بسم الله الرحمن الرحيم
အုပ်ချုပ်မှု့ပိုင်းဆိုင်ရာ နည်းစနစ်တို့တွင် လက်ရှိ အကျော်ကြားဆုံး၊ နာမည်အရဆုံး နည်းစနစ် အား ပြပါဆိုလျှင် ဒီမိုကရေစီ (ပြည်သူ့အာဏာစနစ်) ကိုသာပြရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ခေတ်တွင် ဒီမိုကရေစီဝါဒအား လက်မခံလျှင် နိုင်ငံရေးလောက၌ ကာဖရ်အဆင့် ရောက်ရသည်။ ဒီမိုကရေစီအား လက်ခံခြင်းသည် နိုင်ငံရေးလောက၏ ကလီမဟ် သွိုင်ယေဗဟ် ဖတ်ခြင်းဖြစ်နေ၏။ ဤမျှ ကျော်ကြားနေသော အုပ်ချုပ်ပုံနည်းစနစ်၊ အယူဝါဒတစ်ခုအား ကျွန်ုပ်တို့ အခြေခံအားဖြင့် သိထားသင့်ပေသည်။ သို့မှသာ ဒီမိုကရေစီဝါဒီများ ဖြားယောင်းသွေးဆောင်မှု့တွင် အလှည့်စား မခံရမည်ဖြစ်သည်။ ထို့အပြင် အစ္စလာမ်သာသနာတွင် ဒီမိုကရေစီ ကူးစက်ပိုး စွဲကပ်ခြင်းမှ ကာကွယ်နိုင်မည်။ အစ္စလာမ့် အုပ်ချုပ်ရေးနည်းစနစ်အား ကျွန်ုပ်တို့ တန်ဖိုးထား၊မြတ်နိုးလာကြမည်။ အကယ်၍ ဘာသာခြားများနှင့် (အထူးသဖြင့်) အနောက်တိုင်း ဆေးဆိုးပန်းရိုက်ခံထားရသူများ အစ္စလာမ့် ရှရီအသ်အတိုင်း အုပ်ချုပ်မှု့အပေါ် စောဒကတက်လာခဲ့သော် ကောင်းစွာ အဖြေပေးနိုင်မည်။ သို့သာမက ကျွန်ုပ်တို့ အားလုံး၏ နှလုံးသားထဲတွင် အစ္စလာမ်သာသနာသည် ပြည့်စုံသော သာသနာတစ်ခုဖြစ်ကြောင်း မှတ်ကျောက်တင်နိုင်မည်ဖြစ်သည်။မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီအား လက်မခံလျှင် ကျွန်ုပ်တို့အား အရူးသတ်မှတ် အပြောဆိုခံ ရမည်မှာ သေချာသည်ထက် သေချာ၏။ သို့သော် ကျွန်ုပ်တို့သည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြရာ အစ္စလာမ့်ချစ်စိတ်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်နေနေရမည်။ မည်သို့သော အယူဝါဒဖြစ်ပါစေ အစ္စလာမ်နှင့် ဆန့်ကျင်လာပါက လက်မခံသင့်။
သမိုင်းအား အနည်းငယ်လေ့လာဖူးသူတိုင်း သိကြမည်ဖြစ်သည်။ နယ်ချဲံကိုလိုနီတို့ ကမ္ဘာတခွင် လှည့်လည်သိမ်းပိုက်နေသောအချိန်၌ အသိမ်းပိုက်ခံ နိုင်ငံများတွင် မျိုးချစ်စိတ်ဓါတ် ရှင်သန် ထက်မြက်သော ခေါင်းဆောင်များစွာ ပေါ်ထွက်လာ ခဲ့သည်။ နယ်ချဲ့တို့၏ အတွေးအခေါ်၊ ယဉ်ကျေးမှု့တို့အား ဆန့်ကျင်ခဲ့သူ အမျိုးသားခေါင်းဆောင်များ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့၏ ကျိုးပမ်းမှု့နှင့် မျိုးချစ်စိတ်ဓါတ်ရှိပုံတို့အား သမိုင်းဖတ်ရှု့သူတိုင်း မချီးမွမ်းပဲ မနေနိုင်ဖြစ် ရ၏။ မြန်မာနိုင်ငံတွင် ကုတ်အင်္ကျီနှင့် ဘောင်းဘီရှည် ဝတ်ဆင်ခြင်းအား တိုက်ပုံနှင့်ပုဆိုး ဆင်မြန်းခြင်းဖြင့် လည်းကောင်း၊ ဘွတ်ဖိနပ်စီးခြင်းအား ခုံဖိနပ်စီးဖြင့်လည်းကောင်း စသည်ဖြင့် သေးငယ်သော မပြောပလောက်သော ဝတ်စားဆင်ယင်မှု့မှစ၍ အတွေးအခေါ်၊ ဘာသာစကား၊ နိုင်ငံအုပ်ချုပ်ပုံဆိုင်ရာ စည်းမျဥ်းစည်းကမ်း၊ ဘာသာရေးအယူဝါဒများအထိ နယ်ချဲ့တို့အား ဆန့်ကျင်ခဲ့ကြသည်။ ထိုသို့ မျိုးချစ်စိတ်ဓါတ်ရှိကြသူများအား ယနေ့တိုင် ကျွန်ုပ်တို့ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေသည်။ ကာဖရ်နိုင်ငံများ ဖြစ်ကြသော တရုတ်၊ပြင်သစ် အစရှိသည့် နိုင်ငံများတွင် ယနေ့တိုင် အင်္ဂလိပ်စာပေအား လွှမ်းမိုးခွင့်မပေးပဲ မိမိတို့၏ စာပေအား တမြတ်တနိုးဖြင့် ကာကွယ်စောင့်ရှောက်မှု့ ပြုနေကြသည်။ ထို့အတူ နိုင်ငံများစွာတွင် အခြားသူများ၏ ယဉ်ကျေးမှု့၊အတွေးအခေါ် မပြန့်ပွားရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး စသည်တို့အား အထူးဂရုပြု၍ ကဏ္ဍအသီးသီး၊ ဌာနမျိုးစုံဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြသည်။
ထို့ကြောင့် ကျွန်ုပ်တို့ အစ္စလာမ်ဘာသာဝင်များသည်လည်း ဘာသာရေး ထိပါးစေနိင်သော အယူဝါဒ၊ ယဉ်ကျေးမှု့တို့အား ဆန့်ကျင်ကာ အစ္စလာမ့် ယဉ်ကျေးမှု့၊ လူနေမှု့စနစ်၊ အစ္စလာမ့်အတွေးအခေါ်၊ အယူဝါဒတို့အား ထိန်းသိမ်းစောင့်ရှောက်သင့်ပေသည်။ ထိုသို့ ထိန်းသိမ်း စောင့်ရျောက်ခြင်းဖြင့် အစ္စလာမ့်ဂုဏ်ရည် အဓွန့်ရှည်စေမည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့အားလုံးသည်လည်း ပျက်စီးမှု့အပေါင်းမှ ဝေးကွာနိုင်မည်ဖြစ်သည်။
(မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံး၌ မျိုးချစ်စိတ်ဓါတ် ရှင်သန် ထက်မြက်စေတော်မူပါ။ ထို့အပြင် ဖြားယောင်းသွေးဆောင်သူများ၏ လှည့်ကွက်အမျိုးမျိးအား သိမြင် နားလည်ပြီး ရှောင်ကွင်းနိုင်စွမ်း ချီးမြင့်ပေးသနားတော်မူပါစေ။ အစ္စလာမ် သာသနာအား အဖက်ဖက်မှ ကာကွယ်စောင့်ရှောက်ပြီး မွတ်စ်လင်မ်တမျိုးသားလုံးအား အတွေးအခေါ် ခြစားခြင်းမှ ကာကွယ်တော်မူပါ။)
ဒီမိုကရေစီအကြောင်း စတင်လေ့လာကြည့်ကြပါစို့.....။
ဦးစွာ ပထမ ဒီမိုကရေစီအား လေ့လာကြမည့် ပုံစံကို အကျဉ်းချုံး တင်ပြလိုက်ပါသည်။
၁။ ဒီမိုကရေစီဆိုတာ ဘာလဲ။
၂။ ဒီမိုကရေစီ ဖြစ်ပေါ်လာရသည့် အခြေခံ အတွေးအခေါ်များ။
၃။ ဒီမိုကရေစီ ရေပန်းစားလာပုံ။
၎။ ဒီမိုကရေစီဝါဒ၏ ရေးကြီးသောကဏ္ဍများ။
၅။ ဒီမိုကရေစီ၏ ပုံစံများ။
၆။ သုံးသပ်ချက်များ။
ထို့နောက် အစ္စလာမ့် အုပ်ချုပ်ပုံ နည်းစနစ်အား လေ့လာကြမည် ဖြစ်သည်။ သို့သော် ဘလော့ဂ်တွင် စီရသ်၊ ပညာပေးပုံပြင်များ၊ သဆောင်ဝုဖ် အစရှိသည့် ကဏ္ဍများတွင် ဖြည့်စည်းပေးပါ ရန် မေတ္တာရပ်ခံ တောင်းဆိုမှု့များလာသောကြောင့် ဤကဏ္ဍနှင့် ပတ်သတ်၍ အနည်းငယ်ဆိုင်းငံ့ ထားမည် ဖြစ်ပါသည်။
၁။ ဒီမိုကရေစီဆိုတာ ဘာလဲ။
ဒီမိုကရေစီဆိုသည်မှာ Demo နှင့် Cracy ဟူသော ဂရိစကားလုံးနှစ်လုံး ပေါင်းစီးထားသည့် အင်္ဂလိပ်အသုံးအနှုံးတစ်ခုဖြစ်၏။ ဂရိစာပေတွင် Demo ဆိုသည်မှာ ပြည်သူလူထု ဟူ၍ အဓိပ္ပါယ်ရပြီး Cracy ဆိုသည်မှာ အုပ်ချုပ်ပိုင်ခွင့်၊ အခွင့်အာဏာဟူ၍ အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ဒီမိုကရေစီအား မြန်မာဘာသာဖြင့် ပြည်သူ့အာဏာစနစ် ဟူ၍ ရေးသားပြောဆိုကြပေသည်။ သို့သော် Democracy ၏ ပြည့်စုံသော ဖွင့်ဆိုချက်အား တင်ပြပါဟု ပြောဆိုလာလျှင် ဖွင့်ဆိုချက်များစွာကို တင်ပြရပေမည်။ နိုင်ငံရေးပညာ့ရှင်များ၏ ဖွင့်ဆိုချက်အမျိုးမျိုးရှိနေပြီး ဖွင့်ဆိုချက်တို့သည် ညှိမရအောင် ကွဲပြားနေသည်။ ထို့ကြောင့် ဖွင့်ဆိုချက်များအား မတင်ပြတော့ပဲ အခြေခံသဘောတရားအား တင်ပြလိုက်ပါသည်။ ထိုဖွင့်ဆိုချက်များအား ခြုံငုံကြည့်လျှင် ပြည်သူလူထုအား အရေးပေးခြင်း ၊ ပြည်သူ့ဆန္ဒအား ထိပ်တန်းတင်ခြင်းကို တွေ့မြင်ရမည်ဖြစ်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီ၏ အခြေခံအယူဝါဒသည် ယနေ့မှ ပေါက်ဖွားလာသည် မဟုတ်ပဲ ရှေးယခင်ခေတ်များစွာ ကတည်းက ရှိခဲ့ကြောင်း သိနိုင်ပေသည်။
လေတိုက်တိုင်းမယိမ်းရ အပိုင်း(၁) တွင် ပလေတို ရေးသားခဲ့သော စာအုပ်တစ်အုပ်ရှိကြောင်း ထိုစာအုပ်သည် Republic အမည်ဖြင့် ကျော်ကြားကြောင်း ဖတ်ရှု့ပြီး ဖြစ်ပေမည်။ သို့သော် ထိုခေတ်ကာလရှိ ပြည်သူလူထုဆန္ဒအား ဦးစားပေးမှု့မှာ ယနေ့ခေတ် ဒီမိုကရေစီဝါဒကဲ့သို့ မဟုတ်ပေ။ ဦးစားပေးမှု့ ရှိသော်လည်း အတိုင်းအတာတစ်ခုထိသာ ရှိခဲ့သည်။ ထို့အပြင် ထိုခေတ်ကာလရှိ အုပ်ချုပ်မှု့ နယ်ပယ်မှာလည်း ယနေ့ကဲ့သို့ မကျယ်ပြန့်ပေ။ မြို့တိုင်း၊ မြို့တိုင်းတွင် သီးသန့် အုပ်ချုပ်မှု့စနစ် ရှိခဲ့သည်။ လူဦးရေ တစ်သောင်းခန့် ရှိပါက မြို့အဖြစ် သတ်မှတ်လေ့ရှိကြပြီး ကိုယ်ပိုင်အုပ်ချုပ်မှု့စနစ်ဖြင့် သီးသန့်စီ ရှိနေခဲ့ကြသည်။ ထိုခေတ်ကာလတွင် အုပ်ချုပ်သူဘုရင်သည် အချို့အချို့သော စီရင်ချက်များ၊ အမိန့်ထုတ်ပြန်ချက်များတွင် တိုင်းသူပြည်သားများအား တိုင်ပင်လေ့ရှိသည်။ တိုင်းသူပြည်သားများ အနက်မှ ထောက်ခံသူများ၊ ကန့်ကွက်သူများ အပြန်အလှန် ဆွေးနွေးမှု့များ ပြုလုပ်ကြပြီးနောက် ဆုံးဖြတ်ချက်တစ်ခုအား ချကြသည်။ သို့သော် မည်ကဲ့သို့သော ကိစ္စများတွင် ပြည်သူ့ဆန္ဒ ထုတ်ဖော်ရမည်၊ မည်ကဲ့သို့သော ကိစ္စများတွင် ထုတ်ဖော်ရန်မလိုဟူ၍ မရှိခဲ့ပေ။ ဘုရင်သည် မိမိအတွေးအခေါ်၊ မိမိ ဆုံးဖြတ်ချက်ဖြင့်သာ ပြည်သူများ၏ ဆန္ဒမဲအား တောင်းခံလေ့ရှိသည်။
မည်သို့ပင်ဖြစ်စေ လူဦးရေ တဖြည်းဖြည်း တိုးပွားလာသည်နှင့် အမျှ တိုင်ပင်ခံအဖွဲ့အစည်းများဖွဲ့ခြင်း၊ အကြံပေးအရာရှိအမတ်များ ခန့်အပ်ခြင်း စသည်တို့ ပြုလုပ်လာရသည်။ အဘယ်ကြောင့်ဆိုသော် လူဦးရေများပြားသော နိုင်ငံ(မြို့) တစ်ခုရှိ ပြည်သူလူထုအားလုံးအား စုစည်းခြင်းသည် မဖြစ်နိုင်။ ဤသို့ဖြင့် ပြည်သူလူထုဆန္ဒမဲ တောင်းခံခြင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်မှု့များ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ၁၈ရာစုအစတွင် ပြည်သူ့အာဏာစနစ် တဖန်ခေတ်စား လာခဲ့သည်။ သို့သော် ရှေးယခင်ခေတ်များကဲ့သို့ မဟုတ်ပဲ ကျစ်လစ်ပီပြင်သော အသွင်ဆောင်ခဲ့ပြီး Liberal Democracy ဟု ပြောင်းလဲခေါ်ဝေါ်လာခဲ့ကြသည်။ ဤသည် ဒီမိုကရေစီ၏ အစပင်ဖြစ်တော့ပေသည်။
ဒီမိုကရေစီ ဖြစ်ပေါ်လာရသည့် အခြေခံ အတွေးအခေါ်များ။
ချက်ကျောင်းတော်ဝါဒ လွှမ်းမိုးချိန်တွင် ပြည်သူလူထုသည် မည်သည့်နိုင်ငံရေးမှ လုပ်ခွင့်မရှိကြောင်း၊ ချက်ကျော်ငးတော်ရှိ ဘာသာရေး ခေါင်းဆောင်ပြောဆိုသမျှအား လိုက်နာ၊ နာခံနေရကြောင်း လေတိုက်တိုင်းမယိမ်းရ။ အပိုင်း(၂) တွင် ဖတ်ရှု့ပြီး ဖြစ်ပေမည်။ ထိုသို့ ပြည်သူလူထု အတွက် ရွေးချယ်ရန် အခြားလမ်းမရှိသောကာလ၌ စပိန်နှင့် အခြားသောနိုင်ငံများမှ ပညာရပ်သစ်များ၊ အတွေးအခေါ်သစ်များ၊ နည်းပညာသစ်များ စတင်ဝင်ရောက်လာခဲ့ရာ ပြည်သူလူထုမှာ ကိုယ်ပိုင်တွေးခေါ် စဉ်းစားသုံးသပ်နိုင်သော ဘဝတစ်ခုအား ပိုင်ဆိုင်လာတော့လေသည်။ တဖက်တွင် ချက်စ်ကျောင်းတော်၏ ရက်စက်သော ပြစ်ဒဏ်များ၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှု့များ ရှိနေသော်လည်း ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်၍ လွတ်လပ်သော ဘဝတစ်ခုပိုင်ဆိုင်ရန် တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုသို့ ဒုက္ခခံတိုက်ပွဲဝင်သူများ တဖြည်းဖြည်း များပြားလာကာ ချက်စ်ကျောင်းတော်နှင့် ဘာသာရေးခေါင်းဆောင်တို့အား မုန်းတီးခြင်း မှာလည်း ပြည်သူလူထုအတွင်း ပျံ့နှံ့လာတော့လေသည်။
လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သော ခေါင်းဆောင်ကြိးများ၊ လွတ်လပ်ရေးဖခင်ကြီးများဟု ခေါ်ဝေါ်တင်စား ခံရသော ပုဂ္ဂိုလ်ကြီး သုံးဦးရှိခဲ့သည်။ ထိုပုဂ္ဂိုလ်ကြီးသုံးဦးမှာ ပြည်သူလူထုအတွင်း လွတ်လပ်စွာတွေးခေါ်ခြင်း၏ မျိုးစေ့ကို ချပေးခဲ့ကြသူများပင်ဖြစ်၏။ ၎င်းတို့၏ အမည်များမှာ-
၁။ Voltaire
၂။ Montesquieu
၃။ Rousseau
ထိုပုဂ္ဂိုလ်သုံးဦးလုံးမှာ ပြင်သစ်ပြည်ဖွားများဖြစ်ကြသည်။ Voltaire သည် ၁၇ရာစုနှောင်းပိုင်း တွင် မွေးဖွားလာခဲ့သူဖြစ်ပြီး၊ ၁၈ရာစု၌ ကွယ်လွန်အနိစ္စရောက်ခဲ့သူဖြစ်သည်။ ၎င်းသည် အတွေးအခေါ် ပညာရပ်များ၊ သိပ္ပံနှင့် အတတ်ပညာများတွင် စာအုပ်ပေါင်းများစွာကိုေ၇းသားခဲ့သူ တစ်ဦးဖြစ်ပြီး ၎င်းရေးသားခဲ့သော စာမူများအား အတွဲ၉၀ပါ စာအုပ်တစ်အုပ်အသွင်ဖြင့် ထုတ်ဝေခဲ့သည်။ ၎င်းသည် ထိုခေတ်ရှိ ပညာရှင်များနှင့် မတူပဲ ထူးးဆန်းစွာ ကြွေးကျော်မှု့ပြုခဲ့သည်။ "ကောင်းကင်ကျကျမ်းများသည် မူရင်းအဓိပ္ပါယ် ပျက်ပြားနေပြီး လူတို့၏ ပြောင်းလဲပြင်ဆင်မှု့များနှင့် ပြည့်နှက်နေသည်။ အမှန်စင်စစ် လူသားတို့သည် တစ်ခုတည်းသော ဘာသာတရားကိုသာလျှင် လိုက်နာကိုင်းရှိုင်းသင့်သည်။" ထိုဘာသာတရားအား အင်္ဂလိပ်စာပေတွင် Natural Religion ဟု ခေါ်ဆိုကြသည်။ ၎င်း၏ အပြောင်မြောက်ဆုံးသော လူအများလက်ခံသော အတွေးခေါ်တစ်ခုမှာ- ဘာသာတရားသည် လူသား၏ ကိုယ်ပိုင်အခွင့်အရေးတစ်ခုဖြစ်သည်။ မွေးဖွားလာပြီးနောက် ရုပ်တုကိုးကွယ်သည်ဖြစ်စေ၊ ခရစ်ယှာန် ဘာသာကို သက်ဝင်ယုံကြည်သည်ဖြစ်စေ၊ ယဟူဒီဘာသာအတိုင်း ဘဝမွေးမြူသည်ဖြစ်စေ၊ မည်သည့် ဘာသာကိုမှ လက်မခံသည်ဖြစ်စေ ကိုယ်ပိုင်လွတ်လပ်ခွင့်အား ရယူနေခြင်းပင်ဖြစ်သည်။ အခြားသူများ အနေနှင့် လုံးဝ ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။ ထိုသို့လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခြင်းအား ချက်စ်ကျောင်းတော်သည်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်။ အာဏာပိုင်များသည်လည်း ချုပ်ချယ်မှု့မပြုသင့်ပေ။ အုပ်ချုပ်မှု့အာဏာနှင့် ဘာသာတရားကိုင်းရှိုင်းမှု့မှာ မည်သို့မှ မပတ်သက်ပေ။ လူသားတိုင်းသည် နှစ်သက်ရာကို ကိုးကွယ်ခွင့်ရှိပြိး အခြားသူများအနေနှင့် တစ်ပါးသူ၏ လွတ်လပ်စွာ ကိုးကွယ်ခွင့်အား ပိတ်ပင်တားမြစ်ခြင်း မပြုသင့်ပေ။
ထိုအတွေးအခေါ်မှာ ယနေ့တိုင် အနောက်တိုင်း၌ ရေပန်းစားလျှက်ရှိနေသည်။ လူသားတိုင်းတွင် ဘာသာရေးလွတ်လပ်ခွင့်ရှိပြီး မိမိစိတ်နှစ်သက်ရာအား ကိုးကွယ်ခွင့်ရှိသည်။ သက်ဝင်ယုံကြည်ရာ ဘာသာတရားကွဲပြားမှု့ကြောင့် မှန်သည်၊ မှားသည် သတ်မှတ်ရန်အတွက် စကားနှင့်စကား အပြိုင်ပြောဆိုခြင်းမှာ အကျိုးမဲ့ အချိန်ဖြုန်းတီးခြင်းဖြစ်သည်ဟု လည်းကောင်း၊ လူတစ်ယောက်အား မိမိသက်ဝင်ယုံကြည်ရာကို လက်ခံလာရန်အတွက် စကားအခြေအတင်ပြောဆိုခြင်းမပြုသင့်ပါဟု လည်းကောင်း မှတ်ယူထားကြသည်။ သို့သာမက လူတစ်ယောက်သည် မိမိနှင့် မတူသော ဘာသာတစ်ခုအား သက်ဝင်ယုံကြည်နေလျှင် ထိုသူ၏ဘာသာတရားအား ရီုသေရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဘာသာတရားသည် လူတစ်ယောက်အား စိတ်တည်ငြိမ်၊အေးချမ်းမှု့ ကို ပေးထားသည်။
ဤသို့ဖြင့် ထိုအတွေးအခေါ်မှာ လူအများလက်ခံလာပြီး အုပ်ချုပ်ရေးနှင့် ဘာသာရေး သီးသန့်စီဖြစ်သွားခဲ့၏။ တနည်းအားဖြင့် Voltaire ၏ အတွေးအခေါ်မှာ အုပ်ချုပ်သူ ဘာသာရေးခေါင်းဆောင်များ၏ ဖိနှိပ်ချုပ်ချယ်မှု့ကြောင့် ကျွန်ုပ်တို့သည် ရေတိမ်၌ နစ်နေခဲ့ကြရသည်။ အကယ်၍ ကျွန်ုပ်တို့သည် အုပ်ချုပ်ရေးနှင့် ဘာသာရေးအား သီးသန့်စီပြုခဲ့ကြမည်၊ ဘာသာတရား ကိုင်းရှိုင်းခြင်းအား လူသား၏ လွတ်လပ်စွာလုပ်ပိုင်ခွင့်တစ်ခုဟူ၍ သတ်မှတ်ကာ ဝင်ရောက်စွက်ဖက်ခြင်း မပြုပဲနေကြမည်ဆိုပါက ထိုဖိနှိပ်ချုပ်ချယ်မှု့ပေါင်းစုံမှ က်ငးလွတ်ကြမည်ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရာတွင်လည်း အထောက်အကူပြုမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ချက်စ်ကျောင်းတော် ဝါဒအား ဆန့်ကျင်ကာ ဘာသာရေးနှင့် အုပ်ချုပ်ရေးအား သီးသန့်စီပြုကြရမည်။ ဤသည် Voltire၏ အတွေးအခေါ်ဖြင့် ဒီမိုကရေ အစပျိုးလာပုံဖြစ်ပေသည်။
ဒုတိယ ပုဂ္ဂိုလ်ဖြစ်သော Montesquieu ဆိုသည်မှာ Spirit Of Law အမည်ရ ဥပဒေကျမ်းအား ရေးသားခဲ့သူဖြစ်သည်။ ထိုစာအုပ်တွင် စာမျက်နျာပေါင်း လေးရာခန့်သာပါရှိ၏။ သို့သော် ကျမ်းပြုစုခဲ့သူသည် ထိုစာအုပ်နှင့် ပတ်သတ်၍ "ကျွန်ုပ်သည် ဤကျမ်းအား ရေးသားပြိးနောက် တသက်လုံးအနားယူချင်လောက်အောင် ပင်ပန်းသွားခဲ့သည်။" ဟူ၍ ပြောဆိုခဲ့သည်။ ဒီမိုကရေစီ စနစ် ဖြစ်ပေါ်စေခဲ့သော ၎င်း၏ အတွေးအခေါ်တစ်ခုမှာ Separation Of Power ပင်ဖြစ်သည်။ ဆိုလိုသည်မှာ- လုပ်ပိုင်ခွင့် အာဏာအား တစ်ဦးတည်း ချုပ်ကိုင်မထားပဲ လူအများအား လုပ်ပိုင်ခွင့်ခွဲဝေပေးခြင်းဖြစ်သည်။ သက်ဦးဆံပိုင် ဘုရင်စနစ်တွင် လုပ်ပိုင်ခွင့်အာဏာသည် ဘုရင်တစ်ဦးတည်း၌သာ ရှိခဲ့သည်။ ထို့ကြောင့် ပြည်သူလူထုသည် ဖိနှိပ်ချုပ်ချယ်ခံဘဝတွင် ကျရောက်ကာ ရက်စက်၊ညှင်းပမ်းမှု့များစွာကို ခံခဲ့ကြရသည်။ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိပဲ ဆိုးယုတ် ကျရှုံးခြင်းအား ရင်ဆိုင်ခဲ့ရလေသည်။ အကြောင်းမှာ လုပ်ပိုင်ခွင့်အာဏာသည် လူတစ်ဥိး သို့မဟုတ် ဌာနတစ်ခုတွင်သာ ရှိနေခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် Montesquieuသည် ဥိးစွာပထမ အုပ်ချုပ်မှု့ပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်များအား သု့းပိုင်းခွဲ၍ တင်ပြခဲ့သည်။
၁။ ဥပဒေ ပြဌာန်းခြင်းဆိုင်ရာ အခွင့်အာဏာ။
၂။ ဥပဒေနှင့်အညီ အကောင်ထည်ဖော် စီမံဆောင်ရွက်စေခြင်းဆိုင်ရာ အခွင့်အာဏာ။
၃။ လူတစ်ဦးတစ်ယောက်သည် ဥပဒေနှင့် ဆန့်ကျင်၍ အလုပ်တစ်ခုအား လုပ်သည်။ သို့မဟုတ် ဥပဒေနှင့် ငြိစွန်းသည်၊ မညီစွန်းသည်နျင့် ပတ်သတ်၍ ဆုံးဖြတ်ခွင့်အာဏာ။
ထိုအာဏာသုံးခုသည် လူတစ်ယောက် သို့မဟုတ် ဌာနတစ်ခုတည်းတွင် မရှိသင့်။ ဌာနသု့းခုတွင်ရှီပြီး သက်ဆိုင်ရာဌာနတွင် လုပ်ပိုင်ခွင့်အပြည့်အဝ ရှိနေသင့်သည်။ ထို့အပြင် ဌာနတစ်ခုသည် အခြားဌာန၏ လုပ်ငန်းဆောင်တာ ကိစ္စများ၊ လုပ်ပိုင်ခွင့်အာဏာအား ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်သင့်ပေ။ ဤသို့ဖြင့် အာဏာသုံးခုသည် သီးသန့်စီဖြစ်သွားကာ ပထမအာဏာရရှိသော ဌာန၊ အဖွဲ့အစည်းအား Legislature (ဥပဒေပိုင်ခွင့် အာဏာရှိသော လူစု)ဟု ခေါ်ဆိုကြသည်။ ဒီမိုကရေစီစနစ် အုပ်ချုပ်ရေးတွင် ထိုအာဏာအား ပါလီမန် သို့မဟုတ် အစမ်ဘလီက ရရှိသည်။ ဒုတိယအာဏာရရှီသော အဖွဲ့အစည်းအား Executive (ပြုလုပ်ဆောင်ရွက်ရန် အခွင့်အာဏာရှိသောအဖွဲ့) ဟူ၍ ခေါ်ဝေါ်ကြသည်။ ဒီမိုကရေစီစနစ်တွင် ထိုအာဏာအား President သို့မဟုတ် Prime Minister ကရရှိသည်။ တတိယအာဏာအား ရရှိသော အဖွဲ့အစည်းအား Judiciary (တရားသူကြီးစု) ဟူ၍ခေါ်ဝေါ်ကြပြီး နိုင်ငံအဝန်း တရားရုံးများအဖြစ် ပျံ့နှံ့လျက်ရှိသည်။
Montesquieu၏ ဆိုလိုရင်းမှာ ထိုအာဏာသုံးခုသည် အတိတ်ခေတ်တွင် တစ်ယောက်တည်း၌ ရှိနေခဲ့သည်။ ဥပဒေပြဌာန်းသူ၊ လိုက်နာဆောင်ရွက်စေသူ၊ စီရင်ချက်ချမှတ်သူ သုံးဥိးလုံးမှာ တစ်ယောက်တည်းဖြစ်နေ၏။ လူသတ်သမား၊ သက်သေနှင့် စီရင်ချမည့် တရားသူကြီးမှာ တစ်ဦးတည်းဖြစ်နေပါက မည်သူ့အား အကူအညီတောင်းရမည်နည်း။ အကယ်၍ တဦးစီ ဖြစ်ခဲ့ပါမူ လူသတ်သမားအား တိုင်ကြားအရေးယူနိုင်မည် ဖြစ်သည်။ ထို့အတူ နိုင်ငံတစ်နိုငငံတွင် ဥပဒေပြဌာန်းသူ၊ လိုက်နာဆောင်ရွက်စေသူ၊ စီရင်ချက်ချသူတို့မှာ တစ်ဦးတည်းဖြစ်နေပြီး ညှင်းပမ်းနှိပ်စက်မှု့ပြုနေလျှင် မည်သူ့အား အကူအညီတောင်းခံနိုင်မည်နည်း။ ထို့ကြောင့် ဖော်ပြပါ အာဏာသုံးခုအား ဌာနသုံးခုမှ အသီးသီးခွဲဝေ တာဝန်ထမ်းဆောင်သင့်ပေသည်။ ဤအတွေးအခေါ်မှာလည်း ဒီမိုကေ၇စီ ဖြစ်ပေါ်လာ ရသော အကြောင်းခံတစ်ခုပင် ဖြစ်ခဲ့ရသည်။
တတိယ ပုဂ္ဂိုလ်မှာ Social Contract အခန်းကဏ္ဍတွင် မပါမဖြစ် အရေးပါသော ပုဂ္ဂိုလ်ကျော်တစ်ယောက်ဖြစ်သည်။ ပြင်သစ်ပြည်၏ နိုင်ငံရေး ပါရဂူကျော်သုံးဦးအနက်မှ တစ်ဦး လည်းဖြစ်သည်။ Social Contract ဝါဒအား အကျဉ်းချုံးတင်ပြရသော် လူသားသည် ကမ္ဘာမြေပေါ်သို့ စတင်ရောက်ရှီလာသောအခါ မိမိအတွက် အကျိုးရှိသော ကိစ္စတိုင်းအား လွတ်လပ်စွာ လုပ်ဆောင်နိုင်ခဲ့ သည်။ ဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းနှင့် တားမြစ်ပိတ်ပင်မှု့ တစ်စုံတစ်ရာ မရှိခဲ့ပေ။ အစိုးရ၊ အုပ်ချုပ်သူဟူ၍လည်း မရှိခဲ့။ သို့သော် လူတစ်ဦး၏ ပန်းတိုင်နှင့် အခြားတစ်ဦး၏ ပန်းတိုင်မှာ မတူညီနိုင်သောကြောင့် တစ်ဦး၏ လုပ်ရပ်ကြောင့် အခြားတစ်ဦးမှာ ဆုံးရှုံးမှု့များ ကြုံလာရတတ်သည်။ မိမိရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် တပါးသူအား နစ်နာဆုံးရှုံးစေမှု့များ ဖြစ်ပေါ် လာသောကြောင့် အချင်းချင်း အခြေအတင် စကားများ၊ ရန်ဖြစ်ကြရပြီး ရှုပ်ထွေးလှသော ပြဿနာ များစွာကို ရင်ဆိုင်ကြရ၏။ ထို့ကြောင့် လူသားတို့သည် စုဝေး၍ ကတိကဝတ် တစ်ခုပြုခဲ့ကြသည်။ ကျွန်ုပ်တို့အားလုံးသည် ခေါင်းဆောင်တစ်ဦးအား ရွေးချယ်တင်မြှောက်ကြမည်။ ထိုခေါင်းဆောင်သည် ကျွန်ုပ်တို့အားလုံး၏ ကောင်းသောအကျိုးအား ရှေ့ဝယ်ထားစဉ်းစားကာ အမိန့်ပေးအံ့။ ထိုအမိန့်အတိုင်း ကျွန်ုပ်တို့ လိုက်နာပါက ပြဿနာပေါင်းစုံမှ ကင်းဝေးကြပြီး ကျွန်ုပ်တို့အားလုံး မိမိအတွက် အကျိုးရှိစေမည့် အရာအား ပြည့်ဝစွာရယူနိုင်ကြမည်။ ထိုသို့ စုပေါင်းကတိကဝတ်ပြုခြင်းအား Social Contract ဟုခေါ်ဆိုကြသည်။
သို့သော် အံ့သြဖွယ်ကောင်းသည်မှာ ထို Social Contract အား ဖွင့်ဆို ပြောကြားကြပုံမှာ တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဖက်ဖြစ်နေ၏။ ပြင်သစ်ပြည်၏ ထင်ရှားကျော်ကြားသော နိုင်ငံရေးပါရဂူကြီး သုံးဦးအနက် Thomas Hobbes နှင့် Lock တို့ဖွင့်ဆိုသည်မှာ- လူသားတို့သည် မိမိအကျိုး ဖြစ်ထွန်းေ၇းအတွက် လုပ်ပိုင်ခွင့်အာဏာအား အုပ်ချုပ်သူထံသို့ လွှဲပြောင်းပေးအပ်ထားရာ အုပ်ချုပ်သူများအနေနှင့် ထိုပါဝါအား အပြည့်အဝ သု့းစွဲခွင့်ရှိသည်။ လက်အောက်ငယ်သားများအနေနှင့် လိုက်နာဆောင်ရွက်ခြင်းမှအပ အခြားလမ်းမရှိသင့်ပေ။ တနည်းအားဖြင့် အကြွင်းမဲ့အာဏာပိုင်စနစ် ဖြစ်သင့်သည်ဟုသာ ဖွင့်ဆိုကြသည်။ သို့သော် တတိယပုဂ္ဂိုလ်ကျော်ကြီးဖြစ်သော Rousseau၏ ဖွင့်ဆိုပုံမှာ အထက်ဖော်ပြပါ ဖွင့်ဆိုပုံနှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ Rousseau၏ အမြင်မှာကား အုပ်ချုပ်သူဟူ၍ ဖြစ်ပေါ်လာရသည်မှာ လက်အောက်ငယ်သားများ၏ တင်မြှောက်ခြင်းကြောင့်သာ ဖြစ်သည်။ လက်အောက်ငယ်သားများသာလျှင် လုပ်ပိုင်ခွင့်အာဏာအား ပေးအပ်ခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့် အုပ်ချုပ်သူများသည် လက်အောက် ငယ်သားများ အကျိုးကိုသာ ဦးစားပေးဆောင်ရွက်သင့်ပြီး ၎င်းတို့ ကျေနပ်နှစ်သက်သော ပုံစံဖြင့်သာ အုပ်ချုပ်သင့်သည်။ အကယ်၍ လက်အောက်ငယ်သားများ ကျေနပ်နှစ်သက်သော ပုံစံကို မကျင့်သုံးပဲ စိတ်ကြိုက်အုပ်ချုပ်မည်၊ အကြွင်းမဲ့အာဏာစနစ်အား ကျင့်သုံးမည်ဆိုပါက စုပေါင်းပြုခဲ့ကြသော ကတိအား ချိုးဖောက်ရာရောက်ပေမည်။ သို့ဖြစ်ပါက လက်အောက်ငယ်သားများသည် ၎င်းအား ရာထူးမှ ဖြုတ်ချခွင့် ရှိပြီး မိမိတို့နှစ်သက်သော ခေါင်းဆောင်၊ အုပ်ချုပ်သူအား ရွေးချယ်တင်မြှောက်ခွင့် ရှိပေသည်။ အချုပ်ဆိုရသော် Rousseau၏ အမြင်မှာ ၁။ လက်အောက်ငယ်သားတို့သည် အပြည့်အဝ လွတ်လပ်ခွင့်ရှိသည်။ ၂။ မနှစ်သက်သူအား ရာထူးမှ ဖြုတ်ခြင်း၊ နှစ်သက်သူအား ရာထူးခန့်အပ်ခြင်းသည် လက်အောက်ငယ်သားများ၏ လက်ဝယ်၌သာ ရှိရမည်။
အထက်ဖော်ပြပါ အတွေးအခေါ်များသည် တွေးခေါ်ယူဆပုံအားဖြင့် အခြေခံမတူသော်လည်း ရလဒ်မှာ ဒီမိုကရေစီအား အခြေခံအုတ်မြစ်ချပေးလိုက်ခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် ထိုအတွေးအခေါ်များအား အခြေခံ၍ နောင်တချိန်တွင် ဒီမိုကရေစီဟူ၍ အုပ်ချုပ်ပုံနည်းစနစ်အသစ်တစ်ခု ဖြစ်ပေါ်လာရတော့ပေသည်။
ဒီအပတ် အချိန်မှီ ပို့စ်မတင်နိုင်တဲ့အတွက် စာဖတ်သူများအား Sorry ပြောကြားရင်း လေတိုက်တိုင်းမယိမ်းရ အပိုင်း(၃)အား ရပ်နားလိုက်ရပါသည်။
(အင်န်ရှာအလ္လာဟ် စွမ္မ အင်န်ရှာအလ္လာဟ်) ဖော်ပြပေးခဲ့သော ခေါင်းစဉ်များအတိုင်း လာမည့်အပတ်တွင် ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။ အထူးအချိန်ပေးလိုသော်လည်း မရှိမဲ့ရှိမဲ့အချိန်လေးကို အခြားနေရာတစ်ခုမှာ ပေးထားရလို့ပါ။ နားလည်ပေးရင်း ခွင့်လွှတ်ကြပါရန်။
လေးစားစွာဖြင့်။
ဘရှီးလေး
မေမြို့
ဘရှီးလေး
မေမြို့
Post a Comment