အသိပေးခြင်း
က
Home » , » အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့(သတ္တမပိုင်း)

အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့(သတ္တမပိုင်း)

ကွန်နရှင်ရဲ့ အဆင်မပြေမှု့များကြောင့် စာမေးပွဲပြီးတာတောင် ယခုမှ ပို့စ်တင်နိုင်တဲ့အတွက် နားလည်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ဘာသာပြန် အဆက်ပြတ်နေတာကလည်း ကြာနေပြီမို့ ပြန်လည် အစပြုလိုက်ပါတယ်။ အရင်ပို့စ်ကို ကျေးဇူးပြုပြီး ပြန်ဖတ်ပေးပါ။ စကားမဆက်မိတော့မှာ ဆိုးလို့ပါ။ ပြန်ဖတ်ချင်တယ်ဆိုရင် ဒီမှာ နှိပ်၍ ဖတ်ရှု့နိုင်ပါတယ်။

ပဲ့ပြင်ပေးသူ လိုအပ်ပြီ။

မိမိစိတ်အား ပျော်ရွှင်ပီတိဖြစ်လို၍ ဆင်မြန်းခြင်းလော။ သို့မဟုတ် မိမိကိုယ်မိမိ အထက်တန်းစားဖြစ်ကြောင်း ပြသချင်ခြင်းလော။ ဤ နှစ်ခုတွင် အလွန်ပါးလွှာသော ကွာခြားမှု့၏(ကန့်လန့်ကာ) တစ်ခု ရှိပေသည်။ တိတိကျကျ ဆင်ခြင်သုံးသပ်၊ ဝေခွဲဆုံးဖြတ်ရန် လူတိုင်းမလုပ်နိုင်။ ထို့ကြောင့် ကွာခြားမှု့အား ပြသပေးရန် ပဲ့ကိုင်ပေးသူ၊ လမ်းညွှန်ပေးသူ တစ်ဦးလိုလာရ၏။

ဆိုလိုသည်မှာ- ပဲ့ကိုင်လမ်းညွှန်ပေးသူက ဤသို့ ခွဲခြားပြသပေးလိမ့်မည်။ ယခု အသင်အနေနှင့် မိမိပီတိဖြစ်စေရန် ဝတ်သည်ဟု ဆိုနေသော အကျီအဝတ်အစားမှာ ဇစ်မြစ်အား လှန်ကြည့်လျှင် ရှိုင်သွာန်၏ လှည့်စားမှု့သာဖြစ်ပြီး ထိုသို့ ဝတ်ဆင်နေခြင်းမှာ မိမိ၏ အဆင့်မြင့်မှု့၊ အထက်တန်းလွှာကျမှု့အား လူအများရှေ့ ထုတ်ဖော်ရန်ဖြစ်သည်။ သို့မဟုတ် တခါတရံ ယင်း၏ ဆန့်ကျင်ဖက် (ရှိုင်းသွာန်၏ လှည့်စားမှု့ကြောင့် သာမန်အဝတ်အစား ဝတ်ဆင်နေပါလျှက် ပြစားရန် ဝတ်ဆင်နေသည်ဟု ထင်မှတ်နေသည့် ပုံစံမျိုး) ဖြစ်နေသည်ကို ခွဲခြားပြသပေးမည်။ ထို့ကြောင့် ပဲ့ကိုင်ဆုံးမ လမ်းညွှန်ပြသပေးသူတစ်ဦး လိုအပ်ပေသည်။

အမှန်စင်စစ် ပီးရီမုရီးဒီ(လမ်းပြဆရာအဖြစ်သတ်မှတ်ခြင်း၊နောက်လိုက်တပည့်ခံခြင်း)မှာ ထိုအလုပ်အတွက်ပင် ဖြစ်ပေသည်။ တနည်းအားဖြင့် (ဝေခွဲရန် ခက်ခဲသော)ကိစ္စများတွင် တပည့်အား လမ်းပြပေးနိုင်ရန်ဖြစ်ပေသည်။ (တပည့်က) မိမိ ကြုံတွေ့နေရသော လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဤသို့ အဝတ်အစား ဝတ်ဆင်သင့်ပါသလား မေးမြန်းလျှင် ဆရာဖြစ်သူက ယခုအချိန်တွင် ဤသို့ အဝတ်အစား ဝတ်ဆင်နိုင်သည် (သို့မဟုတ်) မဝတ်နိုင်ပါဟူ၍ ဖြေဆိုပြသပေးမည်ဖြစ်သည်။ ဤသည် ပီတိဖြစ်စေရန်(ဝတ်ဆင်ခြင်း)နှင့် ပြစားရန်(ဝတ်ဆင်ခြင်း)၏ ပါးလွှာသော ကွဲပြားမှု့ဖြစ်ပေသည်။ အဝတ်အစားဖြစ်စေ၊ စားသောက်ဖွယ်ဖြစ်စေ၊ ဖိနပ်ဖြစ်စေ၊ အိုးအိမ်ခြံမြေဖြစ်စေ၊ (အချုပ်ဆိုရသော်) လောကကြီး၏ မည်သည့်အလုပ်ပင်ဖြစ်စေ အားလုံးတွင် ဟဇရသ်ထာနဝီ(ရဟေ့)သခင် ရှင်းပြခဲ့သော အချက်သည် (အမြဲသုံးနိုင်သည့်) ရွှေစံခွက်၊ ဥပဒေပင် ဖြစ်ပေသည်။

ဖြုန်းတီးခြင်းနှင့် မာနကြီးခြင်းအား ရှောင်ကျဉ်ပါ။

အဘယ်ကြောင့်ဆိုသော် မြတ်နဗီ(ဆွ)သည် ဥပဒေသတစ်ခုအား ပြဌာန်းခဲ့၏။ (ဟဒီးဆ်တော်၏ အလိုသဘောမှာ-) နှစ်လိုဖွယ်ရာအား စားသောက်ပါလေ၊ နှစ်သက်သည့်အတိုင်း ဝတ်ဆင်ပါလေ၊ သို့သော် ကိစ္စနှစ်ခုအား ကျဉ်ရှောင်ကြလေကုန်။ တစ်ခုမှာ ဖြုန်းတီးခြင်းဖြစ်ပြီး၊ နောက်တစ်ခုမှာ မာနကြီးခြင်းဖြစ်သည်။

ဆိုလိုသည်မှာ- (ရှရီအသ်နှင့် မဆန့်ကျင်သော အလွန်တန်ဘိုးကြီးသည့်) မည်ကဲ့သို့သော အဝတ်အစားပင်မဆို ဆင်မြန်းခွင့်ရှိသည်။ သို့သော် ဖြုန်းတီးခြင်း မဖြစ်စေရ။ ဖြုန်းတီးခြင်း ဆိုသည်မှာလည်း လူတစ်ယောက်သည် ပြစားရန်ဝတ်ဆင်သောအခါမှပင် ဖြစ်ပေသည်။

ဒုတိယအချက်နှင့် ပတ်သက်၍ (ရှင်းပြရသော်) အဝတ်တစ်ခုကို ဝတ်ဆင်ခြင်းဖြင့် မာန်မာနတက်လာပါက ထိုအဝတ်အစားအား မဝတ်ဆင်ပါနှင့်။ သို့သော် မည်သည့် အဝတ်အစားအား ဝတ်ဆင်ခြင်းဖြင့် ဖြုန်းတီးမှု့ ဖြစ်စေသနည်း... မည်သည့်အဝတ်အစားအား ဆင်မြန်းခြင်းဖြင့် မာန်မာနဖြစ်ပေါ်စေသနည်း...။ ဤ(ဝေခွဲဆုံးဖြတ်မှု့)အတွက် ပဲ့ကိုင်လမ်းညွှန်ပေးသူတစ်ဦး လိုအပ်ပေသည်။ ထိုပဲ့ကိုင်ပေးသူက ဤနေရာတွင် မာန်မာနဖြစ်စေသည်။ သို့မဟုတ် ဖြုန်းတီးမှု့ ဖြစ်နေသည်အား ပြသပေးလိမ့်မည် ဖြစ်သည်။

သို့နှင့် ကျွန်ုပ် တင်ပြနေသည့် အကြောင်းအရာအား ပြန်ဆက်ရသော် အဝတ်အစား၏ ဒုတိယရည်ရွယ်ချက်မှာ လှပတင့်တယ်စေခြင်း၊ ခြယ်သခြင်း ဖြစ်ပေသည်။ တဖန် ထို လှပတင့်တယ်စေခြင်း၊ ခြယ်သခြင်းတွင်လည်း သတ်မှတ်ထားသော ဘောင်၊စည်းကမ်းဟူ၍ ရှိနေသေးသည်။ ထို စည်းဘောင်အတွင်း၌ ပြုနိုင်သော ခြယ်သမှု့အားလုံး ပြုလုပ်နိုင်၏။ ထို(ဘောင်ဝင်သော လှပတင့်တယ်မှု့)အား ရွေးချယ်ရမည်သာ။ သို့သော် အကယ်၍ စည်းဘောင်ကျော်ကာ ခြယ်သမှု့အား ရွေးချယ်ပါက ထိုလုပ်ရပ်သည် ဟရာမ်ဖြစ်ပေလိမ့်မည်။ ပြုပိုင်ခွင့် မရှိနိုင်ပေ။

ဖက်ရှင်နောက်မလိုက်ရ။

ယနေ့ခေတ်တွင် အံ့သြဖွယ် အကျင့်တစ်ခု တမူထူးခြား၍ ဖြစ်နေသည်။ မိမိ၏ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း၏ စံချိန်၊စံညွှန်းဟူ၍ မရှိ။ ဖက်ရှင်ဖြစ်နေလျှင် နှစ်သက်ဖွယ်ဖြစ်ပြိး၊ ဖက်ရှင်မဖြစ်လျှင် မနှစ်မြို့ဖွယ် ဖြစ်နေပေတော့သည်။ ကာလအခိုက်တန့် တစ်ခုတွင် အရာတစ်ခု ဖက်ရှင်ဖြစ်နေသည် ဆိုပါစို့။ ထိုအရာအား နှစ်သက်လာကြလေသည်။ ဒါ အသေမိုက်တာ ဟူ၍ ကောင်းမွန်ကြောင်း ဖွင့်ဆိုကြလေသည်။ ခေတ်မစားတော့သည့်အခါ ထိုအရာအား မကောင်းပြောဆိုကြလေသည်။ ဥပမာအားဖြင့်... ကာလတစ်ခုတွင် အင်္ကျီရှည်တစ်ထည် ဖက်ရှင်ဖြစ်သွားခဲ့လျှင် မည်သူ့ကိုပင်မဆို ကြည့်လိုက်ပါ။ အင်္ကျီရှည်အား ဝတ်ဆင်ထားသည် (ကို တွေ့ရမည်ဖြစ်သည်)။ ထိုအဝတ်အစား၏ အားသာချက်များအား ပြောဆိုနေသည်။ ဒီ(အင်္ကျီ)က အရမ်းမိုက်တာ ဟု ချီးမွမ်းပြောနေသည်။  (အကယ်၍) တချိန်တွင် (အခြားအကျီတစ်မျိုး) ဝတ်ဆင်ခြင်း ဖက်ရှင်ဖြစ်လာပါက (ထို)အင်္ကျီနှင့် ပတ်သက်၍ ကောင်းကြောင်းပြောဆိုကြကာ နှစ်သက်ဖွယ် စာရင်းသွင်းလိုက်ကြသည်။ အမှန်မှာ မိမိနှင့် လိုက်ဖက်သောအရာ၊ မိမိအမြင်အရ လှပသည်ဟု ထင်မှတ်ထားသောအရာအား ဝတ်ဆင်ခြင်းသည် တရားတော်ဖက်မှ ခွင့်ပြုထားပြီးဖြစ်ပေရာ ဤကဲ့သို့ ဖက်ရှင်ကို လိုက်၍ လှပတင့်တယ်ခြင်း၊ ရုပ်ဆိုးကလပ်ခြင်းအား ခွဲခြားသတ်မှတ်ခြင်းသည် မူမမှန်ပေ။ 

စိတ်ကြိုက် စားပါ... နှစ်သက်ရာ ဝတ်ပါ...။

ကျွန်ုပ်တို့ထံတွင် ဟင်န်ဒီ စကားပုံတစ်ခု ရေပန်းစားခဲ့သည်။  
ဆိုလိုသည်မှာ- စားသောက်မည်ဆိုက မိမိနှစ်သက်ရာ၊ ကောင်းသည်ဟု စိတ်ထင်ရာ၊ နှစ်လိုဖွယ်ရာကို စားပါ။ သို့သော် ဝတ်စားဆင်ရာမှု့ပြုရာဝယ် ခေတ်၏ နှစ်သက်ဖွယ်ကို ဆင်မြန်းပါ။ (တနည်း) ထိုခေတ်၏ လူသားတို့နှစ်သက်ရာ၊ ၎င်းတို့ မျက်စိတွင် အကောင်းမြင်သောအရာကို ဆင်မြန်းပါ။ ဤစကားပုံသည် ကျော်ကြားသော်လည်း အစ္စလာမ့် နည်းဥပဒေ မဟုတ်ပေ။ အစ္စလာမ့် နည်းဥပဒေမှာကား ဝတ်စားဆင်ယင်ရာတွင်လည်း မိမိနှစ်သက်သည့်အတိုင်း၊ စားသောက်မှု့ ပြုရာတွင်လည်း မိမိနှစ်လိုဖွယ်အား စားသောက်ခြင်းဖြစ်သည်။ (တရားတော်၏ ရှု့ထောင့်အရ) ဝတ်စားဆင်ယင်ရာတွင်လည်းကောင်း၊ စားသောက်ရာတွင်လည်းကောင်း ခေတ်အကြိုက်လုပ်ခြင်းမှာ မှန်ကန်သော လုပ်ရပ်တစ်ခု မဟုတ်ပေ။ သို့သာမက ရှရီအသ်တရားတော်၏ အမိန့်ရှိမှု့မှာ- စိတ်ကျေနပ်မှု့ရယူရန်အတွက် ရှရီအသ်တရားတော်၏ ဘောင်အတွင်းတွင်နေ၍ မည်သည့်အဝတ်အစားမဆို ဝတ်ဆင်ခွင့်ရှိပေသည်။ သို့သော် ဖက်ရှင်နောက်လိုက်၍ လူတို့အား ပြသရန်အတွက်၊ ပြစားမှု့ပြုလုပ်ရန်အတွက် မည်သည့်အဝတ် အစားကိုပင်မဆို ဝတ်ဆင်ခြင်း မပိုင်ပေ။

ဖက်ရှင်ဝါဒနှင့် အမျိုးသမီးများ

ဤကိစ္စနှင့် ပတ်သက်၍ ယနေ့ခေတ်တွင် အထူးသဖြင့် အမျိုးသမီးများ ပြုပြင်ရမည်ဖြစ်သည်။ အမျိုးသမိးများ မှတ်ယူထားသည်မှာ ဝတ်စားဆင်ယင်မှု့သည် မိမိအတွက်မဟုတ်... အခြားသူများအတွက် ဖြစ်သည်။ ထို့ကြောင့် အဝတ်အစားဝတ်ဆင်ခြင်းဖြင့် မိမိစိတ်အား ပျော်ရွှင်စေခြင်းမှာ နောက်မှဖြစ်ရမည်။ အဓိကမှာ- ကြည့်ရှု့သူသည် ထိုအဝတ်အစားအား ကြည့်၍ ဖက်ရှင်နှင့်ညီကြောင်း ဆုံးဖြတ်ပေးရမည်။ ချီးမွှမ်းပြောဆိုရမည်။ ကျွန်မတို့ အဝတ်အစားအား ကြည့်၍ လူ့ဂုဏ်တန်ထဲမှ ဖြစ်ကြောင်း ထင်မှတ်နေရမည်။

ဤအချက်တို့သည် အမျိုးသမီးများတွင် များစွာ တွေ့မြင်နေရ၏။ ဤသို့ဖြင့် ရလဒ်ဆိုး ထွက်လာသည်မှာ- အမျိုးသမိးတို့သည် မိမိတို့နေအိမ်များ၌ ခင်ပွန်းသည်များရှေ့တွင် ညစ်ပတ်ပေရေစွာ နေထိုင်လာကြသည်။ အဝတ်စားကောင်း ဆင်မြန်းရမှန်းပင် အသိ မရှိတော့။ သို့သော် အပြင်ထွက်ရန် အခွင့်ကြုံလာပါက သို့မဟုတ် သာရေးကိစ္စတစ်ခုခုတွင် ပါဝင်ဆင်နွှဲရတော့မည်ဆိုပါက ဖက်ရှင်နှင့်အညီ ဝတ်စားရန် အရေးတယူပြုလာတော့လေသည်။ ထို့အတူ (ကောင်မွန်သော)ထိုအဝတ်အစားအား ဆင်မြန်းခြင်းဖြင့် မိမိအား လူချမ်းသာ၊ စည်းစိမ်ရှင်များဟု ထင်မှတ်လာရန် (ဝတ်ဆင်လာကြတော့လေသည်။)

ထိုသို့ ဝတ်ဆင်လာသည့်အတွက် အကယ်၍ အဝတ်အစားတစ်ခုအား ပွဲတစ်ခုတွင် ဝတ်ဆင်ပြီးလျှင် အခြားပွဲတွင် ထိုအဝတ်အစားအား ပြန်မဝတ်ကြတော့ပေ။ (ပွဲတစ်ခုတွင် ဝတ်ပြီးသော အဝတ်အား) ပြန်လည် ဝတ်ဆင်ခြင်းသည် ဟရာမ်ဖြစ်သွားတော့ပေသည်။ အဘယ့်ကြောင့်ဆိုသော်- ထိုအဝတ်အား ဝတ်ဆင်၍ ဒုတိယပွဲသို့သွားလျှင် အခြားအမျိုးသမီးက ဒီမိန်းမမှာ တစ်စုံတည်းရှိတာ... နေရာတကာ ဒီတစ်စုံကိုပဲ ဝတ်ပြီး သွားလာနေတာ...ဟု ထင်မှတ်လာမည်။ ထိုသို့ ထင်မှတ်ကြခြင်းဖြင့် သိက္ခာကျဆင်းရမည် ဖြစ်သည်။ အမှန်မှာ- ထိုကိစ္စများ၏ နောက်ကွယ်တွင် ပြသလိုစိတ် ဖုံးကွယ်နေ၏။ ထို ပြသလိုစိတ်မှာ (တရားတော်၏ရှု့ထောင့်တွင်) တားမြစ်ပိတ်ပင်ထားသော အချက်တစ်ခုဖြစ်သည်။

သို့သော် အကယ်၍ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်က ချီးမြှင့်ထားသောကြောင့် အမျိုးသမီးတစ်ဦးသည် ပြသလိုစိတ်နှင့် (မလုပ်မနေရသဖွယ်) အရေးပေးမှု့မရှိပဲ တစ်နေ့တစ်ထည် လဲလည် ဝတ်ဆင်ပါက တရားတော်၏ စည်းဘောင်အား ချိုးဖောက်ခြင်း မမည်ပေ။
ဆက်လက်တင်ပြပေးပါဦးမည်။ အချိန်များ ဘရကသ်ရှိရန်နှင့် ကျန်းမာရေးနှင့် အစစ အရာရာအတွက် အထူးဒိုအာ ပြုပေးပါရန် မေတ္တာရပ်ခံပါတယ်။
ဘရှီရွလ္လာဟ် ဖာရိုကီ
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger