بسم الله الرحمن الرحيم
လူသားတို့သည် ကမ္ဘာမြေမျက်နှာပြင်ပေါ်၌ နေထိုင်သွားလာ၊ကျက်စားနေကြသော သတ္တဝါများ အားလုံးထက် မြင့်မြတ်သည်မှာ လူတိုင်းသိရှိပြိး ဖြစ်ကြမည်။ ထို့အပြင် အခြား သတ္တဝါများနျင့်မတူပဲ သွားလာနေထိုင်ပုံ၊ စည်းကမ်း၊ဥပဒေတို့ဖြင့် နေထိုင်တတ်ခြင်းမှာလည်း လူတို့၏ ထူးခြားသော ဝိသေသတစ်ခုပင်ဖြစ်သည်။ ကမ္ဘာဦးအချိန်မှစ၍ ယနေ့ထိတိုင် လူသားနှစ်ဦးရှိလျှင် တစ်ဦးမှာ ခေါင်းဆောင်ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ နောက်လိုက်ဖြစ်လေ့ရှိသည်။ ခရီးသွား အုပ်စုတွင်လည်း လမ်းပြခေါင်းဆောင် ရှိတတ်သည်။ မိသားစုတွင်လည်း အိမ်ထောင်ဦးစီး ရှိ၏။ ရပ်ကွက်တွင် ရပ်ကွက်လူကြီး၊ ရွာတွင် သူကြီး စသည်ဖြင့် ရှိတတ်၏။ အချုပ်အားဖြင့် တင်ပြရသော် လူသားတို့သည် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစား ဟူ၍ နှစ်မျိုးကွဲနေပေသည်။ တဖန် အုပ်ချုပ်သူတိုင်းတွင် အမြင်အမျိုးမျိုး ရှိကြရာ တစ်ဥိးအုပ်ချုပ်ပုံနှင့် တစ်ဦးအုပ်ချုပ်ပုံမှာ မတူညီပဲ ကွဲပြားနေလေ့ရှိတတ်သည်။ အချို့မှာ ကောင်းကင်ကျကျမ်းအတိုင်း အုပ်ချုပ်ကြပြီး၊ အချို့မှာ လူသားတို့ ရေးသားထားသော ဥပဒေကျမ်းများအတိုင်း နိုင်ငံရေးဇတ်ခုံပေါ်တွင် ကနေကြသည်။
မွဖ်သီ သကီအွတ်စ်မာနီဆားဗ် အမိန့်ရှိသည်။ နိုင်ငံရေး၊ အုပ်ချုပ်မှု့စနစ်နှင့် ပတ်သတ်၍ ပထမဆုံးကျမ်း ပြုစုခဲ့သူမှာ أفلاطون (Plato) ပလေတို ဖြစ်သည်။ ပလေတိုသည် سقراط (Socrates) ဆိုကရေးတီး၏ တပည့်ဖြစ်ပြီး ပညာသင်နေစဉ် မိမိဆရာနှင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အတွေးခေါ်တို့အား အပြန်အလှန် ဆွေးနွေးလေ့ရှိခဲ့သည်။ ထို့နောက် မိမိဆရာထံမှ သင်ကြားနာယူ ခဲ့သော အတွေးအခေါ်၊ အယူဝါဒများအား ကျမ်းတစ်စောင်အသွင် ရေးသားပြုစုခဲ့သည်။ ထိုစာအုပ်မှာ Republic အမည်ဖြင့် (အင်္ဂလိပ်ဘာသာပြန်) ကျော်ကြားခဲ့လေသည်။ ပထမဥိးဆုံး ရေးသား ခဲ့သော စာအုပ်ဟု ပြောစမတ်ပြုကြခြင်းမှာ ပလေတိုသည် တမန်တော်အီစာ မမွေးဖွားမှီ နှစ်ပေါင်း ၄၀၀ နီးပါးခန့်တွင် ပေါက်ဖွားလာသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ ထို့ကြောင့် ၎င်း၏ စာအုပ်အား နိုင်ငံရေးနယ်ပယ်၌ ပထမဆုံးပြုစုခဲ့သော စာအုပ်တစ်အုပ်အဖြစ် သမိုင်းတွင် ရေပန်းစားတော့လေသည်။
ထို့နောက် ပလေတို၏ တပည့်ဖြစ်သူ Aristotle က စာအုပ်တစ်အုပ် ရေးသားခဲ့ရာ Politics အမည်ဖြင့် (အင်္ဂလိပ် ဘာသာပြန်) ကျော်ကြားခဲ့လေသည်။ ထိုစာအုပ်မှာ ဆရာဖြစ်သူ ပလေတို၏ စာအုပ်အား စီကာ ပတ်ကုံး ပြန်လည်ရေးသားထားသည့် စာအုပ်ပင် ဖြစ်သည်။ ပလေတို၏ စာအုပ်မှာ အစီအစဉ်တကျလည်း မရှိ၊ ဥပမာများနှင့် ပြည့်နေပြီး အချို့နေရာတို့တွင် လုံးဝ ရှင်းလင်းပြတ်သားမှု့ မရှိခဲ့ပေ။ ထို့အပြင် ရေးသားပုံ၊ ရေးသားနည်းမှာလည်း အပြန်အလှန်စကားပြောဆိုနေသည့် ပုံစံသာဖြစ်ခဲ့၏။ ဆိုလိုသည်မှာ- ကျွန်တော် တစ်နေရာသို့ သွားနေစဉ် ပုဂ္ဂိုလ်တစ်ဦးတွေ့ခဲ့ရာ ၎င်းက ကျွန်ုပ်အား ဤသို့မေးမြန်းခဲ့၏။ ထိုမေးခွန်း၏ အဖြေအား ကျွန်ုပ် ဤသို့ ဖြေကြားခဲ့၏။ ၎င်းပုဂ္ဂိုလ်အား ကျွန်ုပ် ဤသို့ မေးမြန်းရာတွင် ၎င်းက ဤသို့ ပြန်လည် ဖြေကြားခဲ့သည်..... စသည်ဖြင့် ရေးသားထားလေသည်။
အထက်၌ လူသားတို့ ရေးဆွဲထားသော နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ ကျမ်းကြီးနှစ်စောင်အကြောင်း ဖတ်ရှု့ပြီးနောက် ယခု လူသားတို့ မိမိစိတ်ကူးစိတ်တမ်း၊ မိမိ အတွေးအခေါ်၊ အယူဝါဒများဖြင့် အုပ်ချုပ်ခဲ့ကြသော နည်းစနစ်များအကြောင်း အတိုချုံး တင်ပြလျှင် အကျိုးရှိမည်ဟု မျှော်လင့်မိပါသည်။ ဆက်လက်ဖတ်ရှု့ကြပါစို့.....။
အခြေခံအားဖြင့် အုပ်ချုပ်ရေး နည်းစနစ်များအား ပုံစံ(၃)မျိုးအဖြစ် တွေ့မြင်နိုင်ပေသည်။
- ၁။ Monarchy ဘုရင်များ အုပ်ချုပ်သည့်စနစ်
- ၂။ Aristocracy မျိုးမြင့်၊ မျိုးမြတ်များ အုပ်ချုပ်သည့်စနစ်
- ၃။ Democracy ပြည်သူ့အစိုးရ စနစ်
Monarchy
Monarchy (ဘုရင်များ အုပ်ချုပ်သည့်စနစ်)ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ ဒေသ တစ်ခုရှိ ပြည်သူ လူထုအား အုပ်ချုပ်ပြီးး ထိုအုပ်ချုပ်သူအား ဘုရင်ဟူ၍ ကင်ပွန်းတပ်ခေါ်ဝေါ်ကြသည်။ ဘုရင် နတ်ရွာစံသွားလျှင် သို့မဟုတ် ထီးနန်းစွန့်သွားခဲ့ပါက သားဖြစ်သူ အိမ်ရှေ့မင်းသားသည် အလိုအလျောက် ထီးနန်းအား အမွေဆက်ခံခွင့်ရှိသည်။ ဤအုပ်ချုပ်မှု့ နည်းစနစ်မှာ ကမ္ဘာ့သမိုင်းတွင် အချိန်အကြာမြင့်ဆုံးနှင့် ဒေသအများစုတွင် တွေ့ရသော နည်းစနစ်တစ်ခုဟု ပြောစမတ်ပြုကြသည်။ ကမ္ဘာ့ဒေသ အသီးသီးတွင် ဘုရင်စနစ်ဖြင့် အုပ်ချုပ်မှု့မှာ ခေတ်စားခဲ့ပြီး ဒေသအလိုက်၊ လူမျိုးအလိုက်၊ အချိန်ကာလအလိုက် ပုံစံအမျိုးမျိုး အသွင်အမျိုးမျိုး ဖြစ်ပေါ်လာခဲ့သည်။ ထိုဘုရင်စနစ်ဖြင့် အုပ်ချုပ်မှု့အား ပုံစံအားဖြင့် လေးမျိုးတွေ့မြင်နိုင်ပေသည်။
၁။ ဘုရင်သည် မည်သည့် ဥပဒေ၊ကျင့်ထုံးကိုမျှ လိုက်နာရန် တာဝန်မရှိပဲ ၎င်း၏ နှုတ်လျှာသည်သာ ဥပဒေဖြစ်သည်။ အမိန့်ထုတ်ပြန်ရန်အတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ တိုင်ပင်ဆွေးနွေးရန် အရေးမကြီးပေ။ တိုင်ပင်ခဲ့လျှင်လည်း ဘုရင်၏ အမြော်အမြင်ကြီးမှု့ တစ်ခုသာဖြစ်ပြီး၊ မတိုင်ပင်ခဲ့ပါကလည်း မည်သူကမျှ ကန့်ကွက်ပိုင်ခွင့် မရှိပေ။ ထို့အပြင် အမှု့ကိစ္စတိုင်းတွင် ၎င်း၏ စကားတစ်ခွန်းသာလျှင် နောက်ဆုံးနှင့် အတည်ဖြစ်ပေသည်။ ထိုသက်ဦးဆံပိုင်နည်းစနစ်ဖြင့် အုပ်ချုပ်ခဲ့ကြသော ဘုရင်များအနက် ဖစ်ရ်အောင်န် (Pharaoh) နှင့် နမ်ရူးဒ် (Nimrod) တို့အား လူတိုင်း သိရှိကြလိမ့်မည်။ ထိုသို့ အုပ်ချုပ်ပုံနည်းစနစ်အား Absolute Monarchy ဟုခေါ်ဆိုကြသည်။
၂။ ဘုရင်သည် လုပ်ပိုင်ခွင့်၊ အာဏာ အပြည့်ရှိသော်လည်း အမိန့်တစ်ခု မထုတ်ပြန်မှီ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခု မချမှီ တိုင်ပင်ခံအဖွဲ့နှင့် ဆွေးနွေးလေ့ရှိသည်။ ၎င်းနည်းစနစ်အား Counseling Monarchy ဟုခေါ်ဆိုကြသည်။ ထိုတိုင်ပင်ခံအဖွဲ့အစည်းများမှာ ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေရာ ၎င်းတို့၏ နာမည်များသည်လည်း Council (မင်းတိုင်ပင်ခံအဖွဲ့) ဟူ၍လည်းကောင်း၊ Senate (တိုင်းပြုပြည်ပြုလွှတ်တော်) ဟူ၍လည်းကောင်း စသည်ဖြင့် အမျိုးမျိး ရှိကြ၏။သိုသော် ဤနည်းစနစ်တွင် ရံဖန်ရံခါ ဘုရင်သည် တိုင်ပင်ခံအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှု့ပြုသော်လည်း အစည်းအဝေးပွဲ၏ ဆုံးဖြတ်ချက်အတိုင်း မပြုလုပ်ပါက မည်သူတစ်ဦးတစ်ယောက်မှ ကန့်ကွက်၍မရပေ။ ရံဖန်ရံခါ အစည်းဝေးပွဲ၏ ဆုံးဖြတ်ချက်အား လိုက်နာရန်မှအပ အခြားလမ်း မရွေးချယ်နိုင်သော အခြေနေမျိုးများ လည်း တွေ့ရတတ်ပေသည်။
၃။ ဘာသာရေးခေါင်းဆောင်များသည် ပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သတ်၍ ကျွန်ုပ်တို့သည် ၎င်းအား ဘုရင်အဖြစ်လက်ခံပါသည်ဟု ပြောဆိုယုံဖြင့် ထိုသူသည် ဘုရင်ဖြစ်သွားရပေသည်။ ထိုသို့ ဘုရင်ဖြစ်ပြိးနောက်တွင် ဘာသာရေး ခေါင်းဆောင်များ၏ ပြောဆို၊ ညွှန်ကြားသည့်အတိုင်း အုပ်ချုပ်ရ၏။ ၎င်းအား Religious Monarchy ဟုခေါ်ဆိုကြသည်။ ဤနည်းစနစ်ဖြင့် အုပ်ချုပ်ခဲ့သောသူ အများစုမှာ ခရစ်ယှာန်ဘာသာဝင်များသာ ဖြစ်ခဲ့ကြပြီး တမန်တော်အီစာ (အ) မိုးကောင်သို့ ကြွမြန်းတော် မူပြီး နှစ်ပေါင်း သုံးရာခန့်မှ စတင်ခေတ်စားခဲ့သည်။ ဤနည်းစနစ်တွင် ဘာသာရေး ခေါင်းဆောင်များ ၏ ပြောဆိုချက်များသာ အတည်ဖြစ်သောကြောင့် ဘုရင်မှာ ကြိုးစွဲရာ ကနေရသော ရုပ်သေးရုပ် သဖွယ်ဖြစ်နေပေတော့သည်။ သို့သော် ဂူတစ်ဂူတွင် ခြင်္သေ့နှစ်ကောင် မအောင်းဟု ဆိုသကဲ့သို့ ဘုရင်နှင့် ဘာသာရေးခေါင်းဆောင်တို့မှာ မိမိလုပ်ပိုင်ခွင့်အာဏာနှင့် ပတ်သတ်၍ အမြဲအချင်းပွားနေရတော့ပေ သည်။
၎။ ဘုရင်သည် အခြေခံ ဥပဒေကျင့်ထုံး အတိုင်း အုပ်ချုပ်ရသော နည်းစနစ်ဖြစ်သည်။ ဘုရင်၏ နှုတ်မှ ထွက်သောအရာတိုင်းသည် ဥပဒေမဖြစ်ပေ။ ထို့အတူ ဘုရင်၏ လုပ်ပိုင်ခွင့် အာဏာသည်လည်း ဥပဒေကျင့်ထုံးအတိုင်းပင် ဖြစ်ရ၏။ တနည်းအားဖြင့် ဘုရင်သည် မိမိစိတ်နှစ်သက်ရာအတိုင်း မပြုလုပ်နိုင်ပဲ ဥပဒေအတိုင်းသာပြုလုပ်ခွင့် ရှိပေသည်။ ဤနည်းစနစ်အား Constitutional Monarchy ဟုခေါ်ဆိုကြသည်။
အထူးသတိပြုသင့်သော အချက်မှာ- ဒီမိုကရေစီမီး ဟုန်းဟုန်တောက်ချိန်မှစ၍ ဤဘုရင်စနစ်လေးမျိုး လုံးအား မကောင်းရှု့မြင်လာခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်၏။ ဘုရင်စနစ်ဖြင့် အုပ်ချုပ်မှု့အား ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်မှု့စနစ်ဟူ၍ လည်းကောင်း၊ လူ့အခွင့်အရေး အပြည့်မပေးသော နည်းစနစ်ဟူ၍ လည်းကောင်း၊ စလည်ဆုံး မကောင်းမှု့တို့နှင့် ပြည့်နှက်နေသော အာဏာပိုင်စနစ်ဟူ၍ လည်းကောင်း စသည်ဖြင့် ပြောဆို သတ်မှတ်လာကြသည်။ ဤတွင် ဒီမိုကရေစီပိုးကိုက်၍ အနာရှိန်တတ်နေသော မွတ်စ်လင်မ်အချို့မှာ- အစ္စလာမ်ဘာသာတွင် ဘုရင်စနစ် အုပ်ချုပ်မှု့မရှိဟူ၍ စတင်ကြွေးကျော်ကြတော့လေသည်။ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော သမိုင်းရှိ အကြောင်းအရာတို့အား နည်းမျိုးစုံဖြင့် ဖျောက်ဖျက်ပစ်ရန် ကြိုးစားကြတော့သည်။ အချို့နေရာများတွင် အကြောင်းပြချက်မျိုးစုံပြ၍ လည်းကောင်း၊ အချို့နေရာများတွင် အုပ်ချုပ်ခဲ့သူအား نعوذ بالله စစ်မှန်သော သာသနာပေါ်တွင် မရှိဟူ၍လည်းကောင်း၊ အချို့နေရာများတွင် အုပ်ချုပ်ခဲ့သူ အစားထိုး၍လည်းကောင်း စသည်ဖြင့် ရေးသားပြောဆိုကာ အစ္စလာမ့်သမိုင်းမှ ဘုရင်စနစ် အုပ်ချုပ်မှု့အား ဖျောက်ဖျက်ပစ် ရန်ကြိုးစားကြသည်။
ထိုသို့ ပြုလုပ်ကြခြင်းဖြင့် အစ္စလာမ်သာသနာအား ဘာသာခြားတို့၏အမြင်တွင် ကောင်းမွန်သော နည်းစနစ်များဖြင့်သာ အုပ်ချုပ်သော သာသနာဖြစ်သည်ဟု မြင်စေလိုကြသည်။ အမှန်စင်စစ် ထိုသို့ ပြုလုပ်ခြင်းမှာ မိမိကိုယ်မိမိ ရန်သူရှေ့တွင် ဒူးထောက်အညံ့ခံခြင်းသာဖြစ်ပြီး အစ္စလာမ့် သမိုင်းအား ခြစားခြင်းသက်သက်သာ ဖြစ်တော့ပေမည်။အဘယ့်ကြောင့်ဆိုသော် ကျမ်းမြတ်ကုရ်အာန် တွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကိုယ်တိုင် သွာလူးသ်အား ဘုရင်အဖြစ်စေလွှတ်ခဲ့တော် မူကြောင်း၊ ဗနီအစ္စရာအီးလ် မျိုးနွယ်တို့အား ပေးကမ်းစွန့်ကျဲခဲ့သော စည်းစိမ်များ ရေတွက်ဖော်ပြရာ တွင် ဘုရင်များအဖြစ်ပြုလုပ်ပေးခဲ့ကြောင်းကို ဖော်ပြ ထားသည်။ ထို့အပြင် ဟဇရသ် ဒါဝူးဒ် (အ) နှင့် ဟရဇသ် ဆိုလိုင်မာန် (အ) တို့အား တမန်တော်များ အဖြစ်စေလွှတ်ခဲ့သည့်အပြင် ထိုခေတ်ကာလ၏ ဘုရင်များအဖြစ် စေလွှတ်တော်မူခဲ့သည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်တစ်ပါးပါးအား မကောင်းသော လမ်းစဉ်ကို သင်ကြားပြသပေးမည် မဟုတ်။ ထို့အတူ ချီးမြှင့်ပေးကမ်းရာတွင်လည်း မကောင်းသော အရာတစ်ခုအား ချီးမြှင့်ပေးကမ်းလိမ့်မည်မဟုတ်။ အမှန်စင်စစ် ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခြင်းမှာ မကောင်းသော၊ ယုတ်ညံ့သော၊ ကြီးနိုင်ငယ်ညှင်းဝါဒ တစ်ခုမဟုတ်ပေ။ အုပ်ချုပ်ပုံ၊နည်းစနစ် ကွာခြားသည်နှင့်အမျှ အုပ်ချုပ်သူ ကွာခြားသည်နှင့်အမျှ အကျိုးသက်ရောက်မှု့တို့မှာ ကွာဟကြမည် သာဖြစ်၏။ ဘုရင်၌ လုပ်ပိုင်ခွင့် မည်မျှရှိသည်၊ မည်သည့် စည်းမျဉ်းဥပဒေဖြင့် အုပ်ချုပ်သည်သာ အဓိကကျသော အချက်ဖြစ်ပေသည်။ အုပ်ချုပ်မှု့၏ အမည်နာမကို ကြည့်၍ ကောင်းခြင်း၊ဆိုးခြင်းအား မသတ်မှတ်နိုင်ပေ။ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သူများတွင် တရားမျှတစွာ အုပ်ချုပ်ခဲ့ကြသူများ ရှိသကဲ့သို့၊ ၇က်စက်ကြမ်းကြုတ်သော ဘုရင်များလည်း ရှိခဲ့ကြ၏။
အဓိက တင်ပြလိုသည်မှာ- ခွေးဟောင်တိုင်း ထကြည့်လျှင် အိပ်ရေးပျက်မည်သာ။ ထို့အတူ ခွေးဟောင်၍ လမင်းမိုက်သွားမည်လည်း မဟုတ်။ ထို့ကြောင့် သံယောင်လိုက် အော်ဟစ်ခြင်းမပြုပဲ နားလည်သင့်ထိုက်သော အရာတို့အား အတွင်းကျကျ နားလည်သင့်ပေသည်။ ဒီမိုကရေစီ၏ တိုက်စားမှု့ကြောင့် လိုက်ပြိုပေးနေမည့်အစား ရှိနေသည့်အရာတို့အား ခရေစေ့တွင်းကျ နားလည်နိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ (အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးအား စစ်မှန်သော နားလည်မှု့၊ မှန်ကန်သော အတွေးအခေါ်များ ချီးမြှင့်ပေးသနားတော်မူပါစေ။)
Aristocracy
Aristocracy (အမျိုးကြီး၊မြင့်မြတ်သူများ အုပ်စိုးခြင်း)ဆိုသည်မှာပြည်သူများအနက် ဂုဏ်သရေရှိ ပုဂ္ဂိုလ်၊ ငွေကြေးဓနပြည့်စုံသူ၊ သို့မဟုတ် မျိုးရိုးမြင့်မြတ်သူ စသည့် မျိုးကြီးမြင့်မြတ်သူများသာ အုပ်ချုပ်ခွင့်ရသော နည်းစနစ်ဖြစ်သည်။ ဤအုပ်ချုပ်မှု့နည်းစနစ်အား လက်ခံသောဝါဒီတို့၏ အတွေးအခေါ်၊အယူအဆမှာ- တိုင်းပြည်အား အုပ်ချုပ်ခြင်းသည် လွယ်ကူသောကိစ္စမဟုတ်။ လူတိုင်းလုပ်နိုင်သော အရာမဟုတ်သည့်အပြင် လူသာမန်များနှင့် လုံးဝ မထိုက်တန်ပေ။ မျိုးရိုးမြင့်မြတ်၍ ဂုဏ်အသရေရှိသောသူများနှင့်သာ ထိုက်တန်လေသည်။ ထို့ကြောင့် မျိုးရိုးမြင့်မြတ်၊ ဂုဏ်အသရေရှိပြီး ဓနဥစ္စာပြည့်စုံသူများကိုသာ တိုင်းပြည်အုပ်ချုပ်ခွင့် ပေးသင့်ပေသည်။ သို့သော် ၎င်းတို့ထဲတွင်လည်း အုပ်ချုပ်မှု့အာဏာ ထိုက်တန်သူအား သတ်မှတ်ပုံမှာ ကွဲပြားနေလေ့ရှိသည်။ အချို့က ပညာတတ်ခြင်းကို လည်းကောင်း၊ အချို့က ဓနဥစ္စာရှိခြင်းကို လည်းကောင်း၊ အချို့က ရဲရင့်မှု့၊ သူရဲကောင်းဆန်မှု့ကို လည်းကောင်း၊ အချို့က အမြော်အမြင်ရှိမှု့ကို လည်းကောင်း အုပ်ချုပ်သူ လူတန်းစားဟူ၍ သတ်မှတ်ကြသည်။ မည်သို့ပင် ဖြစ်စေ ၎င်းဝါဒီတို့တွင် တူညီသော အမြင်တစ်ခုရှိ၏။ ထိုအမြင်မှာကား တိုင်းပြည်အုပ်ချုပ်ခြင်းဟူသည် လူတိုင်းနှင့် ထိုက်တန်သည်မဟုတ်ပဲ သီးသန့်ပုဂ္ဂိုလ်အချို့နှင့်သာ ထိုက်တန်ပေသည်။
ဤအယူဝါဒအား စတင်ချပြ ကျင့်သုံးစေခဲ့သူများမှာ Aristotle နှင့် Plato တို့ပင်ဖြစ်သည်။ ၎င်းတို့၏ တင်ပြချက်မှာ သီးသန့်ပညာတတ်လူတန်းစားသာလျှင် အုပ်ချုပ်ပိုင်ခွင့်ရှိကြောင်း၊ အခြားသူများနှင့် အုပ်ချုပ်မှု့မှာ လုံးဝမသက်ဆိုင်ကြောင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လက်တွေ့ကျကျ ပီပြင်စွာ အကောင်အထည် မဖော်နိုင်ခဲ့သော်လည်း ပညာတတ်လူတန်းစားများအား နိုင်ငံအုပ်ချုပ် ခွင့်ရှိသော အဆင့်အတန်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ပညာတတ်လူတန်းစား အုပ်ချုပ်ခြင်းသည် Aristocracy ၏ ပထမပုံစံဖြစ်တော့လေသည်။
ဒုတိယပုံစံမှာ မျိုးရိုးဂုဏ် မြင့်မြတ်သူများသာ ဖြစ်ပြီး သားစဉ်မြေးဆက် ဆင့်ကဲအုပ်ချုပ်ကြခြင်းဖြစ်သည်။ ထိုသို့ အုပ်ချုပ်ပုံအား Racial Aristocracy ဟု ခေါ်ဆိုကြသည်။ ဤပုံစံဖြင့် အုပ်ချုပ်ခဲ့သော နိုင်ငံများ တွင် အိန္ဒိယနိုင်ငံသည်လည်း အပါအဝင်ဖြစ်ခဲ့သည်။
တတိယပုံစံမှာ ဘာသာရေးခေါင်းဆောင်များသာ အုပ်ချုပ်ကြခြင်းဖြစ်သည်။ ၎င်းဝါဒီတို့၏ အယူအဆ၊ အတွေးအခေါ်မှာ အမှန်စင်စစ် စင်္ကြာဝဠာကြီးအား အုပ်ချုပ်နိုင်စွမ်းရှိသူမှာ ဖန်ဆင်းရှင်တစ်ပါးတည်း သာ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလောကတွင် အုပ်ချုပ်ရန်လိုလားသူတိုင်းသည် ထိုဖန်ဆင်းရှင် ချမှတ်ပြသထားသော အမိန့် ဥပဒေတို့အား လိုက်နာရန် အရေးကြီးပေသည်။ ဤသို့ဖြင့် ခရစ်ယှာန် ဘာသာဝင်တို့တွင် ပေါ့ပ်များ ဦးစီး၍ တိုင်းပြည်အား အုပ်ချုပ်ခဲ့ကြလေသည်။ ထိုသို့ အုပ်ချုပ်မှု့အား Theocracy ဟုခေါ်ဆိုကြသည်။ Theocracy ဆိုသည်မှာ ဂရိဘာသာစကားဖြစ်ပြီး Theo ၏ အဓိပ္ပါယ်မှာ ဘုရားသခင်ဖြစ်သည်။ Cracy ၏ အဓိပ္ပါယ်မှာ အုပ်ချုပ်မှု့ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်တစ်ဦးတည်း၏ အုပ်ချုပ်မှု့ဖြစ်ပေသည်။ သို့သော် ၎င်းဝါဒီတို့သည် Theocracy အား မူရင်းအဓိပ္ပါယ်တွင် မသုံးစွဲကြပဲ ဘာသာရေးခေါင်းဆောင်များ၏ အုပ်ချုပ်မှု့ဟူ၍သာ ပြောဆို၊သုံးစွဲ ခဲ့ကြသည်။
အထူး သတိထားသင့်သော အချက်မှာ- အထက်၌ Religious Monarchy (ဘာသာရေးခေါင်းဆောင်များ၏ လမ်းညွှန်ချက်နှင့်အညီ ဘုရင်စနစ်အုပ်ချုပ်မှု့)တွင် ဘုရင်နှင့် ဘာသာရေးခေါင်းဆောင်များ လုပ်ပိုင်ခွင့် အာဏာလုနေ၇ာ ခေတ်အဆက်ဆက်၌ ဖြေရှင်း မရသော ပြဿနာများ ပေါ်ပေါက်လာခဲ့ကြောင်း ဖတ်ရှု့ခဲ့ပြိး ဖြစ်သည်။ ထိုကဲ့သို့ပင် Theocracy ဝါဒဖြင့် အုပ်ချုပ်၇ာတါင်လည်း ဘာသာေ၇းခေါင်းဆောင်များနှင့် အုပ်ချုပ်သူများအကြား ပဠိပက္ခများစွာ ဖြစ်ပေါ်ခဲ့ ရာ နောက်ဆုံးတွင် Theocracy အကြီးအကျယ် နာမည်ပျက်ခဲ့ရ၏။ ထိုသို့ နာမည်ပျက်ခဲ့ရသည်ကို ကြည့်၍ အတွေးအခေါ် အရောင်ဆိုးခံထားရသော မွတ်စ်လင်မ်အချို့မှာ နိုင်ငံရေးနှင့် ဘာသာရေး ခွဲခြားရန်အတွက်လည်းကောင်း၊ ဘာသာရေးခေါင်းဆောင်တို့အား နိုင်ငံရေးနယ်ပယ်တွင်းသို့ မဝင်ရောက် လာစေရန်လည်းကောင်း Theocracy အား လုံးဝ ဆန့်ကျင်ကန့်ကွက်နေကြသည်။ ယနေ့ခေတ်တွင် ရှရီအသ်တရားတော်နှင့် အညီ အုပ်ချုပ်ရန် အာလင်မ်သာသနာ့ပညာရှင်များမှ လည်းကောင်း၊ ဘာသာရေးကိုင်းရှိုင်းသူလူအချို့မှ လည်းကောင်း တောင်းဆိုလာပါက အဆိုပါ အနောက်တိုင်းဝါဒပိုး ထိထားသော ပညာတတ်အမည်ရ လူတစ်ချို့ ရှေ့သို့ထွက်လာကာဒီလူတွေက ခေတ်အဆက်ဆက်မှာ ဒုက္ခရောက်စေခဲ့တဲ့ Theocracy ကို ကျင့်သုံးစေချင်ကြတာ။ နိုင်ငံနဲ့လူမျိုးကို သနားကြင်နာမှု့မရှိတဲ့ လမ်းစဉ်ကို လျှောက်လှမ်းချင်ကြတာ။ နိုင်ငံတော်ကို တိုးတက်အောင် မလုပ်ချင်ပဲ ခေတ်နောက်ကျအောင် လုပ်ချင်နေကြတာ။ ကျွန်တော်တို့က သမိုင်းစာမျက်နှာတွေကို ရှေ့ထားပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် .........ဝါဒ ..........ဝါဒကို ရွေးချယ်နေတာ။ Theocracy ဝါဒကို လုံးဝခွင့်မပြုနိုင်ပါ။...... စသည်ဖြင့် အော်ဟစ် ဆူပူ သောင်းကြမ်းကြမည်သာဖြစ်၏။
သို့သော် ထိုပညာတတ်အမည်ရ ရွှေဥာဏ်တော်စူးရောက်သူများ မစဥ်းစားသော အချက်တစ်ချက် ရှိနေသည်။ ထိုအချက်မှာကား ရှရီအသ်ဥပဒေအတိုင်း ကျင့်သုံးခြင်းအား ခရစ်ယှာန် ဘာသာရေး ခေါင်းဆောင် ပေါ့ပ်များ ကျင့်သုံးခဲ့ပုံနှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် Theocracy ခေတ်စားခဲ့သောအချိန်ကာလ တစ်လျှောက်လုံးတွင် ဘာသာရေးခေါင်းဆောင်ပေါ့ပ်များသည် အများပြည်သူ အကျိုးထက် မိမိကောင်းစားရေးအတွက်သာလျှင် ပေါ်လစီအမျိုးမျိုးထုတ်ကာ ကျင့်သုံးခဲ့ကြသည်။ အမှန်စင်စစ် ၎င်းပေါ့ပ်များသည် ဘာသာရေးခေါင်းဆောင်များ မဟုတ်ကြပဲ သာသနာပိုင်များသာ ဖြစ်ခဲ့ကြသည်။ ဆိုလိုသည်မှာ မိမိဘာသာ၊သာသနာတွင် မရှိသော ကိစ္စတစ်စုံတစ်ရာအား အမိန့်ထုတ်ပြန်လိုပါကလည်း ထုတ်ပြန်ခွင့်ရှိကြသည်။ ရှိနေသော တရားတော်၏ အမိန့်တော်များအား ဆန့်ကျင်၍လည်း ပြောဆိုခွင့်ရှိသည်။ ထို့ကြောင့် မြောက်များစွာသော ပေါ့ပ်တို့ သည် တစ်ကိုယ်ရည်ကောင်းစားရေးကို ရှေးရှု့၍ အများပြည်သူအား ဒုက္ခရောက်စေမည့် အမိန့်များကိုပင် ချမှတ်ပြဌာန်းခဲ့ကြသည်။ ထိုသို့သော လုပ်၇ပ်များ များပြားလာသည်နှင့်အမျှ ပြညသူလူထုတွင် ဘာသာရေးခေါင်းဆောင်များအား မုန်းတီးခြင်းမှာ တဖြည်းဖြည်း ကြီးထွားလာပြီး ထကြွပုန်ကန်မှု့ များ ပေါ်ပေါက်လာခဲ့တော့လေသည်။ ဤသို့ဖြင့် နောင်ခေတ်များတွင် Theocracy နာမည်ကြားယုံနှင့် သမိုင်းရှိ ပေါ့ပ်များ၏ လုပ်ရပ်တို့အား ပြန်လည်မြင်ယောင်ကာ ကြက်သီးထရတော့လေသည်။
အမှန်စင်စစ် Theocracy ၏ မူရင်းအဓိပ္ပါယ်နှင့် ဖြစ်ပေါ်လာရသည့် လူ့အတွေးအခေါ်မှာ အလွန်ပင် မင်္ဂလာရှိပေသည်။ လောကကြီး၏ အုပ်ချုပ်ခွင့်မှာ ဖန်ဆင်းရှင်တစ်ပါးတည်း၌သာ ရှိသည်။ ထို့ကြောင့် တိုင်းပြည်တစ်ခုအား အုပ်စိုးမင်းမူလိုပါက ထိုအရှင်၏ အမိန့်တော်များနှင့်အညီ အုပ်ချုပ်သင့်ပေသည်။ ရာထူးအား အလွဲသုံးစားပြုခဲ့သော ပေါ့ပ်များကိုကြည့်၍၊ ၎င်းတို့၏ ရက်စက်ရုတ်မာသော ပေါ်လစီများ အားကြည့်၍ အစ္စလာမ်၌ Theocracy မရှိဟု မပြောဆိုသင့်။ အဘယ့်ကြောင့်ဆိုသော် Theocracy ဆိုသည်မှာ မူရင်းအဓိပ္ပါယ်အရ ဖန်ဆင်းရှင်တစ်ပါးတည်း၏ အုပ်ချုပ်မှု့ကို ရည်ညွှန်းပေသည်။ အစ္စလာမ်သာသနာ၌ Theocracy မရှိဟု ပြောဆိုလိုက်လျှင် မည်ကဲ့သို့ အဓိပ္ပါယ် သက်ရောက်သွား မည်နည်း။ အစ္စလာမ်သာသနာတော်တွင် အလ္လာဟ်အရှင်မြတ်၏ အုပ်ချုပ်ခွင့်မရှိဟူ၍ ပြောဆို သကဲ့သို့ ဖြစ်ပေတော့မည်။ ကျမ်းမြတ်ကုရ်အာန်တွင် إن الحكم إلا لله ဟူ၍ အမိန့်ရှိထားသည်ကို သတိချပ်သင့်သည်။ ထို့အပြင် Theocracy အား နာမည်ပျက်စေခဲ့သော အကြောင်းအရာ၊အချက်အလက်တို့အား ကောင်းစွာ နားလည်သင့်ပေသည်။ ရှရီအသ်တရားတော်နှင့် အညီ အုပ်ချုပ်မှု့အား ပေါ့ပ်များ၏ ရာထူးအလွဲသုံးစားပြုကာ အုပ်ချုပ်ခဲ့ပုံနှင့် မနှိုင်းယှဉ်သင့်။ လေတိုက်ရာ ယိမ်းသောနွယ်တို့မှာ အမှီယူ၍သာ အပေါ်တက်နိုင်ကြပြီး သေးသိမ်ခဲ့ကြလေသည်။ ကြီးလေဖြောင့်လေ ကျွန်းပင်တို့မှာ တစ်ကိုယ်တည်းရပ်တည်ကာ တန်ဖိုးရှိနေမြဲ ရှိနေသည်ကို ကောင်းစွာနမူနာယူ သင့်ပေသည်။ ရှရီအသ်တရားတော်သည် ကျောက်စာထွင်းထားသော စာသားများ ကဲ့သို့ဖြစ်ပေရာ လိုတိုးပိုလျှော့် လုံးဝမပြုနိုင်ပေ။ စစ်မှန်သော အစ္စလာမ့်ဘာသာရေးခေါင်းဆောင်တို့မှာ သာသနာပိုင် များလည်း မဟုတ်ကြ။ တရားတော်၏ ကျင့်ထုံးများအတိုင်းသာ အမိန့်ပညတ်ချက်များ ထုတ်ပြန်ကြသည်။ တ၇ားတော်၌ ခွင့်ပြုထားသည့် အမှု့ကိစ္စတို့အား ခွင့်ပြုထားသည့် စည်းဘောင်အတိုင်း၊ တားမြစ်ထားသည့် အ၇ာတိုင်းအား တားမြစ်ပိတ်ပင်ထားသော ဥပဒေအတိုင်း ပြဌာန်းကြသည်သာဖြစ်၏။
ထို့ကြောင့် ကျွန်တော် အဓိက ပြောပြလိုသည်မှာ- သာသနာ့ပညာရှင် အာလင်မ်များအား ခရစ်ယှာန်ဘာသာဝင်သာသနာပိုင်များကဲ့သို့ မမှတ်ယူသင့်ပေ။ ထို့အပြင် Theocracy ဆိုသည်မှာလည်း အုပ်ချုပ်သူတို့၏ အရောင်ဆိုးမှု့ကြောင့် မူရင်းပျက်ပျယ်နေရသော ပန်းချီကားချပ်တစ်ခုသဖွယ်ဖြစ်နေရာ မူရင်းအဓိပ္ပါယ်အား မျက်ကွယ်မပြုသင့်ပေ။ ရှရီအသ်တရားတော်အတိုင်း အုပ်ချုပ်မည်ဖြစ်ပါလျှင် Theocracy ဟု အမည်တပ်ခြင်းဖြင့် မည်သည့်ဆိုးကျိုးမျှ ရှိလာနိုင်မည်မဟုတ်။ နဗီတမန်တော်တိုင်း သည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ဥပဒေပြဌာန်းချက်များနှင့် အညီ မိမိတို့ ၏ နောက်လိုက်သားများအား အုပ်ချုပ်ဥိးဆောင်ပြုခဲ့ကြသည်။ ကျွန်တော်တို့၏ နောက်ဆုံး တမန်တော်ကြီး မြတ်နဗီ (ဆွ) သည်လည်း အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း၏ ချမှတ်ပြဌာန်းပေး ထားသော ဥပဒေများအတိုင်း ကိုယ်တိုင်ကျင့်ကြံ၍ သင်ကြားပြသပေးခဲ့သည်။ ထို့နောက် ခလီဖဟ်ကြီးလေးပါးတို့သည်လည်း ရှရီအသ်တရားတော်နှင့်အညီ အုပ်ချုပ်ခဲ့ကြလေသည်။ ဤအတိုင်းပင် အစ္စလာမ့်သမိုင်းတစ်လျှောက်လုံး၌ စစ်မှန်သော ရှရီအသ်လမ်းစဉ်အတိုင်း အုပ်ချုပ်ခဲ့သော ခေတ်များစွာ ရှိခဲ့သည်။ ထိုခေတ်များ၏ ဖွံ့ဖြိုးတိုးတက်ပုံ၊ ငြိမ်းချမ်းပုံတို့မှာ အနှိုင်းမဲ့ စံနမူနာပင်ဖြစ်ခဲ့၏။ ထို့ကြောင့် ရှရီအသ်တရားတော်နှင့်အညီ အုပ်ချုပ်ခြင်းမှာ- အကောင်းဆုံးသော၊ ပြိုင်စံရှားဖြစ်သော နည်းစနစ် တစ်ခုပင်ဖြစ်တော့လေသည်။
(မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်နှင့် မွတ်စ်လင်လူထု တစ်ရပ်လုံးအား စစ်မှန်သော နားလည်နိုင်စွမ်း၊ မှန်ကန်တိကျသော အတွေးအခေါ်များ ချီးမြှင့်တော်မူပါစေ။)
(အင်န်ရှာလာ) လာမည့်အပတ်တွင် Theocracy အကြောင်းအား ဆက်လက်လေ့လာကြမည်ဖြစ်ပါသည်။
ဘရှီးလေး
မေမြို့
Post a Comment