အချုပ်အားဖြင့် တင်ပြရသော် အဝတ်အစားနှင့် ပတ်သက်၍ အမိန့်ပညတ်ချက် လေးခုရှိ၏။
၁။ ထိုအဝတ်အစားမှာ အရှက်လုံအောင် ဖုံးအုပ်ပေးရမည်။
၂။ တရားတော်၏ ဘောင်အတွင်းမှနေထိုင်ကာ လှပတင့်တယ်မှု့အား ပေးရမည်။
၃။ ထိုအဝတ်အစားသည် ပြသ၊ ကြွားဝါရန် အတွက် မဖြစ်စေရ။
၎။ ထိုအဝတ်အစားကြောင့် နှလုံးသားတွင် မာနတရား မဖြစ်ပေါ်စေရ။
ယခု ကျွန်ုပ်သည် အဝတ်အစားနှင့် ပတ်သက်၍ မြတ်နဗီ(ဆွ)၏ မိန့်မြွှတ်ချက်များအား ဖတ်ရွတ်(ရှင်းပြ)မည် ဖြစ်ပါသည်။
အဖြူထည် နှစ်သက်ဖွယ်....။
ဟဇရသ် အဗ်ဒွလ္လာဟ် ဗင်န် အဗ်ဗားစ်သခင်ထံမှ ဆင့်ပြန်ချက် လာရှိသည်။ တမန်တော်မြတ်(ဆွ) မိန့်တော်မူသည်မှာ- အဖြူရောင် အဝတ်အစားအား ဆင်မြန်းပါလေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသားများအတွက် အကောင်းဆုံး အဝတ်အစားမှာ အဖြူထည်ပင်ဖြစ်သည်။ ထို့အပြင် ကွယ်လွန်သေဆုံးသွားသောသူတို့အား အဖြူရောင် ကဖန် ဝတ်ဆင်ပေးကြပါလေ။
ဤဟဒီးဆ်တော်မှ သိရသည်မှာ- အခြားအရောင်များ ဝတ်ဆင်ခြင်းသည် မပြုပိုင်သော၊ ဟရာမ်ဖြစ်သော လုပ်ရပ် မဟုတ်သော်လည်း မြတ်နဗီ(ဆွ)သည် အမျိုးသားများအတွက် အဖြူထည်ကို နှစ်သက်တော်မူလေသည်။ (အခြားအရောင်များ ဝတ်ဆင်ခြင်းနှင့် ပတ်သက်၍) တမန်တော်မြတ်(ဆွ) ကိုယ်တိုင်ပင် ရံဖန်ရံခါ ဝတ်ဆင်လေ့ရှိကြောင်း (ဟဒီးဆ်တော်များတွင်) လာရှိထား၏။ သို့သော် မြတ်နဗီ(ဆွ)သည် များသောအားဖြင့် အဖြူထည်ကိုသာ ဆင်မြန်းလေ့ရှိပေသည်။
ထို့ကြောင့် အကယ်၍ တစ်ဦးတစ်ယောက်အနေနှင့် တမန်တော်မြတ်ကြီး(ဆွ)သည် များသောအားဖြင့် အဖြူထည်ကိုဝတ်ဆင်လေ့ရှိပြီး အဖြူထည်အား နှစ်သက်သည်ဟု စွဲမှတ်ကာ မိမိ၏ ဝတ်စားဆင်ယင်မှု့ ပြုရာတွင် အဖြူထည်ကို ရွေးချယ်ပါက အင်န်ရှာအလ္လာဟ် စွန္နသ်တော်နည်းလမ်းအတိုင်း ဖဝါးခြေထပ်လိုက်သည့် အကျိုးကုသိုလ် ရရှိမည်ဖြစ်ပေသည်။ အကယ်၍ အခြားအရောင်အဆင်းများ ဝတ်ဆင်ဖြစ်ပါက အချို့စည်းကမ်း၊ သတ်မှတ်ချက်များ နှင့်ကိုက်ညီလျှင် မပြုပိုင်သော ကိစ္စတစ်ခု မဟုတ်ပေ။
ကိုယ်တော်သခင် ဆင်မြန်းခဲ့သော အနီရောင် အစင်းများပါအကျီ
ဟဇရသ် ဗရာအ် ဗင်န် အာဇစ်ဗ် (ရသွေ့) မိန့်တော်မူသည်။ တမန်တော်မြတ်(ဆွ)၏ အရပ်အမောင်းသည် မနိမ့်၊မမြင့်ဖြစ်၏။ တရံသောအခါ ကျွနင်္ုပ်သည် ကိုယ်တော့်အား အနီရောင်အကျီဝတ်ဆင်ထားသည်ကို မြင်တွေ့ခဲ့၏။ ကျွန်ုပ်သည် ကိုယ်တော်သခင်ထက် သာပိုလှပသော တစ်စုံတစ်ရာအား ဤလောကတွင်မ တွေ့မြင်ခဲ့ဖူးပေ။
ဆွဟာဗီတစ်ပါးဖြစ်သော ဟဇရသ် ဂျာဘိရ် ဗင်န် စမုရဟ် (ရသွေ့) အမိန့်ရှိတော်မူသည်။ တစ်ရံသောအခါ ငွေသောတာလမင်းကြီးသည် ထိန်ငြီးနေလေသည်။ လသာသော ညတစ်ည ဖြစ်၏။ တမန်တော်မြတ်(ဆွ)သည် အနီရောင် အကျီအား ဆင်မြန်းထားတော်မူသည်။ ထိုအချိန်၌ ကိုယ်တော်မြတ်(ဆွ)သည် အဘယ်မျှ လှပနေမူ ကျွန်ုပ်အနေနှင့် ငွေသောတာလမင်းအား တစ်ခါကြည့်လိုက်၊ ကိုယ်တော်သခင်အား တစ်ခါ ကြည့်လိုက်နှင့် ရှိနေခဲ့သည်။ နောက်ဆုံးတွင် ကိုယ်တော်၏ လှပမှု့သည် စန္ဒာလမင်းထက် အဆပေါင်းများစွာ သာပို၏ဟူ၍ ကျွန်ုပ် ရတိပြတ် ဆုံးဖြတ်နီုင်ခဲ့လေသည်။ ဤဟဒီးဆ်တော်များတွင် ကိုယ်တော်သခင် (ဆွ) အနီရောင် ဝတ်စုံအား ဆင်မြန်းကြောင်း ပါရှိလေသည်။
အနီရောင်သက်သက် ဝတ်ဆင်ခြင်း အမျိုးသားများအတွက် မပိုင်။
သို့သော် သိထားသင့်သည်မှာ- အနီရောင် ဝတ်စုံဟု (ဟဒီးဆ်တော်များတွင် လာရှိခြင်းမှာ) လုံးဝ အနီရောင် အပြည့်ကို ဆိုလိုသည်မဟုတ်ပေ။ သာသနာ့သုခမိန်ကြီးများသည် အခြားဟဒီးဆ်တော်များအား မှီငြမ်းကိုးကား၍ ရေးသားထားသည်မှာ- ထိုခေတ်အခါ၌ ယမန်နီုင်ငံမှ ခြုံထည်အချို့ ဝင်လေ့ရှိခဲ့သည်။ ထို ခြုံထည်များပေါ်တွင် အနီရောင် အစင်းလေးများ ပါခဲ့၏။ အနီရောင် အပြည့် မဟုတ်ခဲ့ပေ။ ထို့အတူ ထို ခြုံထည်သည် အလွန်ကောင်းမွန်သော အဝတ်အစားဟု ပြောစမတ်ပြုခံခဲ့ရလေသည်။ (ထို့ကြောင့် သိရသည်မှာ) ကိုယ်တော်သခင်(ဆွ)သည် ထိုအနီရောင်အစင်းလေးများ ပါသော အဝတ်အား ဆင်မြန်းခဲ့ခြင်းပင်ဖြစ်ပေသည်။
ထိုဝတ်စုံအား မြတ်နဗီ(ဆွ) ဝတ်ဆင်ခဲ့ရခြင်းမှာ- ထိုကဲ့သို့သော အကျီဝတ်ဆင်ခြင်းသည် ပြုပိုင်သော ကိစ္စဖြစ်ကြောင်း အွမ်မသ်အား ပြသရန်အတွက် ဖြစ်ပေသည်။ ထိုသို့ ဝတ်ဆင်ခြင်းသည် အကုသိုလ်ကျူးလွန်ရာ မရောက်ကြောင်း ပြသရန်အတွက် ဖြစ်ပေသည်။ သို့သော် အနီရောင်အပြည့်ဖြစ်သော အဝတ်အစား ဝတ်ဆင်ခြင်းမှာ အမျိုးသားများ အတွက် မပိုင်ပေ။ ထိုနည်းတူစွာ အမျိုးသမီးများအတွက် သီးသန့်ဖြစ်သော အဝတ်အစားများအား ဝတ်ဆင်ခြင်းသည်လည်း အမျိုးသားများအတွက် မပိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤပုံစံသည် အမျိုးသမီးများနှင့် တူဆင်အောင်ပြုလုပ်ခြင်း ဖြစ်နေပေသည်။ ဤကဲ့သို့ တူဆင်အောင်ပြုခြင်းသည်လည်း မပြုပိုင်သော ကိစ္စဖြစ်ပေသည်။
မြတ်နဗီ(ဆွ) အစိမ်းရောင် ဝတ်စုံအား ဆင်မြန်းခြင်း။
ဟဇရသ် ရိဖာအဟ် သိုင်မီ (ရသွေ့) အမိန့်ရှိခဲ့၏။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွ)အား အစိမ်းရောင်အဝတ် ဆင်မြန်းထားသည်ကို တွေ့မြင်ခဲ့ပါသည်။ ဤဟဒီးဆ်တော်အရ သိရသည်မှာ- တမန်တော်မြတ်(ဆွ)သည် အစိမ်းရောင် အဝတ်အစားကိုလည်း ဝတ်ဆင်တော်မူခဲ့သည်။ ထို့အတူ ရံဖန်ရံခါ အခြားအရောင်များအား ဝတ်ဆင်ကာ ထိုသို့ဝတ်ဆင်ခြင်းသည်လည်း တရားတော်၏ ရှု့ထောင့်အရ ပြုပိုင်ကြောင်း၊ အကုသိုလ်ထိုက်သည့် လုပ်ရပ်မဟုတ်ကြောင်း ပြသလမ်းညွှန်ပေးခဲ့သည်။ သို့သော် မြတ်နဗီ(ဆွ) နှစ်သက်သော အဝတ်အစားမှာ အဖြူထည်ပင်ဖြစ်ပေသည်။
ကိုယ်တော်၏ ပဂ်ရီအရောင်
ဟဇရသ် ဂျာဘိရ်(ရသွေ့)သခင် အမိန့်ရှိတော်မူ၏။ တမန်တော်မြတ်(ဆွ)သည် မက္ကဟ်မြို့အား အောင်နိုင်ခဲ့သော နေ့တွင် အနက်ရောင် ပဂ်ရီအား ပေါင်း၍ မက္ကဟ်မြို့တွင်းသို့ ဝင်တော်မူခဲ့သည်။ တမန်တော်မြတ်(ဆွ) အနက်ရောင် ပဂ်ရီပေါင်းကြောင်း ဟဒီးဆ်တော်များတွင် လာရှိသကဲ့သို့ အချို့ ဆင့်ပြန်ချက်များအရ အဖြူရောင် ပဂ်ရီကိုလည်း ပေါင်းလေ့ရှိကြောင်း သိရ၏။
အကျီလက်ဖျား ဘယ်အထိ ရှိသင့်လဲ။
တမန်တော်မြတ်(ဆွ) ဝတ်ဆင်ခဲ့သော အကျီ၏ လက်ဝ(လက်ဖျား)သည် လက်ကောက်ဝတ်အထိ ရှိခဲ့ပေသည်။ ထို့ကြောင့် အမျိုးသားများအတွက် စွန္နသ်မှာ မိမိတို့၏ အကျီလက်ဝ(လက်ဖျား) အား လက်ကောက်ဝတ်အထိ ထားခြင်း ဖြစ်သည်။ အကယ်၍ လက်ကောက်ဝတ်ထက် တိုပါက ပိုင်သော်လည်း စွန္နသ်တော်အား အကောင်အထည်ဖော်ရာ မရောက်ပေ။ သို့သော် အမျိုးသမီးများအတွက်မူ လက်ကောက်ဝတ်အထက်ရှိ အစိတ်အပိုငးအား ဖော်ခြင်းသည် မည်သို့မှ မပြုပိုင်ပေ။ ဟရာမ်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများ၏ လက်ဖျံရိုးတစ်ခုလုံးသည် ဖုံးကွယ်ရမည့် အစိတ်အပိုင်းဖြစ်ပြီး ၎င်းအား ဖော်ခြင်းသည် လုံးဝ မပြုပိုင်ပေ။
အမျိုးသမီးများတွင် ယနေ့ ရေပန်းစားနေသည်မှာ- အကျီလက်တို (ဝတ်ဆင်ခြင်း)ဖြစ်သည်။ တခါတရံ လက်တစ်ခုလုံးအား ဖော်ထားကြသည်။ အမှန်ဆိုသော် တမန်တော်မြတ်(ဆွ)သည် အခါတစ်ပါး၌ မိမိ၏ ခယ်မတော်စပ်သူ ဟဇရသ် အတ်စ်မာအ် (ရသွေ့)သခင်မအား အပါးတော်သို့ခေါ်၍ အမိန့်ရှိလေသည်။ မိန်းကလေးတစ်ဦး အရွယ်ရောက်သော် ၎င်း၏ ကိုယ်ခန္ဓာအစိတ်အပိုင်းမှ လက်ကောက်ဝတ်နှင့် မျက်နှာမှအပ ကျန်အစိတ်အပိုင်းအားလုံးအား ဖော်၍ မနေအပ်ပေ။ ထို့ကြောင့် အကယ်၍ အကျီလက်တို ဝတ်ဆင်ပါက ဖုံးကွယ်အပ်သော အစိတ်အပိုင်း ဖော်ထားသည်ဟု အဓိပ္ပါယ် သက်ရောက်ပေသည်။ ထိုသို့(အကျီလက်တို ဝတ်ဆင်ခြင်း)ဖြင့် အမျိုးသမီးများမှာ အကုသိုလ်ကျူးလွန်ခြင်းတွင် နစ်မွန်းလျှက်ရှိကြ၏။
ထို့ကြောင့် အမျိုးသမီးများအနေနှင့် အကျီလက်တို ဝတ်ဆင်ခြင်းအား အထူးရှောင်ရှားရပေမည်။ အမျိုးသားများအနေနှင့်လည်း မိမိတို့၏ ဇနီးသည်များအား ဤကဲ့သို့ကိစ္စများနှင့် ပတ်သက်၍ သတိပေးနေသင့်ပေသည်။ ကျွန်ုပ်တို့သည် ပြောဆိုမှု့လည်းမပြုကြ၊ နားထောင်မှု့လည်းမပြုကြသည့်အပေါ် ရလဒ်မှာ ဘာသာရေး လိုက်စားမှု့တွင် ကျွန်ုပ်တို့ အဘယ်မျှ နိမ့်ကျသွားပါသနည်း။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အားလုံးအား ဤကိစ္စများကို လက်တွေ့ပြုကျင့်နိုင်စွမ်း ပေးသနားတော်မူပါစေ။ အာမီးန်
အလ်ဟမ်ဒုလစ်လာ မွဖ်သီသကီးဆားဗ်၏ ဝတ်စားဆင်ယင်မှု့ဆိုင်ရာ တရားတော်၏ ဥပဒေများ အမည်ရ ဟောကြားမှု့ ပြီးဆုံးသွားပြီ ဖြစ်ပါသည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးမှု့ကြောင့် ဤဟောကြားမှု့အား ဘာသာပြန်ဆိုကာ တင်ဆက်ပေးနိုင်ခဲ့ပါသည်။ ဤ ဘာသာပြန်အား www.mmolama.com ထိုင်ဝိုင်းလေးပိုင်အဖြစ် ဝကားဖ်ပြုခဲ့ပါသည်။
အင်န်ရှာအလ္လာဟ် များမကြာမှီအတွင် PDF စာအုပ်ထွက်လာမည်ဖြစ်သော်လည်း အပြင်တွင် စာအုပ်ထုတ်ဝေသင့်လောက်အောင် အဆင်မပြေသောကြောင့် တောင်းဆိုခဲ့ကြသော မိတ်ဆွေများအား ဝမ်းနည်းစွာဖြင့် ခွင့်မပြုလိုကြောင်း ပြောဆိုလိုပါသည်။ နောင်တွင် အဆင်ပြေလာပါက မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အလိုသဘောအတိုင်း စီမံသွားပါမည်ဟု ပြောကြားရင်းးးးးးးးးး
ဘရှီရွလ္လာဟ် ဖာရိုကီ

Post a Comment