။ اطلبوا الرزق في خبايا الأرض  ဆိုလိုသည်မှာ- Seek your living in the hidden wealth of the Earth အသင်တို့သည် မြေအောက်တွင် ဖုံးကွယ်နေသော အရာများ၌ ရိက္ခာရှာဖွေကြလေကုန်။ (ကန်ဇွလ် အွမ်မာလ် အတွဲ-၂၊ စာမျက်နှာ-၁၉၇)
အရဗ်လူမျိုးတို့သည် ရေလမ်းခရီးထွက်ခြင်းနှင့် ပတ်သတ်၍ အတွေ့အကြုံမရှိပေ။ သို့သော် မြတ်နဗီ(ဆွ)သည် ဝမ်းမြောက်စွာဖြင့် အနာဂတ်ဖြစ်အင်တစ်ခုအား မိန့်တော်မူခဲ့၏။
ငါကိုယ်တော်၏ အွမ်မသ်သားများအနက် အချို့သည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု့အား ရှာဖွေရင်း သာသနာ့စစ်ပွဲများတွင် ပင်လယ်လှိုင်းလုံးများ အပေါ် ခရီးနှင်ကြပေမည်။ ၎င်းတို့၏ ပမာကား ဘုရင်သည် ပုလ္လင်ထက်၌ စံမြန်းနေသကဲ့သို့ ဖြစ်ပေမည်။ (ဗိုခါရီကျမ်း ဂျိဟားဒ်(သာသနာ့စစ်ဆင်နွှဲခြင်း)ကဏ္ဍ)
ထို့နောက် မွတ်စ်လင်မ်တို့၏ ပထမဆုံး ရေတပ်နှင့် ပတ်သက်၍ များစွာသော ထူးမြတ်မှု့တို့အား အမိန့်ရှိတော်မူခဲ့၏။ ဤသို့ဖြင့်
၈။ ဟဇရသ် မုအာဝိယဟ် သခင်ကြီးသည် ဟဇရသ်အွတ်စ်မာန်ဂနီသခင်၏ ခေလာဖသ်ကာလတွင် ပထမဆုံး ရေတပ်အား အသင့်ပြင်ခဲ့လေသည်။ ထိုရေတပ်ကို အကြောင်းခံ၍ (Cyprus)ကဗ်ရတ်စ်၊ (Rhodes)ရူဒတ်စ်၊ (Crates)ကရေးတ်နှင့် (Sicily)စွက်လိယဟ် တို့တွင် မွတ်စ်လင်မ်တို့၏ အောင်မြင်မှု့အလံအား လွှင့်ထူနိုင်ခဲ့လေသည်။ နောက်ဆုံးတွင် (Mediterranean Sea) မြေထဲပင်လယ်တစ်ခုလုံး မွတ်စ်လင်မ်တို့၏ သြဇာခံနယ်မြေ ဖြစ်ခဲ့လေသည်။
၉။ ဟဇရသ် အမ်ရ် ဗင်န် အားဆွ် (ရသွေ့) သခင်ကြီးသည် လက်ခ်မ် နှင့် ဂျိုဇားမ် လူမျိုးများနှင့် ဇာသွစ်စလာစိလ် အမည်ရ တိုက်ပွဲဆင်နွဲနေစဉ် Blackout နည်းဗျူဟာအား ပထမဆုံး ကျင့်သုံးခဲ့၏။ (ပုံစံမှာ) မိမိ စစ်တပ်အား စစ်စခန်း၌ သုံးရက်တိုင်တိုင် ညဖက် မီးမထွန်းရ၊ မီးမမွှေးရ အမိန့်ထုတ်ပြန်ခဲ့လေသည်။ တိုက်ပွဲပြီးဆုံး၍ မဒိနာရွှေမြို့တော်သို့ စစ်တပ်ပြန်ရောက်သည့်အခါ ထိုကိစ္စနှင့် ပတ်သက်၍ တမန်တော်မြတ်(ဆွ) သိရှိသွားရာ အဘယ်ကြောင့် လုပ်ခဲ့သနည်းဟု မေးမြန်းတော်မူခဲ့ရာ ဟဇရသ် အမ်ရ် ဗင်န် အားဆွ်(ရသွေ့) သခင်လျှောက်တင် ဖြေကြားခဲ့သည်မှာ-
အို ကိုယ်တော်...။ ကျွန်တော်မျိုး၏ စစ်သည်အင်အားမှာ ရန်သူနှင့် ယှဉ်လျှင် နည်းနေခဲ့၏။ ထို့ကြောင့် စစ်သည်အင်အား နည်းပါးနေသည်ကို ရန်သူများ သိရှိပြီး မတိုက်ခိုက်နိုင်အောင် ညဖက်တွင် မီးမထွန်းရန် အမိန့်ပေးခဲ့ပါသည်။
တမန်တော်မြတ်(ဆွ)သည် ထိုဗျူဟာအား နှစ်သက်တော်မူကြောင်း မြွတ်ဟပြီး မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား ဤအဖြစ်အပျက်နှင့်ပတ်သက်၍ ကျေးဇူးတင်တော်မူခဲ့လေသည်။ (ဂျမ်အွလ် ဖဝါအိဒ် တွဲ-၂ နှာ-၂၇)
အချုပ်အားဖြင့် ဖော်ပြပါ အမှု့ကိစ္စတို့သည် သာမန်တွေးကြည့်ရုံဖြင့် သတိရလာသော ရွှေခေတ်၏ နမူနာအချို့ပင် ဖြစ်ပေသည်။ တင်ပြရသည့် ရည်ရွယ်ချက်မှာကား အစ္စလာမ်သာသနာသည် ခေတ်သစ်လုပ်ရပ်တစ်ခုနှင့် ပတ်သက်၍ သစ်လွင်မှု့ဟူသော အချက်အပေါ် မည်သို့မှ စောဒကတက်ခဲ့သည်မဟုတ်ပေ။ သို့သာမက ကောင်းမွန်သော ရည်ရွယ်ချက်များအတွက် မှန်ကန်တိကျသော နယ်ပယ်တစ်ခုအတွင်း သစ်လွင်လမ်းစဉ်အား အားပေးခဲ့လေသည်။
(လာမည့်ပို့တွင် modernism ၏ ဆိုးကျိုးများကို တင်ပြပါလိမ့်မည်။)
ဘရှီရွလ္လာဟ် ဖာရိုကီ
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger