အသိပေးခြင်း
က
Home » , » အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့ ဘာသာပြန် တတိယပိုင်း

အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့ ဘာသာပြန် တတိယပိုင်း

بسم الله الرحمن الرحيم
တရားတော်တွင် သတ်မှတ်ထားသော အဝတ်အစားပုံစံမရှိ။

ရှရီအသ်တရားတော်မြတ်သည် အဝတ်အစားနှင့် ပတ်သတ်၍ အလယ်အလတ်အကျဆုံးပုံစံဖြင့် သင်ကြားပြဌာန်းတော်မူခဲ့သည်။ မည်သည့် အဝတ်အစားပုံစံကိုသာလျှင် ဆင်မြန်းရမည်ဟု မသတ်မှတ်ခဲ့ပေ။ ဒီဇိုင်းတစ်ခုအား ပြသ၍ လူတိုင်းဤပုံစံသာ ဝတ်ဆင်ရမည်ဟု မသတ်မှတ်ခဲ့။ ထို့အပြင် တစ်ဦးတစ်ယောက်သည် ထိုဒီဇိုင်း၊ပုံစံအား ဆန့်ကျင်၍ ဝတ်ဆင်ခဲ့ပါက မွတ်စ်လင့်မ်ကျင့်ဝတ်နှင့် ဆန့်ကျင်မည်ဟုလည်း မသတ်မှတ်ခဲ့ပေ။ အဘယ်ကြောင့်နည်း။ အစ္စလာမ်သာသနာသည် ရိုးရှင်းလွယ်ကူသော၊ လူ့ဗီဇနှင့်သင့်မြတ်သော သာသနာဖြစ်၏။ အဝတ်အစားဟူသည် အခြေအနေ အမျိုးမျိုး၊ နိုင်ငံနှင့် ရာသီအအဖုံဖုံ၊ လိုအပ်ချက်အမျိုးမျိုးအရ ကွဲပြားတတ်ပေသည်။ (ထိုသို့မသတ်မှတ်ခြင်းအားဖြင့်) အချို့နေရာများတွင် ပါးလွှာသောအဝတ်၊ အချို့နေရာတွင်မူ ထူထဲသောအဝတ်၊ တနေရာတွင် ပုံစံတစ်မျိုး၊ အခြားနေရာတွင် ဒီဇိုင်းတစ်မျိုး ရွေးချယ်ဝတ်ဆင်ပေမည်။ သို့သော် အစ္စလာမ်သာသနာသည် အဝတ်အစားနှင့် ပတ်သတ်၍ အချို့အရေးကြီးသည့် အခြေခံစည်းမျဉ်းဥပဒေတို့အား ပြသထားပေသည်။ ထိုဥပဒေတို့အား အခြေအနေတိုင်းတွင် သတိထားရန်နှင့် နားလည်သဘောပေါက်ရန် လိုအပ်လှပေသည်။
 
ဝတ်စားဆင်ယင်မှု့၏ လေးခုသောဥပဒေ
 
(ဟမ်ဒ်စနာတွင်) ကျွန်ုပ် အာယသ်တော်တစ်ခုအား ရွတ်ဖတ်သရဇ္ဈယ်ခဲ့၏။ ထိုအာယသ်တွင် မြင့်မြတ်တော်မူသော အလ္လာဟ် အရှင်မြတ်သည် အဝတ်အစားနှင့် ပတ်သတ်၍ အခြေခံပြဌာန်းချက်တို့အား ချမှတ်တော်မူခဲ့သည်။ (အို-အာဒမ်၏ သားသမီးအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့၏အရှက်ကို ဖုံးအုပ်သည့် အ၀တ်အစားကိုလည်းကောင်း(အသင်တို့လှပအောင်ဆင်ယင်ရန်)၀တ်စားတန်ဆာကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။သို့ရာတွင် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်း၊ ဟီရိသြတ္တပ္ပ တရားတည်းဟူသော ၀တ်စားတန်ဆာသည်ကားအမြင့်မြတ်ဆုံးပင်ဖြစ်ပေသည်။ ဤကား ၎င်းတို့လေ့လာမှတ်သား စဉ်းစားဆင်ခြင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာ တစ်ရပ်ပင်တည်း။) ဤစာကြောင်းသုံးကြောင်းတွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်သည် မြောက်များစွာသော အဓိပ္ပါယ်တို့အား ထည့်သွင်းထား၏။
 
အဝတ်အစား၏ အဓိက ရည်ရွယ်ချက်
 
(ဖော်ပြပါ) အာယသ်တော်တွင် အဝတ်အစား၏ ပထမရည်ရွယ်ချက်အား ဖော်ပြထား၏။ ထို(အဝတ်အစားသည်) အသင်တို့၏ ဖုံးကွယ်ထားရာ အရှက်တန်ဆာတို့အား ဖုံးအုပ်ပေးထား၏။ ထိုအရှက်တန်ဆာအကြောင်း ပြောဆိုရန် သို့မဟုတ် ထုတ်ဖော်ပြသရန် လူသားတို့ ရှက်ရွံ့ကြပေသည်။ ဤအချက်အား ကြည့်ခြင်းအားဖြင့် အဝတ်အစား၏ အဓိက ရည်ရွယ်ချက်မှာ အရှက်အင်္ဂါအား ဖုံးအုပ်ရန်ဖြစ်ကြောင်း သိနိုင်၏။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်သည် အမျိုးသား၊ အမျိုးသမီး (နှစ်ဦးလုံး)၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့အား ဖုံးအုပ်ထားရမည့် အရှက်အင်္ဂါများဟု သတ်မှတ်ထား၏။ ထိုအစိတ်အပိုင်းတို့သည် အမျိုးသားများ အတွက် (အတိုင်းအတာ)တစ်ခု၊ အမျိုးသမီးများအတွက် (အတိုင်းအတာ)တစ်ခု ဖြစ်ပေသည်။ အမျိုးသားများအတွက် အချိန်တိုင်း ဖုံးအုပ်ထားရမည့် အစိတ်အပိုင်းမှာ ချက်မှ ဒူးအထိဖြစ်သည်။ ထို(ချက်မှဒူးထိ)အစိတ်အပိုင်းအား မလိုအပ်ပဲ ဖော်ထားခြင်း မပြုပိုင်ပေ။ ဆေးဝါးကုသရန်နှင့် အခြားမဖြစ်မနေ အရေးကြုံလာသည့်အခြေအနေများတွင် ဖော်ပိုင်သော်လည်း သာမန်အခြေအနေမျိုးတွင် ဖုံးအုပ်ထားရန် အရေးကြီး၏။ အမျိုးသမီးအတွက်မူ မျက်နှာနှင့်လက်မှအပ ကျန်ကိုယ်ခန္ဓာတစ်ခုလုံးသည် အရှက်အင်္ဂါစာရင်းတွင် ပါဝင်ပေသည်။ ဖုံးအုပ်ထားရန် အရေးကြီးပြီး ဖော်ပြခြင်းလုံးဝ မပြုရပေ။
(မှတ်ချက်။          ။ အမျိုးသမီး၏ မျက်နှာ၊ လက်ကောက်ဝတ်နှင့် လက်တို့သည် ဖုံးအုပ်ရမည့် အစိတ်အပိုင်းတွင်မပါဝင်ပေ။ ဆိုလိုသည်မှာ- နေကဟ်မပြုပိုင်သော အမျိုးသား ဥပမာ ဖခင်၊ အစ်ကို၊ မောင်နှင့် အခြားသူများရှေ့တွင် ဖော်ထားလိုက ဖော်နိုင်ပေသည်။ သို့သော် နေကဟ်ပြုပိုင်သော(သူစိမ်း)အမျိုးသားများရှေ့တွင် မျက်နှာအား ဖုံးအုပ်ထားရန် အလွန်အရေးကြီးလှပေသည်။)
 
အဝတ်အစား၏ အဓိက ရည်ရွယ်ချက်မှာ ရှရီအသ်တရားဖက်မှ သတ်မှတ်ပြဌာန်းထားသော အစိတ်အပိုင်းတို့အား ဖုံးအုပ်ရန်ဖြစ်သောကြောင့် ထိုရည်ရွယ်ချက်အား အကောင်အထည်မဖော်ပေးနိုင်သော အဝတ်အစားတို့မှာ တရားတော်မြတ်၏ ရှု့ထောင့်အရ အဝတ်အစားပင်မဟုတ်ပေ။ ယင်းအား အဝတ်အစားဟု ခေါ်ဆို၍ မရနိုင်။ အဘယ်ကြောင့်ဆိုသော ထိုအဝတ်အစားသည် ၎င်းအား ပြုလုပ်ထားရသည့် အဓိကရည်ရွယ်ချက်အား ပြည့်ဝစွာအကောင်အထည်မဖော်ပေးနိုင်ပေ။
 
ဆင်မြန်းရာတွင် ပြစ်ချက်သုံးခု
 
အဝတ်အစား၏ အဓိက ရည်ရွယ်ချက်အား အကောင်အထည်မဖော်ပေးနိုင်သော ပုံစံသုံးမျိုးရှိပေသည်။
  • ၁။ အဝတ်အစားတစ်ခုအား ဝတ်ဆင်ပြီးပါလျှက် ဖုံးအုပ်ရမည့်အစိတ်အပိုင်းတို့အား မဖုံးပေးနိုင်လောက်အောင် တိုနေလျှင်၊ သေးနေလျှင် 
  • ၂။ ဖုံးကွယ်ရမည့် အစိတ်အပိုင်းတို့အား ဖုံးဖိမိသော်လည်း ၎င်း၏ ပါးလွှာမှု့ကြောင့် ကိုယ်ခန္ဓာမြင်နေရလျှင်
  • ၃။ အဝတ်အစားဝတ်ဆင်ပြီးသော်လည်း ကိုယ်ခန္ဓ၏ အတိုင်းအတာ ပေါ်လွင်နေလျှင်လည်း မဖုံးအုပ်ပဲ နေခြင်းသာဖြစ်ပေမည်။ ယင်းအဝတ်အစားနှင့် ပတ်သတ်၍ ရည်ရွယ်ချက်အား အကောင်အထည်မဖော်ပေးနိုင်ဟူ၍လည်းကောင်း၊ ဖုံးအုပ်ရမည့်အရာအား ဖေါ်ပြနေသည်ဟူ၍လည်းကောင်း ပြောဆိုရမည်ဖြစ်သည်။
ထို့ကြောင့် အမျိုးသားများအနေနှင့် ချက်မှဒူးထိ ဤကဲ့သို့ အဝတ်အစားဖြင့် ဖုံးအုပ်ထားရမည်။ ထိုအဝတ်အစား၏ ထူထဲမှု့မှာ အတွင်းသို့ မမြင်ရနိုင်လောက်အောင်ဖြစ်ပြီး၊ အစိတ်အပိုင်းတို့ မပေါ်လွင်နိုင်လောက်အောင် ပွရမည်ဖြစ်သည်။ ထို့အပြင် ဖုံးအုပ်ရမည့်အစိတ်အပိုင်းတစ်စုံတစ်ရာကိုမျှ ချန်လှပ်ထားမည့် အဝတ်အစားမဖြစ်ရပေ။ အမျိုးသမီးများ၏ အဝတ်အစားတွင်လည်း ဤအချက်သုံးချက်သည် လွန်စွာအရေးကြီးပေသည်။

ယနေ့ခေတ်၏ ဝတ်လစ်စလစ်ဖက်ရှင်
 
ယနေ့ခေတ်၏ ဖက်ရှင်သည် ဝတ်စားဆင်ယင်မှု့၏ အဓိကရည်ရွယ်ချက်အား ရုတ်ပျက်ဆင်းပျက်ဖြစ်စေခဲ့သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် အမျိုးသား၊ အမျိုးသမီးတို့ကြားတွင် ဤကဲ့သို့သော အဝတ်အစားများ ရေပန်းစားလာတော့လေသည်။ (ဖက်ရှင်ကိုသာ ဂရုစိုက်နေရသည့်အတွက်) ထိုအဝတ်အစားများ ဝတ်ဆင်ကာ မိမိကိုယ်ခန္ဓာ၏ မည်သည့်အစိတ်အပိုင်းအား ဖုံးအုပ်၍၊ မည်သည့်အစိတ် အပိုင်းအား ဖော်ထားသည်ကို ဂရုမစိုက်နိုင်တော့ပေ။ အမှန်ဆိုလျှင် ထိုသို့သော အဝတ်အစားများသည် တရား၏ရှု့ထောင့် အရကြည့်မည်ဆိုက အဝတ်အစားပင် မဟုတ်။ အမျိုးသမီးများ ဝတ်ဆင်လေ့ရှိသော အလွန်ပါးလွှာသည့်၊ ကျပ်ထုပ်(ဖီတင်ဖြစ်နေသော) အဝတ်အစားများသည် (ပါးလွှာမှု့ကြောင့်ဖြစ်စေ၊ သို့မဟုတ် ဖီတင်ဖြစ်နေသည့်အတွက် ဖြစ်စေ) ကိုယ်ခန္ဓာ၏ အချိုးအစား၊ ပုံပန်းသဏ္ဍာန်တို့အား အတိုင်းတိုင်း ပေါ်လွင်နေစေသည်။ ထိုသို့သော အဝတ်အစားများ ဆင်မြန်းကြသော အမျိုးသမီးများနှင့် ပတ်သတ်၍ မြတ်နဗီ(ဆွ) မိန့်တော်မူသည်မှာ ထိုအမျိုးသမီးတို့သည် အဝတ်ဝတ်ထားသော်လည်း ဝတ်လစ်စလစ်ပင်ဖြစ်နေ၏။
 
ဆိုလိုသည်မှာ- အဝတ်အစား ဝတ်ဆင်ထားကောင်း ဝတ်ဆင်ထားကြမည်။ သို့သော် ထိုအဝတ်အစားအား ဝတ်ဆင်ခြင်းအားဖြင့် အဝတ်အစား၏ အဓိကရည်ရွယ်ချက်၊ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် အဝတ်အစားအား သတ်မှတ်ပြဌာန်းပေးရသည့် ရည်ရွယ်ချက်အား ရနိုင်မည်မဟုတ်။ ယနေ့ခေတ်တွင် အမျိုးသမီးများအတွင်း ဤရောဂါဆိုးကြီးမှာ အတိုင်းအတာမဲ့ စွာပြန့်နှံ့လျှက်ရှိပေသည်။ ရှက်ကြောက်တရား၏ စည်းဘောင်အား ကျော်လွန်နေပြီဖြစ်၏။ ထို့အပြင် ကိုယ်ခန္ဓာအား ဖုံးအုပ်ပေး၇မည့်အစား ပေါ်လွင်စေမည့် အဝတ်အစားများ ခေတ်စားလျှက်ရှိနေသည်။ အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု့အား ရယူသောအားဖြင့် ဤအချက်အား သတိချပ်ပေးပါ။ မိမိကိုယ်ကိုမိမိ သုံးသပ်ဆင်ခြင်ပေးပါ။ ထို့အပြင် မိမိတို့၏ အိမ်များတွင် မြတ်နဗီ(ဆွ)၏ သွန်သင်ဆုံးမမှု့များနှင့် ဖီလာဆန့်ကျင်နေသော အဝတ်အစားများအား တားမြစ်ပေးပါ။ (ကျွန်ုပ်သကီအွတ်စ်မာနီ ဒိုအာပြုမိသည်မှာ) မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိမိ၏အသနားတော်ဖြင့် ကျွန်ုပ်တို့၏ နှလုံးသားများတွင် ထိုခံစားချက်၊ ကျွန်ုပ်တို့၏ ဦးဏှောက်များတွင် ထိုအတွေးအခေါ်အား ဖြစ်ပေါ်စေတော်မူပါစေ... အာမီးန်။
..................................................................................................................................................................
(မွဖ်သီသကီးအွတ်စ်မာနီဆားဗ် ရည်ညွှန်းသော ဟဒီးဆ်တော်သည် မွတ်စ်လင်မ်ကျမ်းပါ ဟဇရသ် အဗူဟူရိုင်ရဟ်သခင် ဆင့်ဆိုသော အောက်ပါ ဟဒီးဆ်ဖြစ်လိမ့်မည်ဟု ကျွန်တော် ထင်မိပါသည်။ ဟဒီးဆ်တော်၏ အရဗီစာသားမှာ
 ونساء كاسيات عاريات مميلات مائلات رءوسهن كأسنمة البخت المائلة لا يدخلن الجنة ولا يجدن ريحها وإن ريحها ليوجد من مسيرة كذا وكذا ဖြစ်သည်။ အဓိပ္ပါယ်မှာ- (ဂျဟန္နမ်သို့လားရမည့် ဒုတိယအုပ်စုမှာ) အမျိုးသမီးများဖြစ်ကြပြီး ယင်းတို့သည် ဝတ်စားဆင်ယင်ထားကြကုန်အံ့။ (သို့သော် ထိုအမျိုးသမီးများသည်) အရှက်အင်္ဂါအားဖော်ထားသူများဖြစ်ကြပြီး၊ (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မှ) တိမ်းကာ လျှောက်လှမ်းနေကြသူများဖြစ်သည်။ (၎င်းသူမတို့သည် အခြားသူများအား မိမိတို့၏ လွဲမှားနေသော လုပ်ရပ်များဖက်သို့) စွဲဆောင်ကြသူများဖြစ်ကြသည်။ ထို့အပြင် ၎င်းသူမတို့၏ ဦးခေါင်းများသည် ယိမ်းနေသော ကုလားအုတ်ဘို့များကဲ့သို့ ဖြစ်နေကြသည်။ ထိုသူမတို့သည် ဂျန္နသ်သုခဘုံသို့ အလျင်းဝင်ရောက်ရမည်မဟုတ်ပေ။ ဂျန္နသ်၏ မွှေးရနံ့သည် (မိုင်ပေါင်းများစွာအထိ) သင်းပျံ့နေသော်လည်း ထိုသူမတို့သည် ထိုရနံ့အား ရှုရှိုက်ကြရမည်မဟုတ်ပေ။
ဟဒီးဆ်တော်နှင့် ပတ်သတ်၍ အနည်းငယ်ရှင်းလင်းချက်
အိမာမ်နဝဝီ သခင်ကြီးသည် အထက်ပါ ဟဒီးဆ်တော်နှင့်စပ်လျဉ်း၍ ဤသို့ ရှင်းပြတော်မူခဲ့သည်။  ဤဟဒီးဆ်တော်သည် မြတ်နဗီ(ဆွ)၏ မို့အ်ဂျေဇဟ်များအနက်မှ ဖြစ်သည်။ (တနည်း ဖြစ်လာမည့်အရာတို့အား ဝဟီအားအကြောင်းခံ၍ ကြိုတင်ပြောပြနေခြင်းဖြစ်သည်။ ထိုခေတ်တွင် မရှိသေးသော်လည်း ယခု) ရှိနေပြီး ဖြစ်ပေသည်။ ဟဒီးဆ်တော်တွင် ထိုအုပ်စု နှစ်ခုလုံးအား ပြစ်တင်ရှုတ်ချထားတော်မူ၏။ ဤဟဒီးဆ်နှင့် ပတ်သတ်၍ အလိုသဘောအား သုံးမျိုးတင်ပြထားကြသည်။
၁။ အလ္လာဟ်အရှင်မြတ်၏ ပေးကမ်းချီးမြှင့်ထားသော အဝတ်အစားအား ဝတ်ဆင်၍ ရွှက်ရ် ကျေးဇူးမတင်ကြသောအမျိုးသမီးများ
၂။ ကိုယ်ခန္ဓာအား လုံခြုံစွာ မဝတ်ဆင်သူများ။ အချို့အစိတ်အပိုင်းအား ဝတ်ဆင်၍ အချို့အစိတ်အပိုင်း ချန်လှပ်ထားသူသူများ။
၃။ အလွန်ပါးလွှာသော အဝတ်အစားအား ဝတ်ဆင်ကြသောအမျိုးသမီးများ။
ကျန်စကားလုံးများ၏ အဓိပ္ပါယ်နှင့် စပ်လျင်း၍ ဟဒီးဆ်တော်အား ဘာသာပြန်ဆိုရာတွင် ကျွန်တော်ရေးထားသော အဆိုအပြင် အခြားအဆိုများကိုလည်း အိမာမ်နဝဝီသခင်ကြီးက အမိန့်ရှိထားပေသည်။ စာဖတ်သူတို့ အသိတိုးစေရန် အောက်တွင် ရေးသားဖော်ပြရင်း ဤပို့စ်အား နိဂုံးချုပ်လိုက်ပါသည်။ 
مائلات နွဲ့၍ လမ်းလျှောက်ကြသောသူမများ၊ مميلات ပုခုံးအား လှုပ်၍ လမ်းကြသောသူမများ ဖြစ်သည်ဟု လည်းကောင်း၊
مميلات ဆံပင်အား တဖက်စောင်း၍ ဖီးသောသူမများ (ထိုသို့ဆံပင်ဖီးခြင်းသည် မကောင်းသောသူမများ ဖီးသည့်ပုံစံဖြစ်သည်။)
مائلات ထိုသို့ဖီးရန် သင်ပေးကြသော သူမများကို ဆိုလိုသည်ဟု လည်းကောင်း တင်ပြထား၏။ 
ဘို့နှင့်တူသော ဦးခေါင်းနှင့် စပ်လျဉ်း၍ အိမာမ်နဝဝီသခင်ကြီး ရှင်းပြထားသည်မှာ ဦးခေါင်းအား ပေါင်းထုပ်နှင့်ဖြစ်စေ၊ အဝတ်စတစ်ခုခုနှင့်ဖြစ်စေ သို့မဟုတ် အခြားအရာများနှင့်ဖြစ်စေ ကြီးမားအောင် ပြုထားသော သူမများအား ဆိုလိုပေသည်။ အလိုသဘောမှာ- ဆံပင်အတုဖြင့်ဖြစ်စေ အခြားအရာများနှင့်ဖြစ်စေ ဆံထုံးထုံးကြသောသူမများ၊ ဆံပင်အတုတပ်သော အမျိုးသမီးများ ဖြစ်သည်။)
အခြားဟဒီးဆ်တော်များလည်း များစွာရှိနေပေသေးရာ ဤဘာသာပြန်ဆိုမှု့ ပြီးဆုံးသွားပြီးနောက် အင်န်ရှာအလ္လာဟ် ဤအကြောင်းအား အနည်းငယ်ဆက်ရေးပေးပါဦးမည်။ ဤနေရာတွင် မျဉ်းကြောင်းအောက်မှစ၍ ရေးသားခဲ့သော ကျွန်တော်၏ အထင်အား ဆရာသခင်၏ ပြောဆိုမှု့နှင့် မရောမိစေရန် အထူး သတိပြုပေးဟု မေတ္တာရပ်ခံရင်း......
အိုအရှင် ကျွန်တော်မျိုးတို့အား လိုက်နာနိုင်ခွင့်စွမ်းအား ပေးသနားတော်မူပါ.....။
ဘရှီးလေး(မေမြို့)
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger