ဝတ်စားဆင်ယင်မှု့ဆိုင်ရာ စတုထ္ထမဏ္ဍိုင်
အဝတ်အစားနှင့် ပတ်သက်သော စတုထ္ထမဏ္ဍိုင်မှာ- အဝတ်အစားတစ်ခုအား ဝတ်ဆင်ခြင်းဖြင့် စိတ်နှလုံးသားတွင် မာနကြီးခြင်း၊ ဂုဏ်မောက်ခြင်း ဖြစ်လာမည်ဆိုပါက ထိုကဲ့သို့ အဝတ်အစား ဝတ်ဆင်ခြင်းသည် ဂုံနီဖျဉ်ကြမ်းစပင် ဖြစ်လင့်ကစား ဟရာမ်ဖြစ်ပေသည်။ ဥပမာ အကယ်၍ ပုဂ္ဂိုလ်တစ်ဦးသည် ဂုံနီဖျဉ်ကြမ်းစဖြင့် ချုပ်ထားသော အကျီတစ်ထည်အား ဝတ်ဆင်၏။ ထိုသို့ ဝတ်ဆင်ရခြင်း၏ ရည်ရွယ်ချက်မှာ လူအများ၏ အမြင်တွင် မိမိအား ဖိုးသူတော်၊ သူတော်စင်ဟု လည်းကောင်း၊ အလွန် သက်ဝါတရားရှိသူ၊ ရှောင်ကျဉ်အားထုတ်သူဟု လည်းကောင်း မြင်လာစေရန် ဖြစ်လျှင်၊ ထို့အပြင် ယင်း(ဂုံနီဖျဉ်ကြမ်းအကျီ)အား ဝတ်ဆင်ခြင်းဖြင့် အခြားသူများထက် မိမိဂုဏ်ပိုရှိသည်ဟု စိတ်တွင် ထင်မှတ်လာပြီး၊ အခြားသူများအား သေးသိမ်သည်ဟု မှတ်ယူလာလျှင် ထိုဂုံနီဖျဉ်ကြမ်းအကျီသည် မာနကြီးခြင်း၏ အကြောင်းခံဖြစ်ကာ ဝတ်ဆင်ခြင်းမှာလည်း ဟရာမ်ဖြစ်သွားပေသည်။
ဟဇရသ် စွဖ်ယာန်ဆောင်ရီ (ရဟေ့) အမိန့်ရှိတော်မူသည်။ မာနကြီးခြင်းသည် ဝတ်စားဆင်ယင်မှု့ကြောင့် မဖြစ်၊ နှလုံးသားတွင် အခြားသူများအား သေးသိမ်သည်ဟု မှတ်ယူလာခြင်းကြောင့်သာ ဖြစ်လာ၏။ ထို့ကြောင့် (သိရသည်မှာ) ရံဖန်ရံခါ ပုဂ္ဂိုလ်တစ်ဦးအနေနှင့် ငါက သဝါဇို့အ် (ရို့ကျိုးခြင်း)အပြည့်ရှိသည့် အဝတ်အစား ဝတ်ထားတယ် ဟု ထင်မှတ်တတ်၏။ အမှန်မှာ ၎င်းတွင် မာနတရားတို့ ပြည့်နှက်နေခြင်း ဖြစ်ပေသည်။
ခြေမျက်စိဖုံး၍ ဝတ်ဆင်ခြင်း မပြုပိုင်။
ဟဇရသ် အဗ်ဒွလ္လာဟ် ဗင်န် အုမရ် (ရသွေ့)သခင် ဆင့်ပြန်တော်မူခဲ့၏။ မြတ်နဗီ(ဆွ)အမိန့်ရှိသည်မှာ-
အကြင်မည်သူမဆို မိမိ၏ အဝတ်အစားအား မာနထောင်လွှား၍ တရွတ်တိုက် ဝတ်ဆင်ခဲ့ပါက ကေယာမသ်နေ့တွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ဂရုဏာအရှု့ဖြင့် ကြည့်တော်မူမည် မဟုတ်ပေ။
အခြား ဟဒီးဆ်တော်တစ်ရပ်တွင် မြတ်နဗီ(ဆွ) အမိန့်ရှိသည်မှာ-
ခြေမျက်စိအောက် ရောက်နေသော အမျိုးသားတစ်ဦး၏ ခါးဝတ်ပုဆိုး၊ဘောင်းဘီ၏ အစိတ်အပိုင်သည် ဂျဟန္နမ်ငရဲဘုံ၌ ရှိမည်။
ဤဟဒီးဆ်တော်မှ သိရှိရသည်မှာ- အမျိုးသားများသည် ဘောင်းဘီ အမျိုးမျိုး၊ ခါးဝတ်ပုဆိုး စသည်တို့အား ခြေမျက်စိအောက်အထိ ဝတ်ဆင်ပါက မပိုင်ပေ။ ထိုသို့ဝတ်ဆင်ခြင်းနှင့် ပတ်သက်၍ တမန်တော်မြတ်(ဆွ)က သတိပေးခြိမ်းခြောက်မှု့ နှစ်ခု ပြုတော်မူခဲ့၏။ တစ်ခုမှာ- ခြေမျက်စိအောက် ရောက်နေသော အစိတ်အပိုင်းသည် ဂျဟန္နမ်၌ ရှိမည်၊၊ ဒုတိယတစ်ခုမှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ထိုကဲ့သို့ ဝတ်ဆင်သူအား ကေယာမသ်နေ့တွင် ဂရုဏာအရှု့ဖြင့် ကြည့်တော်မူမည်မဟုတ်ပေ။
စဉ်းစားသုံးသပ်ကြည့်ပါ....။ ခြေမျက်စိအထက် ဘောင်းဘီ ခါးဝတ်ပုဆိုး ဝတ်ဆင်ခြင်းဆိုသည်မှာ မပြောပလောက်သော ကိစ္စတစ်ခုဖြစ်သည်။ အကယ်၍ ဘောင်းဘီ၊ ခါးဝတ်ပုဆိုးအား ခြေမျက်စိအထက် တစ်လက်မခန့် အပေါ်တိုးဝတ်ပါက မည်သည့် ဘေးဒုက္ခသင့်လာမည်နည်း။ မိုးပြိုကျမည်လော။ ထိုသို့ မဖြစ်နိုင်သော်လည်း (သေချာသည်မှာ) မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ မနှစ်မြို့မှု့မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိမည်ဖြစ်သည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ဂရုဏာ အရှု့အား ခံစားရမည်ဖြစ်သည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ- (မည်မျှပင် သတိပေး ခြိမ်းခြောက်မှု့တို့ရှိနေလင့်ကစား၊ ကောင်းကျိုးရလဒ်များ ရှိနေလင့်ကစား) မွတ်စ်လင်မ်တစ်မျိုးသားလုံး ထိုအပြစ်ဂိုနဟ်တွင် နစ်မွန်းနေသည်။ မည်သူတစ်ဦးမျှ ပြုပြင်ရန် အတွေးမရှိကြ။
ခြေမျက်စိဖုံး၍ ဝတ်ဆင်ခြင်းသည် မာနကြီးခြင်း၏ အရိပ်အမြွတ်ပင်။
တမန်တော်သခင်(ဆွ) ပွင့်ပေါ်တော်မူခဲ့သော ခေတ်ခါသမယသည် မိုက်မဲ၊ဆိုးသွမ်းသော၊ အသိဥာဏ်ခေါင်းပါးခြင်း၏ အမှောင်ထုလွှမ်းမိုးနေသော ခေတ်ဖြစ်၏။ ထိုခေတ်အခါ၌ ခြေမျက်စိဖုံး၍ တရွတ်တိုက် ဝတ်ဆင်ခြင်းသည် အလွန်ခေတ်စားခဲ့လေသည်။ ထို့အပြင် အကယ်၍ (လူတစ်ဦးတစ်ယောက်သည်) ခါးဝတ်ပုဆိုးအား မြေကြီးတရွတ်တိုက် ဝတ်ဆင်ပါက ကောင်းသောအပြုအမူ၊ ဂုဏ်ယူဖွယ်ရာဟု ထင်မှတ်လေ့ရှိခဲ့ကြသည်။
အရဗီကျောင်းများ၏ ဒရ်စေနေဇွာမီခေါ် သင်ရိုးညွှန်းတမ်းတွင် ဟမာစဟ် အမည်ရ စာအုပ်တစ်အုပ်အား ထည့်သွင်းပြဌာန်းထားသည်။ ထိုစာအုပ်တွင် အမိုက်ခေတ်၏ ကဗျာဆရာများ ရေးဖွဲ့ သီကြူးထားသော ကဗျာအလင်္ကာများ ပါဝင်၏။ စာအုပ်၏ တစ်နေရာတွင် ကဗျာဆရာတစ်ဦးက မိမိပြုကျင့်နေထိုင်ပုံအား ဂုဏ်ယူဝင့်ကြွားစွာဖြင့် သီကြူးထားသည်မှာ-
ကျွန်ုပ်သည် နံနက်ခင်းအချိန်၌ အရက်သောက်၍ အပြင်သို့ ထွက်သောအခါ ကျွန်ုပ်၏ ခါးဝတ်ပုဆိုးသည် မြေကြီးပေါ်တွင် လိုင်းဆွဲနေလေသည်။
ကဗျာဆရာသည် မိမိပြုကျင့်နေထိုင်ပုံအား ဂုဏ်ယူစရာတစ်ခုအဖြစ် ပုံဖော်ပြသနေခြင်းပင်ဖြစ်လေသည်။ သို့သော် တမန်တော်မြတ်(ဆွ) ပွင့်ပေါ်လာသောအခါ အမိုက်ခေတ်၏ အခြားလမ်းစဉ်များအား စိတ်သုဉ်းကွယ်ပျောက်စေခဲ့သလို ဤ(ခါးဝတ်ပုဆိုးအား တရွတ်တိုက် ဝတ်ဆင်ခြင်း) ဓလေ့ကိုလည်း ဖျက်သိမ်းတော်မူခဲ့လေသည်။
တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်မှာ- ဤလုပ်ရပ်သည် နှလုံးသားတွင် မာနကြီးခြင်း၊ စိတ်ခက်ထန်ခြင်းကို ပေါ်ပေါက်စေ၏။ ထို့ကြောင့် ခါးဝတ်ပုဆိုးနှင့် ဘောင်းဘီတို့အား ခြေမျက်စိအထက် ဝတ်ဆင်သင့်ပေသည်။
ဤကိစ္စနှင့် စပ်လျဉ်း၍ ယနေ့ခေတ်တွင် မဟုတ်မမှန် ကောလဟာလစကားတစ်ခု ထွက်ပေါ်လာခဲ့ပြိး အလွန် ပျံ့နှံ့လျှက် ရှိ၏။ များစွာသော ပုဂ္ဂိုလ်တို့၏ ပြောဆိုသံမှာကား....
တကယ်တော့ ကိုယ်တော်သခင်(ဆွ)က မိမိခေတ်မှာ ခေတ်စားနေတဲ့ လမ်းစဉ်ကို ရွေးခဲ့တာပါ။ ကိုရိုက်ရှ်လူမျိုးတွေထံမှာ အဝတ်အစား ဘယ်ပုံစံ ရေပန်းစားလဲ၊ ဘယ်လို ချုပ်ပုံ ရေစားခဲ့လဲ... အဲ့ဒီအတိုင်း ကိုယ်တော်သခင်က ရွေးချယ်ခဲ့တာပဲ။
အခု ငါတို့လည်း ငါတို့ခေတ်ရဲ့ ရေပန်းစားတဲ့အတိုင်း (ဝတ်စားဆင်ယင်ပုံ)ဓလေ့ကို ရွေးချယ်လိုက်တော့ ဘာဖြစ်လဲ။
(ကိုယ်တော် ဒီခေတ်မှာ ပွင့်ခဲ့ရင် ဒီလိုပဲ ဝတ်မှာ။ မြန်မာပြည်မှာ ပွင့်ရင် တိုက်ပုံဝတ်မှာ။ အရဗ်ကမ္ဘာမှာ ပွင့်လို့ အရဗ်လို ဝတ်တာ ..... စသည်ဖြင့်)
ကောင်စွာ မှတ်သားပါလေ.....။ ကိုယ်တော်သခင်(ဆွ)သည် (သက်တမ်းတစ်လျှောက်လုံး) မိမိခေတ်ကာလ၏ ရေပန်းစားနေသော၊ ခေတ်စားနေသော ပုံသဏ္ဍာန်၊ လမ်းစဉ်၊ ဓလေ့တို့အား ရွေးချယ်တော် မမူခဲ့ပေ။ သို့သာမက မြတ်နဗီသခင်(ဆွ)သည် ထို(ရေပန်းစားနေသော) အရာများအား ပြောင်းလဲပစ်တော်မူခဲ့သည်။ ပြုလုပ်ခွင့် မရှိဟု သတ်မှတ် ပြဌာန်းတော်မူခဲ့သည်။
ယနေ့ခေတ်ကာလရှိ (အချို့ အချို့သော လမ်းမှားနေကြသူများသည်) မှားယွင်းနေသော လုပ်ရပ်တွင် နစ်မွန်းနေကြသည်သာမက တခါတရံ......
ခြေမျက်စိအောက် ပုဆိုးရောက်သွားတယ်ကွာ အဲ့တော့ ဘာဖြစ်လဲ
ဟု မချေမငံ ပြန်ပြောနေကြသည်။
(မသိရင် မှတ်ထားပါ။) ထိုကဲ့သို့ ဝတ်ဆင်ခြင်းဖြင့် ဆုံးရှုံးနစ်နာမှု့တစ်ခုမှာကား ခြေမျက်စိအောက် ရောက်နေသော အစိတ်အပိုင်းသည် ဂျဟန္နမ်သို့ လားရမည့်အစိတ်အပိုင်းဖြစ်နေမည်။ နောက်တစ်ချက်မှာမူ ထိုကဲ့သို့ ဝတ်ဆင်ခြင်းသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ရှစေမည့် အကြောင်းခံဖြစ်နေသည်။
အင်္ဂလိပ်အဘကပြောလိုက်တော့ ဒူးခေါင်းပါဖော်တယ်။
ကျွန်ုပ်တို့ အလွန်လေးစားရသော သူတော်စင် ဆရာကြီး မောင်လာနာ အိဟ်သေရှာမွလ်ဟက် ထာနဝီသည် တရားရေအေးတိုက်ကျွေးနေစဉ် အမိန့်ရှိခဲ့၏။ တမန်တော်မြတ်(ဆွ)သည် ခြေမျက်စိအား ဖော်ဝတ်ပါဟုလည်းကောင်း၊ ခြေမျက်စိ ဖုံး၍ ဝတ်ဆင်ခြင်းသည် မပြုပိုင်ဟု မိန့်တော်မူထားသော်လည်း ကျွန်ုပ်တို့သည် ခြေမျက်စိအား ဖော်ဝတ်ရန် အသင့်မရှိကြ။
(သို့သော်) အင်္ဂလိပ်လူမျိုးများက ဒူးခေါင်းဖော်၍ ဝတ်ဆင်ကြ၊ ရှော့တ်ပန် ဝတ်ဆင်ကြဟု ပြောသောအခါ ဒူးခေါင်းဖော်ရန် ကျွန်ုပ်တို့ အသင့်ရှိကြသည်။
အင်္ဂလိပ်တို့၏ အမိန့်အရ ဒူးခေါင်းဖော်လိုက်ကြသည်။ ရှော့တ်ပန် ဝတ်လိုက်ကြသည်။ သို့သော် တမန်တော်မြတ်ကြီး(ဆွ)၏ အမိန့်အတိုင်း ခြေမျက်စိဖော်ရန် အသင့်မရှိကြပေ။ အဘယ်မျှ အရှက်မဲ့သော လုပ်ရပ်ပင်နည်း။
သတိထားသင့်သည်မှာ- တမန်တော်မြတ်(ဆွ)အား ချစ်ခင်ခြင်းတွင်လည်း အချို့သော တောင်းဆိုမှု့များ ရှိပေသည်။ သို့ဖြစ်ရာ တမန်တော်မြတ်(ဆွ)သည် လုပ်ရပ်အပြုအမူတစ်ခုအား မနှစ်သက်ဟု မိန့်မြွတ်ပါလျှင် မွတ်စ်လင်မ်တစ်ဦးအနေနှင့် တမန်တော်မြတ်(ဆွ)၏ မိန့်မြွတ်ချက်အား ဆန့်ကျင်၍ အဘယ်သို့ ပြုလုပ်နိုင်ပါအံ့နည်း။
ဟဇရသ် အွတ်စ်မာန်(ရသွေ့)သခင်၏ ဖြစ်ရပ်တစ်ခု
ကျွန်ုပ်သည် ဟဇရသ် အွတ်စ်မာန်ဂနီ(ရသွေ့)သခင်ကြီး၏ ဖြစ်ရပ်တစ်ခုအား လူကြီးမင်းတို့ရှေ့တွင် ပြောပြခဲ့ဖူး၏။ (ထို ဖြစ်ရပ်မှာ-) ဟိုဒိုင်ဗိယဟ် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုရန်အတွက် ညှိနှိုင်းမှု့ပြုလုပ်ရန် (မွတ်စ်လင်မ်များဘက်မှ) ဟဇရသ်အွတ်စ်မာန်(ရသွေ့)သခင်ကြီး ကြွမြန်းတော်မူခဲ့လေသည်။ ဟဇရသ်အွတ်စ်မာန် သခင်ကြီးနှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူလည်း လိုက်ပါခဲ့ရာ ၎င်းက လျှောက်ထားခဲ့၏။
အသင်၏ ခါးဝတ်ပုဆိုးသည် ခြေမျက်စိ အထက်သို့ ရောက်နေသည်။ အသင်သွားနေသည်မှာ မက္ကာဟ်မြို့၏ ခေါင်းဆောင်များ၊ မြို့ မျက်နှာဖုံးများနှင့် ညှိနှိုင်းဆွေးနွေးရန် ဖြစ်၏။ ထိုခေါင်းဆောင်များ၊ မြို့မျက်နှာဖုံးများသည် ခြေမျက်စိအထက် ခါးဝတ်ပုဆိုး ဝတ်ဆင်သူအား သေးသိမ်သူ၊ ဂုဏ်သိက္ခာမရှိသူဟု မှတ်ယူကြသည်။ ထို့ကြောင့် ၎င်းတို့ အထင်မသေးစေရန် ခဏတာအတွက် ခြေမျက်စိဖုံး၍ ဝတ်ဆင်လိုက်ပါ။ ခါးဝတ်ပုဆိုးအား ခြေမျက်စိအောက် ရောက်အောင် ဝတ်လိုက်ပါ။
ဟဇရသ်အွတ်စ်မာန်(ရသွေ့)သခင်ကြီး အမိန့်ရှိ၏။
လုံးဝ မလုပ်နိုင်ဖူး။ ဤကဲ့သို့ လုပ်ရပ်အား ကျွန်ုပ် လုပ်လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွနင်္ုပ်၏ ခေါင်းဆောင် နှစ်ဘဝသခင်ကျေးဇူးရှင် (ဆွ)၏ ခါးဝတ်ပုဆိုးသည်လည်း ဤအတိုင်းပင်ဖြစ်၏။ ၎င်းတို့ အထင်သေးသည်ဖြစ်စေ၊ သေးသိမ်သူဟုမှတ်ယူသည်ဖြစ်စေ၊ ကောင်းသော လုပ်ရပ်ဟု သတ်မှတ်သည်ဖြစ်စေ၊ မကောင်း ထင်မှတ်သည်ဖြစ်စေ ကျွန်ုပ်အတွက် အရေးမကြီးလှပေ။ (ကျွန်ုပ်အတွက် အရေးကြီးသည်မှာ) ခြေမျက်စိဖော်၍ ဝတ်ဆင်ခြင်းသည် မြတ်နဗီ(ဆွ)၏ လမ်းစဉ်ဖြစ်သောကြောင့် ကျွနင်္ုပ် ထိုသို့ ဝတ်ဆင်ခြင်းကိုသာ ရွေးချယ်သွားမည်ဖြစ်သည်။
ထိုသို့ဝတ်ဆင်ပြီးနောက် ဟဇရသ် အွတ်စ်မာန်ကပင် လောကီသားတို့ရှေ့၌ မိမိ သိက္ခာအား ရယူခဲ့ပေသည်။
(သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ) ယနေ့ ကျွန်ုပ်တို့သည် ကြောက်ရွံ့ခြင်း၊ စိုးထိတ်ခြင်း၊ ရှက်နေခြင်း စသည်တို့တွင် ရုံးမထွက်နိုင်ဖြစ်နေကြ၏။ အကယ်၍ ခါးဝတ်ပုဆိုး၊ ဘောင်းဘီတို့အား ခြေမျက်စိအထက် ဝတ်ဆင်လိုက်ပါက နည်းစနစ်မကျဖြစ်သွားမည်။ စမတ်မကျ၊ ပုံပျက်သွားမည်။ တင့်တယ်ထည်ဝါမှု့ လျော့သွားမည်။ ဖက်ရှင်နှင့် ဆန့်ကျင်သွားမည် ဟု တွေးခေါ်နေကြသည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှု့အား ရှေ့တန်းတင်ပြီး ဤ အတွေးအခေါ်များအား ဦးဏှောက်ထဲမှ ထုတ်ပစ်လိုက်ပါ။ ထို့နောက် တမန်တော်မြတ်(ဆွ)၏ လမ်းစဉ်အတိုင်း ဖဝါးခြေထပ်လိုက်လိုသော စိတ်ဓါတ်အား နှလုံးသားတွင် မွေးမြူလိုက်ကြပါ။
မာနမပါက ဝတ်လို့ရ မရ။
အချို့ပုဂ္ဂိုလ်များသည် (ခြေမျက်စိအောက် ဝတ်ဆင်လိုသောကြောင့်) ထွက်ပေါက်တစ်ခုရှာကြလေသည်။ တမန်တော်မြတ်(ဆွ)သည် မာနကြီးခြင်းဟူသော အချက်ကြောင့် ခြေမျက်စိဖုံး၍ ခါးဝတ်ပုဆိုး ဝတ်ဆင်ခြင်းအား တားမြစ်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် အကယ်၍ မာနကြီးသည့်စိတ် မရှိပါက ခြေမျက်စိအောက်အထိ ဝတ်ဆင်ခြင်း ပြုပိုင်ပေသည်။ ထို့နောက် (မိမိ၏ စကားအား လေးနက်စေရန်အတွက်) အထောက်အထားပေး ပြောဆိုကြသည်မှာ-
တစ်ရံသောအခါ ဟဇရသ်အဗူဘက်ရ်(ရသွေ့) သခင်ကြီးသည် ကိုယ်တော်သခင်(ဆွ)ထံ ခစားကာ လျှောက်ထားတော်မူခဲ့သည်။
အို.. ကိုယ်တော်။ ခါးဝတ်ပုဆိုးအား ခြေမျက်စိအောက်သို့ မဝတ်ဆင်ရန် ကိုယ်တော် မိန့်တော်မူခဲ့သည်။ သို့သော် ကျွန်တော်မျိုး၏ ခါးဝတ်ပုဆိုးမှာ မကြာခဏ ခြေမျက်စိအောက်အထိ ဖုံးဖုံးနေသည်။ ကျွန်တော်မျိုးအဖို့ (အမြဲ) ခြေမျက်စိဖော်၍ ဝတ်ဆင်ခြင်းမှာ ခက်ခဲနေသောကြောင့် ကျွန်တော်မျိုး မည်သို့ ပြုလုပ်ရမည်နည်း။
ထိုအခါ မြတ်နဗီ(ဆွ) အမိန့်ရှိတော်မူခဲ့သည်။ အသင်၏ ခါးဝတ်ပုဆိုး ခြေမျက်စိအောက်သို့ ဖုံးသွားရခြင်းသည် မာနကြီးစိတ်ကြောင့် မဟုတ်ပေ။ အသင်၏ မစွမ်းနိုင်မှု့၊ အကြပ်အတည်းကြောင့် ဖုံးသွားရခြင်း ဖြစ်ပေရာ အသင်သည် ၎င်း( ခြေမျက်စိဖုံးသောကြောင့် အလ္လာဟ်အရှင်မြတ်၏ ဂရုဏာအရှု့မှ လက်လွှတ်ဆုံးရှုံးရသူများ)တွင် ပါဝင်မည် မဟုတ်ပေ။
(ထို့နောက် ဤသို့ ပြောဆိုသူများ များပြားလာပြီး) ဟဇရသ်အဗူဘက်ရ်(ရသွေ့)သခင်ကြီး၏ ဖြစ်ရပ်အား အထောက်အထားပေးကာ...
ငါတို့လည်း မာနကြီးလို့ ဝတ်နေတာမှ မဟုတ်တာ။ ငါတို့အတွက်လည်း ပိုင်သင့်တာပေါ့....။
ဟု အသံကောင်း ဟစ်နေကြသည်။
အမှန်ဆိုလျှင် အသင်၏ ခြေမျက်စိဖုံးကာ ဝတ်ဆင်ခြင်းသည် မာနကြီးခြင်းကြောင့် ဖြစ်၏၊ မဖြစ်၏အား မည်သူ ဆုံးဖြတ်မည်နည်း။
ညီနောင်တို့ သိသင့်သည်မှာ- တမန်တော်မြတ်(ဆွ)ထက် သာပို၍ မာနကြီးခြင်းမှ သန့်ပြန်သူ မည်သူရှိအံ့နည်း။ သို့သော် တမန်တော်မြတ်(ဆွ)သည် သက်တမ်းတစ်လျှောက်လုံး ခါးဝတ်ပုဆိုးအား ခြေမျက်စိအောက်ရောက်အောင် မဝတ်ဆင်ခဲ့ပေ။
ထို့ကြောင့် သိရသည်မှာ- ဟဇရသ် အဗူဘက်ရ်(ရသွေ့) သခင်ကြီးအဖို့ (ခြေမျက်စိအောက် ရောက်သွားခြင်းအား အပြစ်ဟု မသတ်မှတ်ပဲ) ခွင့်ပြုခံခဲ့ရခြင်းမှာ အချက်တစ်ချက်ကြောင့်ဖြစ်ပေသည်။ ထိုအချက်မှာ- ဟဇရသ် အဗူဘက်ရ်(ရသွေ့)သခင်ကြီး၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံသည် ခါးဝတ်ပုဆိုး တစ်နေရာတည်း၌ မမြဲပဲ ခဏခဏ လျှောကျနိုင်သည့် ပုံစံဖြစ်နေသည်။
(ထို့အပြင် သာသနာ့ပညာရှင်များ၏ မြောက်များစွာသော ကျမ်းများ၌ ဤကိစ္စနှင့် ပတ်သက်၍ အကြောင်းပြချက် အမျိုးမျိုး ရေးသားထား၏။ စာရှု့သူတို့အတွက် ထိုအကြောင်းပြချက်များအား ပြည့်စုံစွာ မတင်ပြနိုင်သော်လည်း အနည်းငယ် ဤနေရာ၌ ရေးသားပေးလိုက်ပါသည်။ အင်န်ရှာအလ္လာဟ် အကျယ်တဝန့်တင်ပြရန် အခွင့်သင့်ပါက ရေးသားပေးပါမည်။
ပညာရှင်များ တင်ပြထားသော အကြောင်းပြချက်များမှာ မွဖ်သီသကီးဆားဗ် တင်ပြခဲ့သော ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့်ဟူသော အချက်အပြင်
အစ္စလာမ့်သုခမိန်များ၏ အဆို
အချို့သော ပညာရှင်များ ရေးသားထားသည်မှာ- အကယ်၍ မာနကြီးခြင်းကြောင့် ခြေမျက်စိအောက်အထိ ဝတ်ဆင်လျှင် မက်ရူဟ်သဟ်ရီမီဖြစ်ပြီး၊ မာနကြီးခြင်းကြောင့် မဟုတ်ပါက မက်ရူဟ်သန်ဇီဟီ ဖြစ်၏။ သို့သော် ယနေ့တိုင် ကျင့်မူနေလျှက်ရှိသော အဆိုမှန်၊ နက်ရှိုင်းစွာ လေ့လာစူးစမ်းထားသော ပညာရှင်များ၏ အဆိုမှန်မှာ မည်သည့်ပုံစံတွင်မဆို ခြေမျက်စိအောက်အထိ ဝတ်ဆင်ခြင်းသည် မက်ရူဟ်သဟ်ရီမီ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် မာနကြီးခြင်းနှင့် ပတ်သက်၍ မည်သည့်နေရာတွင် ရှိသည်။ မည်သည့်နေရာတွင် မရှိပါဟု သိရှိနိုင်ရန်မှာ မလွယ်ကူလှပေ။
ထို့ကြောင့် ဤကိစ္စမှ ရှောင်ကျဉ်နိုင်ရန် (တစ်ခုတည်းသော)လမ်းမှာ မိမိ၏ ခါးဝတ်ပုဆိုး၊ဘောင်းဘီအား ခြေမျက်စိအထက် ဝတ်ဆင်ခြင်းဖြစ်ပြီး၊ မာနကြီးခြင်း၏ အမြစ်အား ဖြတ်တောက်ပစ်ခြင်း ဖြစ်ပေသည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိမိ၏ အသနားဂရုဏာဖြင့် ဝတ်စားဆင်ယင်မှု့၏ ဤမဏ္ဍိုင်များအတိုင်း လက်တွေ့လိုက်နာနိုင်ခွင့် ချီးမြှင့်တော်မူပါစေ။ အာမီးန်
အင်န်ရှာအလ္လာဟ် လာမည့်ပို့စ်သည် နောက်ဆုံးဖြစ်ပြီး ဝတ်စားဆင်ယင်မှု့ဆိုင်ရာ အချို့ ဟဒီးဆ်တော်များ၏ အလိုသဘောအား ရှင်းလင်းသွားမည်ဖြစ်ပါသည်။ စောင့်စားဖတ်ရှု့ပေးပါ၇န်......
ဘရှီရွလ္လာဟ် ဖာရိုကီ

- ၁။ မာနကြီးခြင်းကြောင့် မဟုတ်ကြောင်းအား ပြောပြနေသည်မှာ တမန်တော်မြတ်(ဆွ)ဖြစ်ပြီး ဝဟီအရဖြစ်ပေသည်။
- ၂။ ဤခွင့်ပြုချက်သည် ဟဇရသ်အဗူဘက်ရ်သခင်ကြီးနှင့် သက်ဆိုင်ပြီး အခြားသူများအတွက် မဟုတ်။ (မှတ်ချက်။ ။ ဤအချက်သည် အားအနည်းဆုံး အကြောင်းပြချက်ဖြစ်ပေသည်။)
- ၃။ ဟဇရသ် အဗူဘက်ရ်(ရသွေ့)သခင်ကြီးသည် ဝတ်ဆင်ချိန်တွင် ခြေမျက်စိအထက်သို့ ဝတ်ဆင်ခဲ့ပြီး သတိထားကာ အမြဲ အပေါ်သို့ တင်လေ့ရှိသည်။
- ၄။ ခြေမျက်စိဖုံး၍ ဝတ်ဆင်လိုခြင်းမဟုတ်ပဲ အလိုအလျောက် အောက်သို့ လျှောကျခြင်းသာဖြစ်သည်။)

Post a Comment