بسم الله الرحمن الرحيم
Theocracy (သီအိုခရေစီ)ဝါဒအား စတင်ကျင့်သုံးခဲ့သူများမှာ ယဟူဒီလူမျိုးများ ဖြစ်သည် ယဟူဒီလူမျိုး တို့သည် သောင်ရားသ်ကျမ်းစာတွင် ပါရှိသည့်အတိုင်း တမန်တော် မူဆာ(အ) ၏ နောက်လိုက်များ အဖြစ် တရားအား ထုတ်ကျင့်ကြံနေခဲ့ကြသည်။ သို့သော် သောင်ရားသ်ကျမ်းတွင် ခဝပ်ကိုးကွယ်ခြင်းဆိုင်ရာ အမိန့်များ၊ သန့်ရှင်းစင်ကြယ်မှု့ဆိုင်ရာ အမိန့်တော်များ စသည်တို့သာ အများဆုံး ပါရှိပြီး၊ လူနေမှု့စနစ်၊ တိုင်းပြည်အုပ်ချုပ်ရေးရာ ကိစ္စတို့တွင်မူ အနည်းငယ်သာ ပါရှိ၏။ Theocracy ဝါဒဖြင့် စတင် အုပ်ချုပ်လာသောအခါ သောင်ရားသ်ကျမ်းစာတွင် မပါရှိသော အမိန့်ပညတ်ချက်များ အား ဖြည့်စွက်ရန်အတွက် သာသနာ့ခေါင်းဆောင်တို့အား တာဝန်ပေးခဲ့ကြသည်။ သာသနာ့ခေါင်းဆောင် များက အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု့ကို ကြည့်ရှု့၍ အမိန့်ထုတ်ပြန်ကြရသည်။
ပုံစံမှာ- ၎င်းတို့ထံတွင် ရွက်ဖျဉ်တဲတစ်ခုရှိပြီး ထိုတဲအား ခဝပ်ဆည်းကပ်ရာတဲ ဟုခေါ်ဆိုကြသည်။ တဖန် ထိုတဲအတွင်း၌ သေတ္တာငယ်တစ်လုံးထားရှိပြီး ရွှေဖြင့်အဖုံးဖုံးထား၏။ တိုင်းပြည်တွင် အမိန့်တစ်ခုခု ထုတ်ပြန်ရန် လိုအပ်လာပြီး ထိုအမိန့်တော်သည် သောင်ရားသ်ကျမ်းစာတွင် မပါရှိပါက ကောင်းကင်တွင် မိုးသားများ ညှိ့မှိုင်းနေပြီး လျှပ်စီးများ လင်းလက်နိုင်သော အချိန်ကို ရွှေးချယ်၍ ရွက်ဖျဉ်တဲ အတွင်း သေတ္တာငယ်အနီးတွင်ထိုင်ကာ တရားကျင့်ကြံအားထုတ်ရသည်။ သတ်မှတ်ထားသော တောင်းဆု များကိုလည်း ရွတ်ဖတ်ရသည်။ ထိုသို့ တရားကျင့်နေစဉ်တွင် ကောင်းကင်၌ လျှပ်စီးလင်းလက်လာပါက တရားအားထုတ်(အမိန့်သစ်ရှာဖွေခြင်း) ပြီးဆုံးသွား၏။ ထို့နောက် အရှင်ယဟုဝါသည် ကျွန်ုပ်အား ဤသို့အမိန့်ရှိတော်မူသည်ဟုဆိုကာ အမိန့်တော်သစ်အား ထုတ်ပြန်ကြသည်။ ( ယဟုဝါ ဆိုသည်မှာ ၎င်းတို့ဘာသာစကားတွင် အလ္လာဟ်အရှင်မြတ်အား ရည်ညွှန်းခြင်းဖြစ်သည်။ YHVH ဟူ၍လည်းကောင်း၊ Yehowah ဟူ၍လည်းကောင်း စသည်ဖြင့် အမျိုးမျိုး ရေးသားပြောဆိုကြသည်။
ဟီးဘရူး (ယဟူဒီဘာသာစကား) တွင် ဖော်ပြပါပုံအတိုင်း- ရေးသားကြသည်။) လျှပ်စီးလင်းလက်ခြင်းမရှိပါက ကျွန်ုပ်အား ယဟုဝါအရှင်မြတ်က ဤသို့အသိပေးတော်မူသည်ဟု ဆိုကာ အမိန့်ထုတ်ပြန်လေ့ ရှိသည်။ ၎င်းတို့၏ ယုံကြည်ချက်မှာ အလ္လာဟ်အရှင်မြတ်သည် ဘာသာရေးခေါင်းဆောင်များအား တိုက်ရိုက်စကားပြောတော်မူပြီး အခြေနေ အသစ်တို့၏ အမိန့်ပညတ် ချက်များအား သင်ကြားပေးတော်မူသည်။
သီအိုခရေစီမှ ကိုယ်ပိုင်ခရေစီသို့
သီအိုခရေစီဝါဒဖြင့် အုပ်ချုပ်လိုသည့်အတွက် လိုအပ်လာသော ခေတ်ကာလ၏တောင်းဆိုမှု့ များအား ဖြည့်ဆည်းပေးရန် အုပ်ချုပ်သူများသည် ဘာသာရေး ခေါင်းဆောင်တို့အား အားကိုးရသည်။ အဘယ့်ကြောင့်ဆိုသော် ဘာသာရေးခေါင်းဆောင်များ၏ ပြောဆိုမှု့ဖြင့်သာ အမိန့်တစ်ခု အတည်ဖြစ်နိုင်သည်။ သို့သော် ဘာသာရေးခေါင်းဆောင်တို့သည် အလိုရှိသော အမိန့်တော်အား အရှင်ယဟုဝါ ဤသို့အမိန့်ရှိသည်ဟု ပြောဆိုကာ ထုတ်ပြန်ချင်တိုင်း ထုတ်ပြန်နေကြတော့သည်။ အုပ်ချုပ်သူအသိုင်းအဝိုင်းမှာလည်း ၎င်းဘာသာရေးခေါင်းဆောင်များ၏ အမိန့်ကို မလွန်ဆန်နိုင်ဖြစ်ကာ မျက်စိမှိတ်၊နားပိတ်ထားရ၏။ ငြင်းပယ်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် လုံးဝအခွင့်မသာခဲ့ပေ။
ထို့ကြောင့် အုပ်ချုပ်သူများသည် ဥပဒေထုတ်ပြန်ခွင့်အာဏာရရှိရေးအတွက် လမ်းစဉ်သစ်များ ရှာဖွေကြတော့သည်။ ဘာသာရေးခေါင်းဆောင်တို့အား မဲဆွယ်စည်းရုံး၍ အမိန့်သစ်တစ်ခုအား ထုတ်ပြန်ခိုင်းကြတော့သည်။ ထိုအမိန့်မှာ ယနေ့မှ စ၍ အမိန့်ထုတ်ပြန်ခြင်းဆိုင်ရာ အာဏာအဝဝအား အုပ်ချုပ်သူများထံသို့ လွှဲပြောင်းပေးရန် အရှင်ယဟုဝါ အမိန့်ရှိတော်မူသည်။ အရှင်ယဟုဝါသည် အုပ်ချုပ်သူများအား ကောင်းကင်ဘုံတွင် ဖန်ဆင်းတော်မူခဲ့၏။ ထို့ကြောင့် ၎င်းတို့အား ဤလူ့လောက တွင် ဘုရင်များ၊ အုပ်ချုပ်သူလူတန်းစားအဖြစ် စံစားစေတော်မူသည်။ အုပ်ချုပ်သူများဖက်မှ မည်သည့် အမိန့်ကိုပင်မဆို ထုတ်ပြန်ပြဌာန်းနိုင်ပြီး ထိုအမိန့်ထုတ်ပြန်ချက်မှာ အရှင်ယဟုဝါ၏ အမိန့်တော် အတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် ထိုအမိန့်တော်အား လိုက်နာဆောင်ရွက်ကြလေကုန်။ ဟူ၍ ဖြစ်သည်။
ဤသည် ယဟူဒီလူမျိုးတို့၏ သီအိုခရေစီနှင့် ၎င်းစနစ်ပျက်ပျယ်ပြီး ကိုယ်ပိုင်ခရေစီ ဖြစ်သွားပုံ အကျဉ်းဖြစ်သည်။ ထိုအတိုင်းပင် ဟိန္ဒူလူမျိုးများ၊ တိဘက်ပြည်ရှိ အချို့နယ်များနှင့် ဂျပန်နိုင်ငံရှိ အချို့ အုပ်စုများသည်လည်း သီအိုခရေစီ နည်းစနစ်ဖြင့် အုပ်ချုပ်ခဲ့ကြောင်း သမိုင်းစာမျက်နှာများ တွင် ဖော်ပြထား၏။ ၎င်းလူမျိုးတို့သည် ကောင်းကင်ကျကျမ်းအား လက်ခံသူများလည်း မဟုတ်၊ ဖန်ဆင်းရှင် တစ်ပါးတည်းအား လက်ခံထားသည်လည်းမဟုတ်။ ထို့ကြောင့် အချိန်ပေးမရေးသားတော့ပဲ ခရစ်ယှာန်ဘာသာဝင်များနှင့် သီအိုခရေစီ အကြောင်းကိုသာ တင်ဆက်ရေးသားလိုက်ပါသည်။
ခရစ်ယှာန်ဘာသာဝင်များနှင့် သီအိုခရေစီဝါဒ
ခရစ်ယှာန်ဘာသာဝင်များ၏ သီအိုခရေစီဝါဒအား မတင်ပြမှီ ခရစ်ယှာန်ဘာသာ ပြောင်းလဲသွားပုံအချို့အား အတိုချုံးတင်ပြလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်ယှာန်ဘာသာဝင်တို့၏ သီအိုခရေစီဆိုသည်မှာ ဖတ်ရှု့ခဲ့သော အထက်ဖော်ပြပါ အကြောင်းအရာတို့နှင့် လုံးဝ မသက်ဆိုင်ပဲ သီးသန့် နိုင်ငံရေး ဇတ်ခုံပေါ်မှ ပြဇတ်တစ်ခုသာဖြစ်၏။ ထို့အပြင် ၎င်းတို့၏ သီအိုခရေစီအား နားလည်ရန်အတွက် ဘာသာရေး ပြောင်းလဲမှု့ ပြုလုပ်ကြပုံအဆင့်ဆင့်အား အတိုချုံးသိသင့်ပေသည်။ (အင်န်ရှာလာ အချိန်ပေး ရေးသားရန် အစီစဉ်ရှိကြောင်း သတင်းကောင်းပေးလိုက်ပါသည်။ ယခုတော့ အချိန်အနည်းငယ်သာ ရသောကြောင့် လိုအပ်သည်ခန့်သာ အတိုချုံးတင်ပြလိုက်ပါသည်။)
ဟဇရသ်အီစာ (အ) သည် ကောင်းကင်ကျကျမ်းကြီးလေးစောင်အနက် အင်ဂျီးလ်ကျမ်း(ဘိုင်ဘလ်) ချပေးခံရသော်လည်း သောင်ရားသ်ကျမ်းတွင် ပါရှိသည့် အချို့အမိန့်တော်များမှ အပ ကျန်ရှီ အမိန့်တော်များအား လက်တွေ့လိုက်နာကျင့်သုံးကြရန် ပွင့်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သောင်ရားသ်ကျမ်းရှိ အမိန့်တော်များအား ပြင်ဆင်ပြောင်းလဲရန်အတွက် ပွင့်ပေါ်လာခဲ့သည်မဟုတ်။ သို့သော် St. Paul စိန့်ပေါလ် အမည်ရ ပုဂ္ဂိုလ်ပေါ်လာသည့်အချိန်မှစ၍ ခရစ်ယှာန်ဘာသာမှာ အရောင်မျိုးစုံ အဆိုးခံတော့လေသည်။ သာသနာတွင် Doctrine of the Trinity (သုံးပါးတစ်ဆူ အယူဝါဒ) Doctrine of Atonement (ကိုယ်စားခံခြင်း အယူဝါဒ) စသည့် ယုံကြည်မှု့ပိုင်းဆိုင်ရာ အသစ်တီထွင်မှု့မျိုးစုံပြုခဲံပြီး တမန်တော်အီစာ (အ) ပွင့်ပေါ်လာသည့်အတွက် သောင်ရားသ်ကျမ်းစာပါ အမိန့်တော်များသည် လိုက်နာရန်မလိုအပ်တော့ကြောင်းကိုပါ ကြွေးကျော်ခဲ့သည်။ အမှန်စင်စစ် ထိုအယူဝါဒ ယုံကြည်ချက်တို့သည် ယနေ့အချိန်ထိ ခရစ်ယှာန်ဘာသာဝင်များ လက်ခံထားသော ဘိုင်ဘလ်ကျမ်းတွင် မပါရှိပေ။ ခရစ်ယှာန်ဘာသာ ယခုကဲ့သို့ ဖြစ်သွားရခြင်းမှာ စိန့်ပေါလ်၏ ရိုက်ချက်များကြောင့်သာ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ၎င်း၏ အသစ်တီထွင်မှု့များအား လူတို့လက်ခံလာသောအခါ သောင်ရားသ်ကျမ်းသည် အ၇ာမဝင်တော့ပဲ အပယ်ခံဖြစ်သွားတော့သည်။ သီအိုခရေစီဝါဒဖြင့် စတင်အုပ်ချုပ်သောအခါ အကြီးဆု့းပြဿနာသည် ဘိုင်ဘလ်ကျမ်းတွင် အုပ်ချုပ်မှု့ပိုင်းဆိုင်ရာအမိန့်တော်များ မပါဝင်ခြင်းဖြစ်၏။ သောင်ရားသ်ကျမ်းတွင်မူ အနည်းငယ်ပါရှိသောလည်း ထိုသောင်ရားသ်ကျမ်းသည် စိန့်ပေါလ်၏ လက်ချက်ဖြင့် အပယ်ခံဘဝရောက်နေ၏။ ထို့ကြောင့် ယဟူဒီတို့ ပြုကျင့်သကဲ့သို့ တရားထိုင်၍ အမိန့်တော် ထုတ်ပြန်ခြင်းလည်း မပြုနိုင်။ တဖက်တွင် မိမိတို့ လက်ခံထားသော ဘိုင်ဘလ်၌ အုပ်ချုပ်မှု့ပိုင်းဆိုင်ရာ အမိန့်တော်များ မပါရှိ။ နောက်ဆုံးတွင် အမိန့်ထုတ်ပြန်ခြင်းဆိုင်ရာ အခွင့်အာဏာ အား ချက်စ်ကျောင်းတော်သို့ လွှဲပြောင်းပေးလိုက်ကြသည်။
ထိုသို့လွှဲပြောင်းရန်အတွက် လူတို့အား အတွေးအခေါ်တစ်ခု ရိုက်သွင်းပေးခဲ့ကြသည်။ ထိုအတွေးအခေါ် အယူဝါဒမှာ- ချက်စ်ကျောင်းတော်သည် တမန်တော်အီစာ(အ)အား အရိုက်အရာ ဆက်ခံသူများအနက် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ် Peter (ပီတာ)၏ ကိုယ်စားဖြစ်သည်။ ခရစ်ယှာန်ဘာသာဝင်များ ယုံကြည်လက်ခံထားသည်မှာ ပီတာသည် တမန်တော်အီစာ(အ)၏ ၁၂ယောက်မြောက် ခလီဖဟ်ဖြစ်ပြီး တမန်တော်အီစာ(အ)၏ ပညာများအားလုံးအား ချီးမြှင့်ခံထားရသူဖြစ်သည်။ ထို့အပြင် ပီတာသည် ကွယ်လွန်အနိစ္စမရောက်မှီအလျှင် ဘာသာရေးခေါင်းဆောင်များအား မိမိမရှိတော့သည့်နောက်တွင် သာသနာရေးရာကိစ္စများ၊ အမိန့်တော်သစ်များ ထုတ်ပြန်ခြင်း၊ ဥပဒေပြဌာန်းခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မှာတမ်းခဲ့သည်ဟုလည်း ယုံကြည်ထားကြသည်။ ချက်စ်ကျောင်းတော်များသည် ဘာသာရေးခေါင်းဆောင်များ၏ အမှီသဟဲဖြင့် ဖြစ်ပေါ်လာရာ ထိုကျောင်းတော်များ၏ပုံစံမှာ ဌာနတစ်ခု အသွင်ဖြင့် ပီတာ၏ အရိုက်အရာကို ဆက်ခံသူကဲ့သို့ ဖြစ်၏။
ထိုချက်စ်ကျောင်းများရှိ အကြီးဆုံး ပုဂ္ဂိုလ်အား ပေါ့ပ် သို့မဟုတ် ဖားသားဟုခေါ်ကြသည်။ ထိုပေါ့ပ်၏ လက်အောက်တွင် ဘာသာရေးခေါင်းဆောင်များ၏ အဖွဲ့အစည်းများစွာ ရှိကြပြီး၊ ရာထူးမျိုးစုံဖြင့် ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရသည်။
- Deacon
- Arch Deacon
- Bishop
- Arch Bishop
- Cardinal စသည်ဖြင့် ငယ်စဉ်ကြီးလိုက် ခေါ်ဝေါ်ကြသည်။
ထို Cardinal ၇၀၏ ဆုံးဖြတ်ချက်ဖြင့် ပေါ့ပ်ရွေးချယ်မှု့ ပြုကြသည်။ ပါဒရီဟု လူအများသိကြသော Preist (ခဝပ်ကိုးကွယ်မှု့ပြုသူ သို့မဟုတ် ပညာဆင့်ကမ်းသင်ကြားပေးသူ)၏ အဆင့်အတန်းအမျိုးမျိုးရှိပုံအား အထက်တွင် တင်ပြခဲ့ပြီး ဖြစ်သည်။ သို့သော် ဖော်ပြပါ ရာထူး၊ဌာနများတွင် တာဝန်မထမ်းဆောင်ရသော သူများလည်း ချက်စ်ကျောင်းတွင် ရှိနေပေသေးသည်။ ထိုကဲိ့သု့ ဘာသာရေးခေါင်းဆောင်(ပေါ့ပ်များ)ဖြင့် ဖွဲ့စည်း၊လုပ်ကိုင်ပုံအား Hierarchy ဟုဆိုကြပြီး တာဝန်ထမ်းဆောင်နေသူများအား Clergy ဟုခေါ်ကြသည်။
အဓိက သိသင့်သောအချက်များမှာ-
၁။ ဖော်ပြပါ အဆင့်အတန်း၊ရာထူးများတွင် ကြီးစဉ်ငယ်လိုက် တာဝန်ထမ်းဆောင်ရခြင်းသည် ပညာပိုတတ်ခြင်း၊ ကောင်းမှု့ကုသိုလ်ပိုမိုပြုနိုင်ခြင်းအပေါ် အခြေမခံပေ။ မျိုးရိုးကိုကြည့်၍လည်းကောင်း၊ ချက်ကြွေရာ မွေးရပ်မြေကို ကြည့်၍လည်းကောင်း သတ်မှတ်ထားသော အဆင့်အတန်းရာထူးအား ချီးမြှင့်ပေးအပ်ကြသည်။ သို့သာမက ရွေးချယ်မှု့ပိုင်းဆိုင်ရာ တာဝန်ခံအဖွဲ့အစည်း၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပေသည်။ ဥပမာအားဖြင့် ဒေသတစ်ခုတွင် လူဖြူ၊လူမဲ နှစ်မျိုးလုံး နေထိုင်ကြပြီး အားလုံးသည် ခရစ်ယှာန်ဘာသာဝင်များ ဖြစ်ကြသည်ဆိုပါစို့။ Bishop ရာထူးအား လူဖြူများအတွက် သတ်မှတ် ထားလျှင် မည်မျှပင် ပညာအရည်အချင်း ပြည့်ဝနေစေကာမူ ထိုရာထူးအား လူမဲမရနိုင်ပေ။ သမိုင်းဥပမာတစ်ခုအား ဆက်လက်ရှု့စားကြည့်ပါ။ ဒေသတစ်ခုတွင် ပေါ့ပ်ရွေးချယ်ပွဲပြုရာ၌ အကြီး အကျယ် အချင်းပွားနေကြသည်။ နောက်ဆုံး မဲနှိုက်ဆုံးဖြတ်ရာတွင် ပင်လယ်ဓါးပြတစ်ဦး မဲပေါက်သွား၏။ ၎င်း၏အမည်မှာ ဂျွန်ဖြစ်ရာ ၎င်းအား ဂျွန်နှစ်ဆယ့်သုံး ဟု လူသိများကြသည်။ ဆိုလိုသည်မှာ- ပညာတတ်ခြင်း၊ ဘာသာရေးကိုင်းရှိုင်းခြင်း စသည့်အချက်များ မလိုအပ်ပေ။ တာဝန်ခံအဖွဲ့အစည်း၏ ဆုံးဖြတ်ချက်သာလျှင် အဓိကဖြစ်သည်။
၂။ ပေါ့ပ်အား အပြစ်ကင်းစင်သူဟု သတ်မှတ်ထားခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းပေါ့ပ် သာလျှင် ချက်စ်ကျောင်းတော်၏ အမှု့ကိစ္စအဝဝအား ဦးဆောင်၍ ပြုနေရသည်။ ချက်စ်ကျောင်းတော် ဆိုသည်မှာ တမန်တော်အီစာ(အ)၏ ဆယ့်နှစ်ပါးမြောက် ခလီဖဟ် ပီတာ၏ ကိုယ်စားရပ်တည်နေရသည်။ ထို့ကြောင့် ၎င်းပေါ့ပ်အား အပြစ်ကင်းစင်သူဟူ၍ သတ်မှတ်ထားကြသည်။ ရိုမန်ကက်သလစ်နွယ်ဝင်များ၏ ယုံကြည်ချက်မှာ ပေါ့ပ်သည် ဘာသာရေးကိစ္စတိုင်းတွင် အပြစ်ကင်းစင်သူဖြစ်သည်။ ဆိုလိုသည်မှာ ကျန်ရှိ လောကီရေးရာကိစ္စတို့တွင် အမှားကျူးလွန် အပြစ်မကင်းဖြစ်နိုင်သည်။ ထိုသို့ အပြစ်ကင်းစင် သူအား Infallible ( ချောလဲမကျနိုင်သူ )ဟူ၍ ရေးသားပြောဆိုလေ့ရှိကြသည်။
၃။ ပေါ့ပ်သည် ဥပဒေအား ရှင်းပြပေးသူတစ်ဦး ဖြစ်သည်သာမက ဥပဒေချမှတ်၊ပြဌာန်းပေးနိုင်သူ လည်း ဖြစ်၏။ ပေါ့ပ်သည် မည်သည့် ဥပဒေကိုမဆို ပြဌာန်းခွင့်ရှိ၏။ ထိုသို့ပြုရာတွင်လည်း ၎င်းပေါ့ပ်အား အပြစ်ကင်းစင်သူဟူ၍ မှတ်ယူယုံကြည်ထားကြသည်။ ပေါ့ပ်မဖြစ်မှီ အပြစ်များ မကင်းစင်သော် လည်း ပေါ့ပ်ဖြစ်ပြီးနောက် အပြစ်ကင်းသူဖြစ်သွားတော့သည်။
၎။ အကယ်၍ အုပ်ချုပ်သူတစ်ဦးတစ်ယောက်သည် ၎င်းပေါ့ပ်၏ အမိန့်တစ်ခုအား လက်မခံပဲ ဆန့်ကျင်ခဲ့ပါမူ ထိုသူအား တရားသစ်တီထွင်သူဟု သတ်မှတ်ကာ ရာထူးမှ ဖြုတ်ချပစ်ကြသည်။
၅။ ထိုသို့ ပေါ့ပ်ရွေးချယ်တင်မြှောက်ပွဲတွင် အနှောက်အယှက်၊ အဟန့်အတားများ မဖြစ်ပေါ်လာစေရန် အဖွဲ့အစည်းတစ်ခုအား တည်ထောင်ထားကြသည်။ အထိုအဖွဲ့အစည်းအား inquisition (နှိုက်နှိုက်ချွတ်ချွတ်စုံစမ်း၊စီစစ်ရေးအဖွဲ့) ဟုခေါ်ဆိုကြသည်။ ထိုအဖွဲ့အစည်းသည် လူပုဂ္ဂိုလ် တစ်ယောက်တိုင်း၏ အသေးစိတ်အခြေအနေတို့အား လေ့လာစောင့်ကြပ်ကြည့်ရှု့နေသည်။ မောင်ဖြူ မည်သည့်ယုံကြည်ချက်အား လက်ခံကျင့်သုံးနေပါသနည်း။ တစ်ဦးတည်းရှိနေစဉ် မည်ကဲ့သို့ စကားများ ပြောဆိုလေ့ရှိသနည်း။ မည်သည့်စာအုပ်များအား လေ့လာဖတ်ရွတ်သနည်း။ မည်သူနှင့် အဆက်အသွယ်ပြုလုပ်တတ်သနည်း။ နိုင်ငံခြားသွားတတ်ပါက မည်သူနှင့်တွေ့၍ မည်ကဲ့သို့ လုပ်ရပ်များ တွင် ပါဝင်လုပ်ဆောင်တတ်ပါသနည်း။...... စသည်ဖြင့် လူတစ်ယောက်တိုင်း၏ အခြေအနေ အရပ်ရပ်အား လေ့လာနေသည်။ အကယ်၍ တစ်စု့တစ်ယောက်သည် ၎င်းတို့အား ဆန့်ကျင်၊ ဒုက္ခပေးနိုင်သည်ဟု ထင်မြင်ရပါက ထိုသူ့အား ဖမ်းဆီးချုပ်နှောင်၍ အရေခွံခွာကြတော့လေသည်။ လက်သည်းများအား လှန်ပစ်ကြသည်။ အရှင်လတ်လတ် မီးရှို့သတ်ကြသည်။ အချုပ်ဆိုရသော် ညှင်းပမ်းနှိပ်စက်နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်ကြပြီး ကွပ်မျက်ပစ်ကြသည်။ ထိုသို့ ပြုလုပ်ခြင်း အားဖြင့် ပေါ့ပ်ရွေးချယ်ရာတွင် မည်သည့်အနှောက်အယှက်၊ အဟန့်အတားမှ မရှိတော့ပဲ နှစ်သက်သူ အား ရွေးနိုင်ပေသည်။ ပေါ့ပ်အဖြစ် တင်မြှောက်ပြီးနောက် ကန့်ကွက်ဆန္ဒပြမည့်သူလည်း မကျန်ရှိနိုင်ပေ။ ကျန်ရှိပါကလည်း ထိုသူအဖို့ ရေငုံနှုတ်ပိတ်နေယုံမှလွဲ၍ အခြားလမ်းကျန်တော့မည်မဟုတ်တော့ပေ။
သမိုင်းစာမျက်နှာများရှိ ဥပမာတစ်ခုအား ရှု့စားကြည့်ပါလေ။ ၁၄ရာစု၊ ၁၅ရာစုနှစ်များအတွင်း ဘိုင်ဘလ် ကျမ်းအား ဘာသာပြန်ခြင်းကို အပြစ်တစ်ခုဟု မှတ်ယူထားကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဘိုင်ဘလ်ကျမ်းအား ဘာသာပြန်ဆိုခွင့်မရှိပေ။ ဘာသာပြန်ဆိုရန် ကြိုးပမ်းသူများအား တားမြစ်ပိတ်ပင်ကြသည်။ တားမြစ်၍မရနိုင်ပါက ထိုသူအား Heretic (မိစ္ဆာဒိဋ္ဌိ) သာသနာ အသစ်တီထွင်သူဟူ၍ သတ်မှတ်ကြသည်။ နားလည်သင့်သောအချက်မှာ ၎င်းတို့ထံတွင် သာသနာအသစ်တီထွင်သူဟု သတ်မှတ်ခြင်း၏ ဆိုလိုရင်းမှာ ၎င်းသည် သေဒဏ်ထိုက်သူဖြစ်သည်။ ထိုသို့ တားမြစ်၇ခြင်း၏ အကြောင်းမှာ ဘိုင်ဘလ်ကျမ်း၏ မူရင်းအား အခြားသူများသိရှိမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်သည်။ အခြားသူများ သိသွားပါက ခရစ်ယှာန်ဘာသာဝင်များအား ဘိုင်ဘလ်တွင် ပါရှိသော အမိန့်တော်အတိုင်း အဘယ်ကြောင့်မပြုသနည်းဟူ၍ စောဒက တက်ကြမည်ဖြစ်သည်။ မည်သူကိုမှ ဘိုင်ဘလ်ကျမ်းအား သိရှိနားလည်ခွင့် မပေးပဲ မိမိတို့ ဖွင့်ဆိုသည့်အတိုင်း ထားနိုင်လျှင် ထိုသို့စောဒက မတတ်နိုင်တော့ပေ။ သို့သော် တားမြစ်ပိတ်ပင်ချက်များစွာ ရှိသည့်တိုင် ဘိုင်ဘလ် ကျမ်းအား ခိုးဝှက်၍ ဘာသာပြန်သူများလည်း ရှိကြ၏။ ထိုထဲတွင် John Huss သည်လည်း အပါအဝင်ဖြစ်သည်။ ထိုသို့ ဘိုင်ဘလ်ကျမ်းအား ခိုးဝှက်၍ ဘာသာပြန်ခဲ့သောကြောင့် အရင်လတ်လတ် မီးရှို့သတ်ခံခဲ့ရသည်။
ဤသည် ခရစ်ယှာန်ဘာသာဝင်တို့၏ သီအိုခရေစီမှ သိသင့်သော်အချက်များပင်ဖြစ်သည်။ ကျွန်တော်တင်ပြခဲ့သော အကြောင်းအရာများအား ဖတ်ရှု့၍ စာရှု့သူများ ခွဲဝေဆုံးဖြတ်ကြည့်ပါ။ အစ္စလာမ်သာသနာ၏ ရှရီအသ်လမ်းစဉ်အတိုင်း အုပ်ချုပ်ခြင်းနှင့် ဘာသာခြားတို့၏ သီအိုခရေစီဝါဒဖြင့် အုပ်ချုပ်ခြင်းမှာ အဘယ်မျှကွာခြားသနည်း။ ခရစ်ယှာန်များ ကျင့်သုံးခဲ့သောသီအိုခရေစီ၊ အခြားဘာသာဝင်များ ကျင့်သုံးခဲ့သော သီအိုခရေစီနှင့် အစ္စလာမ့်ရှရီအသ်အတိုင်း အုပ်ချုပ်မှု့မှာ မိုးနှင့်မြေကွာဝေးသကဲ့သို့ ကွာခြားလှသည်။ အမှန်စင်စစ် အနောက်တိုင်းဝါဒီများ အော်ဟစ်နေသော သီအိုခရေစီမှာ အစ္စလာမ့်အုပ်ချုပ်ရေးစနစ်နှင့် လုံးဝမနှိုင်းယှဉ်သင့်ပေ။ ထိုသို့နှိုင်းယှဉ်ခြင်းမှာ လုံးဝ (လုံးဝ) အခြေအမြစ် မရှိပေ။ ထို့အပြင် ၎င်းတို့ အော်ဟစ်ဆူညံနေရခြင်းမှာလည်း အစ္စလာမ့်အုပ်ချုပ်ရေးစနစ် ကမ္ဘာလွှမ်းမည်ကို စိုးရိမ်နေကြခြင်းသာ ဖြစ်ကြောင်း သိနိုင်ပေသည်။ အကြီးဆုံး ကွာခြားချက်အချို့အား စာရှု့သူတို့ သိသာမြင်သာစေရန် တင်ဆက်ပေးလိုက်ပါသည်။ ကွာခြားမှု့အားလုံးအား တင်ပြရန် မစွမ်းသာသော အခြေနေဖြစ်သောကြောင့် အနည်းငယ်သာ တင်ပြပေးနိုင်ခြင်းအား နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်လိုပါသည်။
အစ္စလာမ့် အုပ်ချုပ်ရေးနှင့် ဘာသာခြားတို့၏ သီအိုခရေစီ ကွာခြားပုံအကျဉ်း
၁။ ဘာသာခြားတို့၏ ကျမ်းများတွင် အုပ်ချုပ်ရေးဆိုင်ရာ အမိန့်ပညတ်ချက်များ အနည်းငယ်ပါရှိ၍ အစ္စလာမ်သာသနာတွင်မူ ကုရ်အာန်၊ဟဒီးဆ်တော်များ၍ ခေတ်ကာလတိုင်းအတွက် လုံလောက်သော အမိန့်တော်များပါရှိနေသည်။၂။ ဘာသာခြားတို့၏ လမ်းစဉ်တွင် ဘာသာရေးခေါင်းဆောင်များသည် သာသနာပိုင်များဖြစ်ကြပြီး၊ အစ္စလာမ်သာသနာတွင်မူ ထိုကဲ့သို့မဟုတ်။ ကုရ်အာန်၊ဟဒီးဆ်တော်များတွင် ရှင်းလင်းပြတ်သားစွာ အမိန့်ပါရှိနေပါက ဝင်ရောက်စွက်ဖက်ခွင့်လုံးဝမရှိပေ။
၃။ ဘာသာခြားတို့၏ လမ်းစဉ်တွင် ဥပဒေပြဌာန်းခြင်း၊ အမိန့်ပညတ်ချက်ထုတ်ပြန်ခြင်း၌ ဘာသာရေးခေါင်းဆောင်တို့အား ကန့်ကွက်ပိုင်ခွင့်မရှိ။ သို့သော် အစ္စလာမ်သာသနာတွင်မူ သတ်မှတ်ထားသော စည်းကမ်းနှင့် ကိုက်ညီသောသူတိုင်း ကန့်ကွက်နိုင်ပြီး မလိုက်နာပဲ နေခွင့်ရှိသည်။ (ဥပမာအားဖြင့် မဇ်ဟဗ်လေးပါးဖြစ်ပေါ်လာခြင်းနှင့် သာသနာ့ပညာရှင်များ၏ အကွဲအလွဲများအား ကြည့်ရှု့နိုင်သည်။)
၎။ သီအိုခရေစီဝါဒတွင် ဥပဒေပြဌာန်းရန် သို့မဟုတ် တရားတော်ဆိုင်ရာ အမိန့်တစ်ခု ထုတ်ပြန်အတွက် သီးသန့်ဌာနထားရှိကြသည်။ ထိုအဖွဲ့အစည်း သို့မဟုတ် ခေါင်းဆောင်၏ ထုတ်ပြန်မှု့သာ အတည်ဖြစ်ရသည်။ သို့သော် အစ္စလာမ့် အုပ်ချုပ်ရေးစနစ်တွင် ထိုကဲ့သို့မဟုတ်။ ယနေ့ခေတ်ရှိ ဖသ်ဝါဌာနများဆိုသည်မှာလည်း ဥပဒေခုံရုံးများကဲ့သို့သာ ဖြစ်၏။ အခြေခံချင်း လုံးဝမတူပေ။
၅။ ခရစ်ယှာန်တို့၏ သီအိုခရေစီတွင် ဘာသာရေးခေါင်းဆောင် (ပေါ့ပ်)များမှာ အပြစ်ကင်းစင် သူများဖြစ်ကြသည်။ သို့သော် အစ္စလာမ်သာသနာတွင် နဗီတမန်တော်များမှအပ မည်သူတစ်ဦးမှ အပြစ်ကင်းသူမဟုတ်ပေ။ ကွာခြားမှု့၏ ရလဒ်မှာ ခရစ်ယှာန်ဘာသာဝင်များအဖို့ ပေါ့ပ်၏ ဆုံးဖြတ်ချက်သည် ဘုရားသခင်၏ အမိန့်တော်နှင့် ထပ်တူဖြစ်ပြီး ဆန့်ကျင်ရန် လုံးဝမဖြစ်နိုင်။ သို့သော် အစ္စလာမ်သာသနာတွင်မူ သာသနာ့ပညာရှင်တစ်ဦး၏ ဖသ်ဝါပေးမှု့မှာ ကိုယ်ပိုင်စူးစမ်းလေ့လာမှု့ အပေါ်ရလာသော ရလဒ်တစ်ခုသာ ဖြစ်ပြီး အရည်အချင်းပြည့်ဝသူအဖို့ ဆန့်ကျင်ပိုင်ခွင့်ရှိသည်။
၆။ ဘာသာခြားတို့တွင် အမိန့်တော်ထုတ်ပြန်ခွင့်၊ ဥပဒေရှင်းလင်းပြသခွင့်တို့သည် မျိုးရိုးအပေါ်တွင် လည်းကောင်း၊ မွေးရပ်မြေအပေါ်တွင်လည်းကောင်း အခြေခံသောကြောင့် ခွဲခြားမှု့များစွာရှိ၏။ သို့သော် အစ္စလာမ်သာသနာတွင်မူ ပညာတတ်ကျွမ်းနားလည်မှု့သာ အဓိကဖြစ်သည်။ လူဖြူ၊လူမဲ ခွဲခြားမှု့၊ နေရာဒေသ ခွဲခြားမှု့တို့ အလျင်းမရှိ။
၇။ ဘာသာခြားတို့တွင် အမိန့်တော်ထုတ်ပြန်ခြင်းမှာ ခေါင်းဆောင်တစ်ဦးနှင့်သာ သက်ဆိုင်သည်။ ထုတ်ပြန်လိုက်သည်နှင့် မည်သည့်စောဒကမှ အကျုံးမဝင်တော့ပေ။ သို့သော် အစ္စလာမ်သာသနာတွင်မူ အမိန့်ထုတ်ပြန်ပုံမှာ ထိုသို့မဟုတ်။ မြောက်များစွာသော သာသနာ့ပညာရှင်များရှေ့တွင် မွဂ်ျသဟစ်ဒ် သည် မိမိ၏လေ့လာစူးစမ်းချက်အား တင်ပြရသည်။ အထောက်အထားများ ခိုင်မာ၏။ မခိုင်မာ၏အား အခြေပြု၍ အပြန်အလှန်ဆွေးနွေးမှု့များ ပြုကြရသည်။ နောက်ဆုံးတွင် သာသနာ့ပညာရှင်များ ယုံကြည် စိတ်ချရသော အထောက်အထားပေါ်မူတည်၍ ဆုံးဖြတ်ချက်ချကာ ထိုအမိန့်အား ထုတ်ပြန်ကြသည်။
၈။ ဘာသာခြားတို့တွင် အမိန့်တော်ထုတ်ပြန်ခြင်းအား ဆန့်ကျင်သူလာမည့်သူများကို ကွပ်မျက်သည့် စနစ်ရှိပြီး၊ အစ္စလာမ်သာသနာတွင်မူ နားလည်တတ်ကျွမ်းပါက စင်မြင့်တွင်နေရာပေးခံရသည်။
ဤဖော်ပြပါ ကွာခြားချက်များသည် အပေါ်ယံကြည့်ရုံဖြင့် သိသာနိုင်သော အချက်များသာ ဖြစ်ပြီး၊ နားလည်လွယ်သော အချက်များလည်းဖြစ်သည်။ ထို့အချက်များအပြင် မြောက်များစွာသော အခြေခံမတူသော အချက်များ ရှိနေပေသေးသည်။ (အင်န်ရှာလာ အခြေအနေအရ ဆက်လက်တင်ပြသွားရန်ဆန္ဒရှိပါသည်။)
အားအင်ချိနဲ့သူဖြစ်သောကြောင့် ရေးသားရာတွင် အမှားအယွင်းများ ရှိခဲ့သော် ကျွန်တော့်အား တိုက်ရိုက်ပြောကြားခြင်းဖြင့် ပြင်ဆင်ခွင့်ပေးကြပါ။ စာဖတ်သူတိုင်း၏ ဝေဖန်ပြောကြားမှု့များအားလုံးအား ဂရုတစိုက်ဖြင့် နားစွင့်နေပြီး၊ ဝမ်းမြောက်စွာ ကြိုဆိုလျှက်ရှိပါသည်။ ဤအကြောင်းအရာများနှင့် ပတ်သတ်၍ ကျွန်တော်နှင့် အမြင်မတူပါက မဝံ့မရဲဖြစ်ခြင်းမပြုကြပဲ ရဲရဲဝံ့ဝံ့ ဝေဖန်ပေးကြပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့အားလုံးသည် ဘာသာရေးလုပ်ငန်းများအား လုပ်ဆောင်နေကြရာ အမှားတစ်ခုအား မျက်ကွယ်ပြု၍ နေခြင်းဖြင့် အခြားသူများ လမ်းမှားသို့ ရောက်နိုင်ပေသည်။ ကိုယ်တိုင်လည်း လမ်းမှားမလျှောက်နှင့် တစ်ပါးသူအားလည်း မိမိကြောင့် လမ်းမမှားစေနှင့် ဟူသော သတိပေးဆုံးမစကားအား လက်ကိုင်ပြုသင့်သည်။ လူသားဆိုသည်မှာ အမှားနှင့် ကင်းနိုင်မည်မဟုတ်။ အထူးသဖြင့် အမြင်၊ဝါဒ အတွေးအခေါ်မှားနေပါက လုပ်ရပ်များအားလုံးသည် မှားနေမည်သာဖြစ်သည်။ ထို့ကြောင့် အထူးသတိပေးပြောကြားလိုသည်မှာ စစ်မှန်သော သာသနာပေါ်တွင် လျှောက်လှမ်းလိုပါက မိမိ မှားနေလျှင် ပြင်ဆင်ရမည်။ မိမိကဲ့သို့ အခြားတစ်ဦး မှားယွင်းနေလျှင်လည်း ပြင်ဆင်ရန် ပြောဆိုရဲ ရမည်။ မှားသည်ကို သိပါလျှက်နှင့် အမှားအတိုင်း ဆက်လျှောက်နေမည် (သို့မဟုတ်) တစ်ပါးသူ မှားနေသည်ကို မျက်ကွယ်ပြုကာ သိသူဖော်စား မသိသူကျော်သွား လုပ်မည်ဆိုပါက စစ်မှန်သော အစ္စလာမ့်လမ်းစဉ်နှင့် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထို့အပြင် ဘာသာရေးကိစ္စများနှင့် အခြားအခြားသော ကိစ္စများတွင် သံယောင်လိုက်ခြင်းမပြုပဲ တတ်သိနားလည်သူတို့အား မေးမြန်းသင့်သည်။ နားလည်သင့်သည်ကို နားလည်အောင် ကြိုးစားသင်ယူသင့်သည်။ ထိုသို့ မသင်ယူ၊ မမေးမြန်းပဲ အများပြောသောစကားများအား အဟုတ်ထင်မည်။ သို့မဟုတ် ပညာတတ်ဟု အသိမှတ်ပြုခံထားရသောကြောင့် ဟုတ်သယောင်ယောင်နှင့် နာခံလိုက်မည်ဆိုပါက ကျွန်တော်တို့၏ ဘဝရှေ့ရေးသည် လုံးဝ မတွေးဝံ့စရာ ဖြစ်ရတော့မည်။ ဘေး စကားကို ယုံကြည်ခြင်းဖြင့် မည်မျှ ဆိုးကျိုးဖြစ်သည်ကို သမိုင်းစာမျက်နှာများစွာတွင်လည်းကောင်း၊ ပညာပေး ပုံပြင်များတွင်လည်းကောင်း ကျွန်တော်တို့ ဖတ်ရှု့သိရှိပြီး ဖြစ်သည်။ ထိုအကြောင်းအရာ တို့အား သံဝေဂတရားယူပြီး ကျွန်တော်တို့၏ ဘဝအား ပြင်ဆင်သွားကြရမည်။ ထို့အတူ ခေတ်ကာလ၏ ရေစီးကြောင်းအတိုင်း လိုက်မျောနေခြင်းဖြင့် ကျွန်တော်တို့၏ အဓိကပန်းတိုင် ဆုံးရှုံးသွားနိုင်သည်။ ကျွန်တော်တို့၏ ပန်းတိုင်သည် အာခေရသ်ဖြစ်လျှင် အနောက်တိုင်းလမ်းစဉ်တစ်ခု မည်မျှပင် ရေပန်းစားနေစေကာမူ သာသနာ့လမ်းစဉ်သာလျှင် ကျွန်တော်တို့ လမ်းစဉ်ဖြစ်ရမည်။ တမန်တော်မြတ်(ဆွ)နှင့် ဆွဟာဗဟ်များ၏ လမ်းစဉ်သာလျှင် ကျွန်တော်တို့၏ လမ်းစဉ်ဖြစ်ရမည်။ အစ္စလာမ်သာသာသည် အခြားဘာသာများကဲ့သို့ဆင်းရဲသော၊မွဲတေနေသော သာသနာတစ်ခုမဟုတ်ပေ။ အနောက်တိုင်း အယူဝါဒတစ်ခုအား မွေးစားပြီး အစ္စလာမ့်ဘောင်သွင်းရန်မလိုအပ်။ ထို့ကြောင့် အစ္စလာမ့်အုပ်ချုပ်ရေးစနစ်အား ထိပါးပြောဆိုလာပါလျှင် ကျွန်တော်တို့အားလုံး ဆန့်ကျင်မှု့ပြုကြပါဟု တိုက်တွန်းရင်း ယခုအပတ် သီအိုခရေစီအားလေ့လာခြင်းအား တခန်းရပ်လိုက်ရပါသည်။
(အင်န်ရှာအလ္လာဟ် တတိယအယူဝါဒဖြစ်သော ဒီမိုကရေစီအား ဆက်လက်တင်ပြပေးမည်ဖြစ်ပါသည်။ သို့သော် လာမည့်အပတ်တွင် လပတ်စာမေးပွဲများရှိသောကြောင့် ပို့စ်အသစ်တင်နိုင်မည်မဟုတ်ကြောင်း၊ စာရှု့သူများ ကျွန်တော်ဘရှီးလေးအား မိမိတို့ ဒိုအာများတွင် အတတ်နိုင်ဆုံး သတိရ ကြပါရန် မေတ္တာရပ်ခံရင်း တောင်းဆိုလိုက်ရပါသည်။)
ကျွန်တော်တို့အားလုံးအား မြင့်မြတ်တော်မူသော အရှင်မြတ် လမ်းမှန်ပေါ်တွင် နောက်ဆုံးထွက်သက် အထိ လျှောက်လှမ်းနိုင်ခွင့်ပေးသနားတော်မူပါစေ။ အာမီးန် စွမ္မ အာမီးန်
ဘရှီးလေး
မေမြို့
မေမြို့
Post a Comment